စကားသံချို ပြောဆိုရာတွင်

Mr. MarGaFebruary 28, 20141min33935

စကားးး……….
ဘာသာစကား ဆိုတာက
ဟိုးးအရင် လူသားတွေ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ ကြိုးစားရင်းနဲ့ ပေါ်ထွက်လာတဲ့
ဆက်သွယ်ရေးနည်းလမ်းတစ်ခုလို့ ပြောရမယ်။
အခုအချိန်အထိလဲ တစ်ဦးနဲ့တစ်ဦး တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပြောဆိုရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဆဲပါ။
လူတစ်ယောက်ရဲ့ ပြောပုံဆိုပုံကိုကြည့်ပြီး သူ့ရဲ့ အမူအကျင့်ကို ခန့်မှန်းနိုင်တယ်လို့ ပြောရလေမလား။
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ဆိုသလိုပေါ့
ပြောတာ ကြာလာလေလေ အတွင်းသဘောကို ပို သိလာရလေလေပါပဲ။
ဒါကြောင့် လူတစ်ယောက်အကြောင်းကို သိချင်ရင် စကားပြောဆိုကြည့်တာက အကောင်းဆုံးလို့ ဆိုချင်မိတယ်။
(အဲ…ဒါပေမင့် ဦးမာဃကတော့ ခဏတဖြုတ် စကားပြောကြည့်ရုံနဲ့ မခန့်မှန်းတတ်သေးပါကြောင်း)

 

လေသံနဲ့ ဟန်ပန်

စကား ပြောမယ် ဆိုပြန်တော့လဲ……..
ပြောရုံနဲ့တင် မပြီးဘဲ
လေယူလေသိမ်း၊ ဟန်ပန်အမူအယာ ကလဲ အရေးကြီးတဲ့နေရာက ပါလာပြန်ရော။
ဘယ်လောက်ပဲ နားဝင်ချိုတဲ့ စကားလုံးပဲ ဖြစ်နေပါစေ
ဆောင့်ကြီးအောင့်ကြီးနဲ့ ပြောရင်တော့ ဘယ်လိုမှ နားဝင်မချိုနိုင်ပါဘူး။
အဲဒီလိုပဲ ပြောတဲ့ ဆိုတဲ့ နေရာမှာ အပြောချိုပြီး မျက်နှာမချိုပြန်ရင်လဲ နားထောင်ရတာ အဆင်မချောပြန်ဘူး။
စကားတစ်ခွန်းနဲ့တင် လူတစ်ယောက်ကို ပျော်ရွှင်အောင် လုပ်နိုင်သလို၊ ဝမ်းနည်းအောင်လဲ လုပ်နိုင်ပါတယ်။
ချစ်စေလိုလဲ ခံတွင်းလက်လေးသစ်၊ မုန်းစေလိုလဲ ခံတွင်းလက်လေးသစ် လို့ ဆိုထားတယ်မဟုတ်လား။
အဲ…ဦးမာဃတို့ အင်တာနက်ပေါ်မှာ ပြောကြ ဆိုကြ ရေးကြ သားကြတဲ့အခါမှာတော့
စကားလုံးသက်သက်ပဲ ဖြစ်ပြီး လေယူလေသိမ်း၊ ဟန်ပန်အမူအရာ ထည့်လို့မရတာကြောင့်
အဲဒီ စာသား၊ စကားလုံးတွေဟာ ဖတ်သူရဲ့ စိတ်ခံစားချက်ပေါ်ကိုလိုက်ပြီး ပြောင်းသွားတတ်ပြန်ရော။
အဲဒီလို အခြေအနေမျိုးတွေမှာ အဓိပ္ပာယ်နှစ်ခွထွက်တဲ့ စကားတွေ သုံးခဲ့မိရင်တော့
ဖတ်တဲ့သူရဲ့ အတွေးပေါ်မူတည်ပြီး လွပ်လပ်စွာ သဘောထားကွဲကုန်ကြပါလေရော ဗျာ။

