ဟဲလို.. ကမာရွတ် ရဲစခန်းကပါ..

ခရီးသွားပို့စ်ရေးနေရင်းနဲ့ အရင်တုန်းက အကြောင်းအရာလေးတစ်ခုကို စဉ်းစားမိတာနဲ့ပဲ ကြားဖြတ်ပို့စ်အနေနဲ့ ရေးဖြစ်လိုက်ပါတယ်။

 

အချိန်ကတော့ လွန်ခဲ့တဲ့ (၄) နှစ်လောက်ကပေါ့။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလမှာ ခရီးသွားကုမ္ပဏီမှာ အလုပ်ဝင်ပြီး သိပ်မကြာဘူး၊ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာတယ်။ ကျောင်းက တီချယ်က ဖုန်းလှမ်းဆက်တယ်…ပြည်ထဲရေးက အလုပ်ခေါ်တယ်တဲ့။ သူငယ်ချင်းတွေကိုလည်း ဆက်သွယ်ပေးပါလို့ ပြောတယ်… လျှောက်ချင်တဲ့သူ လျှောက်ရအောင်တဲ့။ ကျွန်မက ဘာအတွက်ခေါ်တာလဲဆိုတော့ ပြင်သစ်စကားပြောတတ်တဲ့သူ လိုချင်လိုတဲ့။ သူတို့ဆီက မူးယစ်ပရောဂျက်တို့ ဘာတို့အတွက် နိုင်ငံခြားက လူတွေလာရင် ခရီးစဉ်တစ်လျှောက် ဘာသာပြန်အဖြစ်ရော၊ travel assistance အတွက်ပါ ကူညီလို့ရအောင်ပါတဲ့။ လူဆိုးဖမ်းတာတော့ မလုပ်ရဘူး။ ပြည်ထဲရေးလက်အောက်မှာ လုပ်ရမှာဖြစ်တဲ့အတွက် ဒုရဲအုပ်ရာထူးတော့ ပေးမယ်တဲ့။ တီချယ်တွေကလည်း လောလောလတ်လတ် BA ပြီးထားတဲ့ ကျောင်းသားတွေက ပိုအဆင်ပြေမယ်ထင်လို့ လျှောက်စေချင်တယ်တဲ့။

 

ကျွန်မလည်း နည်းနည်းတော့ စိတ်ဝင်စားသွားတယ်။ တကယ်တော့ ကျွန်မက အစိုးရအလုပ် မလုပ်ချင်ဘူး။ ရဲအလုပ်ဆို ပိုသာဆိုးသေး။ ဒါပေမယ့် ကိုယ်တတ်တဲ့ ဘာသာစကားနဲ့ ရာထူးတစ်ခုယူပြီး လုပ်ရမယ်ဆိုတော့ စိတ်ဝင်စားသွားမိတာတော့ အမှန်ပဲ။ ဒီလိုနဲ့ ကျောင်းကိုသွား၊ တီချယ်တွေနဲ့တွေ့၊ CV form တင်၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေပေးပေါ့။ အမေကတော့ သိပ်သဘောမကျသလို ကျွန်မကလည်း စိတ်အားထက်သန်လှတယ်ရယ်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် နယ်က မိသားစုလိုဖြစ်နေတဲ့ အိမ်နီးနားချင်းတွေကတော့ အစိုးရအလုပ် ကြိုက်သူတွေပီပီ သိပ်အားပေးကြတယ်။ အာမခံချက်ရှိတယ်၊ ဒုရဲအုပ်တန်းဖြစ်တယ် ဘာညာပေါ့။ ကျွန်မကတော့ သူတို့ရှေ့မှာသာ အင်းလိုက်နေရပေမယ့် တကယ်တမ်းလုပ်ဆိုရင်တော့ လုပ်ဖြစ်မယ် မထင်ပါဘူး။ ဒါနဲ့ ရုံးမှာပဲ အလုပ်လုပ်နေရင်း မေ့မေ့ပျောက်ပျောက်ပေါ့။

 

