တစ္ဆေ တစ်ကောင်ရဲ့ ဒဿန- (ဒုတိယပိုင်း)

Paing LayMarch 6, 20141min801

ရာပင်မှူး ပြန်သွားပြီးကတည်းက တစ်နေကုန် သုန်မှုန်နေသော ငပေတိုး ကို အပြင်က ပြန်လာတဲ့ ရုက္ခစိုးကြီး လှမ်းကြည့်ပြီး အံ့ဩသွားတယ်။ ခါတိုင်းဆိုရင် အမြဲတက်ကြွနေတဲ့ကောင် အပင်ခွကြားမှာ ထိုင်ပြီး မှိုင်နေတယ်ဆိုတော့……

“ဟေ့ကောင်…..ပေတိုး” “ ဟာ….အဘပြန်လာပြီလား” “အေးကွာ…လမ်းမှာလည်း ကားတွေလည်း ကျပ်နေတော့ သွားရလာတာရတာ အချိန်ကုန်ပြီး စိတ်ပင်ပန်းတဲ့ ဒုက္ခကပိုဆိုးသကွ၊ ကဲ….ရေနွေးလေးလုပ်ပါဦး” “ဟုတ်…အဘ” “အပေါ်မှာလား အောက်မှာလား အဘ” “အောက်ကိုယူလာခဲ့” ငပေတိုးရေနွးနဲ့  အမြည်းကို ယူလာပြီး ဘေးမှာဝင်ထိုင်လိုက်တယ်။

“ဒီနေ့ဘာထူးသေးလဲ” “ရာပင်မှူးဆိုတဲ့ကောင်လာတယ်…..လုပ်အားပေးတဲ့” “ ဟေ….ဘာအတွက်တုန်း” “ ကွင်းပိုင်ကြီး လမ်းပေါ်မှာလာပြီး တဲထိုးနေတဲ့ ကျူးကျော်တွေ မနေနိုင်အောင်ခြောက်လှန့်ပေးရမယ်တဲ့ အဘ” “ဘယ်တော့လဲ” “ဒီညအဘ” “ အေးကွာ….သွားပြီး လုပ်စရာရှိတာ လုပ်ပေးလိုက်ကွာ ပြဿနာမဖြစ်စေနဲ့” “ ဒါပေမယ့် ကျွန်တော်မလုပ်ချင်ဘူး အဘရာ တစ္ဆေဆိုတာ ခြောက်လှန့်တတ်တဲ့ အလုပ်ကတော့ ရိုးရာအလုပ်ပဲ ခက်တာက သူတပါးကို အကြောက်တရားနဲ့ အနိုင်ယူလွှမ်းမိုးတဲ့ အလုပ်မျိုး အတော်မုန်းတယ်။ ဘယ်သူ့ကိုမှလည်း မခြောက်လှန့်ချင်ဘူး။ ကျွန်တော့်ကိုလည်းလာမခြောက်နဲ့ မကြိုက်ဘူး” “အေး အဲဒါမင်းစရိုက်၊ အများနဲ့ လုပ်ရမယ့် အလုပ်ကတော့ စိတ်ကြိုက်မဖြစ်နိုင်ဘူးကွ၊ လောလောဆယ် ဝတ္တရား အရ လုပ်ရမှာပဲ။ အမှန်အတိုင်းပြောရရင် ငါလည်း မကြိုက်ဘူး။ မင်းရှေ့က ငါ့ဆီမှာ နေသွားတဲ့ သရဲတစ်ကောင်ဆိုရင် အပင်အောက်က ဖြတ်သွားသူတိုင်းကို ခြောက်ပြီး လူကြောက်ပြီး ပြေးရင် အရမ်းသဘောကျတာ။ ငါသဘောမကျလို့ မောင်းထုတ်ပစ်လိုက်တယ်။ အလကားကောင် အရေမရမဖတ်မရ။” “ ဟုတ်တယ် အဘ၊ အဘနဲ့ ကျွန်တော်နဲ့က စိတ်သဘောထားချင်းတိုက်ဆိုင်တယ်။ ကံမကောင်း အကြောင်းမလှလို့ တစ္ဆေဖြစ်ရပါတယ်ဆိုမှ အမွေးတွေ ရှည်လာပြီး အစွယ်တွေသာ ရှည်ထွက်လာမယ် အဲဒီဘဝက ကျွတ်မှာမဟုတ်ဘူး” “ သိပ်ဟုတ်သပေါ့ကွာ။ တစ္ဆေတိုင်း မင်းလို စိတ်ထားနိုင်ရင် ပရလောကကြီးက တကယ့်ကို နေပျော်စရာကြီးပေါ့ အေးအေးးး လောလောဆယ် ဝတ္တရား အရ လုပ်ပေးလိုက်ဦးပေါ့ကွာ” “ ဟုတ်ကဲ့အဘ ဒါဆို ကျွန်တော်သွားလိုက်ဦးမယ်” “အေး ငါလည်း ပင်ပန်းလို့ နားလိုက်ဦးမယ်”