ယဉ်ကျေးမှု ဖလှယ်မယ်

စကား ဆိုတာ
လူမျိုးစု တစ်စုရဲ့ ယဉ်ကျေးမှုထဲမှာပါ ပါဝင်တယ်လို့ ထင်ပါတယ်။
လူမျိုးစု တစ်စုနဲ့တစ်စု ဆက်သွယ်ရာမှာ ဘာသာစကားဟာ အဓိက အခြေခံမို့ တိုင်းခြားဘာသာစကားတွေကိုလည်း
တတ်မြောက်ထားသင့်ပေသပေါ့။
ဘာသာမျိုးခြား စာစကား သင်ကြားသင့်သည်မှတ် တဲ့။ ဒါမှသာ တစ်ဖက်နဲ့တစ်ဖက် အဆင်ပြေပြေ ဆက်သွယ်နိုင်မကိုး..
အဲ… အဲ့သလိုပြောလို့ ဦးမာဃ ဘာသာပေါင်းစုံတတ်တယ် မထင်ပါနဲ့ဗျာ။
မြန်မာစကား မတောက်တခေါက်နဲ့ အင်္ဂလိပ်စကား ကျောင်းမှာသင်သလောက်ပဲ တတ်တာပါ။
ကျန်တဲ့ဘာသာစကားတွေအတွက်တော့ Google နဲ့ Bing ရဲ့ Translator ကြီးတွေကိုအားကိုးပြီး
လေကျယ်နေတာဖြစ်ပါတယ် လို့။

 

မှတ်ထားမိတဲ့ အဆိုနှစ်ခု

စကား ပြောကြဆိုကြရာမှာ
မှတ်မှတ်သားသား ထားမိတဲ့ ဆိုစကားလေး နှစ်ခု ရှိတယ်။
အဲဒါတွေကတော့
လူပြောမသန် လူသန်မပြော ဆိုတာရယ်
ကြမ်းကျွံရင် နှုတ်လို့ရမယ်၊ စကားကျွံရင် နှုတ်လို့မရဘူး ဆိုတာရယ်ပါ။
စကား ဆိုတာ ကိုယ့်ရဲ့အမြင်၊ ကိုယ့်အတွေး၊ ကိုယ့်အယူအဆ ကို ထုတ်ဖော်ပြသနည်းတစ်မျိုး ဖြစ်တာမို့
ပြောဆိုဆက်ဆံရာမှာ ဖြတ်ခနဲ ထွက်သွားတတ်တဲ့၊ ရုတ်တရက် လွှတ်ခနဲ ပြောမိသွားတဲ့ စကားလေးတွေက ပြန်ရုပ်သိမ်းဖို့
မဖြစ်နိုင်တော့ပါဘူး……..
စကား ဆိုတဲ့ အတိုင်း စ ကတည်းက ကားသွားတတ်တာမျိုးတွေက အများသားမို့ ဆိုခဲစေ မြဲစေ ဆိုသလိုသာ ပြောတာက
ကောင်းမယ်လို့လဲ တိုက်တွန်းချင်မိသား…။

 

စကားပြော နဲ့ စကားပြေ

စကား ပြောပုံဆိုနည်းကို ပြောရင်း
စကားပြေ ဆိုတဲ့ စကားလုံးလေးကိုပါ ဖျတ်ခနဲ သတိရမိလိုက်လို့
စကားပြေနဲ့ ပတ်သက်ပြီး မှတ်ထားမိတာလေးကို ချပြဦးမယ်။
အရှင်ဆေကိန္ဒ မိန့်ခဲ့တာပါ။

စကားပြေ ရေးတတ်ဖို့အတွက်
စကားပြေ ရေးနည်း မရှိဘူး။
မိသားစုအချင်းချင်း စကားကို ပြေအောင်ပြောတာ စကားပြေပဲ။
စာ စကားပြေဆိုတာ ပါးစပ် စကားပြေပြောတာ။
စကားကို ပြေအောင်ပြောတယ်ဆိုတာ သူ့အယူအဆ ကိုယ့်အယူအဆကို ပြေလည်သွားအောင်ပြောတာ

အင်းးး တွေးတော့ တွေးစရာပဲနော်။
စကား အကြောင်းကိုပြောရာက စကားပြေဘက် လှည့်သွားလို့လဲ လမ်းကြောင်းလွဲသွားပြီလို့ မပြောပါနဲ့ဦး
စပ်မိလို့ မှတ်ထားတာလေး ထုတ်ပြတာပါ။
အခုနောက်ပိုင်း အင်တာနက်ပေါ်မှာ အများဆုံး တွေ့မိတာက ပြောဟန်နဲ့ ရေးထားတဲ့ စာတွေလေ။
အဲဒီမှာ စာကို စကားပြောဟန်နဲ့ ရေးဖို့ လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့သူတွေထဲက အမေလူထုဒေါ်အမာကို
သွားသတိရမိသေး….။

