ထွက်ရပ်ပေါက်

marblecommetMarch 3, 20141min1747

ဇာတ်ကောင်များ – ဗောကြီး(ကီလီ(ခေါ်)ချီးဗောတံတားနားနေ)၊ ဘဲဥ(ညဈေး ဘဲဥ၊ ကြက်ဥရောင်းဝယ်ရေး)၊ ဘူကောင်(ရိုက်တိုင်းရှုံးတဲ့မောင်)၊ တင်အုံမာ(ခ)တင်ဥမ္မာ(ဘူကောင့်ဆော်)၊ ဇာပလွေ။
……………..
……………..
အခန်း(၁)
တစ်နေ့…
ထုံးစံအတိုင်း ကျုပ်တို့တစ်တွေ “အေပရယ်နွေ’’ ဒေါင်မှာ ထိုင်နေကြတုန်း
“ ဘူကောင်’’ ရောက်လာတယ်။ ဒီကောင့်မျက်နှာက ဘယ်တုန်းကမှနဲ့ မတူအောင်ကို ဖြီးလို့။ ဒါပေမဲ့ သူ့အခွက်ဟာ ဘယ်လိုပဲဖြီးရှာဖြီးရှာ သံပုရာသီး အလုံးလိုက်မျိုချထားတာနဲ့ ဘာမှမထူးဘူး။ တစ်မတ်စေ့လို လေးထောင့်မျက်ခွက်ဖြီးတာကို မြင်ကြည့်ကြပေါ့ဗျာ။ သူက ကျုပ်တို့ဝိုင်းထဲ စွေ့ကနဲ ဝင်ထိုင်လိုက်ပြီး ဘဲဥ ရှေ့က ရေနွေးခွက်ကို ဆတ်ကနဲ ကောက်အမော့ “အမလေးဗျ ’’ ဆိုပြီး “ဖွီး ’’ ကနဲ ပြန်မှုတ်ထုတ်လိုက်တယ်။ ဒီကောင်မှုတ်ထုတ်လိုက်တဲ့ ရေနွေးပူတွေက ဘေးဝိုင်းကလူတွေရဲ့ ခြေထောက်ကို စင်ကုန်တော့ အဲဒီ ဝိုင်းက ဦးလေးကြီးနှစ်ယောက်က “ဟေ့ကောင် ဒါဘာလုပ်တာလဲ ’’ ဆိုပြီး ရှူးရှူးရှဲရှဲ တွေဖြစ်ကုန်ရော။ ကျုပ်တို့တွေကလည်း ဒီကောင် ဘာဖြစ်လာမှန်းမသိ ကြောင်အမ်းအမ်းဖြစ်နေတုန်း။ မသာကတော့ သူ့ ပါးစပ်ထဲကို ပုဆိုးခါးပုံစ သိပ်ထည့်ပြီး ဖလူး ဖလူး နဲ့ ဖြစ်နေရှာတယ်။ ဘေးဝိုင်းက ဦးလေးကြီးနှစ်ယောက်က မတ်တပ်ရပ်လိုက်ကြတယ်။
“ဟေ့ရောင် ဒါ ဘာလုပ်တာလဲလို့ ’’
“အား ဦးလေး ဝူးဝါး ..ဟုတ်ပါဘူး….အစ်ကိုကြီး ..ဝူး ဖလူး…ကန်တော့….
ဖလူး ’’
မသာကောင် တဝူးဝူး တဝါးဝါးဖြစ်နေတော့ ကျုပ်တို့တွေလည်း မနေသာတော့ဘဲ “ဦးလေး တောင်းပန်ပါတယ်ခင်ဗျာ မတော်လို့ပါခင်ဗျာ ’’ ဘာညာနဲ့ ဝိုင်းပြီး ဂေါတမသိုင်း ကျင့်လိုက်တော့မှ ဘယ်လို အူကြောင်ကြောင်ကောင်လဲမသိဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ပြန်ထိုင်သွားကြတယ်။ ဦးလေးကြီးနှစ်ယောက်ကြည့်ရတာ ဖိုက်တာလောကက ငယ်ဖြူတွေဖြစ်ပုံရတယ်။ “ဇ ’’ သေးပုံမပေါ်။ ပြီးတော့မှ ချက်ချင်း မျက်နှာငယ်လေး ပြန်ဖြစ်သွားတဲ့ ဒီကောင့်ဘက်ကို မြားဦးပြန်လှည့်လိုက်ကြတယ်။
“ဘာဖြစ်လာတာတုန်း မသာရဲ့ ပြောစမ်းပါဦး ’’
ဘဲဥက မေးလိုက်တော့ ဒီကောင့်မျက်နှာက ချက်ချင်းပဲစပ်ဖြီးဖြီး ပြန်ဖြစ်လာပြန်ရော။ ပန်းကန်ထဲက အစလေးကျန်နေသေးတဲ့ စမူဆာဖတ်လေးကို ဂျွတ်ကနဲ ကောက်ဝါးလိုက်ရင်း “အဟီး ’’ လို့ ပြန်ဖြေတယ်။ ဒါပေမဲ့ ဗောကြီး ပါးစပ်က အယုတ္တအနတ္တ ချီဖို့ ဟန်ပြင်လိုက်တော့မှ …
