လေ့လာဆဲ ပရိုဂရမ်မာများအတွက် လျှို့ဝှက်ချက်များ

manawphyulayAugust 9, 20102min652
Programming နဲ့ပက်သက်ပြီး လေ့လောနေဆဲဖြစ်တဲ့ Beginner များ သိထားသင့်တဲ့ လှျို့ဝှက်ချက်အချို့ကို ပြောပြချင်ပါတယ်။ ဒီလျှို့ဝှက်ချက်တွေကို မသိလို့ လမ်းပျောက်နေသူ၊ စိတ်ပျက်နေသူ ပရိုဂရမ်မာ အများအပြားကို တွေ့ဖူးတဲ့အတွက် အခုလိုပြောပြရခြင်း ဖြစ်ပါတယ်။ တစ်ချို့လည်း ပရိုဂရမ်ရေးစားတာထက် အင်တာနက်ဆိုင်မှာ လုပ်တာကမှ ပိုက်ဆံရသေးတယ်လို့ ပြောနေကြသလို တစ်ချို့လည်း ကွန်ပြူတာတက္ကသိုယ်တွေတက်၊ သင်တန်းတွေတက်ပြီး အချိန်တွေ ငွေတွေသာ ကုန်လာတယ် ဘာမှမဖြစ်လာလို့ဆိုပြီး နယ်ပြန် ဈေးရောင်းတော့မယ်ပြောနေတာတွေ တွေ့ဖူးနေပါတယ်။

ဒါတွေဟာ အခုပြောမယ့် လျှို့ဝှက်ချက်တွေကို မသိလို့ ဖြစ်နေတဲ့ ပြဿနာတွေဖြစ်ပါတယ်။ ဒီလျှို့ဝှက်ချက်တွေကို မသိထားရင် ပရိုဂရမ်မာတစ်ယောက်အဖို့ ရပ်တည်ဖို့တောင် ခက်ခဲတက်ပေမယ့်၊ သိထားမယ်ဆိုရင်တော့ ပရိုဂရမ်မာဆိုတာဟာ အကောင်းဆုံး Career လမ်းကြောင်းတစ်ခု ဖြစ်လာမှာပါ။ လှျို့ဝှက်ချက်တွေလို့ ပြောပေမယ့် ဖြတ်လမ်းတွေ၊ Cheat တွေ မဟုတ်ပါဘူး။ ဘယ်အရာမှာမှ ဖြတ်လမ်းဆိုတာ မရှိပါဘူး။ မှန်ကန်တဲ့နည်းလမ်း ဆိုတာပဲ ရှိပါတယ်။

တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ လျှို့ဝှက်ချက် (၃) ခုအကြောင်းကို ပြောပြချင်ပါတယ်။ ပထမတစ်ခုက အလုပ်ရလွယ်ကူစေမယ့် လျှို့ဝှက်ချက်တွေဖြစ်ပါတယ်…

အလုပ်ရလွယ်ကူစေမည့် လျှို့ဝှက်ချက်များ

လျှို့ဝှက်ချက်တွေကို မပြောခင် လက်ရှိ Software Industry မှာ ကြုံတွေ့နေရတဲ့ အလုပ်အကိုင်အခွင့်အလမ်းအခြေအနေတွေကို အရင်ပြောချင်ပါတယ်။

ကျွန်တော်နဲ့သိတဲ့ လုပ်ငန်းရှင်တစ်ချို့ကို “ခင်ဗျားတို့ဆီမှာ ‘လူ’ မလိုဘူးလား” လို့ မေးကြည့်ဖြစ်ပါတယ်။ သူတို့ပြန်ပြောတာက “လိုတာပေါ့ဗျာ… ‘တစ်ကယ်‘ လုပ်နိုင်တဲ့သူရှိရင် လွှတ်လိုက်စမ်းပါ” လို့ ပြန်ပြောလေ့ရှိပါတယ်။ လုပ်ငန်းတွေအနေနဲ့ အမှန်တစ်ကယ် လုပ်နိုင်တဲ့သူတွေ အမြဲလိုအပ်နေတာကို တွေ့ရပါတယ်။ ဒါနဲ့ တစ်ပြိုင်နက်ထဲမှာ လူငယ်တွေဆီက — “အလုပ်လေးများရှိရင် ပြောပါဦး… အလုပ်ရှာရခက်လွန်းလို့” ဆိုတဲ့ အသံတွေကိုလည်း ကြားနေရပါတယ်။ လုပ်ငန်းတွေဘက်က အမြဲတမ်း ‘လူ’ လိုနေတဲ့အချိန်မှာ လူငယ်တွေအတွက် အလုပ်ရှာရခက်နေတယ်ဆိုတော့ ဒီကြားထဲမှာ တစ်ခုခုလွဲနေပါပြီ။

