တစ္ဆေတစ်ကောင် ရဲ့ ဒဿန

Paing LayMarch 5, 20141min1155

“ ဒိန်းးးးးးးးးးဖုတ်!….ဖုန်းးးးးးဖွမ်းးးးးးးးး”

“ဟဲ့..သောက်ပလုတ်တုတ်”

ငပေတိုး လန့်ခါပြီး သစ်ကိုင်းပေါ် တွဲလောင်းခိုမိလို့ ပင်စည်ကျောမှီပြီး ငြိမ်နေသာ ရုက္ခစိုးကြီးပါ လန့်သွားတယ်

“ဘာဖြစ်တာတုန်း သောက်ခွေးရ” ငပေတိုး ရင်တုန်ပန်းတုန်နှင့်….“လန့်….လန့်သွားလို့” “ဘာလန့်စရာရှိလို့ လန့်ရတာတုန်း၊ ဒီမှာ တရားမှတ်နေတယ်ကွ” “ဆီးဂိမ်းဖွင့်ပွဲလေ ဘကြီးရဲ့ ဗျောက်အိုးတွေ ထဖောက်ပစ်တာ မပြောမဆိုနဲ့ လန့်တာပေါ့ဗျ” “ အောင်မာ အဲ့ဒါ နေပြည်တော်မှာ မင်းကရန်ကုန်မှာ ဘာလာကြောင်တာလဲ” “အာ…ဟိုးမှာ အုပ်ချုပ်ရေးမှူး အိမ်ဧည့်ခန်းထဲက တီဗွီကြီးက အကြီးကြီး အသံကလည်း အကျယ်ကြီးဗျ။ ဆီးဂိမ်းဖွင့်ပွဲ သရုပ်ပြပွဲမှာ သူ့သမီးလည်း ပါတယ်ဆိုလို့ ဟိုတစ်နေ့ကမှ 60” LCD ကြီး တစ်လုံး ပစ်ဝယ်လာတာ” “အဲဒါဘာဖြစ်လဲ” “ အာ…တီဗွီ အကြီးကြီး နဲ့ အသံက အကျယ်ကြီးဖွင့်တော့ လန့်တာပေါ့ဗျ” “သောက်ခွေး လန့်ရင် ရပ်ကွက်ထဲက အပင်မှာ လာမနေနဲ့ကွာ သွားးးး ဟိုချောင်းကမ်းဘေးက အပင်မှာသွားနေ” “အာ…ပိုဆိုးးးးပိုဆိုးးးး”

ငပေတိုးက သစ်ကိုင်းပေါ်ထိုင်ပြီး Rapper Style နဲ့ စပ်ဖြီးဖြီးလုပ်နေရာ စိတ်တိုနေသော်လည်း ထမတီးမိအောင် မနည်းမြိုသိပ်ထားရသည်။ ငါဒီကောင့်ကို လက်ခံထားမိတာ မှားပြီလားလို့ တွေးတယ်။ တွေးလည်း တွေးချင်စရာပဲ။ ငပေတိုးက ပြည်ပြေး တစ္ဆေလို့ပြောရမလား၊ ဒါမှမဟုတ် တစ္ဆေလောကနဲ့ ဆန္ဒသဘောထား မကိုက်ညီတဲ့ အတိုက်အခံ တစ္ဆေလို့ပဲပြောရမလား ဘယ်လိုပြောရမှန်းမသိတဲ့ တစ္ဆေပါခင်ဗျ။ တစ္ဆေကျင့်ဝတ်နဲ့လည်း မညီတဲ့ တစ္ဆေဆိုတာ အစပထမပိုင်းက ရုက္ခစိုးစအချင်းချင်းက တီးတိုးပြောနေတာကို တမာပင်ရုက္ခစိုးကြီး သိပ်မယုံချင်ပေမယ့်….ခုတော့…..။ သူထိုင်နေတဲ့ သစ်ကိုင်းကြီး ငြိမ့်ခနဲဖြစ်သွားလို့ အတွေးဖြုတ်ပြီး သကောင့်သား ငပေတိုးကို အပင်အောက်ရောက်သွားပြီဗျ။

