အလေးမခိုးတဲ့ချိန်ခွင်

သုရွင္March 3, 20141min2758

အလေးမခိုးတဲ့ချိန်ခွင်

လူနှင့်ချိန်ခွင်

လူတိုင်း၏ စိတ်ထဲတွင် ချိန်ခွင်တစ်လက် စီ ရှိပါသည်။ သူ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ထို ချိန် ခွင် သည် သူသိတတ်သောအချိန်မှစ၍ အလုပ်လုပ်ပါတော့သည်။ မည်သည့် အခြေအနေ တွင်မဆို ထိုချိန်ခွင်က သင့်တော်သည် ၊ သို့မဟုတ် မျှတသည် ဟု ဆုံးဖြတ်မှသာ သူစိတ်ထဲ တွင် သက်တောင့် သက်သာ ဖြစ်လိမ့်မည် ဖြစ်သည်။ သို့တည်းမဟုတ်ပါက သင့်တော်သည် သို့မဟုတ် မျှတသည် ဟူ သော အခြေအနေရောက်အောင် သူ ညှိယူပါတော့မည်။ ဖန်တီးတော့ မည် ဖြစ်သည်။

ငယ်ရွယ်စဉ် အတွေးအခေါ်နုနယ်စဉ်ကာလက လူသည် သူ့အပေါ် လူတိုင်းဂရုစိုက် နေမှ ၊ သူလို အပ်တာကို ဖြည့်ဆည်းပေးနေမှ သင့်တော်သည် မှန်ကန်သည် ဟု တွေးပါလိမ့်မည်။ ထို အရာသည် သူ သတ်မှတ်ထားသော အမှန်တရားတစ်ခု သို့မဟုတ် မျှ ခြေ တစ်ခုဖြစ်သည်။ ထိုအခြေအနေမှ မဟုတ်လျှင် သူ ငိုယို ပြီး ဖြစ်စေ ၊ ဂျီကျ ပြီးဖြစ်စေ တောင်းဆိုတော့မည်။

အတွေးအခေါ် အမြော်အမြင် ရင့်ကျက်လာသည်နှင့်အမျှ သူ သတ်မှတ်ထားသော မျှ ခြေ သို့မဟုတ် သူလက်ခံနိုင်သော အမှန်တရားတစ်ခုမှာ ပိုမို ကျယ်ပြန့် နက်ရှိုင်းလာသည်။ အတွေး အခေါ် ဗဟုသုတ ပိုများလေလေ ချိန်ခွင်၏ အလေးက ပို မှန်လာလေလေဖြစ်သည်။ သူ့ဘက် ကိုယ့်ဘက် မျှ ကြည့်တတ်လာ သည်။ အကောင်းအဆိုး ပိုမိုခွဲခြားတတ်လာသည်။ ဆုံးဖြတ်ချက်တစ်ခုကို အမှန် တရားနှင့် အနီးစပ်ဆုံးချ နိုင်ဖို့ ပိုမိုကျယ်ပြန့်တဲ့ အမြင်၊ ပိုမိုစုံလင်တဲ့ အချက်အလက် စသည့် အရေးပါ သည့် အချက်များ ထည့်သွင်းစဉ်းစားတတ်လာပါသည်။ ပို၍ ဉာဏ် မြင့်လေလေ ဦးနှောက်ချိန်ခွင် အလေးမှန်လာလေဖြစ်ပါသည်။

 

အလေး ခိုးခြင်း နှင့်  အတ္တ

မိမိ ယူဆသော အယူအဆ၊ မိမိ တွေးထင်သည့် အရာ ၊ မိမိ ဆုံးဖြတ်သည့် အရာ သည် သာ အမှန်ဖြစ်သည် ဟူ၍ များသောအားဖြင့် လူတွေကို လှည့်စားတတ်သည်မှာ အတ္တ ဖြစ်သည်။ အတ္တ သည် မိမိကိုယ်တိုင်ပင်လျှင် သတိမထားမိပဲ အလေးခိုးနေသော ချိန်ခွင်နှင့်တူသည်။ မိမိ အတွက် ၊ သားသမီး မိသားစု အတွက်၊ ဆွေမျိုးညာတကာ တွေ အတွက် စသည့်ဖြင့် ဖက်လိုက်တတ်သော သဘော ရှိသည်။ ထိုအခါ မိမိဦးနှောက်ချိန်ခွင်သည် ဘာအကြောင်းအရာမှ ထည့်သွင်းမစဉ်းစားရ သေးခင် တစ်ဖက်စောင်းနေနှင့်ပြီးဖြစ်သည်။ ထိုအရာကို ကျွန်တော်က အလေးခိုးခြင်းဟု တင်စားခြင်း ဖြစ်သည်။

