လူမုန်းခံ အတွေးတစ်စ

CourageFebruary 28, 20141min16110

လူမုန်းခံ အတွေးတစ်စ

            အခုတစ်လော ကျွန်တော်တို့ဆီမှာ အမြဲလိုလို ကြားနေရတဲ့စကားလေးတွေ ရှိပါတယ်။ အဲဒီ့အထဲကမှ ကျုပ် အနေနဲ့ စိတ်ထဲသိပ်ဘဝင်မကျခဲ့ရတဲ့ စကားလေးက “ဥပဒေ ပြဌာန်းရေးနဲ့ ပြင်ဆင်ရေး” ဆိုတဲ့စကား။

ဥပဒေတစ်ခုဆိုတာ လွယ်လွယ်နဲ့ ပြဌာန်းလို့ ရရိုးမရှိသလို၊ ပြဌာန်းပြီးသား ဥပဒေဆိုတာကလဲ လွယ်လွယ်နဲ့ ပြင်လို့ရရိုးမရှိတာ အားလုံးနားလည်ပြီးပါဖြစ်မှာပါ။ ဒီလိုကြောင့်လဲ ကျွန်တော့မှာ ဒီအတွေးတွေဝင်လာတယ် ဆိုရမှာပေါ့။

ခုနကပြောတဲ့ ပြင်ဆင်ရေးဆိုတဲ့ ကိစ္စကိုတော့ ကျုပ်အနေနဲ့ သိပ်ထွေထွေ ထူးထူးမပြောလို။ နိုင်ငံရေးဆိုတာ နိုင်ငံရဲ့အရေးဆိုရုံလောက်သာ သိတဲ့ ကျုပ်အတွက် နိုင်ငံရေး ဘိုးအေကြီး ပဂေးကြီးတွေ ဆောင်ရွက်နေကျတဲ့ ဒီအလုပ်ကို ဘာမှဝင်မပြောချင်။

သို့ပြောမယ့် ပြောချင်တာက တစ်မျိုးသားလုံးနဲ့သက်ဆိုတယ်လို့ ဆိုလေတဲ့ ဥပဒေပြဌာန်းရေးကြီးကိုတော့ တစ်နေရာ တစ်ထောင့် ပါဝင်ကြည့်မိသည်။

တစ်မျိုးသားလုံးလို့ ဆိုလိုက်တာနဲ့ နိုင်ငံတွင်းမှာနေထိုင်ကျတဲ့ ၁၃၅မျိုးသော တိုင်းရင်းသားတွေဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားတွေရော ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့တိုင်းရင်းသားတွေ (ဥပမာအားဖြင့် ကရင်နှင့် ချင်းလူမျိုးအများစုမှာ ခရစ်ယာန် ဘာသာကိုးကွယ်သူများဖြစ်ကျသည်) ရောနဲ့ သက်ဆိုင်တဲ့ ဒီဥပဒေနဲ့ ပက်သတ်လို့ ကျုပ်တော်တော်ကို ကြီးကြီး တွေးထားမိတာအမှန်။

အခုတော့ အသေးစိတ်မဟုတ်ပေမယ့် အကြမ်းဖျင်းတော့ သိခွင့်ရခဲ့ပါပြီ။

အဲဒီ့အချိန်မှာပဲ ကျုပ်ရဲ့ ဒီအတွေးတွေ စခဲ့လေပြီ။

တစ်ကယ်တော့ ယဉ်ကျေးသော လူနေမှုအဖွဲ့အစည်းတစ်ခုမှာ လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တနဲ့ အပြုအမူကို အဓိက ထိန်းကွပ်ပေးနေတာ ဥပဒေနဲ့လား အသိတရားနဲ့လားဆိုတာဟာ မေးခွန်းထုတ်စရာပါ။ ကဲ… စဉ်းစားကြည့်ရအောင်။