“ဒီလိုကွ အဟီး…’’
“ဖန်း …ကဲကွာ ’’
ကျုပ် သည်းမခံနိုင်တော့တဲ့အဆုံး ဒီကောင့်နောက်စိကို တစ်ချက် ဖြတ်ရိုက်ပစ်လိုက်တယ်။
“မင်းကြည့်ရတာ ဘောပြားလာသလိုပဲ ’’
“ဟာကွာ မင်းတို့ကလည်း ငါ..ငါ..ရည်းစား ရလာလို့ကွ ’’
“ဟိုက်ရော ’’
“ထွပ် ’’
“တင်အုံမာ ကြီးက မင်းကို ကြိုက်လိုက်ပြီးပေါ့ ဟား… ’’
“တင်ကြီးတော့ မထည့်ပါနဲ့ ဘဲဥရာ..ဥမ္မာလေးလို့ပဲ ခေါ်ပါကွာ ’’
“အဲဒီ ဂျားကစ်ဆာဘိုရာဘီမက မင်းကို တကယ်ကြိုက်တယ် ဟုတ်လား ’’
“ဟာကွာ ဗောကြီး ဥမ္မာက ကုလားမ မဟုတ်ပါဘူးကွ ညိုချောလေးပါ ’’
“ဒါနဲ့ မင်း တင်အုံမာကြီးက မင်းကို ဘယ်တုန်းက ဘယ်လိုအဖြေပေးလိုက်တာတဲ့တုန်း ’’
“ဖြဲ ပြတာကွ ’’
“ဘာ ’’
“ဟာကွာ မင်းတို့ကလည်း ..စကားကို ဆုံးအောင်နားထောင်ပါဦး၊ မင်းတို့လည်း သိနေတာပဲလေ၊ ဥမ္မာက အရမ်းအရှက်အကြောက်ကြီးတာ၊ ငါ စတွန်းတုန်းကဆို အနားတောင်အကပ်ခံတာမဟုတ်ဖူးရယ်၊ ဒါပေမဲ့ ငါကလည်း သိတယ်မလား၊ မဟာဇနက ထုံးကို နှလုံးမူပြီးတော့ ’’
“မရှည်နဲ့ လိုရင်းပြောကွာ ခွီး …’’
“အဲ….မနေ့ကတော့ကွာ ..ငါလည်း နေ့မအား ညမအား လိုက်တွန်းလွန်းအားကြီးလို့လားတော့မသိဘူး၊ ဥမ္မာရယ်..ငါ့ကို ချစ်တယ်လို့ ပြောဖို့ ရှက်နေရင်လည်း ပြုံးရုံလေး ပြုံးပြပေးပါလို့ ပြောမလို့ဟာကိုကွာ…ငါကလည်း ယောင်ပြီး ပါးစပ်ကလေး ဖြဲပြပါလို့ ထွက်သွားတာကွ ’’
“ဖြစ်ရမယ်..ဒါနဲ့ မင်းကို တင်ကြီးက ဖြဲပြရောလား ’’
“ဟာကွာ ..ပြုံးပြတယ် လုပ်စမ်းပါ၊ အေးကွ..ပြုံးပြတယ်ကွ သိလား၊ ပြုံးပြတယ် ’’
ဒီကောင့်ကို ဘေးက ရေနွေးနဲ့ အမှုတ်ခံရတဲ့ ဂြိုဟ်ကိုးလုံးဂိုးဏ်စတားကြီးနှစ်ယောက်က မျက်လုံးကြီးပြူးပြီးစိုက်ကြည့်ကြတယ်။ ဒီကောင့်အသံကို တစ်ဆိုင်လုံး ကြားနေရတာကိုး။ ဒီကောင့်မျက်လုံးထဲမှာတော့ ကြည်နူးခြင်းအရည်တွေ လဲ့နေပြီး ဘာဆိုဘာမှ မြင်ပုံမရ။ ကျုပ်တို့ကိုလည်း မြင်ပုံမရ။ တစ်ဆိုင်လုံးကိုလည်း မြင်ပုံမရ။ ဒါကြောင့် ကျုပ်တို့ သုံးယောက်ရဲ့ အဆီပြန်မျက်နှာပေါ်က ဝမ်းသာရွှန်းလဲ့မျက်ဝန်းတွေကိုလည်း ဒီကောင် မြင်ပုံမရပါ။
“အေးကွာ ကွန်ဂရက်ကျူလေးရှင်း ဘူကြီး ’’
ကျုပ်တို့တွေ သူ့ကို လက်ဝါးချင်း ရိုက်လိုက်ကြတယ်။
ချစ်သူငယ်ချင်းရဲ့ နှလုံးသားရေးရာ အောင်မြင်မှု။