 

စကားပြောနည်းတွေကို တွေးကြည့်တော့

စကားပြောနည်း ဆယ်မျိုး (တစ်နည်းပြောရရင် စကားကြီး ဆယ်ခွန်းကို) သွားတွေ့တယ်။
နောက်ထပ်လဲ စကားပြောနည်းတွေ၊ စကားအမျိုးအစားတွေ ရှိပါသေးတယ်။ ဒါက အခုလတ်တလော သေသေချာချာ
မှတ်မိနေတာကို ပြောပြတာပါ။
အဲဒါတွေကတော့

 

ရေကူးညာတင် စကားပြောနည်း

– စကားပြောရာမှာ အခြေအနေ၊ အချိန်အခါကိုတွက်ပြီးတော့ ပိုပိုသာသာပြောတာမျိုး (ကတိပေးစကားပြောရင် အသုံးဝင်ပါသတဲ့)

 

ကောက်ပင်ရိတ်လှီး စကားပြောနည်း

– စကားပြောရာမှာ တစ်ဖက်သားရဲ့စကားကို မိမိရရမှတ်ထားပြီးတော့ ကိုယ့်အလှည့်မှာ အနိုင်ပိုင်းပြီးပြောတာမျိုး (ဒါက မဲဆွယ်တဲ့နေရာတွေ၊ စကားရည်လုပွဲတွေမှာ အသုံးဝင်သတဲ့)

 

ရေစီးဖောင်ဆန် စကားပြောနည်း

– စကားပြောရာမှာ လိုချင်တဲ့အချက်ကိုရောက်ဖို့ ဥပမာတွေ၊သာဓကတွေနဲ့ တဖြည်းဖြည်း ကိုယ့်ဘက်ပါလာအောင်ပြောတာမျိုး (နိုင်ထက်စီးနင်း ပြောလာတဲ့အခါမျိုးမှာ ပြန်ပြောဖို့ အသုံးဝင်သတဲ့)

 

အိုးတန်ဆန်ခပ် စကားပြောနည်း

– စကားပြောရာမှာ ကိုယ့်အခြေအနေကိုသုံးသပ်ပြီး ပြောနိုင်သလောက်ပဲ ချင့်ချိန်ပြောတာမျိုး (အပြောနဲ့အလုပ် ညီညွတ်ဖို့ ပြောဆိုကတိပေးရာမှာ အသုံးဝင်သတဲ့)

 

ဆီပွတ်ကျည်ပွေ့ စကားပြောနည်း

– စကားပြောရာမှာ စွဲစွဲမြဲမြဲ မှတ်သားမိအောင် ထပ်ကာထပ်ကာ ပြောတာမျိုး (ဩဝါဒတွေ ဆုံးမစကားတွေ ပြောဆိုရာမှာ အသုံးဝင်ပါသတဲ့)

 

ဆင်ဝှေ့ရန်ရှောင် စကားပြောနည်း

– စကားပြောရာမှာ ကိုယ့်ကို ထိခိုက်စေမယ့် စကားလုံးတွေကိုရှောင်ပြီး ပာချင်တဲ့အဓိပ္ပာယ်ကို ရောက်အောင်ပြောတာမျိုး (သွယ်ဝိုက်ပြောတာမျိုး၊ အကြောင်းပြချက် ပေးတဲ့အချိန်မျိုး၊ ဆင်ခြေပေးတဲ့ အချိန်မျိုးမှာ အသုံးဝင်ပါသတဲ့)

 

တောင်သူယာခုတ် စကားပြောနည်း

– စကားပြောရာမှာ စိတ်ဝင်စားဖွယ် အကြောင်းအရာတစ်ခုနဲ့ အစပြုပြီး ပြောချင်တဲ့အချက်ကို လေးလေးနက်နက် ထိထိမိမိ ပြောတာမျိုး ပုံပြင်ပြောတဲ့အခါတွေ၊ သမိုင်းဆိုင်ရာအချက်အလက်တွေကို ရှင်းပြတဲ့ နေရာမှာ အသုံးဝင်ပါသတဲ့)

 

