ယနေ့ ဂါတ်ရုံးကင်းဂျူတီ မောင်တူးအလှည့် ကျပြန်၍ ကင်းမှူးသည်လည်း ရဲကြပ် အောင်သိန်းဖြစ်ရကား ဂါတ်တဲ ကင်းရုံးလေးတွေ ကင်းစစ်လာရင်း ဆုံကြပြန်လေသည်။ “မောင်တူးရေ” “ဗျာ…ကိုအောင်သိန်း” “ မင်းကင်းကျပြန်ပြီဆိုတော့ ဒီတစ်ခါ ငါတို့ပြေးရမယ့် အလှည့်မဟုတ်လောက်သေးပါဘူးနော့” “တောက်တီးတောက်တဲ့ ကိုအောင်သိန်းရာ ဒါထက် ကျွန်တော်တို့ ရာဇဝတ်အုပ်မင်းက နည်းနည်းများ နွဲ့နေသလားလို့ ဗျ” ထိုအခါ ကိုအောင်သိန်းမျက်လုံးတွေ ကျီးကန်းတောင်မှောက်ဖြစ်သွားပြီး “မီးခြစ်ပေးပါဦးဟ” သည်တစ်ကြိမ် ပြောင်းဖူးဖက်ဆေးလိပ်တိုကို မီးညှိခြင်း ဖြစ်၍ မောင်တူး ဆေးလိပ်တောင်းမသောက်တော့ပဲ… “ဒီတစ်ခေါက် ရာဇဝတ်အုပ်ကအသစ် အရေးပိုင်ဆီသွားတဲ့ ကိစ္စကိုယ့်ဆရာမပါဘူးနဲ့တူတယ်” “မပါတာမဟုတ်ဘူး မလိုက်ရဲတာ” “ဗျာ…! ဘာဖြစ်လို့လဲ” “ဟာ….ငါတို့ ဦးတုတ်က ဘူးထုပ်ကွ၊ ငါ့ကို ပတ်ချွဲနှပ်ချွဲ နဲ့ စကားပြောပြီး ဟိုနှိုက် ဒီနှိုက် လုပ်နေလို့” “ဟမ်! ယောက်ျားချင်းကို” “အခြောက်ကြီးကွ တောင်ပြုံးမင်းနှစ်ပါးရဲ့ ရွှေတိုက်ုစာရင်းဝင်ဖြစ်ဖို့ သိပ်မလိုတော့ဘူးတဲ့ကွ အပူးအကပ်အဟောလည်း တကယ်ကောင်းတယ်ဆိုပဲ” “နေပါဦး ကိုယ့်ဆရာက သိလှချည်လား” “သြော် သိဆို ရာဇဝတ်အုပ်မင်း မိသားစုနေဖို့ အိမ်ရှင်းပေး ပစ္စည်းတွေ နေရာချပေးဖို့သွားလုပ်ရတာ ငါ့တပ်စိပ်လေကွာ အဲဒါ နတ်ရုပ်တုတွေနဲ့တင် အိမ်ရှေ့ ဧည့်ခန်း ပြည့်သွားလို့ စင်တွေရိုက်ပြီး မနည်းနေရာချယူရတယ် အဲဒါနဲ့ ဆရာကတော်ကိုမေးကြည့်တော့ နင်တို့ဆရာက ဘယ်ကဲ့သို့ ဘယ်ချမ်းသာဆိုပြီး ပြောပြတာဟေ့…..” “ဒီလိုလား ဒါဆို နတ်ကတော်နဲ့ ရာဇဝတ်အုပ်ကတော် တစ်အိမ်တည်း အတူနေကြတာပေါ့” “အေးပေါ့ကွာ” “အင်း…. ကိုယ်တော်ကြီးကတော့ ကတော်နှစ်ပါးနဲ့ ပျော်သလားမမေးနဲ့ ဖြစ်တော့မှာပဲ” “ဟေ့ကောင် မင်းပါးစပ်က….” “ဟင်းးးးးဟင်းးးးးးဟင်းးးးဟင်းးးးဟင်းးးးး” “ဟာ လုပ်ကြပါဦး ရာဇဝတ်အုပ် ဘာဖြစ်တာလဲ” “ပလိစ် ဝါးတား ပလိစ် ဟင်းးးးးဟင်းးးးးးး” ရုတ်တရက်မို့ ဆားပုလင်းမောင်လေး ကြောင်သွားကာ“ခင်ဗျား ပုလိပ်ဝါတာ ဟုတ်လားဆရာ ပုလိပ်ဝါတာက ထောင်ထဲမှာပဲရှိတယ်လေ ဆရာ” “ပလိစ် ဝါးတား ရေတောင်းနေတာ” ရာဇဝတ်အုပ် နတ်ကျနေသလို တုန်ညဉ်းနေရာမှ ထိုသို့ အော်၍ လန့်ကာ ရေအိုးစင်သို့ ပြေးရလေ၏၊ ထိုအခါ ဂါတ်တဲစခန်းထဲမှ ပုလိပ်များ စုပြုံလာသဖြင့် ဂါတ်စာရေးကြီးမောင်ထင်မှ ထပြကာတားရသည်။ “မင်းတို့ကောင်တွေ ဘူမှန်းမသိ ကိုးမှန်းမသိ သွားကြစမ်း” “ဘာဖြစ်တာတုန်း စာရေးကြီးရဲ့” “ငါလည်းမသိဘူး” “မသိရင် ငြိမ်ငြိမ်နေ” “ဟေ့ကောင်…..” “နောက်….