ဒါဟာ ကွန်ပြူတာလောကမှာ လက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။ ဒီလို ဘာကြောင့် ဖြစ်နေလည်းဆိုတာကို ကျွန်တော် နားလည်းထားတဲ့အတိုင်း ရှင်းပြချင်ပါတယ်။

ကွန်ပြူတာတက္ကသိုလ်တွေနဲ့ သင်တန်းတွေကနေ ကွန်ပြူတာသိပ္ပံဘွဲ့ရတွေ၊ နိုင်ငံတကာ အသိအမှတ်ပြု ကွန်ပြူတာဘွဲ့ရဆိုသူတွေ တစ်နှစ် တစ်နှစ်ကို မနည်းဘူး မွေးထုပ်ပေးနေပါတယ်။ ကျောင်းဆင်းပြီး ဘွဲ့ရလာသော်ငြားလည်း အဲ့ဒီကျောင်းသားတွေဟာ လက်တွေ့လုပ်ငန်းခွင်ဝင်ဖို့ အသင့်မဖြစ်သေးဘူးဆိုတာ အသေအချာပါပဲ။ ကျောင်းသားတွေရဲ့ ပထမဦးဆုံးအမှားက “ငါ ကျောင်းဆင်းပြီး ဘွဲ့ရလာပြီ၊ အလုပ်လုပ်တော့မယ်” လို့ ဆုံးဖြတ်ချင်းပဲဖြစ်ပါတယ်။ ဒါဟာ ဘာနဲ့တူလဲဆိုရင် ရေကူးနည်းစာအုပ်ဖတ်ပြီး ငါ ရေကူးလို့ရပြီဆိုပြီး ရေထဲခုန်ချတာနဲ့ တူနေပါတယ်။ ဒါကိုသေချာသဘောမပေါက်လို့ လုပ်ငန်းခွင်ဝင်ဖို့အသင့်မဖြစ်သေးတဲ့ ကျောင်းသားတွေ ပုံနေတာ ဖြစ်ပါတယ်။

လူကြီးမိဘတစ်ချို့ရဲ့ အပြစ်လည်း ပါ ပါတယ်။ “ဘာ… သင်တန်းတက်ချင်တယ် ဟုတ်လား… (၃)နှစ်တောင် ကျောင်းတက်လာပြီးမှ သင်တန်းထပ်တက်ဦးမယ်ဆိုတော့ မင့်ဟာက မလွန်လွန်းဘူးလား… သွား အလုပ်ရှာတော့… ဒီလောက်ပညာတွေသင်လာပြီးမှ အလုပ်လေးတစ်ခုတောင် ဖြစ်မြောက်အောင် မရှာနိုင်ဘူးဆိုရင် တော်တော်အသုံးမကျတာပဲ…” လို့ ပြောတာများ ကြားဖူးကြပါသလား… “ဘာ… တစ်လ လေးသောင်းဟုတ်လား… ရပ်ကွက်ထဲက ဘတ်စ်ကားစပါယ်ယာတောင် တစ်နေ့ လေး၊ ငါးထောင် ရတယ်… မင်းသင်လာတဲ့ ကွန်ပြူတာဆိုတဲ့ ပညာက ဒီလောက်ပဲတန်သလား…”  လို့ ကြိမ်းမောင်းတာတွေကော ကြားဖူးကြပါသလား… ဒါတွေဟာ လူကြီးမိဘတွေရဲ့ မသိနားမလည်မှုကြောင့်ဖြစ်ပြီး ကလေးတွေဘက်ကလည်း ဒီလိုအပြောခံရဖန်များတော့ စိတ်ဓါတ်တွေကျပြီး လမ်းကြောင်းမှန်ကို မရွေးချယ်နိုင်အောင် ဖြစ်ကြရပါတယ်။ ပညာမစုံမလင်နဲ့ CV လေးတွေကိုင်ပြီး အလုပ်လျှောက်ရှာတော့တာပါပဲ။ မရတဲ့အခါမှာ စောစောကပြောခဲ့သလို နယ်ပြန် ဈေးရောင်းရမလား စဉ်းစားတဲ့ ဘဝ ရောက်ကုန်ရတာဖြစ်ပါတယ်။