 

မမျှတခြင်း အမြင်နှင် ပိပက္ခ

မျှ တ နေသည် ဟု ခံယူထားပါလျှက် မည်သူသည် မည်သူနှင့်မျှ ပဋိပက္ခ မဖြစ် နိုင်ပါ။ မိမိ ၏ လက်ရှိ အခြေအနေ၊ အနေအထားကို မမျှတ ဟုထင်သူများ။ ယခု အခြေအနေထက် ပို ပြီး အဆင် ပြေမှ မျှတတယ်။ ဒါမှ ဖြစ်သင့်တယ် ဟုထင်သူများ ပဋိပက္ခ ဖြစ်ကြပါသည်။ စစ်ဖြစ်ကြ သည်။ အမြင်ကွဲလွဲမှု ၊ သဘောထားကွဲလွဲမှုကို အခြေခံပြီး ဖြစ်ခဲ့သော စစ် များချည်းဖြစ်ပါသည်။ အတ္တကြီးသူ များက သူတို့ ဤနယ်မြေ ဤဒေသကို ရသင့်သည်ဟု ကျူးကျော်ခဲ့သည်။ ဒေသခံများက ဤနေရာ ဤ ဒေသ တွင် ၎င်းတို့သည် အုပ်စိုးသင့်သည်ဟု ထင်သည်။ ထို့ကြောင့် ကျူးကျော်စစ်များ တော်လှန်ရေး များဖြင့် ကမ ္ဘာ့စစ်မီး နှစ်ကြိမ် တောက်လောင်ခဲ့သည်။

အမှန်ကို အမှန်တရားအတိုင်း မထားဘဲ အလေး (မသိမသာ)ခိုးပြီး ချိန်ခွင်ချိန်ခဲ့ကြသည်။ သဘောထားကွဲလွဲမှု၊ အမြင်ကွဲလွဲမှု ၊အခြေအတင်ဖြစ်မှု၊ အငြင်းပွားမှု ကလေးမှ စပြီး ကြီးမားသော စစ်မီးများတောက်လောင်ခဲ့ကြသည် ။ လူမျိုးစု ပဋိပက္ခ များသည်လည်း ထိုနည်း တူ ပင်ဖြစ်သည်။ လူ့အခွင့် မရသူများလူ့အခွင့် အရေးသည် လူတို်င်းနှင့် ထိုက်တန်သည် ဟူ၍ အမြင်ဖြင့် ချိန်ခွင်ကို ချိန်သည်။ နောက်လူ့အခွင့်အရေးရလာသော အခါ ရသော အခွင့်အရေးထက် တစ်ခုခု ပိုလုပ်လိုက်ရမှ မိမိတို့အတွက် ပိုပြီး သင့်တော်မျှတ သည် ဟုအထင်ရောက်သွားကြပြန်သည်။ တောင်းဆို ကြပြန်ပါသည်။

 

မိမိကိုယ်တိုင်အလေးခိုးနေသလား

ပြဿနာများတွင်အကြီးကျယ်ဆုံးနှင့်ဖြေရှင်းမရဆုံးပြဿနာမှာ မိမိကိုယ်တိုင်အလေး ခိုး နေသလား မခိုးဘူးလား မသိခြင်းပင်ဖြစ်တော့သည်။ မိမိ ကို်ယ်မိမိ မသိခြင်း ဖြစ်သည်။ မိမိ၏ မွေးရပါ အတ္တ ၏ တောင်းဆိုမှု ကြောင့် အကြောင်းအရာ တိုင်းကို ဆုံးဖြတ်ချက်ချသော အခါတွင် အလေးခိုးနေ တတ် ကြ သည်ကို ပထမဦးဆုံး သတိထားသင့်ပါသည်။ ရသင့်သည် ဖြစ်သင့် သည် ထက် ပိုမိုဖြစ်ချင် ရချင်နေသော အလေးခိုးသည့် စိ်တ်ဖြစ်သည်။

ထို့ကြောင့် ကျွန်တော် ထပ်ပြောချင်ပါသည်။ ပို၍ အသိဉာဏ်ရင့်ကျက်လေလေ၊ ဗဟု သုတ များလေလေ၊ အတွေ့အကြုံများလေလေ၊ ချိန်ခွင်မှန်လာလေလေပင်ဖြစ်ပါသည်။ လူတိုင်း ပိုမို လေးနက် မှန်ကန်သော ဆုံးဖြတ်ချက်များကို အလေးမခိုးပဲ ချတတ်လာပါစေ။