ကျုပ်တို့ရဲ့ လူနေမှုဆိုင်ရာ ဥပဒေတွေထဲမှာ ၃၇၆ဆိုတဲ့ ပုဒ်မကို လူတိုင်း သိကျပါတယ်။ ဒီဥဒေကို မကျူးလွန်မိအောင် ကျုပ်အထင် လူဦးရေရဲ့ ၉ဝရာခိုင်နှုန်းနီးပါးဟာ လိုနာကျပါတယ်။ သူတို့ဘာလို့ လိုက်နာကျလဲ။ ကျူးလွန်မိရင် အပြစ်ပေးခံရမှာကို ကြောက်လို့လား။ ဒါမှမဟုတ် မိမိရဲ့ ကိုယ်ကျင့်တရား အတွက်လား။

ဆက်ပြီး တွေးကြည့်ရအောင်။ ခိုးမှု၊ လုယက်မှု၊ ဓါးပြမှုဆိုတာတွေနဲ့ ပက်သတ်လို့ ဥပဒေမှာ မည်သို့မည်ပုံ အပြစ်ရှိကြောင်းကို အတိအလင်းဖေါ်ပြပြီး ဖြစ်ပေမယ့် ခိုးသူတွေက ခိုးနေစဲ၊ လုသူတွေက လုနေစဲ၊ တိုက်သူတွေက တိုက်နေစဲ။ သူတို့တွေ ဘာကြောင့် ဒီလိုအပြစ်တွေ ကျူးလွန်နေကျလဲ။ ပြီးတော့ သူတို့လိုမဟုတ်တဲ့ လူများစုက ဘာကြောင့် ဒီအပြစ်တွေကို မကျူးလွန်အောင် ရှောင်ကြင်နေကျလဲ။ ရေးရေးလေး အဖြေပေါ်လာတယ်။ ကိုယ်ကျင့်တရား ကောင်းမွန်သူများအတွက် ဥပဒေဆိုတာမလို၊ သူ့အလိုလိုရှောင်ကြင်ပြီးသား ဖြစ်နေပြီ။

ငယ်ငယ်ကကြားဖူးတဲ့ ဆရာဦးအောင်သင်းရဲ့ ဟောပြောချက်လေး တစ်ခုကို သွားသတိရမိတယ်။ “ထုတ်စီးထိုးတဲ့အခါမှာ ထမင်းရေပူစည်းဆိုတာရှိတယ်၊ ဒီစည်းကိုကျော်ရင် ရှုံးပြီဆိုတာ ဘယ်သူတွေက ဘယ်လို ထွင်သွားမှန်းတော့ မသိဘူး ဒီကစားနည်းကို ကစားတဲ့ ကလေးတိုင်း လိုက်နာကျတယ်” ဆိုတာပေါ့။ ဒီနေရာမှာ စည်းကမ်းဆိုတာပါလာပြီ။ စည်းကမ်းဆိုတာကို ဥပဒေတစ်ခုအနေနဲ့ ပြဌာန်းပြီး ထိန်းကြောင်း ပေးခြင်းထက် အသိတရားလေး နားလည်မှုလေးနဲ့ ထိန်းကွပ်ပေးတာ ပိုပြီးထိရောက်တယ်ဆိုတာကို သိလိုက်ရတယ်။

ဉာဏ်မှီသလောက် ပြောရရင် ဥပဒေဆိုတာ အပြင်စည်းပါ။ ကိုယ်ကျင့်တရား (သို့) အသိတရားဟာ အတွင်းစည်းပါ။ အပြင်မှာ လေမုန်တိုင်းတွေ တိုက်ခတ်နေချိန် အိမ်ထဲမှာနေတဲ့ လူတစ်ယောက်အတွက် နံရံများဟာ အလွန်ခိုင်ခံ့တဲ့ မဟာတံတိုင်းကြီးပေါ့။ ဒါပေမယ့် ဒီလူသာ အသိတရားမဲ့စွာ အိမ်အပြင်ကို ထွက်ခဲ့ရင်တော့… ကိုယ့်ဘဝနဲ့ကိုယ်။