အမှန်တော့ ကျောင်းတွေ သင်တန်းတွေက သင်မပေးနိုင်တာတွေအများကြီးရှိပါတယ်။ ဥပမာ –

  1. Coding ဆိုတာ Software Development တစ်ခုလုံးရဲ့ ၂၀% လောက်ပဲ ရှိတယ်၊
  2. Customer ဆိုတာမျိုးက စိတ်ကူးပဲ ရှိပြီး သူတို့ဘာလိုချင်လဲဆိုတာ အသေးစိတ်ကို သူတို့ကိုယ်တိုင် (ဘယ်တော့မှ) မသိဘူး
  3. လက်တွေ့လောကမှာ Customer က နံပါတ်တစ်ပဲ
  4. Bug မရှိတဲ့ Software ဆိုတာမရှိဘူး
  5. စာရွက်ပေါ်မှာချထားတဲ့ Plan တွေ Design တွေဟာ လက်တွေ့မှာ အသုံးမဝင်ဘူး
  6. ပြီးမယ်လို့ မျှော်လင့်ထားတဲ့ အချိန်အတွင်း အချိန်မှီအောင်ပြီးတဲ့ Software ဆိုတာ မရှိသလောက်ရှားတယ်
စတဲ့အချက်တွေဟာ ဘယ်ကျောင်း၊ ဘယ်သင်တန်းကမှသင်မပေးနိုင်တဲ့အရာတွေဖြစ်ပါတယ်။ နောက်ထပ်လည်း ဒါမျိုးတွေ အများကြီးကျန်ပါသေးတယ်။ ဒါတွေကို ထိုက်သင့်တဲ့ လက်တွေ့ အတွေ့အကြံတစ်ချို့ရှိလာပြီးမှသာ နားလည်လာမှာဖြစ်ပါတယ်။ ဒါကြောင့် မယုံမရှိပါနဲ့။ ကျောင်းဆင်းလာစသူတွေဟာ လက်တွေ့ လုပ်ငန်းခွင်မှာ အသုံးမဝင်သေးပါဘူး။ အသင့်မဖြစ်သေးပါဘူး။

လုပ်ငန်းတွေအနေနဲ့ကလည်း အဲ့ဒီလို အသုံးမဝင်သေးတာကို သိနေတဲ့အတွက် အလုပ်အတွေ့အကြုံမရှိတဲ့သူဆိုရင် မခန့်တာပါ။ အမှန်တော့ သူတို့လိုချင်တာ “အရင်က တစ်ခြားမှာ အလုပ်လုပ်ဖူးတယ်” ဆိုတာကြီးကို လိုချင်တာမဟုတ်ပါဘူး။ “Software Development ကို အမှန်တစ်ကယ်နားလည်ပြီး လက်တွေ့အတွေ့အကြုံ အထိုက်အလျှောက်ရှိတယ်” ဆိုတာကို လိုချင်တာပါ။

ဒါကြောင့် အလုပ်ရလွယ်စေမယ့် ပထမဦးဆုံးလျှို့ဝှက်ချက်ကို ပြောပါမယ်။ အဲ့ဒါကတော့…

“သက်ဆိုင်ရာ ပညာရပ်ကို အမှန်တစ်ကယ် တက်ကျွမ်းထားခြင်းဖြစ်ပါတယ်”

အဟုတ်ပြောတာပါ။ နောက်တာမဟုတ်ပါဘူး။ ဒါဟာ သိသိနဲ့ နားမလည်ချင်ယောင်ဆောင်နေကြတဲ့ အချက်ဖြစ်ပါတယ်။ ဒီအချက်ကို အမှန်အတိုင်းနားလည်လက်ခံထားဖို့ လိုပါတယ်။