တစ်ရက်သားကျတော့ ကျွန်မရုံးကို ဖုန်းဆက်လာတယ်။ ကျွန်မနဲ့ တွေ့ချင်လို့ပါတဲ့။ ဟုတ်ကဲ့..ပြောနေပါတယ်ဆိုတော့ ကျွန်တော် ကမာရွတ်ရဲစခန်းကပါ တဲ့။ ရုတ်တရပ်တော့ လန့်သွားတယ်။ ငါလည်း ဘာမှမလုပ်မိပါဘူးပေါ့။ အဲဒီအချိန်က ဂျီမေးလ်မှာ forward mail တွေ ခေတ်စားနေတဲ့အချိန်ဆိုတော့ ကျွန်မလည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့စာတွေ forward လုပ်တာတွေရှိတယ်။ အဲဒီအကြောင်းက ခေါင်းထဲကို ချက်ချင်းဝင်လာတာ။ ဒါပေမယ့်လည်း အသံကိုထိန်းပြီး ဘာကိစ္စရှိလို့ပါလဲဆိုတော့မှ ပြည်ထဲရေးမှာ အလုပ်လျှောက်ထားတဲ့ကိစ္စပါတဲ့။ အဆောင်က ဖုန်းနံပါတ်ပေးလိုက်လို့ ဆက်တာပါတဲ့။ ဘယ်ရမလဲ.. ကျွန်မလည်း နဂိုကတည်းက သိပ်မလုပ်ချင်တဲ့သူဆိုတော့ မေးလိုက်တာ စုံစုံတက်နေတာပဲ။ လစာဘယ်လောက်လဲ၊ ဘယ်မှာနေရမှာလဲ၊ ဘာလုပ်ရမှာလဲ၊ ဘယ်တွေသွားရမှာလဲ၊ ပြည်တွင်းပဲလား၊ ပြည်ပရော သွားရမှာလား.. တကယ့်ကို အစုံပဲ။ ပြောလိုက်သေးတယ်.. ကျွန်မက ဒီဘက်အလုပ်က ထွက်ရမှာဆိုတော့ လစာက အဆင်ပြေမှဖြစ်မယ်ဆိုတာက ပါသေးတယ်။ ဟိုဘက်ကလည်း သေချာမသိဘူးဆိုတာချည်းပဲ။ နောက်ဆုံးတော့ ကျွန်တော်တို့ ပြန်ဆက်သွယ်လိုက်ပါမယ်တဲ့။ အေးသွားရော။

 