ဒီလိုပါပဲ ဥပဒေဆိုတာ နံရံ တံတိုင်းကြီးပါ။ ပြင်ပက အန္တရာယ်တွေ မကျရောက်အောင် ကာကွယ်ပေးတဲ့ အရာပါ။ သို့ပေမယ့် လူတစ်ယောက်ရဲ့စိတ်မှာ အန္တရာယ်ရှိနိုင်မှန်း သိသိကြီးနဲ့ နံရံကို ကျော်ခဲ့ရင်၊ ဥပဒေကို ဖေါက်ဖျက်ဖို့ စိတ်ရှိနေခဲ့ ရင်ဘယ်လိုလုပ်မလဲ။ အဓိက ကတော့ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ဝေဖန် ပိုင်းခြားနိုင်တဲ့ အသိတရားလေး ရှိနေဖို့က အရေးအကြီးဆုံးပါ။ အသိတရားကသာ လူတစ်ယောက်ကို ထိန်းကွပ်နိုင်မယ်ဆိုရင် ဥပဒေဆိုတာကြီး မရှိလဲ ဖြစ်ပါတယ်။

ဆိုလိုချင်တာက ဥပဒေပြဌာန်းပြီး လူတွေကို ထိန်းချုပ်ခြင်းထက်၊ အသိတရားရှိအောင် သွန်သင်ဆုံးမပြီး ထိန်းကျောင်းပေးခြင်းက အဓိက မဟုတ်ဘူးလားလို မေးချင်တာပါ။

ကဲ… တော်ဦးစို့။ လူမုန်းခံ အတွေးတွေကို ဇာတ်တော်တစ်ခုထဲက စည်းဖေါက်လို့ ကိုယ်ကျိုးနည်းရတဲ့ အဖြစ်လေးနဲ့ နိဂုံးချုပ်ရအောင်။

ရာမာယဏ ဇာတ်တော်ထဲမှာ ဒဿဂီရိက သီတာဒေဝီကို ခိုးယူခန်း ဆိုတာပါ ပါတယ်။ အားလုံးလဲ သိပြီးသားဆိုတော့ အကျယ်မပြောတော့။ ဒဿက သီတာကို ခိုးယူတဲ့နေရာမှာ လက္ခဏာ ချထားတဲ့ စည်းကိုဘယ်လိုမှ ကျော်မရ ဖြစ်နေချိန် ရသေ့၊ ရဟန်ယောင်ဆောင်ကာ သီတာနေရာ ကျောင်းနားကို ချည်းကပ်လာပါတယ်။ ဒီအချိန်မှာ သီတာဟာ တောကြီးမျက်မည်းထဲမှာ တွေ့ရခဲတဲ့ သူတော်စဉ်အထင်နဲ့ လက္ခဏာ ချထားတဲ့ စည်းသုံးတန်ကို ကျော်ကာ ဆွမ်းထွက် လောင်းခဲ့ပါတယ်။ အဲ့နောက်မှာတော့ သိတဲ့အတိုင်းပေါ့။

ဒီနေရာမှာ အဓိကမှတ်ရမှာက အပြင်ရန်မဝင်နိုင်အောင် စည်းသုံးတန်ဟာ ဘယ်လောက်ပဲ ကာစီးနိုင်ပါစေ၊ အတွင်းထဲမှ လူက အပြင်ကို ထွက်ချင်စိတ်ရှိနေရင် ဒီစည်းတွေဟာ အလကားပါပဲ။ ဒီလိုပဲ ဥပဒေ ဘယ်လောက် ကောင်းကောင်း လူတွေမှာ အသိတရားမရှိရင် အချည်းအနှီးပါပဲ… … … ။

အသိတရားရှိစွာ နေထိုင်သူ၊ အသိတရားရှိအောင် သွန်သင်နိုင်သူများ ဖြစ်ကျပါစေလို့ ဆုတောင်းပေးရင်း…။           ။

COURAGE

10 comments

  • alinsett ( Gazette )