တစ်ကယ်မကျွမ်းကျင်ပဲနဲ့တော့ ဘယ်လိုမှ အလုပ်လွယ်လွယ်ရမှာမဟုတ်ပါဘူး။ ကံကောင်းပြီးရလဲ ခဏပါပဲ။ လက်တွေမှာ တစ်ကယ်မတက်တော့ ပြုတ်ရင်လည်းပြုတ်မယ်၊ မပြုတ်ရင်လည်း ကိုယ့်ဟာကိုယ် စိတ်ညစ်ပြီး ထွက်မှာပါပဲ။ အဲ့ဒါဆိုရင် ပိုဆိုးသွားမယ်။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည့်မှုလျော့ကျမယ်။ အဲ့ဒီအလုပ်မှာလည်း နောက်တစ်ခေါက်ထပ်လျှောက်လို့ မရတော့တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းတစ်ခုပိတ်မယ်။ ဒါကြောင့် အလုပ်လုပ်မယ်စိတ်မကူးခင် တစ်ကယ်လုပ်နိုင်ပြီလား ကိုယ့်ကိုယ်ကို အရင်မေးဖို့လိုပါတယ်။ ထပ်ပြောပါဦးမယ် ကျောင်းမှာသင်ထားတာလေးလောက်နဲ့တော့ တက်ပြီလို့ မထင်ပါနဲ့ဦး။ သင်တန်းပေါင်း သောင်းခြောက်ထောင်လောက် တက်ထားယုံနဲ့လည်း မတက်သေးပါဘူး။

တစ်ကယ်ကျွမ်းကျင်တဲ့ သူတစ်ယောက်အတွက်တော့ ဘယ်တော့မှ အလုပ်ရဖို့ မခက်ပါဘူး။

ဒါဆိုရင် တစ်ကယ်ကျွမ်းကျင်အောင် ဘယ်လိုလုပ်ရမလဲ?

အဲ့ဒါကို မကြာခင်ကျွန်တော်တို့ပြောတော့မှာပါ။ လောလောဆယ် ကြားဖြတ်ပြီး အလုပ်ရလွယ်စေတဲ့ နောက်ထပ်လှျို့ဝှက်ချက်တစ်ခု ကိုအရင်ပြောချင်ပါတယ်။ အဲ့ဒါကတော့…

“ကိုယ့်အကြောင်း လူတွေသိနေအောင် လုပ်ထားခြင်းပဲဖြစ်ပါတယ်”

ကိုယ့်အကြောင်းကို လူတွေသိထားမှ ကိုယ်ဘာတက်လဲ၊ ဘာလုပ်နိုင်လဲဆိုတာ လူတွေ (တနည်းအားဖြင့် အလုပ်ရှင်တွေ) သိမှာပါ။ ဒီတော့မှ ကိုယ်နဲ့ သင့်တော်တဲ့အလုပ်ရှိလာတဲ့အခါ ကိုယ့်အတွက် အခွင့်အလမ်းဖြစ်လာမှာဖြစ်ပါတယ်။ တစ်ချို့ မိမိအရည်အချင်းကို မိမိသိရက်နဲ့ အင်တာဗျူးဖြေတာမကျွမ်းကျင်လို့၊ ကိုယ့်အရည်အချင်းကို မပြလိုက်ရလို့ အလုပ်မရလိုက်ပါဘူးဆိုတဲ့သူများ ဒီအချက်ကို သတိထားသင့်ပါတယ်။ ကိုယ်နဲ့ အမှန်တစ်ကယ်ထိုက်တန်တဲ့ အလုပ်တွေရဖို့ ကိုယ့်အကြောင်း လူများနိုင်သမျှများများ သိနေအောင် လုပ်ထားသင့်ပါတယ်။