နောက်တိုးနေတဲ့ကောင်တွေကို ပြောတာပါခင်ဗျ” ထိုအခါ နတ်ဝင်သည်လိုဖြစ်နေသော ရာဇဝတ်အုပ်ဦးတုတ်၏ တုတ်ခိုင်သော ကိုယ်လုံးကြီးက တုန်နေရာမှ တောင့်တောင့်ကြီးဖြစ်လာပြီး…. “မောင်မင်းလူကလေးတို့ သိပ်ညံ့တယ်၊ ဘလယ်ဒီဖူးတွေ ကျွန်ုပ် ဘယ်သူဆိုတာ သိကြသလား ဘူးထွားဟားဟားးးးးးး” ထိုအခါ သောက်ရေခပ်ယူလာသော ဆားပုလင်းလေးမောင်က မောင်ထင်နားကပ်ပြီး “ဆရာတုတ် ဘာလုပ်နေတာလဲဗျ” “သိနိုင်မလား ဆားပုလင်းရဲ့” “ပလိစ် ဂစ်မီ ဝါးတား ပလိစ်” “ရေ ရေတောင်းနေပြီ ပေးလိုက်” “အားးးးးးးးသိုင်းကျူး လူကလေး ကျွန်ုပ် ရေမသောက်ရတာ သုံးနှစ် နဲ့ နှစ်လနီးပါးရှိနေပြီ ကျွန်ုပ် ရေတစ်ခွက်သောက်ရဖို့ ဘိလပ်ကို ပြန်ဖို့ ကြိုးစားနေရတာ ဆယ့်နှစ်ကြိမ်ရှိပြီ သဘောင်္မှာ အားပါးတန်းက လတ်မှတ်တွေကလည်း ကျုပ်အလှည့် မရောက်နိုင်ဘူးဖြစ်နေတယ်။ ကောင်းပြီ…ဒီတစ်ခေါက် ဘုံဘေက သဘောင်္မဆိုက်သေးခင် လူကလေးတို့ မြန်မာတွေအတွက် အလုပ်လုပ်ပေးလိုက်ပါဦးမယ် သိကြပြီလား” ထိုအခါ ဂါတ်စာရေးကြီးက…. “ခင်….ခင်ဗျာ…..ရာဇဝတ်အုပ်ကြီးက မဟုတ်လားဗျာ” “ထွီ!!!!!မောင်မင်းတို့ အဲ့ဒါကြောင့်မတိုးတက်တာ ကျွန်ုပ် စီအိုင်ဒီစုံထောက်မင်းကြီး မစ္စတာ အာသာဖဲလ်ကို မသိကြတော့ဘူးလား အိုးမိုင်ဂေါ့…..” “အာ….သိ……သိပါတယ် အာသာဖဲလ်က ဒီနယ်ထဲမှာပ အမှုကိစ္စအတွက် ထွက်လာရင်း မြွေပွေးကိုက်လို့ ခရစ်တော်မှာ အိပ်ပျော်သွားပါပြီခင်ဗျ” “အေး အဲဒါ ကျွန်ုပ်ပဲ အိပ်ဆေးသောက်တာတောင် အိပ်မပျော်နိုင်လို့ မောင်မင်းတို့ရှေ့မှာ ရပ်နေတာပဲ” စာရေးကြီးက မျက်လုံးပြူးသွားကာ လူချင်းပူးကပ်ပြီး “ဒုက္ခပါပဲ အာသာဖဲလ် မကျွတ်လို့ ဝင်ပူးတာနဲ့တူတယ်ဗျ” “ကောင်းပြီ…..အခုသိပြီဆိုတော့ ကျွန်ုပ် ကိုယ်တိုင် ဒီအမှုကို စုံစမ်းမယ် လူကလေးတို့ ကြိုးစားပါ ကျွန်ုပ်ကို သေသွားတဲ့ မရန်ဒါကိုယ်တိုင်က ငိုယိုပြီး လာတိုင်တယ် မရမ်းချောင်ရွာသူ မခင်မေလေးကို အကြွေးနဲ့ သိမ်းတဲ့ ကိစ္စ သူ့ရည်းစား အောင်မောင်းက မကျေနပ်လို့ ဓါးနဲ့ ခုတ်သတ်သွားတာ အရေးယူပေးပါတဲ့….