ရေသောက်ခြင်းရဲ့ အကျိုး

manawphyulayAugust 9, 20101min591

ဒေါက်တာ မြင့်ဦး (ဂျီပီ)
တုပ်ကွေးရောဂါ ကုသရာမှာ အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးရတာ အပြင် အရည်များများသောက်ပြီး အနားယူပေးဖို့ တိုက်တွန်းထားတာကို
တွေ့ရှိရပါတယ်။ ရေသောက် ခြင်းဟာ အစွမ်းထက်တဲ့ ဆေးကုသခြင်းတစ်မျိုးဖြစ်တာကြောင့်
ဒီတစ်ပတ်မှာ ရေသောက်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးအာနိသင်တွေကို တင်ပြပေးပါ့မယ်။

ဘာလို့ရေသောက်ဖို့လိုအပ်ပါသလဲ
လူ့ခန္ဓာကိုယ် အသွေးအသားတွေ တည်ဆောက်ထားရာမှာ ၆ဝ ရာခိုင်နှုန်းက ရေဓာတ်တွေ ဖြစ်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်တွေ ပုံမှန်လည်ပတ်နေစေဖို့ ခန္ဓာကိုယ်တစ်ခုလုံးမှာ
ရေဓာတ်တွေ သူ့နေရာနဲ့သူ အချိုးအစားမျှတစွာ ရှိနေဖို့ လိုအပ်ပါတယ်။ သွေးထဲမှာ ရေဓာတ်
၉၅ ရာခိုင်နှုန်းပါဝင်နေရပြီး ကြွက်သားတွေထဲမှာ ၇၅ ရာခိုင်နှုန်း၊
ခန္ဓာကိုယ်အဆီအပြင်တွေထဲမှာ ၁၄ ရာခိုင် နှုန်းနဲ့ အရိုးတွေထဲမှာ ၂၂ ရာခိုင်နှုန်း
ပါဝင်နေပါတယ်။ ဦးနှောက်၊ အဆုတ်၊ အစာအိမ်၊ အူ၊ အသည်း၊ ကျောက်ကပ်စတဲ့
ကိုယ်တွင်းကလီစာတွေထဲမှာလည်း သူ့အချိုးအစားနဲ့ သူ့ရေဓာတ် တွေ ပါဝင်နေကြပါတယ်။
ဆံပင်တွေ လှပပြီး ပျော့ပြောင်းနူးညံ့နေစေဖို့ ရေဓာတ် ၁ဝ ရာခိုင်နှုန်းပါဝင်
ပေးထားရပါတယ်။ အရေပြားတွေ တင်းရင်း နေတာဟာ ရေဓာတ်က ထိန်းပေးထား လို့ပဲ ဖြစ်ပါတယ်။
ရေဓာတ်တွေ ကိုယ်တွင်းကို ရောက်ရှိလာစေဖို့ ရေသောက်ပြီး ဖြည့်တင်းပေးရသလို
အစားအစာနဲ့ အသီးအနှံတွေကို စားသုံးပြီး တော့လည်း ရေဓာတ်ရရှိလာစေနိုင်ပါ တယ်။
တစ်မနက်လောက် ရေမသောက်ဘဲ နေလိုက်ရင် ရေဓာတ်အချိုးအစားတွေ ပြောင်းလဲသွားနိုင်တာမို့
ရေအသက်တစ်မနက်လို့တောင် တင်စား ပြောဆိုကြပါတယ်။
ရေဓာတ်လျော့နည်းရင် ဘာဖြစ်တတ်ပါသလဲ
ရေဓာတ်ဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အညစ်အကြေးတွေကို စွန့်ထုတ်ပေးပါတယ်။ ကိုယ်ခန္ဓာ အပူချိန်ကို ထိန်းညှိပေးပါတယ်။
ဖြည့်တင်းလိုက်တဲ့ ရေတွေဟာ အပေါ့အပါးသွားတာ၊ ချွေးထွက်တာ၊ အသက်ရှူတာ၊
သွားရည်ကျတာတွေကနေတစ်ဆင့် ပြန်လည်လျော့နည်းသွားရပြန်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ
ရေဓာတ်တွေ လျော့နည်း သွားပြီဆိုရင် ကြွက်သားတွေ အဆစ်အမျက်တွေ ကိုက်ခဲလာတတ်ပါတယ်။
ခေါင်းကိုက်၊ ခါးကိုက်နဲ့ ဝမ်းချုပ်လာနိုင်ပါတယ်။ ဆီးသွားရင် အနံ့ပြင်းလာပြီး
အရောင်ရင့်လာတတ်ပါတယ်။ ရေငတ်လာနိုင်ပါတယ်။ ရောဂါဘယတွေ အလွယ်တကူ
ဝင်ရောက်လာနိုင်ပါတယ်။
တစ်နေ့ကို ရေဘယ်လောက်သောက်သင့်ပါသလဲ