အခန်း(၂)
“အော်ကြူး ’’ ရဲ့ ညနေခင်းလေးဟာ လှပလို့နေပါတယ်။ တဝီဝီ ဖြတ်သန်းသွားလာနေကြတဲ့ လေးထောင့်ကန် လမ်းမကြီးပေါ်က ကားသံတွေလည်း ဆိုင်ထဲကို ဝင်မလာနိုင်ပါဘူး။ ဘူကောင့် အသံကပဲ ကျုပ်တို့လေးယောက် ဝိုင်းကလေးကို လွှမ်းခြုံထားတာကိုး။ ခုံပေါ်မှာတော့ ဒုတိယမြောက်ပယင်းရောင်ပုလင်းက တစ်ဝက်ကျိုးလုကျိုးခင်။ ဂရင်ဆိုဒါသုံးလုံးအလွတ်လဲနေပြီးတစ်လုံးက ဟိုလိမ့်ဒီလိမ့်။ ပဲခူးမြ။ နှမ်းဖတ်ချဉ်။ ဂဏန်းချက်။ ခရမ်းသီးမီးဖုတ်သုပ်။ အိုလေ…အသင် တင်ဥမ္မာ။ သင့်ကြောင့်သာ အခုလို ကျုပ်တို့ ညနေခင်းမှာ လူကြီးလူကောင်းပီသစွာ ဝပ်ပျရပါ၏။
“ပုလွေ၊ ဗောကြီး၊ ဘဲဥ သူငယ်ချင်းတို့၊ ငါ ဥမ္မာလေးကို ဘယ်လောက် ချစ်တယ်ဆိုတာ မင်းတို့ သိပါတယ်နော် ’’
“အေး ’’
“အော့ ’’
“အဲဒါကွာ …ငါ သူ့ကို သူများတွေလို ဘောင်ပေါ်မှာ ချိန်းတွေ့ချင်တယ် ’’
“တွေ့ချင် ခေါ်သွားပေါ့ကွ ’’
“ဟာကွာ ဥ ကလည်း ဥမ္မာ့အကြောင်း မင်းလည်း သိရဲ့သားနဲ့ ငါ့မှာ အဖြေလေးရဖို့တောင် မနည်းလုပ်ထားရတာ ’’
“ဒါဆိုလည်း ဘောင်ပေါ် ဒိုးရအောင်လို့တော့ တန်းမခေါ်နဲ့ပေါ့ကွာ ’’
“ဟင် ..ဒါဆို ဘယ်လိုလုပ်ရမလဲဟင် ဗောကြီး ’’
“ချက်ချင်းတော့ ဘယ်သိမလဲကွ စဉ်းစားပေးမယ်လေကွာ… ’’
“ကျေးဇူး မမေ့ပါဘူးကွာ..ချကြကွာ ချကြ၊ အော်ကြူးရေ့ နောက်တစ်လုံး၊ ပြောင်းဖူးသုပ်တစ်ပွဲ ’’
ကျုပ်တို့လေးယောက်ရဲ့ စကားဝိုင်းဟာ အတန်ငယ်ငြိမ်သက်သွားတယ်။ အကြံသမား ဗောကြီးရဲ့ ပဲခူးမြ မီးခိုးငွေ့များဟာ ဘယ်ဆီကိုများ ခရီးထွက်နေသလဲ။ အမေဇုန်လား၊ အလာစကာလား၊ မတင်ရွှေကြီးရဲ့ ထပ်ခိုးလား၊ မြေနီကုန်းက အလင်းရောင် အသားကင်ဆိုင်ဆီလား။
“ငါ အကြံရပြီကွ… ’’ ဗောကြီးက ငါးစင်ရိုင်းပြုံးလေး ပြုံးလိုက်ရင်း မရှိတဲ့ သူ့ နှုတ်ခမ်းမွှေးလတာပြင်ကို ဆွဲပွတ်နေတယ်။
“လုပ်ပါကွာ ..သားကြီးရာ ဘယ်လိုတဲ့လဲဟင် ..ဘယ်လိုတဲ့လဲ ’’
“ဒါနဲ့ ဘူကြီး…လောကမှာ ဘီအီးနဲ့ အလိုက်ဆုံးက ဘာတဲ့လဲ ’’
“နှမ်းဖတ်ချဉ်လေဟာ.. ’’
“ဖွတ်… လဒူ ပဲ… ’’
“နောက်တစ်ဆင့် တက်ပြောဦးကွာ… ’’
“ဆရာမောင် ဆေးနီမှုန့်လေကွာ….ပြောစမ်းပါကွ မြန်မြန်.. ’’
“ဘူကြီး ..ဘူကြီး မင်း တော်တော် ဒုံးဝေးတဲ့ကောင်..ဒီအတိုင်းဆိုမင်း ဂျာကြီးရဲ့ ဟိုဒင်းတောင် …ထိခွင့်ရမှာမဟုတ် ’’ ဘဲဥက ကျုပ်ဘက်ကို တစ်ချက်လှမ်းကြည့်လိုက်တော့ ကျုပ်ကလည်း အော်ကြူးရေ့ မြန်မာတစ်လုံးဆိုတော့မှ…“အော်..ဟေး ..ဟေး..ဟုတ်သားကွာ အဟဲ ’’ ဆိုပြီး လုပ်နေသေးတယ်။ တော်တော်ဆိုးတဲ့ကောင်။ သိရဲ့သားနဲ့ မွှန်ပြီး ရူးချင်ယောင်ဆောင်နေတာ။ ဘီအီးရဲ့ ဂုဏ်သိက္ခာက နည်းတာမှတ်လို့။ သင်းမသိတာကျနေတာပဲ။ ကိုငြိမ်း(မန္တလေး) က ပြောဖူးတယ်။ ဘာတဲ့..ဘီယာတစ်ဗူးနဲ့ ဗမာဆေးများများ ကွမ်းတစ်ယာ ရောရင် ဘီအီးတစ်ပိုင်းနဲ့ ညီမျှတယ်ဆိုတာ အိုင်စတိုင်းတောင် သိမသွားရှာဘူး တဲ့။ ကိုင်း။