“ဟေ့ကောင်….ဘယ်လဲ” “ဒီမှာခဏအညောင်းပြေ အညာပြေ လမ်းလျှောက်မလို့ အဘ” “ဟာ….တော်ကြာ တစ္ဆေစည်းကမ်းထိန်းသိမ်းရေး အဖွဲ့နဲ့တိုးလို့ ငါလိုက်ပြီး အာမခံနဲ့ လာထုတ်ပေးနေရဦးမယ် ပြန်တက်လာခဲ့” “အာ…သူတို့ ဆွဲချင်တိုင်း ဆွဲလို့ရတဲ့ ခေတ်မှ မဟုတ်တော့တာ အဘ အခုခေတ်ပြောင်းနေပြီ” “ဟေ့ကောင်….မင်းးးးး” ရုက္ခစိုးလည်း ဒေါပွပြီး  “မင်းပြန်တက်မလား မတက်ဘူးလား ပြော……” ငပေတိုးက မျက်နှာချိုသွေးပြီး“တက်ပါ့မယ် အဘရာ ဒါပေမယ့် ဒီနေရာလေးတော့ ခဏရပ်ခွင့်ပေးပါ အပင်ပေါ်မှာ အဘသိတဲ့အတိုင်း ခါချဉ်တွေ ပုရွက်ဆိတ်တွေရော ပြည့်နေတာ ပြီးတော့ ပြန်တက်မယ်”

“အားးးးးးးးး”

“အဘ ဘာဖြစ်တာလဲ” “မသိဘူး” အမှန်တော့ ရုက္ခစိုးကြီးရဲ့ ပေါင်ကြားထဲ ခါချဉ်ဝင်လို့ အော်တာပါ။ ခါချဉ်ကိုက်တယ်လို့ပြောလိုက်ပြန်ရင်လည်း ငပေတိုးက နောက်တစ်ကြိုးတက်ပြီး အရေးဆိုမှာစိုးလို့ ကိုယ့်ဘာသာကိုယ် ကြိတ်ပြီး ခါချဉ်ကို စိစိညက်ညက် ချေနေခြင်းဖြစ်သည်။

“အားးးးးးးးးးးး”

ဒီတစ်ခါတော့ ဟန်ဆောင်၍မရတော့ ခါချဉ်ကလည်း နတ်ဝတ်တန်ဆာနောက်ကျောဘက် ဝင်ခဲနေတော့ သူ့လက်နဲ့လည်း ပွတ်လို့မမှီဘူးလေ သစ်ပင်နဲ့သွားပွတ်မယ်ဆိုပြန်တော့လည်း နတ်မြောက်တန်ဆာမှာ ထိုးထားတဲ့ စီးကွင့်တွေ ဘော်ကြယ်တွေ ပြုတ်ထွက်လာရင် နှမြောစရာကြီး။

“လာ…လာစမ်း၊ ငါ့ကျောကုန်ကြားမှာ ခါချဉ်ထင်တယ်” ငပေတိုးက ခပ်သွက်သွက်နှင့်“ အဘ ခါချဉ်တစ်ကောင်နဲ့ ပုရွက်ဆိတ်အနီလေး တစ်ကောင်ဗျ” “နည်းနည်းကုတ်ပေးစမ်း” “ဟုတ်….ဟုတ်”

ဒီလိုကျတော့ ငပေတိုးကမဆိုး ခိုင်းရင်လည်း ဖင်ပေါ့သည်။ ပြီးတော့ မောင်းထုတ်ရလည်း ခက် လက်ခံရလည်းခက်။ ကိုယ်တိုင်ကလည်း တစ်ကိုယ်တည်း ရုက္ခစိုးလူပျိုကြီးဆိုတော့ ဘေးမှာ လက်တိုလက်တောင်း ရှိသင့်တာတော့ အမှန်ပဲလေ။