လူတစ်ယောက် တစ်နေ့ကို ရေဘယ်လောက်သောက်သင့်သလဲဆိုတာကို ပုံသေနည်းနဲ့ တွက်ချက်ထားတာ ရှိပါတယ်။
ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကိုပေါင်နဲ့ တိုင်းထွာပြီး ၂ နဲ့ စားရင် တစ်နေ့တာ
သောက်သုံးရမယ့် ရေပမာဏ(အောင်စ)ကို ရရှိပါတယ်။ ဥပမာ-ကိုယ်အလေးချိန်ပေါင် ၁၆၀
ရှိတဲ့လူတစ်ယောက်ဟာ တစ်နေ့ကို ရေ ၈ဝ အောင်စ သောက်သုံးဖို့ လိုအပ်ပါလိမ့်မယ်။
ရေတစ်ဖန်ခွက်ဟာ ၈အောင်စရှိတာမို့ တစ်နေ့ကို ရေဖန်ခွက် ၁ဝ ခွက်သောက်သုံးဖို့
လိုပါလိမ့်မယ်။ အားကစားလေ့ကျင့်နေသူဆိုရင် မိနစ် ၂ဝ လေ့ကျင့်ပြီးတိုင်း နောက်ထပ်
ရေတစ်ဖန်ခွက်စီ သောက်သုံးသွားဖို့ လိုပါတယ်။ ကော်ဖီသောက်သူ၊ အရက်သောက်သူနဲ့
ဆီးရွှင်ဆေးသောက်သုံး ထားသူတွေမှာ ရေပိုမိုသောက်သုံးပေးဖို့ လိုအပ်ပါတယ်။
ဖျားနာနေတဲ့သူနဲ့ ဝမ်းပျက်ဝမ်းလျှောပြီး အန်နေတဲ့သူတွေမှာလည်း
ရေကိုပိုမိုသောက်သုံးကြရပါမယ်။
နံနက်အိပ်ယာထရင် ရေအဝသောက်ရမယ်ဆိုတာ မှန်ပါသလား
တစ်နေ့တာ သောက်သုံးရမယ့် ရေသောက်ပုံရေသောက်နည်းကိုအချိန်ဇယားနဲ့ ဖော်ပြပေးရမယ်ဆိုရင် …အိပ်ယာနိုးနိုးခြင်း ရေတစ်ဖန်ခွက်ကို တစ်ကျိုက်
တည်းမော့သောက်ရပါမယ်။ ပြီးရင် နာရီဝက်ခြားပြီးမှ နံနက်စာ စားရပါမယ်။ အလုပ်မသွားခင်
နောက်ထပ်ရေတစ်ဖန်ခွက်ထပ်သောက်ဖို့ လိုအပ်ပါတယ်။ အလုပ်လုပ်နေရင်း နံနက် ၁၁ နာရီ
လောက်မှာနောက်ထပ် တစ်ဖန်ခွက် ထပ်သောက်ရပါဦးမယ်။ နေ့လယ်စာစားသုံးအပြီး ရေတစ်ဖန်ခွက်
ထပ်သောက် ခြင်းအားဖြင့် အစာကြေဖို့ လွယ်ကူသွားပါတယ်။ ညနေ ၄ နာရီလောက်မှာ
လန်းဆန်းသွား အောင် နောက်ထပ် ရေတစ်ဖန်ခွက်သောက်ဖို့ သင့်ပါသေးတယ်။ အိပ်ယာမဝင်ခင်
နာရီဝက်လောက်ကြိုပြီး ရေတစ်ဖန်ခွက် သောက်သုံးထားခြင်းအားဖြင့် သွေးကြောအတွင်း
သွေးခဲစေမှု တွေကို တားဆီးနိုင်ပါတယ်။ အဝလွန်သူများ ရေသောက်ခြင်းအားဖြင့်
ကိုယ်အလေးချိန် ကျဆင်းစေနိုင်ပါတယ်။ ကိုယ်နဲ့ တစ်ပါတည်း သောက်ရေသန့်ပုလင်းတွေ
ဆောင်ယူထားပြီး တစ်နေ့တာအတွက်လိုအပ်တဲ့ သောက်သုံးရေတွေကို အချိန်ဇယားဆွဲပြီး
လုံလုံလောက်လောက် သောက်သုံးကြဖို့ သင့်ပါတယ်။ ရေသောက်ခြင်းကို ကျန်းမာရေး Life
Style တစ်ရပ်အနေနဲ့ ခံယူပြီး ပုံမှန်သောက်သုံးကြမယ်ဆိုရင် ရာသီတုပ်ကွေးလို
ရောဂါမျိုးကို ပျောက်ကင်းအောင် ကုသနိုင်ရုံသာမက လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ
ပုံမှန်လည်ပတ်ပြီး အသက်ရှည်နိုင် ပါကြောင်း ဆွေးနွေးတင်ဆက် ပေးလိုက်ရ
ပါတယ်။

One comment

  • moesung

    August 9, 2010 at 11:56 am

    အထက်ဖော်ပြပြပါရေသောက်နည်းအတိုင်းသောက်ရင်ဘယ်လိုအကျိုးကျေးဇူးများခံစားရမလဲဆိုတာဖော်ပြပေးပါ။၊

Leave a Reply