အဲ..ဇာတ်လမ်းက အဲဒီမှာ ပြီးမယ်ထင်တာ..မပြီးဘူးတော့်။ နောက်ရက်ကျတော့ အရင်နေခဲ့တဲ့ အဆောင်က ညီမလေးက ဖုန်းဆက်လာတယ်။ (အဲဒီအချိန်က ကျွန်မက အဆောင်မနေတော့ဘဲ အဒေါ်တွေအိမ်မှာ နေနေတဲ့ အချိန်ပေါ့.) အစ်မကို ကမာရွတ်ရဲစခန်းက ရဲနှစ်ယောက်က လာမေးတယ်တဲ့.. ။ ငိုသံပါကြီးနဲ့ ပြောတာ။ ဘာဖြစ်လို့လဲတဲ့။ အစ်မ မနေတော့ဘူးလို့ ဖြေတော့ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်ပေးပါဆိုလို့ အစ်မ ရုံးဖုန်း ပေးလိုက်မိတယ်တဲ့။ တော်ကြာ သမီးကြောင့် တစ်ခုခုဖြစ်ရင် ဒုက္ခပဲဆိုပြီး စိတ်ပူနေတာ အခုထက်ထိပဲတဲ့.. အဆင်ပြေလား..ဘာဖြစ်တာလဲတဲ့။ ကျွန်မလည်း ရယ်လည်းရယ်ချင်၊ သနားလည်းသနားပြီး ဇာတ်လမ်းစုံနဲ့ ရှင်းပြရတာပေါ့။ သူဆက်ပြီးတော့လည်း အဆောင်က အစ်မတွေ၊ သူငယ်ချင်းတွေက တစ်ယောက်ပြီးတစ်ယောက် စိတ်ပူပြီး ဖုန်းဆက်ကြတာ။ အဆောင်မှာလည်း ကျွန်မကို ရဲစခန်းက လာမေးတဲ့ကိစ္စက အတော်နာမည်ကြီးနေပုံပဲ။ ကျွန်မမှာ ရယ်ချင်တာ ပြောမနေနဲ့တော့။ မြင်ယောင်ကြည့်တယ်၊ ရဲယူနီဖောင်းနဲ့ ဝင်လာပြီး .. ကမာရွတ်ရဲစခန်းကပါ.. ကျွန်မနဲ့ တွေ့ချင်လို့ပါ ဆိုတော့ ဘယ်သူမဆို လန့်ကြမှာပဲလေ။ ကျွန်မရဲ့ စပ်စပ်စုစုပါတတ်တဲ့ အကျင့်ကိုလည်း တစ်ဆောင်လုံးက သိတာကိုး။ အဲဒီရက်ကဆို ဖုန်းတွေကို ဒိုင်ခံဖြေရှင်းရတာ။ နောက်ဆုံးတော့ ပြောလိုက်မိတယ်. ငါ့နှယ်..တိုးတိုးတိတ်တိတ် အလုပ်လျှောက်တာတောင် ကြံဖန်ပြီး နာမည်ကြီးသွားပါလားလို့.. ။ သူငယ်ချင်းတွေကလည်း အားပေးရှာပါမယ်..။ ငါတို့ ဘယ်အချိန်များ အာမခံနဲ့ သွားထုတ်ရမလဲလို့ စိုးရိမ်နေတာတဲ့။

 

တကယ်ဆို မလုပ်ခဲ့မိတာ ကံကောင်းနော်။ မဟုတ်ရင် အခုချိန်ဆို ရဲဘက်ပြေးတွေ ဘာတွေများ ဖြစ်နေမလားမသိ။ အဲဒါကြောင့် ဘာလုပ်လုပ် ကြံဖန် နာမည်ကြီးတတ်တဲ့ ကိုယ့်ကိုကိုယ် စိတ်ညစ်ပါတယ်လို့. ဟီး..ဟီး.. :mrgreen:

29 comments

  • မင်း ခန့် ကျော်

    February 28, 2014 at 12:35 pm

    ဟလို ရဲစခန်းကပါ :mrgreen:

  • မမချွိ

    February 28, 2014 at 12:43 pm

    သိဘူးလေအေ။
    ခေတ်ကြီးကိုက အူနီဖောင်းကြောက်ရတဲ့ ခေတ်ဆိုတော့။
    ခဏ ခဏ နဲ့ ပြန်မလာ ဇာတ်တွေ က တဲ့ ခေတ်ကိုလည်းဖြတ်လာရတာ။
    ကြောက်မယ်ဆို ကြောက်လောက်ရဲ့။

    :mrgreen:

  • ရာမည

    February 28, 2014 at 1:10 pm

    ရဲ ဆိုတာ ခိုင်းတာလုပ်ရတာပါ
    (ဘဘကြီး ဦးခင်ညွန့် လေသံဖြင့်ဖတ်ပါရန်) 🙂

  • kyeemite

    February 28, 2014 at 1:45 pm

    ဒုရဲအုပ်မလေးတစ်ယောက်ကို ကျိတ်ပီး သဘောကျခဲ့ဖူးသေးတယ်…ဟီဟိ
    အခွင့်သင့်မှထည့်ရေးအုံးမယ် 😀

  • Ma Ma

    February 28, 2014 at 1:47 pm

    ခေါင်းစဉ်ဖတ်ပြီး အလန့်ထညက်ဖြစ်လိုက်တာ။
    ဘာများဖြစ်လို့လဲလို့။
    တော်သေးတာပေ့ါ….. 🙁

