မောင်မောင့်အကြောင်း

ဒီစာမျက်နှာမှာ အဖေအကြောင်း ၊ အမေအကြောင်းတွေကိုခဏခဏရေးဖူးပေမယ့် ကျမချစ်သောမောင်ငယ်လေးအကြောင်းကိုတော့ တစ်ခါမှမရေးဖူးခဲ့ပါဘူး ။ ကျမမှာ ကျမထက် ဆယ်နှစ်တိတိငယ်သော မောင်လေးတစ်ယောက်ရှိပါတယ် ။ ၁၉၉၈ ဖွား စနေသားမောင်လေးကို ကျမက မောင်မောင်လို့ချစ်စနိုးနဲ့ခေါ်ရာကနေစပြီး သူ့ကိုလူတိုင်းက မောင်မောင်လို့ပဲခေါ်ကြပါတယ် ။ မေမေ့မှာ မောင်လေးကိုယ်ဝန်ရှိတယ်လို့ကြားစက ငါးတန်းအရွယ်ကျမ ရှိုက်ကြီးတငင်ငိုပြီး မလိုချင်ဘူးလို့အခါခါ ငြင်းခဲ့ပါတယ် ။ ဟုတ်တယ်လေ ဆယ်နှစ်လောက် တစ်ဦးတည်းသောသမီးအဖြစ်နေလာခဲ့တဲ့ ကျမ အတ္တကြီးတာလည်းမဆန်းပါဘူး ။ တကယ်တမ်းမောင်လေးမွေးလာတဲ့အချိန်မှာ ကျမထက်ချစ်တဲ့သူတောင် ကျမလောက်ချစ်နိုင်မယ်မထင်ဘူး ။ မျက်နှာတစ်ပြင်လုံးမှာ အမွှေးနုလေးတွေပါတဲ့ မောင်လေးသေးသေးလေးကို မချီတတ်ချီတတ် ချီပြီး အချစ်တွေပိုခဲ့ရပါတယ် ။