မောင်မင်းတို့ ရှိနေရက်နဲ့ ကျွန်ုပ် အထက်အရာရှိ မင်းကို တိုက်ရိုက်တိုင်တန်းတာ ကောင်းသလား ကျွန်ုပ်စိတ်ဆိုးတယ် ဒါပေမယ့် မရန်ဒါလူလေးဟာ ကျွန်ုပ်တို့ ဗြိတိသျှ တွေကို ရိုသေတယ်၊ လက်ဆောင်ပဏ္ဍာ ဆက်သတယ်၊ ဒီအတွက် ကျွန်ုပ်ကိုယ်တိုင် ဒီအမှုကို ဖော်ထုတ်မယ်လို့ ဆုံးဖြတ်တယ်….ဒါကြောင့် တရားခံအောင်မောင်းကို ချက်ချင်း ဖမ်းဝရမ်းထုတ်ပါ ကျွန်ုပ်အတွက် ရုံးခန်းတစ်ခု စီစဉ်ပါ ကျွန်ုပ်ဒီမှာ စခန်းထိုင်ပြီးညွှန်ကြားမယ် ရှင်းလား….မောင်မင်း” “ရှင်းပါပြီ ချက်ချင်းစီစဉ်ပါ့မယ့် မင်းကြီး” “ကောင်းပြီ ဆက်လုပ်ကြ” “ဘူ!!!!!” “ဟင်!!!!” ရာဇဝတ်အုပ်ဦးတုတ်ဆီမှ အလွန်ကျယ်လောင်သော လေလည်သံနှင့်အတူ ဦးတုတ်မှာ မူလအတိုင်းပြန်ဖြစ်သွားပြီး ကျီးကန်းတောင်မှောက် ကြည့်ပြီးမှ…“ဟေ့….ဂါတ်စာရေး ငါဘာဖြစ်တာလဲ သိကြလား” “ခင်ဗျ…..သိပါတယ်၊ ပုလိပ်မင်း အဲလေ စုံထောက်မင်းကြီး အာသာဖဲလ် ဝင်ပူးတာပါ” “သူဘာတွေပြောသွားလဲ” ထိုအခါ ဆားပုလင်း လေးမောင်က အလုံးစုံ ရှင်းပြလိုက်သဖြင့်“ဒါဆိုရင် ငါ့ရုံးခန်းကို သူ့ရုံးခန်းလုပ်လိုက် ပြီးရင်း ဂါတ်စာရေးက ဖမ်းဝရမ်းထုတ် ပုလိပ်အဖွဲ့တွေကိုခေါ်ပြီး တရားခံကို ဖမ်းခေါ်လာခဲ့ပေတော့” “ကောင်းပါပြီဗျာ” အချိန်ကား ညီအစ်ကို မသိတသိ အချိန်…….၊မရမ်းချောင်းရွာရှိ တော့စပ်တစ်ခုဆီမှ မည်းမည်းသဏ္ဍာန် အရိပ်တစ်ခု တရွှေ့ရွှေ့ချဉ်းကပ်လာသည်။ လူလော တစ္ဆေလောဟု ခွဲခြား၍မရနိုင်။ သို့သော် တစ္ဆေမဟုတ်သည်မှာ သေချာပါသည်။ အကြောင်းကား သေဆုံးသွားသော ချစ်တီးသူဌေး၏ ဒွာဒမမြောက် မယား မရမ်းချောင်းရွာသူ ခင်မေလေး ကိုယ်တိုင်ဖြစ်ပြီး လူသတ်မှုကြောင့် အနောက်ဘက်တောတန်းတွင် တိမ်းရှောင်နေရသော ချစ်သူဟောင်း အောင်မောင်းထံ ထမင်းသွားပို့နေခြင်း ဖြစ်လေ၏။ “နောက်ကျလိုက်တာ မေလေးရာ ငါဗိုက်ဆာနေပြီဟ” “အပြစ်တင်မစောပါနဲ့မောင်ရယ် မနက်ကတည်းက ရွာထဲမှာ ပုလိပ်တွေ ခြေချင်းလိမ်နေလို့ပါတော်။ အခုဟာက ရှင့်လက်ချက်မှန်း ပုလိပ်တွေ သိသွားကြပြီတော့။ ရှင့်မိဘတွေ ပုလိပ်တွေ စစ်နေတာ နေဝင်မှပဲ ပြန်သွားကြတယ်” “တောက်!!! ဘယ်သဘောက်မသားက တို့လိုက်ပြန်ပြီလဲ မသိဘူး” “ကျုပ်တို့ရွာက မဟုတ်တာတော့ သေချာတယ်မောင် တစ်ရွာလုံးက ချစ်တီးစုတ်ကို ဘယ်သူက အရေးလုပ်တာမှတ်လို့၊ ကဲပါလေ စားစရာရှိတာ မြန်မြန်စားပါတော့၊ ကျုပ်လည်း သရဲကြောက်တယ်တော့” “မနေရဲလည်း ညအိပ်လိုက်ပေါ့ မေလေးရယ်” “ဟွန်းးးး” ဆားပုလင်းလေးမောင် ဂါတ်ရုံးထဲဝင်လိုက်သည့် ခြေလှမ်းတွေ တုံ့ခဲနဲဖြစ်အောင် ပြောင်းလဲသော မြင်ကွင်းကြောင့် ဘယ်ကစပြီး သတင်းပို့ရမှန်းမသိဖြစ်သွားသည်။ တခြားမဟုတ်…..