“လိမ်လိမ်မာမာ နေစမ်းပါ ငပေတိုးရာ ငါ့မှာ သူများလို သားထောက်သမီးခံ မရှိတော့ ငါသေရင် တမာပင်ကို မင်းပဲ အမွေရမှာ” “ဟုတ်….” “ဒီခေတ်မှာ ဒီလိုသက်ရင့်ပင် အကြီးမျိုး ခံစားနိုင်ဖို့ မလွယ်တော့ဘူးကွ” “ ဟုတ် အဘ” “ ဒါတောင် မြို့ပေါ်မှာ ရှိနေတဲ့ အပင်မို့လို့ ကံကောင်းထောက်မပြီး  စီမံကိန်း နယ်မြေနဲ့လည်း လွတ်နေသေးတော့ ကျန်တာ၊ တောထဲမှာဆို ဝါဆိုဖယောင်းတိုင် အရွယ်တောင် မချမ်းသာပေးဘူး။ ဒီဘက်ခေတ် သစ်ခုတ် စီးပွားရေးသမား ကြောင်ပါးတွေက သိပ်ကျွမ်းတာ တောင်ခါးပန်းမှာပေါက်နေတဲ့ အပင်ကိုတောင် ဆင်နဲ့ဆွဲမရရင် ဟတ်စကီးနဲ့ ချိတ်ပြီးဆွဲတာ။ တောမှာနေတဲ့ ငါ့အမျိုးတွေ တစ်ချို့ တရုတ်ပြည် ရောက်တဲ့သူကရောက် ထိုင်းရောက်တဲ့သူကရောက်ပေါ့ကွာ” “အဘ သူတို့က ဗီဇာနဲ့သွားရတာလား” “မင်းကြီးတော် ဗီဇာရမလား သူတို့နေတဲ့ အပင်ကိုခုတ်မှတော့ သူတို့ပါ ပါသွားတာပေါ့” “ဟာ…ဒါဆို ဒုက္ခပေါ့ အဘ တရုတ်မှာ လူဦးရေ ဒီလောက်များတာ ရုက္ခစိုးတွေ သန်းနဲ့ ချီပြီး ထပ်ရောက်သွားတော့ အကုန် ပြွတ်ကျပ်နေပြီပေါ့” “အဆင်ပြေမှာပါကွာ၊ တရုတ်က သူများတိုင်းပြည်က သစ်ပင်တွေကိုသာ မချမ်းသာပေးတာ သူ့တိုင်းပြည်ထဲက အပင်တွေကျတော့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှာစိုးလို့ မခုတ်ဘူးလေ  ဒါကြောင့် ဒီကပါသွားတဲ့ ရုက္ခစိုးတွေလည်း အဆင်ပြေနိုင်တယ်လို့ပြောတာ။ အဆင်မပြေတာ ကတော့ ငါတို့ပဲဟေ့ သစ်ပင်တွေလည်း ကုန်တော့ ရာသီဥတုကလည်း ဖောက်ပြန်လာတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ များလာလို့  အရေပြားရောဂါလည်း ထူကြသကွ၊ တိုင်းပြည်အခြေအနေကလည်း ရှေ့ဖြစ်ဟောတဲ့ ဗေဒင်ဆရာတွေလည်း ထမင်းငတ်မယ့် ကိန်းဆိုတော့ ရုက္ခစိုးလည်း ရုက္ခစိုးအလျှောက် တစ္ဆေလည်း တစ္ဆေအလျှောက် အနေအထိုင် အသွားအလာ ဆင်ခြင်မှ တော်ကာကျမယ်ကွ” “ဟုတ်ကဲ့ အဘ ဒါပေမယ့် လူနဲ့ နာနာဘာဝ ဘဝတော့ ခြားနားပါတယ် သူတို့ဘာသာ ဘာဖြစ်ဖြစ် ကျွန်တော်တို့အနေသာချည်းပါအဘ၊ ကိုယ့်လောဘနဲ့ကိုယ် Easy Going ဖြစ်ဖို့က အဓိကပါ” “မင်းက ဒါပဲမြင်တာကိုးကွ အဲဒီလူ့ဘဝက လာတဲ့ကောင်တွေ ဘယ်ဘဝထဲရောက်သလဲ မင်းရော ဘယ်ဘဝကနေ တစ္ဆေဖြစ်လာတာလဲ” “ ကျွန်တော်လည်း လူ့အခွင့်အရေးကို တိုက်ပွဲဝင်ခဲ့တဲ့ ဒီမိုကရေစီ ဘက်တော်သားလေ အဘ ထောင်ထဲမှာ တိုက်ပွဲဝင်ရင်း သေလို့ တစ္ဆေဖြစ်လာတာ” “အေးးးးအဲ့ဒါပဲ ငါတို့လောကဘက်ကို ကူးပြောင်းလာတဲ့ တွေဟာ လူ့လောက ဇာတ်ရှုပ်ထဲကနေ ခုန်ထွက်လာတဲ့ကောင် တွေချည်းပဲ ဟိုတစ်လောက ညောင်ပင်မှာနေတဲ့ ရုက္ခစိုးနဲ့ ပြဿနာတက်ပြီး ရုံးရောက်ကုန်ကြတယ်” “ဗျာ! ဘယ်လိုဖြစ်လို့တုန်း”