    February 28, 2014 at 7:23 am

    လမ်းလျှောက်နိုင်သူ ဘယ်လောက်များများ လျှောက်ရမယ့်လမ်းကို ပိတ်ထားရင်လည်း ခရီးမရောက်ဘူး
    လျှောက်ခွင့် မရှိရင်လည်း မရောက်ဘူး
    🙂
    ဟက်
    ဟက်
    ဟက်ချိုးးးး

  • မမချွိ

    February 28, 2014 at 8:31 am

    အတွင်းစည်းတောင် မလုံတဲ့ လုံအောင်မလုပ်နိုင်တဲ့ လူတွေ (အဲ) သူတွေက
    ဥပဒေပြဌာန်းချင်တယ် ဆိုတော့……
    ………………………..

  • မင်း ခန့် ကျော်

    February 28, 2014 at 9:32 am

    ဒီအယူအဆလေးတော့တွေးစရာပါ။

    “ဥပဒေတစ်ခုဆိုတာ လွယ်လွယ်နဲ့ ပြဌာန်းလို့ ရရိုးမရှိသလို၊ ပြဌာန်းပြီးသား ဥပဒေဆိုတာကလဲ လွယ်လွယ်နဲ့ ပြင်လို့ရရိုးမရှိတာ အားလုံးနားလည်ပြီးပါဖြစ်မှာပါ။”

    ကျုပ်ကတော့ ပြဌာန်းဒါလွယ်သလို ပြင်တာလည်းလွယ်ပါတယ်။
    ဥပဒေဆိုတာလူကလုပ်တာပါ။အဲသလိုကိုးဖြစ်နေတာ။ဒီခေတ်ဒီခေတ်။

    ဒီမိုကရေစီစနစ်အရ ဗုဒ္စဘာ ကဘာသာရေးဥပဒေပြဌာန်းခွင့်ရှိရင်

    ကရင် ကချင် ချင်း တွေဘက်က ခရစ်ယာန်ဥပဒေ ထုတ်ရင်ကော

    လက်ခံနိုင်ပါ့မလားးး မေးလိုက်ချင်ပါရဲ့။

    “ပြည်ထောင်စုဆိုတဲ့ခေါင်းစဉ်အောက်မှာ မြန်မာဟာ ပုဂိ္ဂုလ်တစ်ဦး
    ချင်းစီဟာ ကွဲပြားနေကြတယ်”

    ဆိုလားပဲ။

    စဉ်းစားကြည့်ပေါ့လေ။

  • kyeemite

    February 28, 2014 at 11:25 am

    ဂျိမ်းစ်မိုက်စ် ကတော့ အဓိပ်ပါယ်မရှိတဲ့ အဲဒါကြီးအတွက်ကြိုးစားနေသူတွေကို ဦးပါထွင်ပေးထားတဲ့ကားကြီးနဲ့ပဲ ဆော်ထည့်ချင်နေတယ်… :angry:

  • kai

    February 28, 2014 at 3:01 pm

    တိုင်းပြည်ဟာ.. ကြောက်စရာလမ်းကိုလျှောက်နေတယ်လို့.. ခံစားမိတယ်..
    ဗုဒ္ဓဘာသာကိုနိုင်ငံ့ဘာသာအဖြစ်ပြဌာန်းဖို့လုပ်တာလောက်မဆိုးဝါးပေမယ့်.. သိပ်မကြာခင်ကာလမှာ.. အဲဒီအဆင့်ကိုရောက်လာမယ်လို့.. မှန်ဆလို့ရတယ်..