ရုံးစားပွဲများအားလုံး နတ်ရုတ်ထုများ ကန်တော့ပွဲများ အမွှေးတိုင်များ ဖယောင်းတိုင်များ စည်ဝေနေလေသည်။ ရာဇဝတ်အုပ် ဦးတုတ်နှင့် စာရေးကြီးလည်း ကျုံ့ကျုံ့လေး ထိုင်နေသဖြင့် မည်သို့မျှမတတ်နိုင်ဘဲ ဝင်ကျုံ့ကာ…. “ဟေ့…အေး…ဆားပုလင်း အခြေအနေ” “တရားခံအောင်မောင်းရဲ့ မိဘတွေပြောတာက အောင်မောင်း ပိုးထိလို့သေတာ သုံးနှစ်ရှိပြီတဲ့။ အနီးပတ်ဝန်းကျင်ရွာတွေကလည်း ဒီအတိုင်းပဲပြောတယ် လွန်ခဲ့တဲ့ ငါးလကဆိုတော့ အောင်မောင်းမဖြစ်နိုင်ဘူး မဟုတ်လား” “ဟမ်….ဒါဆို” ရာဇဝတ်အုပ်က အံ့သြနေရာမှ တုန်တက်လာပြီး “အဟမ်းးးးးးးမောင်မင်းတို့ ကျွန်ုပ် အကုန်လုံးကြားပြီးပြီ မောင်မင်းတို့ ဗမာတွေ လူဆိုးအားပေး လုပ်ကြတယ် အဲဒီရွာက မရန်ဒါကို မုန်းနေကြတာ အဲ့ဒါကြောင့် ဝိုင်းပြီး ကာပေးနေကြတာ ကျွန်ုပ်သိတယ်။ အောင်မောင်းသတ်တာ…..အောင်မောင်းမသေသေးဘူး။ မောင်မင်းတို့ ဘယ်လောက်ညံ့တယ်ဆိုတာ ကျွန်ုပ်လက်တွေ့ပြမယ်မောင်မင်းတို့ အချုပ်ခန်းတံခါးသာ ဖွင့်ထားပေတော့ အဟင်းးဟင်းးး” “ဖွတ်!!!!” “ဟော…ထွက်သွားပြန်ပြီနဲ့တူတယ်” “သူဘာပြောသွားလဲဟင်” “သူကိုယ်တိုင်သွားဖမ်းမယ်တဲ့ အချုပ်ခန်းတံခါးကို ဖွင့်ထားလိုက်တဲ့” “အေးဒါဆိုလည်း ဖွင့်ထားလိုက်လေ” “အာ…ဆရာတုတ်နှယ်…အချုပ်ခန်းတံခါးဖွင့်ထားရင်း အထဲက တရားခံတွေ လစ်ကုန်မပေါ့” “အင်….အဲ…..အဲ” “ကဲ….မောင် ရှင် စောစောကပြောတော့ ဗိုက်ဆာနေပြီဆို” “အေးပါကွ အခု အချစ်တွေ ဝသွားလို့ နေသာထိုင်သာ ရှိသွားပြီ” “ ဒါဆို ကျုပ်ပြန်တော့မယ် တအားမှောင်နေပြီ” ”အေးးးအေးး ငါပါလိုက်ပို့မယ်” “ ဟင်..ရှင့် အစားအသောက်တွေ ဘယ်လိုလုပ်မှာလဲ” “လွယ်ပါတယ်ကွ” ထို့နောက် အောင်မောင်းက ထမင်းတောင်းအား ပုဆိုးတစ်ထည်နှင့် ကွင်းသိင်းထည့်က သစ်ကိုင်းမှာ ချိတ်ဆွဲထားလိုက်ပြီး…“ ကဲ….သွားစို့၊ ရွာစပ်အထိ လိုက်ပို့မယ့်” “အို…ရှင် အတင့်မရဲနဲ့ တောစပ်ဆိုရပြီ” “ ဝု…..အူးးးးဝူးးးးးးးးးအူးးးးးးးးးအု….အု……ဝုတ်…..ဝုတ်” “ဟာ….