အဝေးက လှမ်းကြည့်ရုံနဲ့တင်  ရုတ်ရုတ်သည်းသည်း မြင်နေရတဲ့ တစ္ဆေလုပ်အားပေးအဖွဲ့ ကို ငပေတိုးစိတ်ကုန်နေမိတယ်။ ကွင်းကြီးပတ်လည်မှာလည်း ရုံးတွေအများကြီးမှ အများကြီး။

တစ္ဆေသရဲ ဘဝဆိုတာ ဟိုတုန်းက တောပုန်းဓားပြဘဝနဲ့ ဘာထူးတုန်း။ အရေအတွက်လည်း နည်းသေးတော့ ရေကြည်ရာမြက်နုရာ နေနေကြရတာပါ။ အခု ခေတ်တွေလည်း ပြောင်းလာလို့လားမသိဘူး တစ္ဆေ N.G.O တွေ ခေါင်းစဉ်မျိုးစုံနဲ့ အသီးသီးပေါ်ပေါက်လာတယ်။လောလောဆယ် ပရလောကသားတွေ ရုံးပေါက်လို့ ခေါ်တဲ့ ဒီဘောလုံးကွင်းကြီးပဲ ကြည့်ပါဦးတော့ ကွင်းပိုင်ကြီးရဲ့ ဂေဟာကိုဖယ်လိုက်ရင် ဒီဘက်မှာ တစ္ဆေဖူလုံမှုအသင်း၊ နာနာဘာဝ အုပ်ချုပ်ရေးရုံး၊ R.I.P Code လို့ခေါ်တဲ့ တစ္ဆေတရားရုံး၊ တစ္ဆေထိန်းတပ်ဖွဲ့ရုံး အို…..စုံလို့။

ဒီဘက်အခြမ်းကိုလည်း ကြည့်ပါဦး ပြိတ္တာများတိုးတက်ရေးပါတီ(ပရပြည်)၊ သရဲထီးများ ဖွံ့ဖြိုးရေး နှင့် သရဲမများ စောင့်ရှောက်ရေးပါတီ၊ တစ္ဆေဒီမိုကရက်တစ်ပါတီ၊ တောတစ္ဆေလွတ်မြောက်ရေးတပ်ဦး၊ သဘက်ခရက်တစ်ပါတီ၊ မှင်စာစည်းလုံးညီညွတ်ရေးပါတီ၊ ဖုတ်ဘီလူးမျိုးဆက်သစ်ပါတီ၊ ဘာပါတီ….ညာပါတီ …..ချာပါတီ…..စုံလို့ပဲဗျာ…..။