ကြက်ဆုတ်ခွပ်ပစ် စကားပြောနည်း

– စကားပြောရာမှာ တစ်ပါးသူပြောတာတွေကို သည်းခံနားထောင်နေပြီး ကိုယ့်အလှည့်ရောက်မှ အပေါ်စီးကနေ အပိုင်ပြောတာမျိုး (ငြင်းခုန်တဲ့နေရာမှာ၊ စကားနိုင်လုတဲ့အခါမျိုးမှာ သုံးသင့်ပါသတဲ့)

 

ရေစစ်ကရား စကားပြောနည်း

– စကားပြောရာမှာ တစ်ပါးသူပြောတာကို သေချာဖမ်းဆုပ်ပြီး မငြင်းနိုင်အောင်လို့ ခိုင်လုံတဲ့အကြောင်းအရာတွေနဲ့ အပိုင်ပြောတာမျိုး (သူ့စကားနဲ့ သူ့ပြန်ချည်တဲ့ နေရာမျိုးမှာ အသုံးဝင်ပါသတဲ့။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်သလိုပေါ့)

 

ခက်တင်မောင်းနင်း စကားပြောနည်း

– စကားပြောရာမှာ မတင်မကျ မရေမရာ ပြောတာမျိုး (တစ်ဖက်သားက ပြောတဲ့အချက်ကို သူကိုယ်တိုင် ပြန်စဉ်းစားဝေဖန်ဖို့ ပြောတဲ့နေရာမျိုးမှာ သုံးပါသတဲ့)

 

စကားနဲ့ ပတ်သက်ရင် ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့တဲ့ စကားခြောက်မျိုးကိုလဲ ပြောပြချင်သေးတယ်။

မဟုတ်မမှန်၊ အကျိုးမရှိ၊ သူတစ်ပါးလည်း မနှစ်သက်တဲ့ စကား
ဟုတ်မှန်ပြီး၊ အကျိုးမရှိ၊ သူတစ်ပါး မနှစ်သက်တဲ့စကား
ဟုတ်မှန်၊ အကျိုးရှိပြီး သူတစ်ပါး မနှစ်သက်တဲ့စကား
မဟုတ်မမှန်၊ အကျိုးမရှိဘဲ သူတစ်ပါး နှစ်သက်တဲ့စကား
ဟုတ်မှန်ပြီး အကျိုးမရှိ သူတစ်ပါး နှစ်သက်တဲ့စကား
ဟုတ်မှန် အကျိုးရှိပြီး သူတစ်ပါး နှစ်သက်တဲ့စကား ဆိုပြီး ဟောခဲ့ပါတယ်။

အဲဒီအထဲကမှ
စကားခြောက်ခွန်း လူ၌ထွန်း လေးခွန်းကိုပယ် နှစ်ခွန်းတွယ် လို့ ဟောခဲ့တယ်။
ဟုတ်မှန် အကျိုးရှိ သူနာလိုတဲ့ စကားနဲ့ ဟုတ်မှန် အကျိုးရှိပြီး သူမနာလိုတဲ့စကားနှစ်ခွန်းကိုသာ ပြောသင့်ကြောင်း ပြဆိုခဲ့ပါတယ်။

စကားအကြောင်းကို တွေးရင်းနဲ့ အမျှင်မပြတ် ဖြစ်သွားတဲ့ အတွေးစတွေပါ။
စကားနဲ့ ပတ်သက်ပြီး နောက်ထပ် အဆိုအမိန့်၊ အမျိုးအစားတွေ အများကြီး ရှိပါတယ်။ ဒါတွေက အခု ဦးမာဃ
လတ်တလော မှတ်သားမိ၊ စွဲမြဲနေမိတဲ့ စကားပြောဆိုပုံတွေပေါ့။
အဆုံးသတ် အနေနဲ့ စကားနဲ့ ပတ်သက်တဲ့ စာလေးတစ်ပိုဒ်နဲ့ အဆုံးသတ်ချင်ပါတယ်။

စကားသစ္စာ တည်သောခါဝယ်
ဩဇာလေးနက် ပေါ်ဆီတက်၍
နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏။

ကျန်တဲ့ စကားပြောနည်းတွေ စကားနဲ့ပတ်သက်တဲ့ ဆိုရိုးတွေကို သိချင်မိပါသေးတယ်။

လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)

35 comments

  • မဟာရာဇာ အံစာတုံး

    February 28, 2014 at 3:10 pm

    စကားကို ဟန်အမူအယာနဲ့ ဆိုမှ …
    ငါ့ဆရာကြီး ခဏခဏ ပြောတတ်တဲ့ …
    ဝှစ်ဒယ် ဒီမွန်စထွေးရှင်း ဆိုတာကို ပြေးသတိရမိတယ် ….။
    အဲ့လိုဂျီး ဟန်အမူအယာနဲ့ ပြောပြန်တော့လည်း အချို့လူတွေက ဟားသဗျား …

    ဘာပဲဖြစ်ဖြစ်ပါလေ …
    စကားဆိုတဲ့ အမျိုးဟာ
    စလေ ကားလေးမို့
    စပြီး မကား သွားအောင် နည်းတာပဲ ကောင်းတယ် ….