ဗောကြီးက
“ဒီလိုကွ ဘူကြီးရ ’’
“အင်း ’’
“မင်းက လောလောဆယ် မင်းဂျာကြီးကို မြကျွန်းသာ ဘောင်ပေါ်ရောက်အောင် ခေါ်နိုင်ရေးပဲမလား ’’
“အင်းပေါ့ သားဗောရာ အင်းပေါ့ ’’
“ပြီးတော့မှ အဲဒီနားက ချားလေး ဘာလေး သွားစီးပေါ့ကွာ၊ နောက်တော့မှ အဆင်ပြေတော့မှ စီးချင်ရာ ဆက်စီးပေါ့ ’’
“ဟုတ်…အမ် ဘာလဲကွ မင်းစကားက ’’
“ချားစီးပြီးတော့ ရဟတ်တို့ ဘာတို့ ဆက်စီးပေါ့ကွ လဒူရ ’’
ဘဲဥက ဝင်တွယ်တော့မှ “အဟား …ဟုတ်သား ’’ လုပ်နေသေးတယ်။
ဗောကြီးက စကားပြန်ဆက်တယ်။
“မင်းဂျာကြီးက မြန်မာကားတော့ ကြိုက်မှာပါ၊ ဘယ်မင်းသား မင်းသမီးကြိုက်လဲ သိလား ’’
“အင်း ကြိုက်တယ် မင်းသားကတော့ နေတိုးကို ကြိုက်တယ်ကွ မင်းသမီးတော့ ဘယ်သူ့ကြိုက်လဲ မသိဘူး၊ ဒါနဲ့ ဘာဆိုင်လို့လဲကွ မင်းဟာက.. ’’
“တယ်လေ..ဒီနွား ငါလုုပ်လိုက်ရ..မင်း တင်အုံမာကြီးကို ဘောင်ပေါ်ကို ညာခေါ်ဖို့ ငါမေးနေတာကွ ’’
“ဟင်… ’’
“အင်းလေ ငါပြောတာ လောလောဆယ် မင်းဆော် ဘောင်ပေါ် ရောက်ဖို့က အဓိက မလား…’’
“အင်း… ’’
“ဒါဆို မင်းဆော်ကို ဒီလိုပြော….. ’’
“ဂျာဂျာရေ့…. ’’
“ဂျာဂျာ မဟုတ်ပါဘူးကွာ..ဥမ္မာပါ… ’’
“ခွီး….ထားတော့ ထားတော့…ဥမ္မာရေ့ပေါ့…ကိုယ်တစ်ခု ကြားခဲ့ရတယ်ပေါ့…ဒီနေ့ ဘောင်ပေါ်မှာ နေတိုးနဲ့ သက်မွန်ချင်း တို့ ရိုက်ကွင်းရှိတယ်ပေါ့ ဘာညာပေါ့…မင်းဆော် သာကေးတီးယား အညာသူလား မလိုက်ဘဲနေမှာ.. ’’
“ဘန်း ’’
စားပွဲမျက်နှာပြင်ကို လက်ဝါးရိုက်ချက်ကြောင့် ပုလင်းလေးတစ်လုံး ရင်ခုန်သွားတယ်။ သူ့နှလုံးသား အရည်ကြည်လေးတွေက ရင်နံရံနဲ့ ကျောနံရံကို ပြေးလိုက်ပြီးတစ်ခါ အလယ်ဗဟိုမှာ ပြန်ဆုံပြီး ပူးတိုက်မိကြပြန်တယ်။ ဒီလိုနဲ့ ရင်ခုန်သံဆိုတာလည်း တဖြည်းဖြည်းနဲ့..ပြေပျောက်သွားရတာပဲလေ။ နော့..။ ဘူကြီးရဲ့ လက်ဝါးရိုက်ချက်ကြောင့် ဘေးဝိုင်းတွေက ဝိုင်းရှိူးကြတယ်။
“ဟား…သယ်ရင်း ဗောဗော..မင်း သိပ်တော်တယ်ကွာ…သိပ်တော်တယ် ငါ့မှာသာ ညီမတွေ ရှိရင် ရှိရှိသမျှ မင်းနဲ့ပေးစားတယ် မွမွ… ’’
ထိုနေ့ညနေက လေးထောင့်ကန်လမ်းတစ်လျှောက် ခမ်းနားတဲ့ကမ္ဘာကြီးရဲ့မျက်ကွယ်တစ်နေရာက ဗိုင်းရပ်စ်လေးကောင်အပေါ် စကြဝဠာကြီးကတော့ ကြယ်တွေ စုံပေးခဲ့ရှာပါတယ်။