“အသစ်ရောက်လာတဲ့ ရုက္ခစိုးက ဗိမာန်ဖယ်ခိုင်းတာလေ သူက လူ့ဘဝတုန်းက ထွေအုပ်ကတဲ့ အုပ်လို့ရသမျှ အကုန်အုပ်ပြီး လှူတန်သလောက်လှူခဲ့လို့ ရုက္ခစိုးဖြစ်လာတာ ထွေအုပ်ရုက္ခစိုးမို့ ညောင်ပင်တောင်မှ သူ့အဆင့်နဲ့ ကိုက်ညီမတဲ့ကွာ ကြားလို့မှမတော် ရုက္ခစိုးဖြစ်တာတောင် ကုလားထိုင်လာလုနေသေးတယ် မခက်ဘူးလား၊  အဲဒါကြောင့် လူ့လောကနဲ့ ပရလောက အညမည သဘောတရား မေ့ထားလို့မရဘူး မဆိုင်ဘူးလို့မပြောနဲ့ ငါတို့ စတုမဟာရာဇာ် နတ်လောကဆို ပိုတောင်ရှုပ်ထွေးသေး အထက်လွှာတွေ သေလို့ ရောက်လာတဲ့ကောင်က ခပ်များများဆိုတော့ Power Hungry တွေချည်းပဲကွ ချီးပဲ”

“အဘ…အဘပြောတာတွေက နိုင်ငံရေးတွေ ပါကုန်ပြီနော်” “ပါတော့ ဘာဖြစ်လဲ ငါက အမှန်ပဲပြောတာ အမှန်တရားဆိုတော့ ခါးတယ်ကွ၊ အဲဒါကြောင့် တမာပင်စောင့် ရုက္ခစိုးဖြစ်နေတာ” “ဒါတော့ ကျွန်တော်လည်း ထောက်ခံတယ် ငပေတိုးကို ပရလောကသားတွေ ချောင်ထိုးချင်တာ အမှန်တွေပြောလွန်းလို့ အဘရဲ့” “ဟ…အမှန်တရားဆိုတာ ပြောကောင်းတယ်ကွ” “ ဟုတ်တယ် ကျွန်တော်ကတော့ ပြောတယ် အဘစဉ်းစားကြည့်။ ကွင်းပိုင်ကြီး အုပ်စုဆိုရင် ဘယ်တစ္ဆေမှ မလှန်ရဲဘူး။ ကွင်းပိုင်ကြီး ပါဝါနဲ့ အနိုင်ကျင့်လား ကျင့်ရဲ့၊ အပိုင်နယ်ချဲ့လား ချဲ့ရဲ့  တစ္ဆေကျောမွဲ ပရတန်းစားတွေ သိန်းနဲ့ ချီပြီး ရှိနေပစေ၊ အဲဒီနေရာကို သူတို့ လိုချင်ရင် ကွင်းပိုင်ကြီး အာဏာနဲ့ ကျူးကျော်လို့ အမည်တပ်ပြီး အကုန်မောင်းထုတ်ပစ်တာ ပြီးရင် ကွင်းပိုင် ဧရိယာ မကျူးကျော်ရဆိုပြီး ဆိုင်းဘုတ်ထောင်ပစ်တယ်။ ကွင်းပိုင် မီဒီယာကလည်း ပရလောကဘဏ္ဍာနဲ့ ချဲ့ချင်တိုင်း ချဲ့ လိမ်ချင်တိုင်းလိမ်ပြီး သူတို့အာဏာစက် ဖြန့်ကြက်ရေးအတွက် အသုံးချတယ်ဗျာ။ လူ့လောကမှာတောင် ပွင့်လင်းမြင်သာတဲ့ ခေတ်ကိုဖော်ဆောင်နေပြီ။ ပရလောက, ကကောင်တွေကို ပရသားတွေ အမှောင်ချထားတဲ့ သောက်ကျင့်ကို မဖျောက်နိုင်သေးဘူးဗျ။ ဒါ Conservative ပဲဗျ။” “ဟေ့ကောင်တွေ သောက်စည်းကမ်းမရှိတဲ့ကောင်တွေ”