 မောင်လေးက ကံဆိုးတယ်ပြောမလား သူ့ကိုမေမေမွေးတုန်းက မမွေးနိုင်လို့ညှပ်ဆွဲပြီး မွေးခဲ့ရတာမို့ မျက်နှာတစ်ဝိုက်မှာ ဒဏ်ရာဒဏ်ချက်တွေအမျာကြီးရခဲ့ပါတယ် ။ ဒါ့အပြင် အသက်လေးနည်းနည်းရလာလေ သူ့မျက်လုံးက တော်တော်လေးကိုစွေစောင်းလာလေပါပဲ ။ မေမေတို့က ငယ်သေးလို့မကြည့်တတ်တာဖြစ်မယ်ဆိုပြီး စောင့်ကြည့်နေကြပေမယ့် အသက်ကြီးလေသိသာလေပါပဲ ။ ကျမရဲ့ မောင်လေးက မျက်စိနှစ်ဘက်စလုံး သိသိသာသာကြီးကိုစွေစောင်းနေတာပါပဲ ။ အဖေနဲ့အမေကလည်းမဖြစ်ချေဘူးဆိုပြီး ရန်ကုန်မှာဆေးခန်းသွားပြကြတော့ ဆေးခန်းကပြန်ပြောလိုက်ပါတယ် ။ အသက်ငါးနှစ်ပြည့်မှခွဲလို့ရမယ် ဘယ်လောက်ဘယ်လောက်ကုန်ကျမယ်ဆိုပြီးတော့ပေါ့ ။ ကျမစိတ်ထင် ၂၀၀၃ ခုနှစ်လောက်က အမေရိကန်ဗေးရှင်းမှာခွဲတာ သိန်းဆယ်ဂဏန်းတောင်မကုန်ဘူးထင်ပါတယ် ။ (ကိုယ့်အသိုင်းအဝိုင်းမှာ မျက်စိစွေတဲ့သူတွေရှိရင်ပြောပြပေးစေချင်ပါတယ် မွေးရာပါစွေတဲ့သူဆိုရင်တောင် ခုနောက်ပိုင်း ခွဲစိတ်လို့ရပါတယ် ။ အသက်ငယ်လေ ခွဲစိတ်ပြီးပြန်ကောင်းဖို့အခွင့်အလမ်းများလေပါပဲတဲ့ – စကားချပ်)
ဆရာဝန်တွေသတ်မှတ်ပေးတဲ့ ငါးနှစ်အချိန်ကိုရောက်အောင်စောင့်ရင်း ကျမမောင်လေးက တဖြေးဖြေးကြီးလာပါတယ် ။ ဒီကြားထဲ သူ့သူငယ်ချင်းတွေက မောင်လေးကို ကာတိန် ၊ ကာတိန် ဆိုပြီးစကြပါတယ် ။ (ကာတိန်ဆိုတာ ရခိုင်လို မျက်စိစွေတဲ့သူတွေကိုခေါ်တာပါ) ။ တစ်နေ့က မောင်လေးဟာ သူ့အချစ်ဆုံးသူငယ်ချင်းအိ်မ်မှာသွားကစားရင်းကနေ ငိုပြီးပြန်လာပါတယ် ။ အိမ်မှာအမေအဖေလည်းမရှိ ၊ ကျမတစ်ယောက်တည်း စိတ်တော်တော်ပူပြီးဘာဖြစ်လို့လဲ မောင်မောင်မေးတော့ မောင်လေးက သားသားသူငယ်ချင်းက သားကို ကာတိန်လို့ခေါ်တယ် ပြီးတော့ သူ့အကို (တက္ကသိုလ်ကျောင်းသား)က ပါ မောင်မောင်က ကာတိန်ပါကွာ ဆိုပြီးပြောတယ် မကြီးဆိုပြီး ကျမကိုပြန်ပြောပါတယ် ။ ကျမလည်းတော်တော်စိတ်မကောင်းဖြစ်ပြီး မောင်လေးကိုအိမ်မှာနေခိုင်းပြီး ခြံတံခါးသော့ခတ်ကာ မောင်လေးသူငယ်ချင်းအိမ်ကိုလိုက်သွားပါတယ် ။ ကျမအသက် အဲတုန်းက ၁၃- ၁၄ အတွင်းမှာပဲရှိပါသေးတယ် ။ရှစ်တန်းဖြေပြီးခါစပေါ့ ။ ပုံမှန်အားဖြင့်အပြင်မထွက်တတ်တဲ့ကျမကို မောင်လေးသူငယ်ချင်းအိမ်ကလူတွေမမြင်ဖူးကြပါဘူး ။ သူတို့အိမ်ကိုရောက်တော့  မောင်လေးသူငယ်ချင်းအဖေ ဦးလေးကြီးနဲ့တွေ့ပြီး ကျမက မောင်မောင်အမပါ..