ကျွန်တော် ရုက္ခစိုးဆီ မရောက်ခင်တုန်းက ပါတီတစ်ခုက လာစည်းရုံးဖူးသည်။ မင်းရဲ့ အပင်ခြေကိုင်းမဲ့ဘဝက လွတ်မြောက်ချင်ရင် ငါတို့ပါတီထဲဝင်လိုက် ပါတီဝင်ကတ်ပြား တောင် ရိုးရိုးကဒ်ထူစက္ကူနဲ့ မဟုတ်ဘူး စမတ်ကတ်ကိုင်ရမှာ နေစရာ သစ်ပင်ပေးမယ် ဘာညာပေါ့…..။ ငပေတိုုးက ဒါမျိုးစိတ်ဝင်စားတဲ့ကောင်မှမဟုတ်တာ အဲဒီပါတီဝင်ဖြစ်သွားရင် အဲဒီပါတီရဲ့ အမြင်တစ်ခုပဲရမယ်။ ဘယ်ပါတီမှမဝင်တော့ အားလုံးကို ဖြန့်ကြက်ပြီး မြင်နိုင်တယ်။ ဘယ်သူ့ကိုမှ အားနာနေစရာမလိုဘဲ လွတ်လွတ်လပ်လပ် သုံးသပ်နိုင်တယ်။ ငပေတိုးက ဒီလိုတစ္ဆေမျိုးဆိုတော့ ပါတီတစ္ဆေတွေနဲ့ နည်းနည်းလိုုင်းကွဲတယ်ပေါ့။ ဒါကြောင့်လည်း မကြီးပွားတာလို့ သုံးသပ်လို့ရတယ်။တစ္ဆေလူကြီးတွေနဲ့ သင့်မြတ်အောင်ပေါင်းပြီး နေရာတွေရ အခြေတကျ တွေဖြစ်လို့၊ သူတစ်ကောင်ပဲ ဟိုဟာ မှတ်တယ် ဒီဟာမှားတယ် နဲ့ တော်ကီလျှောက်ပွားနေလို့ သောက်မြင်ကပ်ပုဒ်မနဲ့ ချောင်ထိုးခံထားရတာ။ ဒီကြားထဲ အနေအထိုင်မတတ်ဘဲ အမှန်တရားဘက်က ဝင်ဝင်ရပ်ပြီး တစ္ဆေဘာမထီ ဝင်လုပ်လို့ တောထုတ်ခံရရော။ သတင်းမီဒီယာတွေကလည်း ငပေတိုး အကျင့်မကောင်းတဲ့ကောင်လိုလို ဘာလိုလို သတင်းလွှင့်ခံရပြီး ငပေတိုးကို ဘယ်သူမှ လက်မခံရဲကြတော့ဘူး။ ဒီလိုနဲ့ တမာပင်ရုက္ခစိုးကြီးရဲ့ အိမ်တော်ပါ ကျွန်ရင်းကြီးဘဝနဲ့  အခစားခွင့်ရလိုက်တယ်လေ။

ငပေတိုး တမာပင်ကို ရောက်ခါစက ရုက္ခစိုးကြီး နာမကျန်းဖြစ်နေချိန်ပါ။ ဒါပေမယ့် ငပေတိုးက ကြည့်မနေနိုင်ဘဲ ဆေးမြစ်ဆေးရွက်တွေ ပြုတ်တိုက်ရင်း ကုရတာပေါ့ သူအရင်နေခဲ့တဲ့ ဆရာဝန်တစ္ဆေ၊ ဗိန္ဒောတစ္ဆေတို့နဲ့ လက်ပွန်းတတီးနေခဲ့ဖူးတာကိုး။ သူနဲ့ တစ်ကိုင်းတည်း အိပ်ဖူးတဲ့ ရုက္ခမူ တိုင်းရင်းဆေးဆရာ တစ္ဆေကြီးနဲ့လည်း ညအိပ်ရာဝင်ပုံပြင်တွေ နားထောင်ရင်း နားရည်ဝလာတယ်။ နောက်တော့ ဆေးကျမ်းအလင်္ကာတွေ တက်ကျွမ်းလာတဲ့ အထိပဲဆိုပါတော့။ ဒီလိုနဲ့ သူက ကျွန်တော့်ကို သဘောကျသွားပြီး အိမ်တော်ကျွန်ပါ စာရင်းသွင်းလိုက်တယ်ပေါ့ဗျာ။

“ဟေ့ကောင် မင်းဘယ်သူလဲ”

လှမ်းမေးသံကြားလို့ ငပေတိုးကြည့်လိုက်တော့ ၁၅၀ဝ တန်ဖုန်းကို ခါးမှာချိတ်ထားပြီး စီးကရက်ကို ဟန်ပါပါခဲထားတဲ့ တစ္ဆေတစ်ကောင်မြင်တော့…..