အများစုကတော့ ကိုယ့်အကြောင်းလူတွေသိဖို့ Certificate တွေကို အသုံးပြုကြပါတယ်။ Certificate ဆိုတာဟာ လူတစ်ယောက် သက်ဆိုင်ရာနယ်ပယ်မှာ အမှန်တစ်ကယ် တက်ကျွမ်းကြောင်းထောက်ခံချက်လက်မှတ်ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ Certificate တစ်ခု ရဖို့ဆိုတာ သိပ်လွယ်ပါတယ်။ အဲ့ဒီ Certificate တွေကို စာမေးပွဲဖြေခြင်းအားဖြင့် ရနိုင်ပါတယ်။ အဲ့ဒီလိုစာမေးပွဲဖြေတဲ့အခါမှာ အမှတ်ပြည့်နဲ့အောင်ပြီး လက်မှတ်ရဖို့အတွက် နည်းလမ်းတွေရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် တစ်ကယ်မတက်ပဲနဲ့လည်း ကျွမ်းကျင်ကြောင်း လက်မှတ်တွေကိုရနိုင်နေပါတယ်

ဒီနေရာမှာ အပေါ်မှာပြောခဲ့တဲ့ပြဿနာ ပြန်ပေါ်လာပါတယ်။ အမှန်တစ်ကယ် မတက်ကျွမ်းပဲနဲ့ ကျွမ်းကျင်ကြောင်း လက်မှတ်တွေယူထားတဲ့အခါ အလုပ်ရဖို့အခွင့်အလမ်းတော့ နည်းနည်း ပိုများလာပါတယ်။ ဒါပေမယ့် လက်တွေ့လုပ်ငန်းခွင်ရောက်တဲ့အခါ တစ်ကယ်မလုပ်နိုင်လို့ ပြန်ပြုတ်တာတွေ၊ မနိုင်ဝန်ကိုထမ်းမိသလိုဖြစ်ပြီး လုပ်ငန်းခွင်စိတ်ဖိစီးမှုဝင်လာတာတွေဖြစ်လာပြီ ကိုယ်ကိုယ်တိုင်ပဲ နစ်နာရတက်ပါတယ်။

ဒီလိုပြောလို့ တက်ကျွမ်းကြောင်းသက်သေခံဖို့အတွက် Certificate တွေကို အသုံးမပြုသင့်ဘူးလို့ ပြောတာမဟုတ်ပါဘူး။ သက်ဆိုင်ရာနယ်ပယ်အတွက် ကျွမ်းကျင်ကြောင်း Certificate ယူထားတာနဲ့တစ်ပြိုင်နက် အဲ့ဒီနယ်ကို အမှန်တစ်ကယ် ကျွမ်းကျင်နေဖို့ လိုအပ်တယ် လို့ ဆိုလိုတာဖြစ်ပါတယ်။

Certificate တွေရှိထားခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်း ပိုကောင်းလာတယ်ဆိုတဲ့အချက်ဟာ ငြင်းလို့မရတဲ့ အမှန်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်ပသွားအလုပ်လုပ်တော့မယ့်သူတိုင်း Certificate ရဖို့ စာမေးပွဲတွေ အပြေးအလွှားဖြေပြီးမှ သွားကြတာဖြစ်ပါတယ်။ ဟိုရောက်တဲ့အခါလည်း လက်တွေ့အသုံးဝင်တာကို တွေ့ရပါတယ်။ Certificate တွေ ဘယ်လောက် ပေါပေါလောလောရနိုင်နေပါစေ၊ ပိုက်ဆံပေးဝယ်လို့ ရတဲ့အမျိုးတော့ မဟုတ်ပါဘူး။ အနည်းဆုံး စာမေးပွဲတော့ဖြေရပါတယ်။ လက်မှတ်ရထားပြီဆိုတာနဲ့ အဲ့ဒီနယ်ပယ်ကို အမှန်တစ်ကယ် မကျွမ်းကျင်ရင်တောင်မှ တီးမီးခေါက်မိတော့ ရှိထားတယ်လို့ သတ်မှတ်လို့ရနိုင်ပါတယ်။ ဒါကြောင့်လည်း လုပ်ငန်းရှင်တွေအနေနဲ့ Certificate ရှိထားတဲ့လူနဲ့ မရှိထားတဲ့လူ နှစ်ယောက်မှာ တစ်ယောက်ကိုရွေးပြီး အင်တာဗျူးရမယ်ဆိုရင် ရှိထားတဲ့သူကိုပဲ ရွေးမှာဖြစ်ပါတယ်။

ဒါကြောင့် Certificate တွေရှိထားခြင်းဟာ ကိုယ်အကြောင်းကို လူတွေသိအောင်လုပ်နည်းတွေထဲက တစ်ခုပဲဖြစ်ပါတယ်။