    • Mr. MarGa

      February 28, 2014 at 3:25 pm

      အင်း…. နင်နည်းပုံက
      အထဲနဲ့ အပြင် တလွဲစီ ဆိုတော့
      နည်းရင်လဲ ညီတူမျှတူဖြစ်အောင် နည်း လို့
      ဒါပဲ….

    • TNA

      February 28, 2014 at 4:23 pm

      ခြောက်ညက်နှာ နီလဲစကားလျှော့ပြောပါအေ။ သိပ်မပြောနဲ့ ကြားလား :mrgreen:

      • Mr. MarGa

        February 28, 2014 at 4:33 pm

        ဟုတ်ပ။ ပြောလွန်းလို့ခက်နေတယ် 🙂

  • မမချွိ

    February 28, 2014 at 3:11 pm

    အို၊.
    ၊မသိဘူးးး
    သများက စကားဆိုရင် …….
    ၁) ဝေ့လည်ကြောင်ပတ်ပြောနည်း
    ၂) ငါ့စကားနွားရပြောနည်း
    ၃) ဟိုမရောက် ဒီမရောက်ပြောနည်း
    ၄) မပြတ်မသားပြောနည်း
    ၅) ဟောက်တလှည့် ခြောက်တလှည့်ပြောနည်းတွေပဲ ပြောတတ်တယ်။

    မအားလို့ ။
    နောက်မှ ထပ်စဉ်းစားပေးမယ်နော်

    😀

    • Mr. MarGa

      February 28, 2014 at 3:27 pm

      အင်း…..
      လောလောဆယ် ဒီငါးနည်းကို စာရင်းထဲ ထည့်ထားလိုက်မယ်
      ကျန်တာ ဘယ်သူတွေ ဘယ်လိုနည်းတွေ လာဦးမယ်မသိ…. :mrgreen:

  • ko six

    February 28, 2014 at 3:36 pm

    စကားကို
    စ,ကား​အောင်​​ပြောတတ်​တဲ့ ဦးမာဃ​ရေ
    ကျ​နော်​​တော့
    ကြိုက်​သွားပီဖြစ်​ပါ​ကြောင်​း သဝဏ်​လွှာပို့ပါတယ်​

    • Mr. MarGa

      February 28, 2014 at 3:41 pm

      မြတ်စွာဘုရားးး
      စာ သီးသန့်ပဲ ကြိုက်ဗျနော်
      မဟုတ်ရင် နတ်သမီး နှစ်ထောင် (တစ်ဖက်တစ်ထောင်နဲ့) သတ်ရလိမ့်မယ် :mrgreenn:

  • ဦးဦးပါလေရာ

    February 28, 2014 at 4:01 pm

    ကြမ်းကျွံရင် နှုတ်လို့ရတယ် ဖေ့စ်ဘုတ်ကျွံရင် နှုတ်လို့မရဘူး….
    အဲဒါကြောင့် စကားကောင်းပြောရင် ကို်ယ့်အကောင့်နဲ့ပြောပါ..
    ဆဲချင်ရင် အကောင့်ပွားနဲ့ ဆဲပါ…
    :mrgreen:

    • Mr. MarGa

      February 28, 2014 at 4:07 pm

      ကျနော့်ကိုများ တည့်တည့် ပြောလေသလား
      ဒါပေမင့် ကန့်ကွက်ပါတယ်ခည
      တင်ပြီး အခြေအနေမဟန်ရင် ပြန်ပြန်ဖျက်တဲ့သူတွေ ရှိနေလို့ပါ။
      စခရင်ရှော့ ကူရင်တော့ မတတ်နိုင်ဘူးပေါ့လေ

      :mrgreen:

  • Wow

    February 28, 2014 at 4:16 pm

    တော်ဒယ်… ဖားသဂျိုး နိကို ဖွတ်ဝံကျီးတွေကို စကားပြောသင်တန်းပေးဖို့ ရွေးလိုက်ပီ… ဗခအုန်းညင့် နဲ့တွေ့ရင် နိဖာနင် ကျိရှင်း :mrgreen:

    • Mr. MarGa

      February 28, 2014 at 4:29 pm

      အင်း…..
      အဲ့ ဝန်ကြီးအုပ်စု ရယ်
      ဟို ရုပ်မြင်သံကြားက အစီအစဉ်တင်ဆက်သူ အုပ်စုရယ် ဆိုရင်
      ဝင်ငွေဖြောင့်လောက်ပါရဲ့နော်….
      :mrgreen:

  • TNA

    February 28, 2014 at 4:27 pm

    သောင်မတင်ရေမကျပြောနည်းတဲ့။ ကြားဖူးတာပဲ ဘာလဲတော့သိဘူး။
    ယိုးဒယားကပြောနည်းဆိုတာလဲချိသေးသတော့ :mrgreen:

    • Mr. MarGa

      February 28, 2014 at 4:29 pm

      ကိုရင်ရာမညကတော့ ဝက်ခေါင်းထိုး ပြောနည်း တဲ့
      ကိုယ်ပိုင်ပြောနည်းတစ်ခုရှိသေးတယ်
      ဆြာဂျီးစတိုင် ပြောနည်း

      :mrgreen:

  • alinsett ( Gazette )

    February 28, 2014 at 6:02 pm

    ဘာဒဲ့. . .
    ရန်ကုန်ကအကြွား
    မန်းလေးက စကားဆိုလားးး

    အခု မန်းလေးသားတစ်ယောက်ရဲ့ စကားအကြောင်း စကားကို
    လေ့လာလိုက်ရပါတယ်လို့ . . .

    • Mr. MarGa

      February 28, 2014 at 6:12 pm

      ကျန်သေးတယ်ဟ
      မော်လမြိုင်က အစားးး
      🙂

  • “ကြမ်းကျွံရင် နှုတ်လို့ရမယ်၊ စကားကျွံရင် နှုတ်လို့မရဘူး ”
    ဆိုတာကိုတော့ အမြဲသတိချပ်နေသင့်တာပါပဲ။

    အောက်ကစကားကြီးဆယ်မျိုးကတော့ ငယ်ငယ်တည်းက မင်္ဂလာမောင်နောက်ကျောဖုံးမှာရုပ်ပြကာတွန်းလေးတွေဖတ်ရတာကိုသတိရမိတယ်။

    • Mr. MarGa

      February 28, 2014 at 8:11 pm

      ငယ်ကတည်းက သိခဲ့ရတယ် အဲဒီစကားကြီးဆယ်ခွန်း
      ဒါပေမင့် ကိုးတန်းကဗျာမှာမှ အတိအကျ သိတော့တယ်
      မင်္ဂလာမောင်မယ်စာစောင်မလားဟင်
      အဲ့ စာစောင်က
      ငယ်ငယ်က တွေ့မရှောင် ဖတ်စဉ်က တစ်အုပ်အပါအဝင်ပေါ့လေ

  • Paing Lay

    February 28, 2014 at 8:34 pm

    အနော်ဒို့ ဖွဘုတ်သည်လည်း တဖြည်းဖြည်းနဲ့ သိုင်းလောက အသွင်ပြောင်းလဲလာလေသည် တမုံ့။ :mrgreen:

    • Mr. MarGa

      February 28, 2014 at 8:45 pm

      လာမည့် နှစ် အပိုင်းအခြားအတွင်း ပိုမို၍ ပြင်းထန်မည်ကို သတိပြုပါလေ…. 🙂

  • myat pearl phyu

    February 28, 2014 at 10:01 pm

    တူညားလည်း နဲနဲ ပွားကြည့် မယ်နော် …
    စကားနဲ့ ပါတ်သတ်လို့ မှတ်ထားတာလေးဒွေက ဒီလိုပါတဲ့ … ကို MarGa ရဲ ့