“ကျုပ်ကိုမေးတာလား” “အေး မင်းကိုမေးနေတာ” “ ကျုပ်က တမာပင်တစ္ဆေ” ဆိုတော့ ခါးထောင်ပြီး တစ္ဆေဖိုင်ကို လှန်ကြည့်လိုက်တယ်။ “ဪ ရာပင်မှူး ငတအုပ်စုထဲက တစ်ယောက်လိုနေတဲ့ကောင်ပဲ။ ဟုတ်ပြီး မင်းအုပ်စုက ဟိုး တဲတန်းရဲ့ အရှေ့ဘက်ကျတယ်။ သွားးးးသွား အဲဒီမှာ ရာပင်မှူးရှိတယ်သူ့ဆီ သတင်းပို့ပြီး သူတာဝန်ပေးတာလုပ်နောက်ကျနေပြီ”

ငပေတိုးလည်း ဘာမှမပြောချင်ပေမယ့် ကျူးကျော်တဲတန်းများရှိရာကို လှမ်းကြည့်ရင်း သက်ပြင်းချမိသည်။ လူတန်းစေ့မနေရတဲ့ ဘဝကိုဘာကြောင့်များ ကုတ်ကက်ဖက်တွယ်နေရပါလိမ့်။ ညီမျှခြင်းမပါတဲ့ သင်္ချာတစ်ပုဒ်ကို ဝဋ်ကြွေးဆိုတဲ့ အဓိပာယ် ဖွင့်ဆိုချက် တစ်ခုတည်းနဲ့ တွက်ချက် အဖြေရှာနေရတဲ့ဘဝ အခန့်မသင့်ရင် အာဏာ ပါးကွက်သားတွေရဲ့ ရိုက်ပုတ်ချုပ်နှောင်ခံရတဲ့ဘဝ၊ မင်းသားဖြစ်ရင်တောင် စိုင်းထီးဆိုင်ရဲ့ ပလက်ဖောင်းမင်းသားဖြစ်နေရတဲ့ဘဝ၊ ငတ်ခြင်းနဲ့ ပြေးတမ်းလိုက်တမ်း ကစားရတာကို အသက်ရှင်ချင်သေးတဲ့ဘဝ ငါ့နှယ် မင်းတို့ထက် နှိုင်းစာရင် ငါလိုတစ္ဆေကမှ နေရာျကနေသေးပါလား။

ငပေတိုးလည်း တဲတန်းရှေ့က ဖြတ်လျှောက်လာရင်း တစ်နေကုန်ဆင်းရဲ ပင်ပန်းမှုတွေနဲ့အိပ်မောကျနေတဲ့ လူတွေရဲ့ ဘဝကိုမြင်ပြီး ရင်မောလာတယ်။ ဘယ်တုန်းကမှ နေမထွက်ခဲ့သလို ဘဝနေဝင်ချိန်ဆိုတာလည်း ရှိလာမှာ မဟုတ်တော့ သန်းခေါင်ထက် ညဉ့်မနက်ဘူးဆိုတာ ဒါပဲလား၊ ဆန်ကောဆင်နင်းလို့ တိုးပြီး ပြားမသွားဘူးလို့ မရေမရာတွေးရင်း ဒီလိုသောကနဲ့ အိပ်မောကျနေတဲ့ သူတွေကို ဒုက္ခပေးဖို့ ဝတ္တရား အရ လုပ်ရမယ်ဆိုရင်တောင်မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။

“တော်ပြီကွာ….ဒီလူတွေကို ခြောက်လှန့်ဖို့ စုရုံးတဲ့ တစ္ဆေတွေထဲမှာ ငါမပါဘူးကွာ။ ခြောက်ချင်တဲ့ကောင်ခြောက် မခြောက်ဘူး” ထိုအချိန်တွင်…..