ကိုယ့်အကြောင်းလူတွေသိအောင်လုပ်လို့ရတဲ့ နောက်ထပ် နည်းလမ်းတစ်ခုကတော့ (သက်ဆိုင်ရာနယ်ပယ်မှာ ကျင်လည်နေတဲ့) အပေါင်းအသင်းမိတ်ဆွေ ပေါများခြင်းပဲဖြစ်ပါတယ်။ ဒီလိုအပေါင်းအသင်းမိတ်ဆွေတွေကို ကျောင်းတွေမှာ ရှာလို့ရပါတယ်။ ဒါကြောင့် ကွန်ပြူတာတက္ကသိုလ် (သို့မဟုတ်) လူအများကြီးတက်တဲ့ နာမည်ကြီးသင်တန်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသားတွေအနေနဲ့ ဒီအချက်ကိုနားလည်ထားပြီး  နောင်တစ်ချိန်မှာ Professional ဖြစ်လာမယ့် အပေါင်းအသင်းမိတ်ဆွေ များများရအောင်လုပ်ထားသင့်ပါတယ်။ ဒါဟာ ကျောင်းကသင်ပေးတဲ့ ပညာတွေလိုပဲ တန်းဖိုးရှိတဲ့ အရာ ဖြစ်ပါတယ်။ ဒီမိတ်ဆွေတွေက တစ်ချိန်မှာ ကိုယ်နဲ့သင့်တော်တဲ့အလုပ်တွေ့တဲ့အခါ အသိပေးနိုင်သလို ကိုယ်ဘာတက်လဲဆိုတာကိုလည်း ထောက်ခံပေးခြင်းအားဖြင့် အကူအညီပေးနိုင်ပါလိမ့်မယ်။ ဒါနဲ့ပက်သက်ပြီး သိပ်အများကြီးပြောစရာမလိုပါဘူး။ အဆက်အသွယ်ကောင်းရှိထားခြင်းဟာ အစစအရာရာလွယ်ကူစေတယ်ဆိုတာကို လူတိုင်းသိထားပြီးသားပါ။

နောက်ထပ် အလွန်ကောင်းမွန်တဲ့ နည်းတစ်ခုလည်း ရှိပါသေးတယ်။ ကနေ့ခေတ်ဟာ အင်တာနက်ခေတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မိမိအကြောင်း လူတွေသိနေအောင် အင်တာနက်ကို အသုံးချလို့ရပါတယ်။ ဒါကို Online Identity တစ်ခု တည်ဆောက်တယ်လို့ ခေါ်ချင်ပါတယ်။ Software ရေးတဲ့အလုပ်ကို Professional အဖြစ်လုပ်မယ်လို့ စိတ်ကူးထားသူတိုင်း Online Identity တစ်ခု (မဖြစ်မနေ) ရှိထားသင့်ပါတယ်။

အင်တာနက်မှာရှိတဲ့ Professional Community တွေမှာ တက်ကြွစွာ ဝင်ရောက်ပါဝင်ခြင်းဖြင့် မိမိရဲ့ Online Identityကို တည်ဆောက်လို့ရပါတယ်။  Facebook လို Social Network တွေကလည်း ကိုယ့်အကြောင်း လူတွေသိအောင် တစ်နည်းအားဖြင့် ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း Facebook ဟာ ရိုးရိုး Social Community မျှသာဖြစ်တဲ့အတွက် သိပ်မလေးနက်ပါဘူး။ သက်ဆိုင်ရာနယ်ပယ်အတွက် အထူးပြုဖွဲ့စည်းထားတဲ့ Professional Community က ပိုထိရောက်ပါတယ်။

ဒီနေရာမှာ IT နဲ့ပက်သက်ပြီး အလုပ်လုပ်နေတဲ့ မြန်မာလူမျိုးတိုင်းအတွက် အကောင်းဆုံး Professional Community တစ်ခုဖြစ်တဲ့ Myanmar IT Pro ကို မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီ Community မှာ လူပေါင်းစုံရှိပါတယ်။ ကွန်ပြူတာလုပ်ငန်းရှင်တွေပါသလို