လန့်လိုက်တာ ဘလယ်ဒီဖူး ခွေးတွေ အီးးးးကြက်သီးတောင်ထတယ် ဟေ့ ဂက်ဒေါက် ဂိုးအဝေး ရှစ်ထ်” အာသာဖဲလ် သရဲကြီး တောထဲတိုးရင်း ခွေးအူသံကြောင့် လန့်ကာ မောင်းမဲမိနေစဉ်…. “အို….သ္ခင်” “ဟိုက်…သောက်ခွေး အိုမိုင်ဂေါ့” “မလန့်ပါနဲ့ သ္ခင် ကျွန်တော်မျိုး မရန်ဒါနဲ့ အပေါင်းအပါများက အကြိုထောက်တာပါ” “ဟမ်!!! လူကလေး မရန်ဒါ” “မှန်ပါ့ သ္ခင်” “ အိုနိုး ချစ်တီးကုလားက သရဲဖြစ်သွားတော့ ပိုလို့တောင် ရုပ်ဆိုးနေပါလား ကောင်းပြီ၊မောင်မင်းတို့ တရားခံက ဘယ်မှာတုန်း” “ဟိုးက သစ်ကုလားပင်အောက်မှာ ထမင်းထိုင်စားနေပါတယ် ဘုရား” “ဝိုးးးဗဲရီးဂွတ် ဒင်နာဘယ်မှာတုန်း ကျွန်ုပ် ဗိုက်ဆာနေပြီ ဒီဘဝရောက်တုန်းကလည်း ဘရိတ်ဖတ်စ် လန့်ခ်ျ ဒင်နာ မြင်နေတာတောင် သွားရည်ကျခွင့်မရဘူး မောင်မင်း ကျွန်ုပ်ထက် စီနီယာကျတဲ့ ဗြိတိသျှ တစ္ဆေတွေ တန်းစီနေတာ” “ ဒါဆို မြန်မြန်သာ လိုက်ခဲ့ပါသ္ခင် ကျွန်တော်မျိုးတို့ ပြပါ့မယ့်” ထိုအခါ အောင်မောင်းရှိရာ သစ်ကုလားပင်သို့ မျက်နှာဖြူသရဲ့၊ ကုလားသရဲ၊ ဗမာလူမိုက်သရဲများ စုဖွဲ့ကာ အောင်မောင်းရှိရာသို့ ရောက်သွားကြသည်။ “လူကလေး အောင်မောင်း မောင်မင်းကို ကျွန်ုပ်တို့ ဝိုင်းထားပြီ ကောင်းမွန်စွာ အဖမ်းခံပါ” အသံသြသြ နှင့်မို့ အောင်မောင်းလည်း ရုတ်တရက် ကြည့်မိသည်။ ထို့နောက် ချစ်တီးသရဲက “အဟတ်ဟတ် ဟားးးးးဟားးးးးမင်းဘယ်ပြေးမလဲ မိချိုသဲ အဲလေ မောင်အောင်မောင်း မရန်ဒါက လူသေပေမယ့် သရဲတော့ ဖြစ်သေးတယ်ကွ မင်းကို စုံထောင်သရဲမင်းကြီးကိုယ်တိုင် လာဖမ်းတာ မင်းဘာတတ်နိုင်သေးလဲ ဟားးးးးဟားးးးးးဟားးးးးး” ထိုအခါမှ အောင်မောင်းက သရဲခြောက်ခံရမှန်းသိကာ “ဟားးဟားးးးးးးဟားးးးးးးမင်းတို့ မိစ္ဆာဘဝရောက်တာတောင် မာနထောင်ချင်သေးသကိုးးးးးး၊ အေးအေး မင်းသရဲမင်းကြီးကို ပြောလိုက်စမ်းကွာ တကယ်ဖမ်းနိုင်သလားလို့ ဟောဒီမှာ” အောင်မောင်းက စကားစဖြတ်ပြီး သူ့ဘေူးက ငှက်ကြီးတောင်ဓါးကို ရွှန်းခနဲဆွဲထုတ်ကာ မြေမှာစိုက်လိုက်ပြီး….. “သတ္တိရှိတဲ့ သရဲ ရှေ့တိုးစမ်း နှစ်ဘဝသေအောင်မသတ်နိုင်ရင် အောင်မောင်း ဓါးမကိုင်တော့ဘူး ကိုင်းးးးလာကြ” ထိုအခါ ချစ်တီးမှ ကြောက်ဒူးများတုန်သွားပြီး “ကျွန်တော်မျိုးကို သတ်တာ အဲဒီဓါးနဲ့ပါဘုရား ဖမ်းတော်မူပါဘုရားးးးး” “အင်း…အဲ….