ဝ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ဝ

ဝ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ဝ

 

တစ်နေ့သ၌ ကုန်းရွာ မည်သော ကျေးတောရွာငယ်လေးအတွင်း သတင်းတစ်ပုဒ်သည် ကျော်ကြားပျံ့နှံ့လျက် ရှိလေသည်။ ထိုသတင်းမှာကား “မျောက်တစ္ဆေ” တွေ့နေရပြီ ဟူသော သတင်းပင် ဖြစ်ချေ၏။

ယင်းအတွက်ကြောင့် ကျေးရွာသူ ကျေးရွာသားများမှာ လွန်စွာ ထိတ်လန့် တုန်လှုပ်လျက် ရှိနေသကဲ့သို့ ကျေးရွာ သူကြီး ဖြစ်သူ ဦးစံလှ မှာလည်း မိမိအုပ်ချုပ်နေသော ကျေးရွာ၏ လုံခြုံရေး အတွက် စိုင်းပြင်းလျက် ရှိနေလေ၏။ တစ္ဆေ တစ်ကောင် တွေ့ရုံမျှဖြင့် အဘယ် အတွက်ကြောင့် ဤမျှထိ တုန်လှုပ်နေကြသနည်း ဟု အမေးရှိလာအံ့။ ထိုအကြောင်းကို ရှင်းပါဦးအံ့။

မျောက်တစ္ဆေ ဆိုသည်မှာ ညပိုင်း အချိန်များတွင် မျောက်တစ်ကောင် ကို တွေ့ရှိခြင်း ဖြစ်ပါ၏။ ထူးဆန်းသည်ကား ယင်းမျောက်အား တွေ့ရှိအပြီး ရက်များ မကြာမီ အတွင်း၌ ရွာအတွင်းမှ လူတစ်ဦး သေဆုံးသွားတတ်ခြင်းပင် ဖြစ်ချေ၏။

ယင်းမျောက်တစ္ဆေမှာ တောနယ် ကျေးရွာများတွင် ပြောက်ကျား စနစ်ဖြင့် တိုက်ခိုက်လာသကဲ့သို့ တိုက်ခိုက်ခံရသော ကျေးရွာများတွင်လည်း လူတစ်ဦး သို့မဟုတ် လူနှစ်ဦး ကျဆုံးရမြဲ ဖြစ်နေချေ၏။ ထို့အတွက် ကြောင့်ပင် ကုန်းရွာနေ ရွာသူရွာသား များမှာ မျောက်တစ္ဆေအား တွေ့ရှိသည် ဟူသော သတင်းကြောင့် ထိတ်လန့်လျက် ရှိနေကြခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့ခြင်း ဖြစ်ပါချေသည်။

မျောက်တစ္ဆေအား တွေ့ရှိသူမှာ ရွာမြောက်ပိုင်းမှ ကိုသာလှ ဆိုသူ ဖြစ်သည်။ ၎င်းသည် ညနေ နွားရိုင်းသွင်းချိန် မှောင်စပျိုးချိန်တွင် မျောက်တစ္ဆေအား ရွာအနောက်တံခါး ကင်းတဲ ပေါ်၌ ပြေးလွှားနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ တွေ့တွေ့ချင်းပင် ရွာသူကြီး ဖြစ်သူ ဦးစံလှ ထံသို့ အပြေးအလွှား သွားရောက် သတင်းပို့ခဲ့၏။

ဦးစံလှ မှလည်း ၎င်း၏ ရွာသူ ရွာသားများအား မောင်းတီး၍ စုဝေးစေပြီး သတိ၊ ဝီရိယဖြင့် နေကြရန် မှာကြားကာ ၎င်းကိုယ်တိုင်လည်း ရွာ၏ လုံခြုံရေး အတွက် လူငယ်၊ လူလတ် ပိုင်းများကို စုစည်းကာ ရွာခြံစည်းရိုး အပေါက်များကို ဖာထေးခြင်း၊ ကင်းစောင့်ခြင်း များကို ပြုလုပ်လေ၏။

မျောက်တစ္ဆေအား တွေ့ရှိအပြီး (၁၀) ရက်ခန့်အကြာ တစ်ခုသော လမိုက်ည အခါတွင် ကုန်းရွာ တောင်ပိုင်းမှ “အား” ဟူသော အသံနက်ကြီးဖြင့် အော်ဟစ်သံကို ကြားရလေ၏။ ယင်းအသံကြောင့် ရွာသူကြီးနှင့်တကွ လုံခြုံရေး စောင့်နေကြသော ရွာလူငယ်များမှာ ထိုအသံ ထွက်ပေါ်လာရာ နေရာသို့ လက်နက်များ ကိုင်စွဲလျက် အပြေးအလွှား သွားရောက်ကြလေ၏။

၎င်းတို့ ရောက်ရှိ သွားချိန်တွင်ကား ကျောင်းဒါယကာ ဦးထွန်းရှိန်မှာ ရင်ဝတွင် ချွတ်ထက်သော သစ်သားချောင်း တစ်ခုဖြင့် စိုက်သွင်းခံရလျက် အသက်ထွက်နေသည်ကိုသာ တွေ့လိုက်ရလေတော့၏။

ဦးထွန်းရှိန်၏ နံဘေးတွင်လည်း ၎င်း၏ ဇနီးနှင့် သမီးများမှာ ငိုရှိုက်လျက် ရှိနေလေ၏။ သူကြီးမှ မည်သို့ မည်ပုံ ဖြစ်သွားသည်ကို မေးမြန်းရာတွင် သေဆုံးသူ ဦးထွန်းရှိန်၏ ဇနီးမယား ဖြစ်သူမှ

“ဦးထွန်းရှိန်သည် ဘုရားရှိခိုးအပြီး အိပ်ယာဝင်ရန် အတွက် အိပ်ခန်းတံခါးများအား သွားရောက် ပိတ်လျက် ရှိနေစဉ်တွင် အသတ်ခံရခြင်း ဖြစ်ကြောင်း၊ ဦးထွန်းရှိန် အနီး တံခါးပေါက် နားမှ မျောက်တစ်ကောင် လွှားကနဲ ခုန်ပေါက် ပျောက်ကွယ်သွားသည်ကိုမူ တွေ့မြင်လိုက်ရကြောင်း”

ပြောလေ၏။

ထိုအခါ ရွာသူကြီးမှာ ဦးထွန်းရှိ၏ ဇနီးအား အတန်ငယ် နှစ်သိမ့်စကား ပြောကြားပြီးနောက် မျောက်တစ္ဆေ ခိုအောင်းရာ နေရာဟု ယူဆဖွယ် ရှိသော ရွာ၏ အနောက်ဘက် တောအုပ် ဆီသို့ ၎င်း၏ လုံခြုံရေးအဖွဲ့နှင့် ထွက်ခွာသွားလေတော့၏။

 

ဝ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ဝ

ပြီးပါပြီ …………….။

ဝ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ဝ

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။