၊ သက်ဆိုင်ရာနယ်ပယ်မှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ Professional တွေလည်းရှိပါတယ်။ လေ့လာဆဲ ကျောင်းသားတွေရှိသလို သူတို့ကိုကူညီနေတဲ့သူတွေလည်း ရှိပါတယ်။ ပြည်တွင်းပြည်ပမှာ ပြန့်နှံ့နေတဲ့ မြန်မာလူမျိုး အိုင်တီသမားတွေအတွက် အတော်ကောင်းမွန်တဲ့ Community တစ်ခုဖြစ်ပါတယ်။

ကိုယ့်အကြောင်း လူတွေသိဖို့ Professional Community တွေက ဘယ်လို ကူညီလည်းဆိုတာကို ကျွန်တော့်ကိုယ်ကျွန်တော် ဥပမာထားပြီးပြောချင်ပါတယ်။ ကျွန်တော်ဟာ Myanmar IT Pro မှာ Web Development နဲ့ Open-source အကြောင်းကို တစ်စိုက်မတ်မတ်ပြောဆိုဆွေးနွေးလာခဲ့တာ ကြာပါပြီ။ အခုချိန်မှာဆိုရင် အဲ့ဒီ Community မှာရှိနေတဲ့လူအားလုံး (လုပ်ငန်းရှင်တွေနဲ့ ပြည်ပရောက်ပညာရှင်တွေအပါအဝင်) ကျွန်တော် Web Site ရေးတက်ကြောင်း သိနေကြပါတယ်။ ဒီလိုသိထားတဲ့အတွက် သူတို့မှာ Web Site ရေးဖို့အတွက် အလုပ်တွေရှိတဲ့အခါ ရေးပေးဖို့ အပ်ကြပါတယ်။ လူချင်းမမြင်ဖူးပေမယ့် ကျွန်တော်ဘာလုပ်နိုင်လဲဆိုတာကို လူတွေသိနေကြပါတယ်။ ဒီလိုနဲ့ လုပ်ခွင့်ရခဲ့တဲ့အလုပ်တွေ မနည်းပါဘူး။ ပြီတော့ အခုအချိန်မှာ ကျွန်တော်ကသာ Web Development နဲ့ပက်သက်ပြီး အလုပ်လိုချင်ရင် လုပ်ငန်းရှင်တွေအနေနဲ့ ကျွန်တော့်ကို “တစ်ကယ်တက်ရဲ့လား” လို့ မေးခွန်းထုပ်နေမှာမဟုတ်ပါဘူး။ ဒါဟာ Professional Community မှာ ကိုယ့်ရဲ့ Identity ကို တည်ဆောက်ထားခြင်းအားဖြင့် ရရှိလာတဲ့အကျိုးဖြစ်ပါတယ်။

ပြည်တွင်းအလုပ်အကိုင်အတွက်မဟုတ်ပဲ တစ်ကမ္ဘာလုံးအတိုင်းအတာထိပေါက်ရောက်နိုင်တဲ့ Identity တစ်ခုတည်ဆောက်ချင်တယ်ဆိုရင်လည်း Stackoverflow လို Web Site မျိုးတွေ ရှိနေပါတယ်။ Stackoverflow ဆိုတာဟာ Programming နဲ့ပက်သက်တဲ့ မေးခွန်းတွေ အမေးအဖြေ လုပ်လို့ရတဲ့ Web Site တစ်ခုဖြစ်ပါတယ်။ အဲ့ဒီ Web Site မှာ ကိုယ်မေးတဲ့မေးခွန်းက သိပ်ကောင်းတယ်ဆိုရင် အမှတ် (Reputation) ရပါတယ်။ သူများမေးတာကို ဖြေမယ်ဆိုရင်လည်း ကိုယ့်အဖြေကောင်းရင်ကောင်းသလို အမှတ်ရပါတယ်။ Stackoverflow မှာ Reputation မြင့်နေတဲ့လူတစ်ယောက်ကိုလည်း ပရိုဂရမ်ရေးတက်ရဲ့လားလို့ ဘယ်သူကမှ မေးခွန်းထုပ်နေမှာမဟုတ်ပါဘူး။