အသံဩကြီး ဖြတ်ဝင်လာလို့ ငပေတိုးတို့ စကားပြတ်ပြီး အသံလာရာဆီကြည့်လိုက်တယ်။ တောင်ဘက်ခရေပင်ဆီက မို့ ခရေပင်စောင့် ရုက္ခစိုး အိပ်မရလို့ ထအော်တာဆိုတာ ရုက္ခစိုးကြီးသိပြီ။

“ကဲ…ကဲ…ငပေတိုး အိပ်ရာပြင်ပေတော့ အဲဒီကောင်က ခေတ်ကြမ်းပေါက်ကျိုးထဲကနေ တိုးထွက်လာပြီး အာဏာရပါတီ ကြီးမှာ လူကြီးဖြစ်ရာ သေလို့ ရုက္ခစိုးဖြစ်လာတဲ့ကောင်ကွ ငါသိပ်စကားမပြောချင်ဘူး။” “ဟုတ်…အဘ ခြင်ဆေးခွေ ထွန်းဦးမလား” “ တော်ပါတော့ကွာ ခြင်ဆေးနံ့ကြောင့် ခြင်ရော ရုက္ခစိုးပါ မူးသွားမှ ခြင်ကိုက်သက်သာတာ ဘာမှမထူးဘူး ခြင်ထောင်ပဲထောင်လိုက်” “ဟုတ်ကဲ့ အဘ”

 

“ရို့….ရို့” “ ငါတို့လောက xxx ငါတို့ဘဝမှာ ဘယ်ကလာလာ xxx ဒီနေရာရောက် ဒီစိတ်ပေါက်ရင် xxxx နောက်ချန်အတိတ် နောက်မှာ ချိတ်ခဲ့ ပစ္စက္ခမှာ  ဘာတွေလုပ်မလဲ xxxx ရို့ ….ရို့xxxx ငါကသရဲပဲ ဗြဲခနဲ ခြောက်လှန့် xxxxx သူများလန့်ရင် ကျေနပ်တယ်မလား” “သွားသေလိုက်ကွာxxxxx တစ္ဆေဆိုတာ နေရာမှားပြီ ကားခနဲ ငရဲကျ xxxx ငရဲဘဝဆိုတာ သေချာနေပြီ မရေရာမသေချာ နေစရာ နတ္တိ ဘာမှမှရှိတာ သေချာနေပြီ xxxx သဘာဝအသိ ဘာမှမရှိရင် ရှိအောင်လုပ်ကြxxxxx ကိုယ့်ဒုက္ခကိုယ် ဘယ်လိုသိမ်းမလဲ xxxဘယ်လို ထိန်းမလဲxxxxxx  ငပိန်းတစ္ဆေမင်းဖြစ်နေမလား ဟားးးဟ ငါကတော့ နိုး အဆိုးအကောင်း အကျိုးအကြောင်း ဆပ်စပ် တစ္ဆေဒဿနတွေ ငါဖွင့်ချပြီ xxx သင့်နှလုံးသားကို ပြစ်လိုက်ပါ…..ယို့…….ယို့……ဘာတဲ့…..ယို့…..ယို့”

“ဟိတ်ကောင်!!!!!!!!!”