    ဦးနုတုံးကတော့.. အဲဒါနဲ့တိုင်းရင်းသားတွေသူပုန်ထကြပြီး.. ပြည်တွင်းစစ်မီးတောက်လောင်တာပဲ..။
    ဒီခေတ်မတော့… ပိုဆိုးတာတွေဖြစ်မယ်… :mrgreen:

    • ဝင့်ပြုံးမြင့်

      March 4, 2014 at 6:44 pm

      ဒီပို့စ်လေးထဲ ဝင်ရေးချင်လို့ လော့အင်ဝင်နေတာ ၂ရက် ၃ရက်လောက်ရှိပြီ။ အရမ်းကောင်းတဲ့ ပို့စ်ဖြစ်ကြောင်း ပြောချင်ပါတယ် ကိုcourage ရေ။ သမ္မတကြီးက လူမုန်းမခံဘူးဖြစ်နေတာကမှ တကယ့် ပြဿ နာ အစစ်လို့ မြင်ပါတယ်။
      သဂျီး ဘာကိုပြောမှန်း မျှစ်ကြော် သိတယ်နော်။ အဲဒီသတင်း မြန်မာအွန်လိုင်း မှာဖတ်ပြီးတော့ တခြား ဘာမှကို ဆက်မဖတ်နိုင်တော့လောက်အောင် စိတ်ဓာတ်ထိုးကျသွားတယ်။

  • Mr. MarGa

    February 28, 2014 at 4:58 pm

    အတွင်းစည်း လုံအောင်ထိန်းနိုင်ဖို့
    ဥပဒေ အရင်ထုတ်ပါဗျို့
    :mrgreen:

  • ကျ နော် တို့ နိုင် ငံ က လူ တွေ က သ တင်း စာ မ ဖတ် အ စည်း အ ဝေး မ တက် ကြေ ညာ ချက် ထုတ် ရင် သေချာ မ ဖတ်။
    အဲ တော့ ဥ ပ ဒေ ထွက် လာ မှ သာ အ တည် ပြု ပြီး ကြောင်း သိ လိုက် ရ တယ်။

    ဥ ပ ဒေ တစ် ခု ပြ ဌာန်း ဘို့ က ခက် လည်း မ ခက် လွယ် လဲ မ လွယ်။
    ဒါ ပေ မယ့် နိုင်ငံ အ တွင်း မှာ နေသူ ( မည် သူ မ ဆို )အ ားလုံး အ တွက် မျှ တ ရ မယ် တ ရား ရ မယ်။
    အဲ လို မျျ တ စွာ ထုတ် ပြန် ပြ ဌာန်း ပြီး သား ဖြစ ် နေ ခဲ့ ရင် လဲ
    တစ် ယောက် တစ ်ဦး အတွက် ဆို ပြီး ပြင် စ ရာ မ လို။
    ပြင် ပေ း ဘို့ တောင်း ဆို စရာ လဲ မ လို။

    အဲ တော့ တည် ဆဲ ဥ ပ ဒ တွေ က တ ရား မျှ တ မူ့ ရှိ မ ရှိ အချက် အ လက် ခိုင် ခိုင် မာ မာ နဲ့ တင်ပြ နိုင် တဲ့သူ လူိုပါတယ်။

  • myat pearl phyu

    March 1, 2014 at 2:05 pm

    အသိတရားရှိစွာ နေထိုင်သူ၊ အသိတရားရှိအောင် သွန်သင်နိုင်သူများ ဖြစ်ကျပါစေလို့ ဆုတောင်းပေးရင်း…။ ။
    COURAGE

    ကောင်းမွန်သော ဆုတောင်းလေးပါ ….
    ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါတည်…
    ထောက်ခံပါတယ်ချင်….

  • padonmar

    March 5, 2014 at 12:13 am

    မတွေ့တာကြာတဲ့Courage
    အမုန်းခံပြီး ပြောတဲ့ ပို့စ်လေးတွက် လက်ခုပ်တီးပေးပါတယ်။
    သံကွန်ခြာ ရထပ်အုပ်ပေမယ့် ထိန်းမနိုင်တဲ့ ကိစ္စမျိုးမှာ
    မယ်သီတာလို ကိုယ့်စည်းကိုယ်ဖောက်တာတွေ ရှိမှာအမှန်မို့
    အသိတရားထည့်ပေးဖို့ အဓိကဆိုတာ ထောက်ခံပါတယ်။

Leave a Reply