ဒါကြောင့် Online Identity တစ်ခုတည်ဆောက်ထားခြင်းဟာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ရရှိဖို့အတွက် အလွန်ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ် ဆိုတာကို ပြောချင်ပါတယ်။ ဒါပေမယ့် သတိချပ်သင့်တာက ဒီနည်းလမ်းဟာ ကျွမ်းကျင်ပြီးသူတွေအတွက် အဓိကအားသာတဲ့နည်းလမ်းဖြစ်ပါတယ်။ သက်ဆိုင်ရာနယ်ပယ်မှာ အမှန်တစ်ကယ် ကျွမ်းကျင်ဖို့ကို အရင်လုပ်ရမှာပါ။ [ … ]

[ အပြည့်အစုံကို Attachment Document တွင် ဆက်လက်ဖက်ရှုနိုင်ပါသည် … ]

__________

မှတ်ချက် ။ ။ ဤ Email သည် Durosoft မှ ပေးပို့သည့် သင်တန်းကြော်ငြာဖြစ်ပါသည်။ သို့သော် Durosoft ၏ “မူ” အရ၊ လက်ခံရရှိသူအတွက် မည်သို့မျှအကျိုးမရှိသည့် ကြော်ငြာများကို ပေးပို့မည်မဟုတ်ပါ။ ထို့ကြောင့် “လေ့လာဆဲ Programmer / Web Developer များအတွက်” အကျိုးရှိမည်ဟု ယူဆသည့် ဂျူလိုင်လထုပ် Personal Computer Magazine တွင် ဖော်ပြခဲ့သည့် အထက်ပါ ဆောင်းပါးကို ထည့်သွင်းပေးပို့လိုက်ရပါသည်။
__________

သင်တန်း တန်းခွဲသစ် ဖွင့်လွှစ်ခြင်း (ကြော်ငြာ)

အမှန်တစ်ကယ် တက်ကျွမ်းသည့် Web Developer ဖြစ်လိုသူများအတွက် Durosoft မှ “Web Development Course” ကို ဖွင့်လွှစ်သင်ကြားနေပါသည်။ တန်းခွဲသစ်ကို ဩဂုတ်လ (၂၁) ရက်နေ့တွင် စတင်ဖွင့်လွှစ်တော့မည်ကြောင်း အသိပေးလိုပါသည်။ ဖွင့်လွှစ်မည့် အချိန်စာရင်းနှင့် အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်…

စတင်မည့်နေ့ ။ ။ ဩဂုတ်လ (၂၁) ရက်နေ့
သင်တန်းကာလ ။ ။ (၃) လ

အချိန်စာရင်း –
တန်းခွဲ (၁) ။ ။ စနေ၊ တနင်္ဂနွေ – နံနက် ၈ နာရီမှ ၁ဝ နာရီ (အပတ်စဉ်)
တန်းခွဲ (၂) ။ ။ စနေ၊ တနင်္ဂနွေ – ညနေ ၅ နာရီမှ ရ နာရီ (အပတ်စဉ်)

ဆက်သွယ်ရန်လိပ်စာ
– Durosoft BaseCamp၊
– ယုဇနပလာဇာရှေ့၊
– ရိုးမဘဏ် (မင်္ဂလာဈေး ဘဏ်ခွဲ) အပေါ်ထပ်၊
– တာမွေ။

ဖုန်းနံပါတ် ။ ။ ဝ၉ ၄၅၅ ၈ရ ဝ၀၂

သင်ကြားမည့်အကြောင်းအရာ အသေးစိတ်ကို ဤနေရာတွင် ကြည့်ရှု့လေ့လာနိုင်ပါသည်။

ထိရောက်စွာသင်ကြားနိုင်ရန်အတွက် တန်းခွဲတစ်ခုလျှင် သင်တန်းသားဦးရေ (၈)ဦးသာ ကန့်သတ်လက်ခံမည်ဖြစ်ပါသည်။

2 comments

  • မန်း ရိပ်

    August 13, 2010 at 4:44 am

    ပရိုဂရမ်မာ ဖြစ်ချင်းသူတွေအတွက် အကျုးိရှိတဲ့ ပို့စ်လေး ပါ
    ကျွန်တော်အတွက် အသုံးဝင်တဲ့စာများဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်

  • Yin Nyine Nway

    August 13, 2010 at 6:12 am

    ကျေးဇူးပါ

Leave a Reply