အမျိုးသမီးကြီးတစ်ဦး ထမီရင်ရှားနှင့် ထွက်လာပြီး သူ့ခြေထောက်နားမှာ အပေါ့စွန့်သွားသည်။ စိတ်ထဲမှာ ရှောင်ချင်တာမျိုး ထခုန်ပစ်ချင်တာမျိုးရှိပေမယ့် သူ့ကြောင့ ်အမျိးသမီးကြီး လှန့်သွားမှာကို မလိုလားတဲ့ အတွက် ကြိတ်မှိတ်ပြီး ငြိမ်နေလိုက်တယ်။ ခြေထောက်မှာ ပူနွေးလာပြီး …..

“အဲ….တော့……”

ရှုးပေါက်နေတဲ့ အမျိုးသမီးကြီးက အထိတ်တလန့်ဖြင့် ထကြည့်သည်။ တစ္ဆေကြီးကြပ်ကန့်သတ်မှုထဲမှာ ကျင်ငယ်ရည်ကိုရှောင်ရမယ်။ ကျင်ငယ်ရည်ထိရင် မူလရုပ်သွင်ပြန်ပေါ်တတ်တယ်ဆိုပဲ။ အမျိုးသမီးက သူ့ကိုမြင်သွားပြီး……

“နင်….နင် တစ္ဆေမဟုတ်လား” “ ဟုတ်ပါတယ်ခင်ဗျာ” “ ဟင်….ငါသေးထိုင်ပေါက်တာ ကို နင်မသိလို့လား” “ မဟုတ်ပါဘူး အဒေါ်လန့်မှာဆိုးလို့ပါ” “အောင်မာ တစ္ဆေကများ ငါ့ကို လန့်ရတယ်ရှိသေးတယ်” “ဗျာ!!!!!!” “ အဒေါ်က တစ္ဆေမကြောက်ဘူးပေါ့”  “ ဒီမှာ ငါတို့ မရှိဆင်းရဲသားတွေ ဘဝမှာ တစ္ဆေထက် ကြောက်စရာကောင်းတဲ့ ဒုက္ခတွေ သောကတွေ စိတ်ဖိစီးမှုတွေ အနိုင်ကျင့်မှုတွေ မတရားစော်ကားခံရမှုတွေ အများကြီးမှ အများကြီး နင့်လို တစ္ဆေလောက်မပြောနဲ့ အစွယ်တစ်တောင်လောက်ရှိတဲ့ ဘီလူလးလာခြောက်လည်း အဲဒီအစွယ်ကို ထင်းမဆိုက်ပစ်တာ ကံကောင်း” “ဟုတ်….ဟုတ်ကဲ့ပါခင်ဗျ ဒါဆို အဒေါ်လည်း ပြန်အိပ်တော့နော် ကျွန်တော်လည်း ပြန်တော့မယ်” 😀

အဲဒီနောက် ငပေတိုးလည်း ပြန်လာရင်း ရာပင်မှူးတို့ ဒီလူတွေကို ခြောက်လှန်ု့ဖို့ ပြင်ဆင်နေကြတာကိုု မြင်ပြီး ရယ်ချင်လာမိသည်။  ဒီပွဲကတော့ ကြည့်ကောင်းမယ့်ပွဲပဲ လူတွေက ပြန်ခြောက်လို့ တစ္ဆေတွေကြောက်ပြီး ပြန်ပြေးကြမလားဆိုတာ……….။

 

ဇာတ်သိမ်းပိုင်းမျှော်…………………. :mrgreen:

One comment

  • alinsett (gazette)

    March 6, 2014 at 9:13 pm

    ဟယ်ရီပေါ်တာဇာတ်ကားလည်း.. ပြန်မြင်ယောင်သွားတယ်.. ။
    အဟိ.. ။

    အစကနေ…ဒီအချိန်ထိ..ဖတ်လာမိပြီဆိုတော့…
    ဆက်ရန်ကို မျှော်နေပါကြောင်းးး

Leave a Reply