အခန်း(၃)
တစ်နေ့…
ကျုပ်တို့တွေ “အေပရယ်နွေ’’မှာ ထိုင်နေကြတုန်း ရိုက်တိုင်းရှုံးတဲ့မောင် ရောက်လာတယ်။ သူ့ မျက်ခွက်ကြည့်ရတာ အရက်ပုန်းဆိုင်က ကျူထရံပြားလို ဖေါသွပ်ပြားချပ်လို့။ ခြေဒရွတ်တိုက်ဆွဲ လျှောက်လာတဲ့ သူ့ပုံစံကို ကြည့်ရတာ မြဟင်္သာနဲ့ ကေသီပန် မှားသောက်မိတဲ့ ဖိုးကျိုင်းတုတ် ရုပ်မျိုးနဲ့။ ဒီတစ်ခါတော့ သူများ ငှဲ့ထားပြီးသား ရေနွေးပူပူကို “ဖလူး ’’ ကနဲ မှုတ်မသောက်ပါ။ ဘေးနားက ရေနွေးနဲ့ အထွေးခံရမယ့် ဖိုက်တာဦးလေးကြီးနှစ်ယောက်လည်းမရှိပါ။ ဒါပေမဲ့ ဒါပေမဲ့ ပေါ့လေ။ ဘဲဥ တောက်ထုတ်ထားတဲ့ စီးကရက်အတိုလေးဟာ မဟာပထဝီမြေကြီးပေါ်က တစ်သျှူးစပေါ်မှာ ပင်နယ်တီကန်မယ့် ဘောလုံးကို တည်ထားသလို အံဝင်ခွင်ကျ တင်ရှိနေပါတယ်။ မြေကြီးကို ဖိနပ်နဲ့ ရှပ်တိုက်ထိုးကော်လာတဲ့ ဘူကောင်ရဲ့ ညာခြေဦးဟာ စီးကရက်တိုရဲ ့ ဖင်တည့်တည့်ကို ကန်ထုတ်လိုက်နိုင်ပါတယ်။ အဲဒီ စီးကရက်တိုဟာ သေသပ်တိကျတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ ပြစ်ဒဏ်ဘောကန်ချက်လိုပါပဲ ကျုပ်တို့ မျက်စောင်းထိုးဝိုင်းက ဒူးနှစ်ချောင်းကို ခပ်ယို့ယို့ကလေးပြု ထိုင်နေတဲ့ မာတုဂါမလေးရဲ့ စကတ်ထဲကို အောင်မြင်စွာ ဝင်ရောက်သွားပါတော့တယ်။
“အား …အမလေး…. ’’
သိကြတဲ့အတိုင်းပါပဲ။ အေပရယ်နွေဟာ ခဏတစ်ဖြုတ်တော့ ဘဂ္ဂဒက်ဖြစ်သွားတယ်။ ကဘူးလ် ဖြစ်သွားတယ်။ လူ တစ်ယောက် ကြောက်လန့်တကြား ထခုန်လိုက်ရာကနေ ပန်းကန်လုံးကျကွဲသံ၊ ဓာတ်ဗူးမှောက်သံ၊ ပြိုလဲသံ။ အခြားသူများလည်း စူးစူးဝါးဝါး အသံကြီးကြောင့် ယောင်ရမ်းထလိုက်ကြရာကနေ လူတွေ ဝိုင်းအုံလာကြတယ်။ အဆုံးသတ်မှာတော့ ကောင်မလေးရဲ့ ရှေ့မှာ ဒူးထောက်ပြီး မျက်ရည်လည်ရွှဲဖြစ်နေတာက ကျုပ်တို့ရဲ့ ချစ်လှစွာသော ဇာတ်လိုက်ကြီး။
“တောင်းပန်ပါတယ် …တောင်းပန်ပါတယ် ..ကျွန်တော်ဘာကိုမှ မမြင်ရတော့လို့ပါ..လောကကြီးတစ်ခုလုံးကို ကျွန်တော် မမြင်ရတော့လို့ပါ ’’ ဆိုတဲ့ (၁၀၁) ကြိမ်မြောက် တောင်းပန်သံအဆုံးမှာ ဘူကြီးကို အေပရယ်နွေထဲက ကျုပ်တို့တွေ ဆွဲထုတ်လာခဲ့ကြရတယ်။