  • မဟာရာဇာ အံစာတုံး

    February 28, 2014 at 2:12 pm

    ရဲစခန်းက ခေါ်သွားလည်း
    မခွဲနိုင်လို့ပါဆိုပြီး လိုက်ခေါ်မှာပဲ …

  • kai

    February 28, 2014 at 3:17 pm

    လော့ကျတဲ့အိမ်မှာတော့.. ရဲစခန်းကဖုန်းဆက်ပြီး.. အလှူခံလေ့ရှိတယ်ဗျ…။
    လှူတယ်ဆို.. ရဲကိုလှူထားတဲ့စတစ်ကာလေးပို့ပေးတယ်..။
    အိ်မ်မှာရုံးမှာတချို့ကပ်ထားကြတယ်…။

  • Mr. MarGa

    February 28, 2014 at 3:46 pm

    ဖတ်နေရင်းနဲ့ နားကလောသလို မျက်စိနောက်သလို ဖြစ်လာလို့
    တီချယ် တီချယ်နဲ့ဗျာ
    နားထဲကို အတောင့်လိုက် ပစ်ပစ်သွင်းသလိုပဲ…..
    ကျန်တာကတော့
    ကမာရွတ်ရဲစခန်းကမို့ တော်သေးတာပေါ့နော်
    ထောက်လှမ်းရေးကပါ ဆိုပြီးများ ခေါ်ရင် ဘယ်လိုနေမလဲ လို့ :mrgreenn:

    • ခုတော့ အဲ့ တီချယ် ကို ပြင်နေပါပြီဟ..
      ဒါက အဲဒီတုန်းက အခေါ်အဝေါ်အတိုင်း ရေးထားတာ..

  • TNA

    February 28, 2014 at 4:12 pm

    အိုက်ဒုန်းကသာဒုရဲအုပ်မမဖြစ်တွားခဲ့ရင် အံချရာဒုံးလေး ခုသနားဇရာဖြစ်နေလောက်ပီပေါ့နော် :mrgreen:

  • Ma Ei

    February 28, 2014 at 4:36 pm

    ဒုရဲအုပ် မွန်မွန်လေးကို ဘယ်သူမှ မော်ကြည့်ရဲမှာ ဟုတ်ဘူးနော်…:)

  • ခင် ခ

    February 28, 2014 at 4:44 pm

    ဟလို ကမာရွတ်ရဲစခန်းပါ မလုံမလေးမွန်မွန်ပါလား
    ဟုတ်ကဲ့ပါရှင်
    အချိန်အဆင်ပြေရင် စခန်းကို မနက်ဖြန်လာခဲ့ဖို့ အကြောင်းကြားတာပါ
    ဟုတ်ကဲ့ ဘာကိစ္စများရှိလို့ပါလဲ သိပါရစေ
    ညီမလုပ်ခဲ့တဲကိစ္စအတွက်ပါ စခန်းရောက်ရင်သိရပါစေမယ်ဗျ
    ( ပြန်စဉ်စားသွားပြီး ငါဘာတွေလုပ်ခဲ့လည်း ဟိုတလောက ဆက်လမ်းလျှောက်လို့မရတော့လို့ လှည်းတန်းဂုံးအောက်မှောင်ရိပ်ခိုပြီး ထမီဖြန့်ဝတ်တဲ့ကိစ္စလား၊ တစ်ခါက ပလက်ဖောင်းပေါ်မှာ ဈေးသည်တွေ ပြည့်နေလို့ လမ်းပေါ်ကလျှောက်ရင် စတိုးဆိုင်ဝက ချိတ်ထားတဲ့အထည်တွေငေးရင်း ရပ်ထားတဲ့ကား ခလုတ်တိုက်မိတော့ သူနဂိုကွဲနေတဲ့ရှေ့မီးခွက်ကိုထိမိတာ ဘယ်သူမှမမြင်ဘူးမှတ်တာ ပိုင်ရှင်ကသွားတိုင် လို့လား ဒီကိစ္စအတွက်ဆိုရင် အပြတ်ငြင်းပစ်လိုက်မှာ နဂိုထဲအကွဲကြီးအစုတ်ကြီးလို့ ၊ ပြီးတော့ အရင်ရက်က စည်ပင်အဖွဲ့တွေ ပလက်ဖောင်းဆေးသုတ်နေလို့ ချထားတဲ့ညစ်ထေးနေသောဆေးပုံးအစုတ်ကို အမှိုက်ပုံ ထင်ပြီး တစ်ရှုလှမ်းပစ်တော့ ဟဲ့ကလေးမလည်းဆိုရော အလျှင်အမြန်ပြေးခဲ့တာ မကျေနပ်လို့များ တိုင်ထားတာလား အဲလို အဲလိုတွေးနေတုန်း…………)
    ဟလို ကမာရွတ်ရဲစခန်းကပါ မလုံမလေးမွန်မွန်လား
    ဟုတ်ကဲ့ပါရှင်
    ဪ ပြောဖို့တစ်ကျန်သွားလို့ပါ
    ဟုတ်ကဲ့ပြောပါ
    မနက်ဖြန်လာလို့ရှိလျှင် ရဲမေအလုပ်လျှောက်တုန်းက လျှောက်လွှာလက်ခံဖြတ်ပိုင်းလေးပါယူလာခဲ့ပါလို့
    ဟုတ်ကဲ့ပါရှင်
    ( အင်း ရဲမေအလုပ်လျှောက်တာအတွက်ခေါ်တာကိုး……….)