ကျွန်ုပ်လည်း စဉ်းစားရမယ် မောင်မေင်း ဗမာတွေကိုင်တဲ့ ငှက်ကြီးတောင်က မောင်းတင်စရာမလိုဘူး ယမ်းမထောင်း မီးခိုးမထွက်ပေမယ့် ဆိုင်လင်ဆာ တပ်ထားပုံရတယ် ဘာသံမှမကြားရဘဲ ကျွန်ုပ်တို့ စစ်သားတွေ အတုံးအရုံး သေကုန်တယ် သတိထားရမယ် လူကလေး” “မင်းကြီးခါးမှာ ချိတ်ထားတဲ့ သေနတ်နဲ့ဆိုရတယ်ဘုရား” “လူကလေး ဒါက အဆောင်အယောင်ဖြစ်သွားပြီ ကျွန်ုပ် ဘဝပြောင်းသွားကတည်းက ပစ်လို့မရတော့ဘူး” “ဟင် ဒါဆိုမဖမ်းတော့ဘူးလား” “ကျွန်ုပ်လောလောဆယ်ဒင်နာတော့ ပေးချင်တယ်” “တောက်! ငတ်ချေးက ကျနေတယ်” “မောင်မင်းပြောတာ ငှက်ချေးလို့ကြားမိတယ် ဘတ်…ဘတ်တွေ ကောင်းကင်မှာ ဖလိုရင်း လုပ်ရင်း လက်ထရိန်ဒူးတဲ့ဟာလား” “နားမလည်ဘူးဆရာ” “တွိုင်းလက်သွားတယ်ဆိုရင်ကော” “သိဘူးဆရာ” “ကလင်းရွှန်း” “ဒါဆို ဘာကိုပြောတာလဲ” “ဘလယ်ဒီဖူး အဲဒါကြောင့် မင်းတို့တွေ လည်ဖြတ်ခံရတယ ငှက်ချေးပါလားလို့မေးတာကွ” “သြော်….နိုး…နိုး…သ္ခင်ကြီး” ထိုအခါ အောင်မောင်းက “ ဒီညတော့ ကြက်ကြော်နဲ့ပဲကွ အားပါးးးးးကောင်းမှကောင်း ရှလွတ်” အောင်မောင်း မြိန်ရည်ရှက်ရည် စားနေပုံကို သရဲများက သွားရည် တစ်မြားမြားဖြစ်နေကြသည်။ ထိုအခါ အာသာဖဲလ်မှ…. “မောင်မင်း လူကလေး” အောင်မောင်းကလှည့်ကြည့်ပြီး “ဘာတုန်း…မင်းဘယ်သူလဲ” “ဟိုး…နိုး လူကလေး မရိုင်းပြပါနဲ့၊ ကျွန်ုပ်က စီအိုင်ဒီ စုံထောက်မင်းကြီး မစ္စတာ အာသာဖဲလ်ပါ” အောင်မောင်းက တစ်ချက်တွေဝေသွားပြီး “ သြော် ….မှတ်မိပြီ ကျုပ်တို့ နယ်ဘက် ဆင်းလာရင်း မြွေပွေးကိုက်ခံလိုက်ရတဲ့ မျက်နှာဖြူ အရာရှိ” “သတ်စ်ရိုက်….ကောင်းပြီ အခု ကျွန်ုပ်တို့ အတူတူ ဒင်နာ စားရအောင်” “ဒင်နာတော့ မရှိဘူး ကြက်ကြော်ပဲ ရှိတယ်” “ကောင်းပြီး ကျွန်ုပ် ကြက်ကြော်ပဲ စားပါ့မယ် ဗဲရီး ဟန်းဂရီး ” “ဟားးးးးးဟားးးးးဟားးးးးသူများတိုင်းပြည်လာပြီး လူပါးဝချင်တာပဲ ငတ်လိုက်ပေါ့ဗျ မကျွေးနိုင်ပါဘူး” ထိုအခါ ချစ်တီးက အနားကပ်လာပြီး “မင်းကြီး ဒီကောင်က ချော့နေလို့မရဘူး ကျွန်တော်မျိုးတို့က သရဲတွေဆိုတော့ ဒီကောင့်ကို ဝိုင်းပြီး ခြောက်လှန့်ရအောင်” “ကောင်းပြီ လူကလေး အကြံကို လက်ခံတယ်” ”ဘူးထွားးးးးးဟားးးးးးးးးးးးး” “ဗြဲ………..” ထိုအခါ လက်တံရှည်များ ထုတ်ပြီး ဖမ်းချုပ်ရန် ကြိုးပမ်းကြသော်လည်း လက်ဖြတ်ခံရသည်။ လျှာ အရှည်ကြီးထုတ်ပြီး ရစ်ပတ်ရန် ကြိုးစားသော်လည်း