    “တစ်ယောက်စကား…တစ်ယောက်နား” မှာ မခါးရအောင် သတိဆောင်၍ မောင်တို့ ဆိုစေ
    ပျားသကာသို့ ချိုလှစေ …
    “ထောင်တန်တဲ့စကား…ရယ်ပေါ့”
    “သက်ကြီးစကား သက်ငယ်ကြား”
    “မေးပါများ..စကားရ
    “စကားနည်း…ရန်စဲ..”
    “စကားနောက် တရားပါ”
    “ငွေမရှိ…စကားမတည်”
    ”ကျွဲပါးစောင်းတီး”
    ”နေ့ပြောနောက်ကြည့် ညပြောအောက်ကြည့် ”
    .နှုတ်တစ်ရာစာတစ်လုံး
    အစ်မေပြောတော့ တစ်လ မယားပြောတော့ တစ်ည
    တံတားအို မှောင်ခိုမလျှောက်နဲ့
    စကားဆို တောင်လိုမမောက်နဲ့

    ကြေကွဲမှု
    ပျက်စီးမှု
    ဆုံးရှုံးမှုတွေနဲ့ အတူ
    ထွက်ပေါ်လာတဲ့
    “တောင်းပန်ပါတယ်” ဆိုတဲ့စကားကို
    လွယ်လွယ် မသုံးမိအောင်
    သတိထားပါ။

    လေးစားထိုက်တဲ့သူရဲ ့
    စကားကိုမှ
    နားထောင်ကြတာ။
    ကိုယ့်စကား
    နားထောင်စေချင်ရင်
    လေးစားထိုက်အောင်
    နေပေါ့။

    စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။

    စကားပြောနည်း

    ၁ ။ အလောတကြီးကိစ္စ = ဖြည်းဖြည်းပြောပါ။

    ၂ ။ အရေးတကြီးကိစ္စ = ရှင်းရှင်းလင်းလင်းပြောပါ။

    ၃ ။ အရေးမကြီးသည့်ကိစ္စ = ဟာသနှော၍ပြောပါ။

    ၄ ။ မပိုင်နိုင်သောကိစ္စ = ဆင်ဆင်ခြင်ခြင်ပြောပါ။

    ၅ ။ ပျော်ရွှင်ဖွယ်ကိစ္စ = ကာလံဒေသံလိုက်၍ပြောပါ။

    ၆ ။ မပျော်ရွှင်ဖွယ်ကိစ္စ = ပြောသင့်သူမှပြောပါ။

    ရ ။ ဝမ်းနည်းဖွယ်ကိစ္စ = လူတွေ့တိုင်းမပြောပါနှင့်။

    ၈ ။ သူတစ်ပါးကိစ္စ = သတိထားပြီးပြောပါ။

    ၉ ။ မဖြစ်ပျက်သေးသည့်ကိစ္စ = လက်လွတ်စပယ်မပြောပါနှင့်။

    ၁၀။ မလုပ်နိုင်သောကိစ္စ = ကြွားဝါမပြောပါနဲ့။

    ၁၁။ သူတပါးထိခိုက်မည့်ကိစ္စ = လုံးဝမပြောရ။

    ၁၂။ လင်မယားကိစ္စ = တိုင်ပင်ဆွေးနွေးပြောပါ။

    ၁၃။ ကလေးများကိစ္စ = လမ်းကြောင်းညွှန်၍ပြောပါ။

    ၁၄။ မိမိကိစ္စ = သူများပြောတာနားထောင်ပါ။

    ၁၅။ သက်ကြီးဝါကြီးနှင့်ပြောလျှင် = များများနားထောင်နည်းနည်းပြောပါ။

    • Mr. MarGa

      March 1, 2014 at 4:47 pm

      ဒီတစ်ခါ MPP ဆိုတဲ့ အတွေးအခေါ်ပညာရှင်ဆီက အမြင်တွေ မပါတော့ပါလား 🙂

      • myat pearl phyu

        March 1, 2014 at 5:38 pm

        မျတ်ချိမှိတ်ပီး မန့်လိုက်ဒါရေ … ေိခိ

  • စက်​​သေနတ်​ပစ်​​ပြောနည်​း..
    ​ရေပက်​မဝင်​​ပြောနည်​း.
    ဆီလို​ပေါက်​ရှာ​ပြောနည်​း.
    ပစီပစာ​ပြောနည်​း..