မောင်မောင့်ကိုဦးလေးသားနှစ်ယောက်က ကာတိန်ကာတိန်ဆိုပြီးခေါ်ကြတယ် ။ ကျမမောင်လေးက ခုမှကလေးပဲရှိသေးတယ် ။ သူအိမ်မှာငိုပြီးလာတိုင်တယ် ။ လူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိကြတာပဲ ဒါပေမယ့် သူများအားနည်းချက်ကို နှိမ်တာလူကောင်းအလုပ်မဟုတ်ဘူးဆိုပြီး အသက် ၁၃ နှစ်အရွယ်ကျမဟာ အသက်လေးဆယ်ကျော်ဦးလေးကြီးကို သွားတိုင်ခဲ့ပါတယ် ။ အဲဒီဦးလေးကတော့ ရယ်ချင်မလားမသိ..ကျမကိုထိုင်ခိုင်းပြီး သူ့သားတွေကိုဆုံးမမယ့်အကြောင်းတွေပြောလိုက်ပါသေးတယ်။  အဲနောက်ပိုင်းကနေ သူ့သူငယ်ချင်းလည်းမောင်လေးကို ကာတိန်ဆိုပြီးမခေါ်ကြတော့ပါဘူး ။ ကျမသတ္တိသိပ်ရှိလို့တော့မဟုတ်ပါဘူး ။ ကိုယ့်မောင်လေးကိုပြောတော့ နာတာပေါ့နော် ။ ကျမစိတ်ထဲမှာ မောင်လေးသိမ်ငယ်နာကျင်သွားမှာကိုအရမ်းစိုးရိမ်မိပါတယ် ။ မောင်လေးကို ကျမသိပ်ချစ်လို့လားမသိ သူက ကျမကိုဆိုသိပ်တိုပါတယ်။ အိမ်နားကကောင်လေးတွေကျမအပြင်ထွက်တိုင်းစတော့ သူကပေးမထွက်ပါဘူး ။ မကြီးအိမ်ထဲမှာနေ သားသားမုန့်ဝယ်ပေးမယ်ဆိုပြီး ကျမအတွက်အမြဲတမ်းမုန့်ဝယ်ပေးတတ်ပါတယ်။
မောင်လေးအသက်ငါးနှစ်အရွယ်မှာ မျက်စိခွဲပါတယ် ။ နည်းပညာတွေအရမ်းတိုးတက်တဲ့ခေတ်မှာ သူ့မျက်လုံးစွေတာလေးလည်း ကောင်းသွားတဲ့အပြင် ကျမတို့အမျိူးက မျက်ပေါက်ကျဉ်းကြပေမယ့် သူ့မှာ မျက်ပြူးလေးဖြစ်သွားတဲ့အပြင် မျက်တောင်လေးတွေလည်းရှည်ရှည်မျောမျောနဲ့အရမ်းကိုလှတဲ့မျက်လုံးအဖြစ်ကိုပြောင်းလဲသွားပါတော့တယ် ။ အဖေအမေတို့လည်းမောင်လေးအတွက်ဝမ်းသာကြသလို ကျမလည်းအရမ်းပျော်ပါတယ် ။ မောင်လေးကျောင်းနေတော့ ကျောင်းမှာလည်းမျက်စိခွဲထားတာမို့ ဆရာမတွေဂရုစိုက်ပေးကြပါတယ် ။  သူက အမေတူသား အသားညိုပြီး ကျမက အဖေတူသမီး အသားဖြူတော့..မောင်လေးကိုမွေးစားတာဆိုရင်အရမ်းစိတ်ဆိုးတတ်ပါတယ် ။ အသက်သာငယ်ပေမယ့် ကျမမောင်လေးကအရမ်းသိတတ်တဲ့လူလိမ်မာလေးပါ ။ မိသားစုအပေါ်မှာအရမ်းသိတတ်ပါတယ် ။ ကျမတို့မှာ အမေ့ရဲ့ညီမကမွေးတဲ့မောင်လေးနှစ်ယောက်ရှိပါတယ် ။ တစ်ယောက်က မောင်လေးထက်နစ်နှစ်ကြီးပြီး နောက်တစ်ယောက် မောင်လေးနဲ့ရွယ်တူ ။ ထိုကလေးနှစ်ယောက်မှာအကြီးကောင်လေးက ကျမတို့အိမ်က အမွေစားအမွေခံမွေးစားထားတဲ့သူဆိုတော့ ကျမတို့နဲ့အတူတူနေပါတယ် ။ ထိုအကြီးကောင်လေးကိုလည်းမောင်လေးက ကိုကြီးကိုကြီးနဲ့အင်မတန်ချစ်ပါတယ် ။ ဒါပေမယ့်အကြီးကောင်လေးက သိပ်မသိတတ်ပါဘူး ။ အမေပေးတဲ့ပိုက်ဆံတွေကိုလည်း မချွေမတာသုံးပြီး အဒေါ်အိမ်မှာနေရတယ်ဆိုပြီး