အပိုင်းပိုင်း ခုတ်ဖြတ်ခံရ၏။ “အိုးမိုင်ဂေါ့ လူညွှန့်တုံးပါပြီ” “မင်းတို့ မှတ်ထားကြ လူ့ဘဝမှာ ခွေးသေသေလို့ အားမရရင် သရဲဘဝမှာ ခွေးသေသေအောင်သတ်ပေးမယ် အောင်မောင်းကွ” ထိုအခါ ချစ်တီးနှင့် အပေါင်းအပါများက မတတ်သာသည့်အဆုံး “ ကျွန်တော်မျိုးတို့ လစ်ပြီဘုရား သခင်ကြီးကိစ္စ သခင်ကြီးကိုယ်တိုင်ပဲ ရှင်းပေတော့ဘုရား” “ဟေ့…….လူကလေးတို့ ကျွန်ုပ်ကို မထားခဲ့နဲ့လေ ကျွန်ုပ်…ကျွန်ုပ်…” ထိုအခါ အောင်မောင်းက စုံထောက်မင်းကြီး၏ လည်ပင်းကို ဓါးနဲ့ ထောက်ထားလိုက်ပြီး “ဒီမှာ မျက်နှာဖြူ ငါက လူသတ်မှု ကျူးလွန်တယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် တစ်မှုပဲရှိတယ်။ မင်းရဲ့ ချစ်တီးကောင်က မယားခိုးမှု၊ မုဒိမ်းမှု၊ မတရားသဖြင့် စီးပွားရှာမှု၊ လာဘ်ထိုးမှု၊ အနိုင်ကျင့်စော်ကားမှု၊ တစ်ပုံကြီးကွ အဲ့လို ဥပဒေ ဖင်ခုထိုင်ပြီး ရမ်းကားချင်တိုင်း ရမ်းကားနေတဲ့ ချစ်တီးကို အကာအကွယ်ပေးတဲ့ မင်းကိုလည်း သတ်ရမှာပဲ” “အိုးနိုး လူကလေး သူ့အသက်သတ်ခြင်းကို ဘုရားသခင် ခွင့်မလွှတ်တော်မူဘူးမှားမယ်” “ဒါဖြင့် စောစောက ငါ့ကို သတ်ဖို့ ကြိုးစားတာကျတော့ရော” “ကျွန်ုပ်ဗိုက်ဆာနေတယ်လူကလေး ဘာမှမစားရဘဲနဲ့တော့ မသေပါရစေနဲ့ လူကလေးရဲ့ ကြက်ကြော်ဖြစ်ဖြစ် နည်းနည်းလေးကျွေးရင် သေပျော်ပါပြီ” “ဒါဆိုထ လာလိုက်ခဲ့” အောင်မောင်းက ကြက်ကြော်များကို ကျွေးသော်လည်း စုံထောက်မင်းကြီး၏ပါးစပ်ထဲသို့ အသားတစ်မျှင်မှ မရောက်သဖြင့် ချုံးပွဲချကာ ငိုလေတော့သည်။ အောင်မောင်းက စိတ်မကောင်းစွာဖြင့်…. “ဒါတော့ ခင်ဗျားကံတရားပဲ သရဲကြီးရာ၊ ကျုပ်ကကျွေးပေမယ့် ခင်ဗျားမှာ စားရဖို့ ကံမပါလာဘူး။ အဲဒါ ကျုပ်တို့ ဗုဒ္ဒဘာသာမှာ ကံ ကံ၏အကျိုးလို့ခေါ်တယ်။ လူ့ဘဝတုန်းက ခင်ဗျားဟာ သူတစ်ပါး ရဲ့ သန့်ရှင်းတဲ့ အစာစားခွင့်ကို ယုတ်မာစွာ ပိတ်ပင်တားဆီးခဲ့တယ် ကိုယ်စားရရင်ပြီးရော ဘယ်သူပဲ ငတ်ငတ် ဂရုမစိုက်တဲ့ အကျင့်စရိုက်ကို မွေးမြူတယ် သူတစ်ပါးရဲ့ ဆင်းရဲမွဲတေမှုကို မတွေးဘဲ ကိုယ်ချမ်းသာမှုအတွက် လုံ့လထုတ်ခဲ့တဲ့ အတွက် ဒီလိုဘဝမှာနေရတာ။ ဝဋ်ကြွေး မကုန်သရွှေ့တော့ ဆပ်ပေဦးတော့” “ဒါနဲ့ ခင်ဗျားက ဘာအတွက် ကျုပ်ဆီရောက်လာရသလဲ” “လူကလေးကို ဖမ်းဖို့ပါ” “ခင်ဗျားမဖမ်းပါနဲ့ ခင်ဗျားဖမ်းလို့လည်း မရပါဘူး။ တစ်ခုတော့ရှီတယ့် ဒီကရှေ့ ခင်ဗျား သရဲပင်ဖြစ်လင့်ကစား ကောင်းသောစိတ် ကောင်းသော အနေအထိုင်နဲ့ ခင်ဗျား ယုံကြည်တဲ့ ဘာသာတရားကို အာရုံပြုပြီး နေသွားပါ့မယ်လို့ ကတိပေးရင် ကျုပ်ဂါတ်ထဲမှာသွားပြီး အဖမ်းခံလိုက်မယ်။ ဘယ်နှယ့်လဲ ကတိပေးနိုင်လား” “ကောင်းပြီး လူကလေး ကျွန်ုပ်လောဘတက်မိခဲ့တယ် လူကလေးပြောတဲ့အတိုင်းနေမယ်လို့ ကတိပေးပါတယ်။ ဒါပေမယ့် လူကလေး အဖမ်းမခံပါနဲ့” “ဘာဖြစ်လို့” “အရေးပိုင်မင်း နဲ့ ပုလိပ်မင်းကြီးတို့ ဒေါသထွက်နေတယ် မောင်မင်းသွားအဖမ်းခံတာနဲ့ သူတို့ ကြိုးပေးလိမ့်မယ်” “ကျုပ်မကြောက်ပါဘူး ။ ခင်ဗျား အမှန်ကို လက်ခံတယ်ဆိုရင် ဝမ်းသာပါတယ်။ ခင်ဗျား အပြောင်းအလဲ ဖြစ်သွားပြီဆိုတော့ ကြက်ကြော်ပြန်စားကြည့်ပါဦး” အောင်မောင်းစကားကြောင့် စုံထောက်မင်းကြီးလည်း မရဲတရဲဖြင့်စားကြီးရာ “အိုးမိုင်ဂေါ့ ကောင်းလိုက်တာ လူကလေး” ဟုဆိုတာ မျက်ရည်တစ်စက်စက်ဖြင့် လွေးနေတော့သည်။ ပြီးနောက် “လူကလေးဟာ သူတော်ကောင်းတရားခံပါ မဖမ်းမခံပါနဲ့” “ကိစ္စမရှိဘူး ကျုပ်လုပ်ပြီးပြီ ကိုယ့်အပြစ်ကိုယ် ဝန်ခံတာ ယောက်ျားကောင်း တို့အလုပ်ပဲ အခု မအဖမ်းမခံသေးတာကလည်း ဆုံးရှုံးထားတဲ့ ကျုပ်ချစ်သူနဲ့ အားရအောင် ပျော်ချင်လို့ပဲ အခုတော့ ကျေနပ်သွားလို့ သေရမယ်ဆိုရင်လည်း သေပျော်ပါပြီ။ ခင်ဗျားသာ ကောင်းရာဘဝရောက်အောင် ကိုယ့်ကိုယ်ကို စောင့်ရှောက်ပေတော့” ညဉ့်တစ်ချက်ကျော်ပြီဖြစ်၍ မောင်တူး ကင်းစောင့်နေရာမှ တစ်ချစ် မှေးကနဲ ငိုက်သွားစဉ်…. “ဟေ့!!!!ကင်းသမား” မောင်တူးလည်း တစ်ကိုယ်လုံး မြောက်တက်သွားမတတ် ထိတ်လန့်သွားပြီး မျက်လုံးဖွင့်ကြည့်သည်။ ပြီးနောက် “ခင်…ခင်…ခင်ဗျား ဘယ်သူလဲ” “ငါ့နာမည် အောင်မောင်း မင်းတို့ ချစ်တီးသူဌေး မရန်ဒါကို ဓါးနဲ့ ခုတ်သတ်ခဲ့တာ ငါ့ကို ဖမ်းကြ” “ဗျာ!!!!!!!” မောင်တူး မယုံကြည်နိုင်လောက်အောင် အကြီးအကျယ် ထိတ်လန့်သွားပြီး ထိုနေရာမှာပင် တုံ့ခနဲ ခွေလဲကျသွားလေတော့၏။ ဤတွင် ပြီးပါပြီ……။ အားလုံးကိုလေးစားတဲ့ Paing Lay Credit to-နတ်ရွာမိုး

About Paing Lay

Paing Lay has written 20 post in this Website..

သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် စီပွားရှာနေရသော်လည်း ရင်ထဲက အနုပညာ ပိုးမသေသောသူ။ တစ်နည်းပြောရလျှင် အနုပညာ လောကတွင် ကျင်လည် လိုသူ။