အခန်း(၄)
ထိုနေ့ ညနေပါပဲ။ အော်ကြူးဟာ မှိုင်းညို့တိတ်ဆိတ်လို့ နေပါတယ်။ ဖန်ခွက်ထဲက အရည်ကြည်တွေရဲ့ အဆီတွေ ဝေ့ဝိုက်လို့။ သိုးနံ့သင်းသင်း ရုံးပတီသီးကင်တစ်ပွဲ။ ရှောက်သီးသုံးလေးစိတ်နဲ့ ဆားပုံလေးတစ်ပုံ။
“ကဲ…ဘယ်လိုဖြစ်လာပြန်တာလဲ ပြောစမ်းပါဦး ’’
“ငါ..ငါ.. ဥမ္မာနဲ့ ပြတ်သွားပြီ ပုလွေကြီးရေ့… ’’
“ဟမ်…ဘယ်လိုဖြစ်ပြန်တာတုန်း ဖြစ်တာမှ ဘယ်လောက်မှမကြာသေးဘူး ’’
ကျန်တဲ့ နှစ်ကောင်ပါ မျက်လုံးပြူးသွားကြတယ်။
“ဘောင်ပေါ် သွားတဲ့နေ့ကပေါ့ကွာ..အဟင့် ..ဟီး..’’
“ဟေ… ’’ ဗောကြီး မျက်လုံးပြူးသွားတယ်။
“အဲဒီနေ့က ..အဲဒီနေ့က ငါသူ့ကို ဗောကြီးပြောခိုင်းသလို ပြောလို်က်တော့ သူ့မျက်နှာလေး ဝင်းထိန်သွားတာ ငါ့မျက်လုံးထဲက မထွက်သေးဘူး ’’
“အေးပါ ..ဆက်ပြော.. ’’
“အဲဒါနဲ့ သူက ရိုက်ကွင်းပဲ ကြည့်မှာနော်ဆိုပြီး အတော်လေးကို ရွှင်ရွင်ပျပျနဲ့ လိုက်လာတယ်။ တစ်ချက် တစ်ချက်တော့ မေးလေးကို ကိုက် ကိုက် ထားတာ တွေ့တယ်။ ဒါကတော့ ပထမဦးဆုံး အကြိမ် ချစ်သူနဲ့ ကန်ပေါင်ပေါ်ကို လိုက်လာတာဆိုတော့ မလုံမလဲ ဖြစ်မှာလေကွာ မဟုတ်ဖူးလား’’
“အင်းပေါ့ ’’ ကျုပ်တို့အားလုံး သူ့စကားကို နားစွင့်နေလိုက်ကြတယ်။
“ဒါပေမဲ့ ငါက ပိုရင်ခုန်တာပေါ့ကွာ၊ ညာခေါ်လာတာရော၊ ရည်းစားလေးနဲ့ အတူဘောင်ပေါ်ကို လာရတာရောပေါ့၊ ဟိုရောက်ရင် ဘယ်လို ဖြေရှင်းရမှန်းမသိ စဉ်းစားရင်း ကန်ပေါင်ပေါ်ကို ရောက်လာကြတယ်။ ကန်ပေါ်ပေါ်လည်း ရောက်ရော၊ လူတွေလည်း ရှင်းလို့၊ ခုံတန်းလေးတွေမှာ ထီးကလေးတွေ အုပ်လို့ အတွဲကိုယ်စီနဲ့၊ ငါတို့နှစ်ယောက်လည်း ရှက်ကိုးရှက်ကန်းနဲ့ မျက်စိမျက်နှာကိုငယ်လို့၊ တစ်ယောက်ကိုတစ်ယောက်လည်း စေ့စေ့ မကြည့်ရဲနဲ့၊ သူကတော့ ရိုက်ကွင်းဘယ်မှာလဲ ဆိုတဲ့ သဘောနဲ့ ငါ့ကို တစ်ချက် ကြည့်ရှာတယ်။ အဲဒီအချိန်မှာပဲ ဘရာကြော်ရောင်းတဲ့ ကုလားလေးတစ်ယောက် ဆွဲခြင်းလေးနဲ့ ငါတို့ရှေ့ကို ရောက်လာတယ်။ အဲဒီတော့ ငါက ရုတ်တရက် ညီလေး ဒီနေ့ ဒီမှာ ရုပ်ရှင်ရိုက်မယ်ဆို ဆိုပြီး မေးလိုက်မိရော။ ငါ ကံကောင်းတာပဲ ဟေ့ရောင်တွေရာ..ကုလားလေးက “အား..ဟုတ်တယ်အစ်ကို စောစောကတင် ပြီးလို့ ပြန်သွားကြပြီ၊ ကျွန်တော်တောင် အတော်လေး ရောင်းလိုက်ရတယ်။ အားပေးပါဦးလား အစ်ကို ’’ ဆိုပဲကွာ။ ဒါနဲ့ ငါလည်း ဥမ္မာ့ကို ကိုယ်တို့ နောက်ကျသွားတယ်ကွာ၊ နောက်တစ်ခါ သေချာပြပါ့မယ်၊ အခုတော့ ရောက်လက်စနဲ့ ခဏထိုင်ရအောင်လို့ ဆက် တင်လိုက်တော့တာပေါ့’’
“အဟား ဒီတစ်ခါတော့ ငါ့ကောင်အတော်ဟုတ်သွားပြီ.. တတိယတန်းမှာ ကစားနေတဲ့ ပလေယာကို ဥရောပအသင်းကြီးက လှမ်းခေါ်လိုက်တဲ့အဆင့်မျိုး..ဂွတ် ဂွတ်..’’ ဗောကြီးက မကြုံစဖူး ချီးကျူးတော့ ဘူကောင် ကိုးယိုးကားယားဖြစ်နေသေးတယ်။
“ငါက အဲလိုပြောလိုက်တော့ သူက ခဏ တွေသွားပြီး ခေါင်းညိတ်တယ်ကွ၊ ကဲ ငါ ဘယ်လောက်ပျော်လိုက်မလဲ ဖြစ်ခြင်း၊ ဒါနဲ့ ငါတို့လည်း လွတ်နေတဲ့ ခုံတန်းလေး တစ်ခုမှာ ဝင်ထိုင်ကြတယ်။ နှစ်ယောက်သား ရင်တွေ တဒိတ်ဒိတ်ခုန်လို့၊ ကုလားဘုရားလှည့်သလို ဒိန်းဒလိန်းနတ် ဖမ်းစားတယ်ဆိုတာ ဒါမျိုးနေမှာ။ တစ်ယောက်ကို တစ်ယောက် ဘာပြောရမှန်းလည်းမသိဘူး။ ဒါနဲ့ ပုလွေရာ ..ငါ မင်းဆီက ငှားထားတဲ့ ဆရာအောင်သင်း စာအုပ်ထဲက စာပိုဒ်လေးတစ်ခုကို သွားသတိရလိုက်တယ်။ ဥမ္မာကိုယ် ရယ်စရာပြောပြရမလားဆိုတော့