“ဘာ….ဘာကိစ္စလဲဗျ။ ရုက္ခစိုးကြီးမရှိဘူး။” “သူမရှိလည်း မင်းရှိနေတာပဲ မင်းတို့ အပင်က လုပ်အားပေးတစ်ယောက်စာရင်းပေး” ဘယ်လိုကြည့်ကြည့် ဘာရုပ်မှမပေါက်တဲ့ တစ္ဆေကောင်က ဟိန်းလားဟောက်လားနဲ့ ငပေတိုးလည်း နည်းနည်း ချဉ်သွားပြီး “နေပါဦး မင်းက ဘာကောင်လဲ” “ရာပင်မှူးကွ” “ဘာ….မှူး” “ရာပင်မှူး အပင်တစ်ရာကို အုပ်ချုပ်တဲ့ ရာပင်မှူးကွ” “ ဟင်း မင်းတို့ဟာကလည်း ဘယ်ဘဝရောက်ရောက် လွတ်ကို မလွတ်ပါလား ငါ့နှယ်၊ ဘာလုပ်အားပေးလဲ၊ ဘာလုပ်ရမလဲ၊ ဘယ်တော့လဲ ဘယ်အချိန်လဲ” ရာပင်မှူးတစ္ဆေက “ဒီနေ့ည (၁၂)နာရီကျော်တာနဲ့ ကွင်းထဲမှာ စုရပ်လုပ်မယ်၊ကွင်းပိုင်ကြီးသွားတဲ့လမ်းမှာလူတွေ တဲလာထိုးပြီး နေနေကြတာ များနေပြီ ကြာရင် ကွင်းပိုင်ကြီး ဘုံပျောက်တော့မယ် အဲဒီလူတွေကေို ငါတို့က အင်အားသုံးပြီး ခြောက်လှန့်ထုတ်ပစ်ရမယ်ကွ” ဟုပြောပြီး ကော့လန်ကော့လန်နဲ့ နောက်တစ်ပင်ကို ထွက်သွားတဲ့ တစ္ဆေကို ငပေတိုးက ဘုကြည့်ကြည့်ပြီး မကြားတကြား အသံနဲ့

“အေးပါ တီးလုံးပြောင်းနေပြီ ကကြိုး မပြောင်ချင်သေးတဲ့ မင်းတို့ကောင်တွေ ဘယ်တော့ စင်ပေါ်က ဆောင့်ကန်ချခံရမလဲဆိုတာကြည့်နေ”

ဆက်လက်ဖော်ပြပါဦးမည်။ မျှော်………………………… :mrgreen:

အားလုံးကိုလေးစားတဲ့

Paing Lay

Credit to- လျှာတစ်လစ်

5 comments

  • Paing Lay

    March 5, 2014 at 9:36 pm

    သဂျီးတို့ နောင်တော်အလင်းဆက်တို့ရေ အနော်မှားတာရှိရင် ထောက်တော်မူကြပါဦးးးးးးးး :mrgreen:

  • alinsett (gazette)

    March 6, 2014 at 9:08 pm

    အဟိ…
    ထောက်ပြရရင်တော့….
    (မှားတာရယ်လို ့မဟုတ်ပေမယ့်… )
    ပိုစ့်တစ်ပုဒ်လုံးက စာသားတွေကို… blockquote ထဲ..ထည့်ထားမိတော့….
    ဖတ်ရတာ.. စာသားတွေ..ပူးကပ်နေတယ်.. ။
    ဖတ်ရတာ..မောတယ်… ။ မျက်လုံးညောင်းတယ်.. ။
    😆
    ပြီးတော့.. တချို ့.. ဟန်းဆက်ကနေ ဖတ်ရတဲ့သူတွေ ဆီမှာ…
    အဲဒီလို.. blockquote ထဲ..ရောက်သမျှ စာသားတွေ..တစ်လုံးမှ …မပေါ်….
    မမြင်ရ / ဖတ်မရ….

    ကျနော့် ဟန်းဆက်မှာ..လက်တွေ့ဖြစ်နေတာ… ။

    ဆိုတော့…ဂါ……

    နောက်တစ်ခါပိုစ့်ကျရင်… ပိုစ့်တစ်ပုဒ်လုံး blockquote ထဲ..ထည့်မထားရင် ပိုကောင်းမယ်..လို ့…

    :kwi:

  • Paing Lay

    March 7, 2014 at 9:14 pm

    ကျေးဂျူးကမာ္ဘ ဆိုင်ရော 😆

  • ရာမည

    March 16, 2014 at 6:58 pm

    အရေးအတွေးများကို နှစ်သက်အားရပါတယ်ခင်ဗျာ

Leave a Reply