  • alinsett ( Gazette )

    February 28, 2014 at 5:51 pm

    ဖတ်ဖူးတဲ့ဟာသလေးတောင် သတိရသွားသေးတယ်
    🙂
    ဟဲလို ရဲစခန်းကလားး
    ဟုတ်ပါတယ် ဘာကူညီရမလဲ

    မြန်မြန်လာကယ်ပါ ဒီမှာ ကျမအိမ်ထဲ ရန်သူဝင်လာလို့ပါ

    ဟုတ်လား လာခဲ့မယ် အခုဆက်တာ ဘယ်သူလဲ ဘယ်ကလဲ
    ရန်သူက ဘယ်သူလဲ

    ဟုတ်ကဲ့ ကျမ ကြက်တူရွေးပါ
    ကျမအိမ်ထဲ ကြောင်တစ်ကောင် ဝင်လာလို့ပါ

    ဟာသလေးက အဲဒါ. . .
    မွန်မွန့်ကိစ္စနဲ့တော့ ဘာမှ မဆိုင်ပါဘူး။
    အဟိ ။
    ရဲစခန်းဆိုလို ့သတိရသွားတာလေး လေဝင်ပေါတာ

    ဒါနဲ့ ဟာသထဲက ကြောင်က ဒို့ရွာထဲကများလားးး

    🙂

  • Paing Lay

    February 28, 2014 at 8:05 pm

    မမမွန်လည်း မခေရှာပေဘူး :mrgreen:

  • ဦးဦးပါလေရာ

    March 1, 2014 at 6:36 am

    ကျုပ် ငယ်ငယ်တုန်းက ရဲစခန်းက ဖုံးဆက်ရင် လန့် တယ် ….
    နဲနဲကြီးလာတော့ အခွန်ရုံးက ဖုံးဆက်ရင် လန့် တယ် …
    ဒါ့ထက်ကြီးလာတော့ အိမ်က ဖုံးဆက်ရင် လန့် တယ် …
    သားသမီးတွေ ငယ်တုန်းတော့ ကျောင်းကဖုံးဆက်ရင် လန့် တယ် …
    သားသမီးတွေ ကြီးလာတဲ့အခါ ရဲစခန်းက ဖုံးဆက်ရင် လန့် တယ် …
    :kwi:

  • ဟဲ လို
    တာ မွေ ရဲ စ ခန်း က ပါ
    လူ တစ် ယောက် စကား တစ် ခွန်းမ ှ မပြောဘဲ ဖမ်း မိ လာ လို့
    သူ နဲ့ နောက် ဆုံး ပြော တဲ့ ဖုန်း နံပါ တ် ပိုင် ရှင် ကို ဆက် လိုက်ရတာပါ
    အမြန် လာပါ

Leave a Reply