    အထက်​ပါ​ပြောနည်​းများ သိချင်​လျှင်​ ဆက်​သွယ်​ပါ…

    • Mr. MarGa

      March 1, 2014 at 4:58 pm

      ဟိုခုန်သည်ခုန် ပြောနည်း
      ပဒူ(ပျားတူ)အုံ တုတ်နဲ့ထိုး ပြောနည်း..
      အဲဒါလေးတွေ ထပ်ဖြည့်သင့်တယ်
      :mrgreen:

  • ရာမည

    March 1, 2014 at 11:44 am

    ဦးမာဃ ခင်ဗျာ
    ကျွန်တော်၏ပြောနည်းတွေက

    ဝက်ခေါင်းထိုးပြောနည်း
    လှေလှော်ရွက်တိုက်ပြောနည်း
    ပျားအုံဒုတ်ထိုးပြောနည်း
    ပဲကြီးရေစိမ်ပြောနည်း
    အရူးထီပေါက် လက်မှတ်ပျောက်ပြောနည်း
    မိုးကြိုးမုန်တိုင်းပြောနည်း

    တို့ဖြစ်ပါတယ်ခင်ဗျာ

    • Mr. MarGa

      March 1, 2014 at 4:59 pm

      တစ်နည်းစီကို အဓိပ္ပာယ် ဥပမာနှင့်တကွ ရှင်းပြပါ။
      (၄၀) မှတ် :mrgreenn:

  • kyeemite

    March 1, 2014 at 2:36 pm

    စကားအကြောင်း သဂျားပြောင်း…အဲ..ယောင်လို့…သဂျားပြောသွားတာလေးကြိုက်မိပါ၏
    “ခွေးပါးစပ်က နတ်စကားထွက်”
    “လူပြောမသန်၊ လူသန်မပြော”
    “အပြောကတော့ရွှေမန်း၊ အကကချိုမိုင်မိုင်”
    နောက်သတိရမှထပ်လာခဲ့မယ် 😀

    • Mr. MarGa

      March 1, 2014 at 5:02 pm

      “နှုတ်ချို သျှိုတစ်ပါး”
      “ဆိုခဲစေ မြဲစေ”

      ဟီးးး ပြန်လာဦးနော်

  • Crystalline

    March 1, 2014 at 3:32 pm

    အကျွန်ုပ်မှာတော့ စကားပြောနည်းတခုသာရှိအိ… သူများပြောတဲ့အတိုင်းတုန့်ပြန်တာ.. ချိုချိုသာသာ ပြောသူကို ကောင်းကောင်းမွန်မွန်ပြန်ပြောပြီး.. စိတ်အနှောက်အယှက်ဖြစ်အောင်ပြောသူကို သူလည်းစိတ်အနှောက်အယှက်ရအောင်ပြန်ပြောတာ :))

  • Mr. MarGa

    March 1, 2014 at 5:02 pm

    နာမည်တပ်လိုက်မယ်ဗျာ
    မှန်ကဲ့သို့ ပြောနည်း… :hint:

  • ကျုပ်ကေ တာ့ ဘာ မှ မေ ပြာ တတ် တော့ ပါ မောင် မ ာဃ
    စကား တော့ အ တော် ကြွယ် တဲ့ က လေး ဘဲ နော်

    • Mr. MarGa

      March 7, 2014 at 12:34 pm

      အကြွယ်လွန်ပြီး ပြန်လှည့်မရလို့ အခု ချာချာလည်နေကြောင်းပါ :mrgreenn:

  • Ma Ma

    March 6, 2014 at 4:59 pm

    ဒီလိုချိုချိုသာသာ ပြောတတ်လို့လည်း ရွာထဲမှာ သကြားကို ပရွတ်ဆိတ်အုံ… အဲ မှားလို့ ပရိတ်သတ်အုံတာကိုးးးးးး 🙂
    ကြိုက်တဲ့ဆောင်ပုဒ်လေးတစ်ခု လက်ဆောင်ပါးလိုက်မယ်။

    အကြင်စကားဖြင့် မိမိကိုယ်ကို မပူပန်စေရာ ။
    သူတစ်ပါးတို့ကိုလည်း မပူပန်စေရာ ။
    စင်စစ် ထိုစကားကို ဆိုရ၏ ။
    ထိုစကားသည်သာ ကောင်းစွာ ဆိုအပ်သော စကားမည်၏ …….. တဲ့။ 🙂

    • Mr. MarGa

      March 7, 2014 at 12:37 pm

      ပုရွက်ဆိတ်အုံတဲ့ သကြားခဲပါခည :hint:
      ဆောင်ပုဒ်လေးကို သေချာကျနစွာ မှတ်သားလိုက်ပါကြောင်းးး လို့ 🙂

Leave a Reply