အဒေါ့်ကိုကူညီရမယ်မှန်းနားမလည်ပါဘူး ။ ဒါ့အပြင် တခြားသူငယ်ချင်းတွေနဲ့ပေါင်းပြီး ကျမမောင်လေးကိုအနိုင်ကျင့်တတ်ပါသေးတယ် ။ ဒါပေမယ့်လည်း မောင်လေးချစ်တာပါပဲ ။ ထိုမောင်ဝမ်းကွဲလေးအခုတော့ဆယ်တန်းအောင်သွားပါပြီ ။ ထိုမောင်ဝမ်းကွဲလေးကျောင်းတက်တုန်းကဆိုရင် အပြင်လေးခဏထွက်တာနဲ့ ဆိုင်ကယ်တက်စီဖိုး ငါးရာ ၊ တစ်ထောင်ပေးရပါတယ် (အမေက သူတို့ကိုဆိုင်ကယ်ပေးမစီးပါဘူး) အငယ်ကောင်လေးကတော့ အပြင်ထွက်ရင်လည်း နီးရင် ဆိုင်ကယ်တက်စီမစီးပါဘူး ။ သားသားလမ်းလျှောက်သွားလိုက်မယ်ဆိုပြီး မိဘကိုညှာတာပါတယ်။ အိမ်မှာအလုပ်မအားလို့ မချက်မပြုတ်နုိုင်ရင်လည်း ရှိတာလေးဖြစ်အောင်စားပြီး မငြိုငြင်တတ်ပါဘူး ။
တလောက အိမ်ကိုဖုန်းဆက်တော့ မောင်လေးနဲ့ပြောချင်တယ်ဆိုတော့ မောင်လေးက ဖုန်းလာကိုင်ပါတယ် ။ မတွေ့ရတဲ့ သုံးနှစ်တာအတွင်း ကျမမောင်လေးအသံတွေလည်းပြောင်းသွားပြီး ကိုးတန်းကျောင်းသားကြီးဖြစ်နေပါပြီ ။ အိမ်မှာမောင်လေးနဲ့အတူတူ အမေ့ ညီမသားအငယ်ကောင်လေးပါ အတူတူနေကြပါတယ် ။ အတန်းတူတွေမို့အဖော်ရမလား နှစ်ယောက်ပေါင်းလောင်းကျော်နေမလားမသိ ။ ဒါပေမယ့် မောင်ဝမ်းကွဲအငယ်လေးက အကြီးကောင်နဲ့မတူပါဘူး ။ လိမ်မာပါတယ် ။ ပြီးတော့ အမေ့ကိုလည်းအားနာတယ် ။ သူ့အမေကိုညှာတာတဲ့အနေနဲ့ အဒေါ်ကထောက်ထားတာကိုသူသိပါတယ် ။ မောင်ဝမ်းကွဲအငယ်အကြောင်းကိုရယ်စရာပြောရရင် သူ့အကိုဆယ်တန်းစာမေးပွဲဖြေပြီး သူ့အမေဆီကိုပြန်တော့ မောင်ဝမ်းကွဲလေးက ကျမတို့အိမ်ကိုကျောင်းနေဖို့ရောက်လာခဲ့ပါတယ် ။ ရောက်ပြီးတဲ့နောက်တစ်ရက်မှာပဲ မောင်လေးနဲ့နှစ်ယောက်ဆော့နေကြတုန်း ဘေးအိမ်က ကောင်လေးအနိုင်ကျင့်လို့..မောင်ဝမ်းကွဲလေး ဆော်ပလောတီးခဲ့ပါတယ်တဲ့..။ ဆယ်တန်းအောင်သွားတဲ့တစ်ယောက်သာဆိုလို့ကတော့ ဘေးအိမ်ကကောင်လေးနဲ့ပေါင်းပြီး မောင်မောင်ကိုအနိုင်ကျင့်မှာတဲ့… ကျော်ကျော်ကတော့အဲလိုမဟုတ်ဘူးတဲ့..မောင်မောင်ကိုအနိုင်ကျင့်လို့ နရင်းအုပ်ပစ်လိုက်တယ်ဆိုပြီး ပြောတယ်..လို့ အမေကပြန်ပြောပြတော့ ကျမတော်တော်ရယ်ချင်သွားတယ် ။ တကယ်တော့ မောင်လေးတွေကိုအိမ်မှာပေးနေတာ တခြားမဟုတ်ပါဘူး ။ ပညာရေးကိုပံ့ပိုးပေးချင်တာရယ်… တစ်ခုလပ်အဒေါ်ရဲ့ဝန်တွေကို ကူပေးချင်တာရယ်ကြောင့်ပါပဲ ။ ကိုယ့်မောင်လေးရယ် မောင်ဝမ်းကွဲလေးရယ် စည်းစည်းလုံးလုံးနေကြတော့ ဘာပဲဖြစ်ဖြစ်ဝမ်းသာမိပါတယ်။