အင်း…ပြောလေတဲ့။ ဒါနဲ့ ငါကလည်း ပြောတာပေါ့ ’’
….
“တစ်ခါတုန်းကတဲ့ ဥမ္မာရဲ့…ဟိုး ပုံတောင်ပုံညာဒေသမှာ စုန်းမကြီးတစ်ယောက် အတော်သောင်းကျန်းနေသတဲ့၊ အဲဒီသတင်းကို ကြားတဲ့ မှော်ဆရာကြီး ဦးမြဲနဲ့ တပည့်ကျော်တို့ဟာ စုန်းမကြီးကို နှိမ်နင်းဖို့ ပုံတောင်ပုံညာကို လာခဲ့ကြတယ်။ တောင်ခြေလည်း ရောက်ရော ..
ဟား…ဟား..ဟား…ဟီး ဟီး ဟီး ဆိုတဲ့ကြောက်မယ်ဖွယ် ရယ်သံကြီး ထွက်လာတယ် ’’
“စုန်းမကြီးလားဟင်… ’’
“အင်းပေါ့ ဥမ္မာရဲ့….
စုန်းမကြီးက ဟဲ့ ငမြဲ နင်က ငါစည်းတားထားတဲ့ ကွန်ခြာ(၇)ထပ်ကို ကျော်လာနိုင်ရုံနဲ့ အဟုတ်မှတ်မနေနဲ့၊ အခုနေ လှည့်ပြန်ရင် ငါခွင့်လွှတ်မယ်လို့ဆိုရော၊ ဒါနဲ့ မှော်ဆရာကြီး ဦးမြဲလည်း အိပ်ကပ်ထဲက အင်းတစ်ချပ်ကို ထုတ်၊ မန်းမှုတ်ပြီး စုန်းမကြီးကိုပစ်ပေါက်လိုက်တာ….ဝုန်း ဆို မီးခိုးလုံးကြီးတွေ ထသွားရော၊ မီးခိုးလုံးကြီးတွေ ကွယ်ပျောက်သွားတာနဲ့ ရယ်သံကြီးက ပိုပြီးစူးရှကျယ်လောင်စွာနဲ့ စုန်းမကြီးပေါ်လာပြန်တယ်။
ဟဲ့ ငမြဲ နင့်ပညာကလေးနဲ့ ငါ့ကို လာမစမ်းနဲ့လို့ပြောနေတာ မရဘူးလား ငါစိတ်တိုလာပြီနော် အခုနေ လှည့်ပြန်ရင် ငါချမ်းသာပေးမယ် လို့ ဆိုပြန်ရော၊ ဦးမြဲလည်း နည်းနည်း စိတ်လှုပ်ရှားသွားတယ်။ နောက်ထပ် အိတ်ထဲက အင်းတစ်ချပ်ကို ထပ်ထုတ်၊ မန်းမှုတ်ပြီး စုန်းမကြီးကို ပစ်ပေါက်လိုက်ပြန်တယ်။ ဝုန်း ဆိုပြီး မီးခိုးလုံးကြီးတွေ ဖုံးသွားပြန်တာပေါ့။
ဒါပေမဲ့ ဟီး ဟီး ဟီး ဆိုတဲ့ စုန်းမကြီးရဲ့ရယ်သံ ပိုမိုကျယ်လောင်နီးကပ်လာချိန်မှာတော့ ဦးမြဲလည်း မျက်နှာကွက်ကနဲ ပျက်သွားပြီး နောက်က တပည့်ကျော်ကို လှမ်းပြောလိုက်တယ်၊ ငါ့အိတ်ပေးစမ်းကွာတဲ့၊ မှော်ဆရာကြီးလည်း အိတ်ထဲက အရာတစ်ခုကို တုန်တုန်ရင်ရင်နဲ့ ပါးစပ်ဖျားမှာ မန်းမှုတ်ပြီး ပစ်ပေါက်လိုက်ပြန်တယ်။ ထုံးစံအတိုင်း မီးခိုးလုံးကြီး ထသွားတာပေါ့။ မီးခိုးလုံးကြီး လွင့်ပြယ်သွားချိန်မှာတော့ စုန်းမကြီး မရယ်နိုင်တော့ပါဘူး။ အရိုးတခြား အသားတခြားဖြစ်သွားပြီလေ။ ဒါနဲ့ မှော်ဆရာကြီးရဲ့ တပည့်က ဟား.ဆရာကြီး ဆရာကြီးရဲ့ အင်း စွမ်းလိုက်တာဗျာ အရမ်းစွမ်းတာပဲ အဲဒီ အင်းကို တပည့်ကို သင်ပေးပါလို့ ပြောတယ်။ အဲဒီခါ ဦးမြဲက အဲဒါ အင်း မဟုတ်ဘူးကွ လက်ပစ်ဗုံး၊ လက်ပစ်ဗုံး လို့ ပြန်ပြောလိုက်သတဲ့ ’’
“ငါ့ စကားလည်း ဆုံးရော…ဥမ္မာ့ဆီက ခွီး ဆိုတဲ့ ရယ်သံလေး ထွက်လာရောကွာ၊ ချစ်သူပျော်သွားတာ ဘယ်လောက်ကြည်နူးဖို့ကောင်းသလဲ၊ ဒါပေမဲ့ …ခွီး ဆိုတဲ့ အသံထက်ကျယ်တဲ့အသံဟာ သူ့ ဆီက တစ်ပြိုင်တည်း ထွက်လာတာပါပဲကွာ ’’
“ဟင် ..ဘာတုန်းကွ မင်းဟာက… ’’
“ဟုတ်တယ်……“ဗျီး ’’ ဆိုတဲ့ အသံကြီး ထွက်လာတာကွ..ထွက်လာတာမှ ပစ်ညတ်ရော၊ ပရမတ်ရော..တစ်ပြိုင်တည်းကို ထွက်သွားရှာတာပါကွာ၊ အသံကြီး ထွက်လာပြီး ငါလည်း အမ်းတမ်းတမ်း ဖြစ်နေချိန်မှာ ထပြေးသွားတဲ့ သူ့ကို တားချိန်မရလိုက်သလို သူထိုင်ခဲ့တဲ့ နေရာလေးမှာ စိုဖတ်ဖတ်အကွက်ကလေးနဲ့ ညှီစို့စို့ ရနံ့ကလေးကျန်ခဲ့တာကို အခုထိ မေ့လို့မရသေးဘူးကွာ..အေ့ ဂလု ဂလု ဂလု…..’’။ ။