သုရှင်(၃-၃-၁၄)

8 comments

  • kyaw hteik

    March 4, 2014 at 12:07 am

    ကိုယ့်ဘာသာနေရင် နေ့စဉ်မသိမသာအလေးခိုးမိ နေတာကို
    သတိပြုစေမိလို့ ကျေးဇူးတင်ပါတယ်။နောင်အလေးလျော့ခိုးမိအောင်
    ဆင်ခြင်ရင်နဲ့ ကိုယ့်အတ္တကိုသတိပြုနေတဲ့ အသိရှိကြပါစို့။

  • ဦးဦးပါလေရာ

    March 4, 2014 at 12:09 pm

    အင်း ….
    လူတစ်ဦးစီရဲ့ ဘဝ ဆိုတာက
    အင်မတန် ပုဂ္ဂလိက ဆန်တယ်…
    သတ္တဝါဆိုတာ အဆင့်မြင့်လာလေ
    တစ်ခုတစ်ကောင်စီရဲ့ ပုဂ္ဂလိကဆန်မှု့ ပိုလာလေ လို့ ထင်မိတာပဲ…

    ဆိုတော့ ….
    လူတစ်ဦးစီရရဲ့ အမြင် အတွေး တန်ဖိုးသတ်မှတ်မှု့ချင်းက ကွဲပြားနေနိုင်တော့
    ကိစ္စတစ်ခုစီအတွက် ယေဘုယျ တန်ဖိုး တစ်ခု တိတိကျကျ အဖြေထုတ်နိုင်ဖို့
    ခက်နေဦးမယ် ထင်ပါရဲ့ ဗျာ….

  • kyeemite

    March 4, 2014 at 1:13 pm

    မိမိကိုယ်တိုင်အလေး ခိုး နေသလား မခိုးဘူးလား မသိခြင်းပင်ဖြစ်တော့သည်။ မိမိ ကို်ယ်မိမိ မသိခြင်း ဖြစ်သည်။…အမှန်တော့သိပါတယ်…သိသိကြီးနဲ့ကို တမင်အတ္တအတွက် အလေးသာသာထိုးထိုးလေး ခိုးနေကြတာပါ… 🙁

  • kai

    March 4, 2014 at 1:37 pm

    အလေခိုးတာမှာ.. မြင်သာထင်သာတဲ့.. တိုင်းတာမှုပေတံ..စံနှုန်းမတွေ့ရတာမို့.. ကိုယ်ဘယ်နေရာရောက်နေမှန်းမသိ… ပိုပိုဆိုးကုန်တာပါပဲ..
    အဲဒီနေရာမှာ.. အမေရိကအပါအဝင် တိုးတက်တဲ့အနောက်နိုင်ငံတွေက.. လူမှု.နိုင်ငံရေး..အသိုင်းအဝိုင်းတွေမှာ.. စံနှုန်းတခုသတ်သတ်မှတ်မှတ်ထားပေးထားပြီး..အဲဒီဘောင်ထဲကနေတွက်ချက်လှုပ်ရှားတယ်..
    ဥပဒေပြုတယ်..။ စံတခုထားတယ်ပေါ့..
    “ငွေကြေး”ပါ..။
    ဆိုတော့..
    မြန်မာတွေလည်း.. ငွေကို..စံအဖြစ်သတ်မှတ်ပြီး… တရားသူကြီးအရာထား.. ဆုံးဖြတ်ကြည့်ကြစေလို…။

  • မင်း ခန့် ကျော်

    March 4, 2014 at 7:14 pm

    မှန်လိုက်တဲ့ ကိုယ်ပိုင်ချိန်ခွင်။

    ကျတော်ပထမဦးဆုံးတင်တဲ့ပိုစ့်ကလေးကိုသတိပြန်ရသွားတယ်။

    ခေါင်းဆောင်ဆိုတဲ့ကိုယ်ပိုင်ချိန်ခွင်ထဲမှာ နောက်လိုက်တွေ မှီနေရ

    တဲ့သူတွေတပြုံကြီး ပါနေတာမို့ …………………………။

  • မင်း ခန့် ကျော်

    March 4, 2014 at 7:15 pm

    copy/past နဲ့ share သွားပါကြောင်းးးးးးးး။

Leave a Reply