အိမ်ကိုအရင်တစ်ပတ်ကဖုန်းဆက်ရင်း မောင်လေးကို ဘာလိုချင်လဲမေးတော့ သားသားဖုန်းလိုချင်တယ်တဲ့.. ကျမမောင်လေးကတော့ အဖိုးကြီးဖြစ်တဲ့အထိသားသားလို့ပဲပြောဦးမလားမသိ။ အမေကတော့ပြောပါတယ် အဖေဝယ်ထားတဲ့ဖုန်းရှိပေမယ့် စာမလုပ်မှာစိုးလို့ပေးမကိုင်သေးဘူးပြောပါတယ်။ ကျော်ကျော်နဲ့ပြောမယ်ဆိုပြီးပြောတော့ ကျော်ကျော်လာကိုင်ပါတယ်.. ။ သူကတော့အသံမပြောင်းသေးဘူး ကလေးအသံလေးနဲ့ပဲရှိပါသေးတယ် ။ ကျော်ကျော်ဘာလိုချင်လဲမေးတော့ မလိုချင်ဘူးတဲ့ မကြီးပေးချင်တာပေးဆိုပြီး သနားစရာလေးပြန်ပြောပါတယ် ။ မောင်လေးကတော့သူ့အမဆိုတော့ လိုချင်တာတောင်းပေမယ့် မောင်ဝမ်းကွဲလေးကတော့မတောင်းဝံ့ရှာပါဘူး ။ ဘာပဲပြောပြော ဟိုဆိုးတဲ့တစ်ယောက်ရော ကျော်ကျော်ပါ ကျမရဲ့မောင်လေးတွေမို့ ချစ်တာပါပဲ ။ ဒီတစ်ခါအိမ်ပြန်ရင်တော့ သီချင်းနားထောင်ဖို့ဖုန်းလိုချင်တဲ့မောင်လေးအတွက်ရော ကျန်တဲ့မောင်ဝမ်းကွဲနှစ်ယောက်အတွက်ပါ ipod လေးတွေဝယ်သွားဖို့စဉ်းစားထားပါတယ် ။
အမေက ဆရာမဆိုတော့ တခါတခါသားသမီးကိုကိုယ်တွယ်တာမညင်သာတတ်ပါဘူး ။ ကျောင်းကတပည့်တွေအတိုင်းပဲ ဆူတလှည့်ပြောတလှည့်ဆိုတော့ ကျမငယ်ငယ်တုန်းက အမေ့ကိုနာကျင်သလို အငယ်ကောင်လေးတွေကိုလည်းနာကျင်မိမှာစိုးပါတယ် ။ ကျမကျောင်းသူဘဝတုန်းကဆိုရင် အမေပုံသွင်းလွန်းလို့ ဘာမှကိုလုပ်ချင်စိ်တ်မရှိတဲ့သူဖြစ်သွားပါတယ် ။ မောင်လေးတွေအခုကိုးတန်းဆိုတော့ ဆယ်တန်းမရောက်ခင်စပ်ကြားမှာ အားကျစိတ် ၊ ကြိုးစားချင်စိတ်ကလေးတွေသွင်းပေးချင်ပါတယ် ။ ဘာပဲပြောပြော လမ်းကြောင်းတစ်ခု တည့်တည့်မတ်မတ်သွားတတ်အောင်ကူညီပေးဖို့က လူကြီးတွေတာဝန်ပဲမဟုတ်ပါလား ဒီတော့… ဒီတစ်ခါအိမ်ပြန်ရင် မစန္ဒာရဲ့ဂျီဟောသူစာအုပ်ကို ပရင့်ထုတ်ပြီးမောင်လေးတွေကိုပေးဖတ်ဖို့စဉ်းစားထားပါတယ်။ ချစ်စရာအလေ့အထတွေ ၊ ကြိုးစားကြတဲ့ ဂျီဟောက အင်ဂျင်နီယာကျောင်းသားတွေအကြောင်း ၊ RIT ကျောင်းသားတွေဘယ်လောက်တော်ကြောင်း မောင်လေးတွေကိုပြောပြချင်ပါတယ် ။ကျမကိုယ်တိုင်က ပညာရေးသိပ်တော်တဲ့သူမဟုတ်တော့ သူတို့အတွက်လမ်းပြမဖြစ်နိုင်ပေမယ့် ကျမအားကျတဲ့ ဂျီဟောအကြောင်းကိုပြောပြရင်း မောင်လေးတွေကို ထူးထူးချွန်ချွန်ဖြစ်အောင်ပံ့ပိုးပေးချင်ပါတယ် ။ တချိန်မှာသူတို့တွေဟာ ထူးချွန်မလား ၊ မထူးချွန်ဘူးလား ကျမမသိပေမယ့် လူကောင်းသူကောင်းလေးတွေ ၊ သူတပါးကိုညှာတာတတ်တဲ့သူဖြစ်အောင် တစ်ဖက်တစ်လမ်းကနေ ကျမတာဝန်သိစွာနဲ့ပံ့ပိုးရဦးမှာပါ ..။