ငမိုးရိပ်ရေစောင့်ရင်းရေး
11.00 မှ 2.00
2-3-2014 ၊ 3-3-2014

7 comments

  • kyeemite

    March 3, 2014 at 1:22 pm

    ကိုကမ်း အရေးအသော့လေးကဖတ်လို့ကောင်းပါတယ်…အားပေးသွားတယ်ဗျာ
    ကျုပ်တောင် ဘီအီး ကိုလွမ်းသွားတယ်ဗျ 😛

  • kai

    March 3, 2014 at 3:16 pm

    အေးဗျာ..
    ကြီးတွေအကြောင်းဖတ်ပြီး.. ခေါင်းကြီးသွားမိတယ်..

    ဇတ်လမ်းခတ်ကြမ်းကြမ်းကြီးဗျာ..။ :mrgreen:

  • မဟာရာဇာ အံစာတုံး

    March 3, 2014 at 3:36 pm

    ဒီလူတွေ ကက်ချီးယားက အော်ကြူးမှာ ဆုံကြတာပဲ …
    လက်ဖက်ရည်ဆိုင် ကို ဒေါင် လို့ သုံးလိုက်တဲ့ အသုံးအနှုန်းကို တွေ့လိုက်ရတော့
    အတိတ်ကို လွမ်းမိပါတယ်ဗျာ …

    စကားမစပ် …
    ဒီလို ရီစရာ မပြောမိအောင် ဆင်ခြင်အုံးမှဗျာ ..
    :mrgreenn: :mrgreenn:

  • မန်းလေးသွားဖို့ ကားထွက်ချိန်ကို စောင့်ရင်း ဖတ်သွားပါတယ်

    🙂

    တန်းဝင်လက်ရာ အရေးအသားမို့ အားကျငေးမောရင်း ဖတ်လိုက်ပါတယ် လို ့

  • marblecommet

    March 5, 2014 at 1:53 pm

    တန်းတွေ၊ ထုတ်တွေ၊ ယောက်တွေ မလုပ်ပါနဲ့ဗျာ…….
    ကျော်တို့က နင်ပြီးနင်ဆင်း ပုတီးစိတ်တတ်ရုံ
    ဝိပသနာလက်သင်လေးသာ ဖြစ်ပါကြောင်း…..

  • မမချွိ

    March 5, 2014 at 2:42 pm

    ထွက်ရပ်ပေါက် မဟုတ်ဘူးးး

    ထိုင်ရီထွက် လို့ပေးရမှာ။

    ခေါင်းစဉ်ကို…

    😀

  • Mr. MarGa

    March 6, 2014 at 10:38 am

    ထွက် ရပ် ပေါက် မဟုတ်ဘူး
    ထွက် ထ ပြေး :mrgreen:

Leave a Reply