12 comments

  • MAUNG

    March 4, 2014 at 11:19 am

    အစ်မ အကြီး အမိ အရာ တဲ့ ။
    အစ်မ ကြီး တစ်ယောက် ရဲ့ မေတ္တာ စေတနာ ကို ဒီ ပို့စ် ဖတ်ပြီး မြင်ယောင် မိပါတယ် ။

  • မမချွိ

    March 4, 2014 at 11:27 am

    ကိုယ်ချင်းစာတယ်တော့။
    ရင်ဘတ်နဲ့ ခံစားပြီး ဖတ်သွားပါတယ် ဆု ရေ။
    ကိုယ်လည်း လောက မှာ အချစ်ဆုံးသူထဲမှာ ကိုယ့်မောင်လေး က ထိပ်ဆုံးကပဲ။
    :chit:

  • kai

    March 4, 2014 at 1:43 pm

    ဂျီဟောက အင်ဂျင်နီယာကျောင်းသားတွေအကြောင်း ၊

    ဂျီဟောဆိုတာ.. G Hall အဆောင်ပါ..။ အာအိုင်တီရဲ့ အတွင်းဖက်မှာရှိတဲ့.. မိန်းကလေးဆောင်ပေါ့..။
    အဲဒီထဲကျောင်းသားဝင်နေလို့မရဘူးဗျ..။
    မှတ်မိသလောက်တွေထဲမှာ.. ဂျီဟောကိုသူခိုးဝင်လို့မိရင်.. အဆောင်သူတွေက ထမီနဲ့အုပ်ပြီးဝိုင်းရိုက်လေ့ရှိကြတယ်..။
    အင်း.. ဥတ္တရဆောင်… :mrgreen:

    • ဆုမြတ်မိုး

      March 4, 2014 at 1:55 pm

      ဟုတ်ကဲ့ပါ သူကြီးမင်း .. . ပြောတာလိုသွားတာပါ… ။ ဂျီဟောက မိန်းကလေးဆောင်မှန်းသိပေမယ့် အဲတုန်းက ရေးချင်ဇောနဲ့ ကျောင်းသားနဲ့ကျောင်းသူမကွဲဖြစ်သွားတာပါ ။ တစ်လက်စတည်းနောက်ဆုံးက ”ဂျီဟောက” အစား RIT က လို့ ပြင်ပေးလို့ရမလားရှင့် ။ အမှားပြင်ပေးတာ ကျေးဇူးပါနော် ။

    • ဆုမြတ်မိုး

      March 4, 2014 at 2:00 pm

      ကြိုးစားကြတဲ့ အင်ဂျင်နီယာကျောင်းသား၊ကျောင်းသူတွေအကြောင်း ၊ RIT ကျောင်းသားတွေဘယ်လောက်တော်ကြောင်း မောင်လေးတွေကိုပြောပြချင်ပါတယ်

      အဲလိုလေးပြင်ပေးဖို့ကူညီပါဦးနော် သူကြီး ။

      • kai

        March 4, 2014 at 2:21 pm

        ဟဲ့..
        အဲဒါပြင်ရင်.. ကျုပ်ကငကြောင်ဖြစ်နေမှာပေါ့ကွယ်…
        အဲဒီအတိုင်းထားလိုက်နော..။ လိမ်မာပါတယ်..။ :mrgreen:

        ဆိုတော့…။
        အဂျင်္င်္န ီယာဖြစ်စေချင်ရင်.. ပျက်နေတဲ့အဂျင်္င်စက်တွေနားမှာ.. မောင်လေးတွေထားပါ.. ပြင်ခိုင်းပါ..
        ပုံဆွဲပန်ချီသင်ပေးပါ..။ :kwi:

        • TNA

          March 4, 2014 at 4:41 pm

          ရွာထဲမယ် ဂျီဟောသူတွေရှိသလေနော့ ဒဂျီးရေ

  • kyeemite

    March 4, 2014 at 2:07 pm

    စာရေးတော်တော်ကောင်းတာပဲ..ဖတ်ရတာချောနေတာပဲ
    မောင်နှမတွေအပေါ်ထားတဲ့ အမကြီးရဲ့မေတ္တာစေတနာကို မြင်လိုက်ရပါတယ်…

  • မောင် နှ မ တွေ ရဲ့ ချစ် ခြင်းမေတ္တာ အ ကြောင်း ဖတ် ရ တော့ မစန္ဒာ ရဲ့ ကွက် လပ ်က လေး ဖြည့် ပေး ပါ ကို သွား သ တိ ရ မိ တယ်။
    စာ ရေး အ တော် ကောင်း ပါ သည်။
    ရွာ အတွက် စာ ရေး သူ တစ် ယောက် တိုး လာ တာ ကို ဝမ်း သာ မိပ ါတယ်။

  • Crystalline

    March 4, 2014 at 2:58 pm

    အကြီးဖြစ်ပေမယ့် ငါကအကြီး ငါ့ဦးစားပေးရမယ့်သူတွေ.. တစ်ကိုယ်ကောင်းဆန်သူတွေလဲတွေ့ဖူးတယ်…
    မောင်ဝမ်းကွဲအငယ်လေးက သိတတ်လို့တော်သေးတယ်.. အသိထဲ.. အဒေါ်အပျိုကြီးလုပ်သူက တူတော်မောင်ကိုချစ်လှပါရဲ့ဆိုပြီး ခေါ်မွေးစားကောင်းတာ.. နောက်ဆုံး အဒေါ်ကိုပါအိမ်ပေါ်ကနှင်ချတယ်.. ကျေးဇူးသိတတ်ပုံများ..

  • TNA

    March 4, 2014 at 4:42 pm

    အမကြီးတော့ အမိရာတဲ့။ ဒီလိုအမမျိုးရတဲ့မောင်လေးကံကောင်းသလို ဒီလိုမောင်လေးရတဲ့ အမလဲကံကောင်းပါတယ်။

  • မဟာရာဇာ အံစာတုံး

    March 4, 2014 at 4:57 pm

    အမကြီး ပီသပါပေရဲ့ဗျာ …
    ဒါနဲ့ မောင်မောင် ဆိုမှ ..
    ကျုပ် ငယ်ငယ်တုန်းက ဘုရားပွဲဈေးမှာ ပျောက်သွားလို့
    ကျုပ်အဒေါ်တွေက မောင်မောင် ပျောက်နေဆိုပြီး လိုက်ရှာကြတယ် ..
    အခြားသူတွေက ဝိုင်းရှာပေးရော …
    ပြီးတော့ ပြန်လည် တွေ့ရော ..
    မောင်မောင် ဆိုလို့ ဘယ်သူများလဲလို့ ကလေးလေးကိုး ဆိုပြီး အပြောခံရဖူးခဲ့သေးတယ် …
    ဒါက ကြုံတုန်းလေး ဝင်ပွားလိုက်တာပါ ..

Leave a Reply