ကားတစ်ချက်ဆောင့်သွားသည်။

တင်ပါးတစ်ခုလုံးကြိမ်းသွားသည်။ တစ်ခြမ်းလေးနဲ့ထိုင်လာပါတယ်ဆိုမှ နောက်တစ်ခြမ်းကိုလာထိဖြစ်အောင်ထိသေးသည်။ မုံရွာ-ရေဦးလမ်းတစ်လျှောက် ခြေထောက်ချမရသော အဝေးပြေးကားကြီးကို စီးရင်းနှင့် ကိုရင်စိုင်းတစ်ယောက် တန့်ဆည်သို့ တစ်ရွေ့ရွေ့ချီတက်လျက်သား။

+++++++++++++++++++++++++++++++++++++

ကိုရင်စိုင်းတစ်ယောက် ညာဘက် ခြေသလုံးကို အသာဆန့်လိုက်သည်။ လက်တစ်ဖက်တွင်ကား ပလိုင်ယာကိုကိုင်လျက်သားနှင့်..။

ဟော… တွေ့ပါလေပြီ။ ဒီသကောင့်သားကို။ ဖြူလွလွနှင့် လူကို စပ်ဖြီးဖြီးကြီးကြည့်နေသည်။ ကိုရင်စိုင်းတစ်ယောက်လဲ ပလိုင်ယာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အားပါးတရ ဇွတ်ကနဲ ထိုးထည့်လိုက်သည်။ တစ်ချက်လွတ်သွားသည်။ နောက်တစ်ချက်တွင်မတော့ တစ်ပိုင်းတစ်စပါလာသည်။ နောက်ဆုံးအနေနှင့် အံကိုတင်းတင်းကြိတ်ပြီး ပလိုင်ယာကိုဇွတ်ထိုးထည့်လိုက်ပြီး ဘယ်/ညာလှည့် မွှေလိုက်သည်။

နောက်ဆုံးတွင်မတော့ ပလိုင်ယာအသွားနှစ်ခုကြားတွင် သကောင့်သား ဖြူစုပ်စုပ်စပ်ဖြီးဖြီးကြီးနှင့်ပါလာသည်။ ခြေသလုံးတွင်မတော့ အခေါင်းပေါက်ကြီးဖြစ်ကျန်ရစ်သည်။ တပ်တွင်းဆေးခန်းမှတောင်းထားသည့် မြူဇောပါတ်တီးစကိုထိုးထည့်ပြီး ပလာစတာနှင့် ပိတ်ထားလိုက်သည်။

တစ်ကယ်ပါ။ မနေ့က ကိုရင်စိုင်းတစ်ယောက် ဒင်းကြောင့် အရှက်လုံးလုံးကွဲခဲ့ရလေသည်။

+++++++++++++++++++++++++++++++++++++

” မောင်စိုင်း… မင်းမှာ အပြစ်ရှိသလား၊ မရှိဘူးလား”

သင်္ချာဆရာမ ဒေါ်ခင်မြတ်လတ်မှ တုတ်တစ်ချောင်းကို ကိုင်ထားပြီးမေးသည်။

ကိုရင်စိုင်းမှာ ၀န်မခံချင်သော်လည်း အထွန့်တက်သည်ထင်မှာ စိုးသည်နှင့်..

” ဟုတ်ကဲ့… ကျွန်တော့်မှာ အပြစ်ရှိပါတယ်ဆရာမ”
” အေး.. ဒါဆို မင်းကို ဆရာမ အပြစ်ပေးရမယ်.. ခုံပေါ်တက်စမ်း”


ရော်… ခက်တော့နေချေပြီ၊ ကိုရင်စိုင်းတစ်ယောက် လူအများကြားအပြစ်ပေးခံရတော့မည်။ တစ်ခြမ်းထဲထိုင်ထားသောတင်ပါးကို ကြွလိုက်ပြီး အတန်းရှေ့ထွက်လိုက်သည်။

“ကိုင်း… ကျောက်သင်ပုန်းကို လက်ပိုက်ပြီး မျက်နှာမူလိုက်”

ဂလောက်ဆို ကိုရင်စိုင်းတစ်ယောက် အနည်းငယ် သဘောပေါက်သွားပြီ။ ပြောရန်လည်း အတော်လေးနောက်ကျသွားလေပြီ။ မတတ်နိုင်တော့။ တင်ပါးလေးကိုသာ အသာလေးမြှောက်ထားလိုက်သည်။ ခြေသလုံးပဲ ဖြစ်ပါစေတော့ပေါ့။ ဆုတောင်းမှားသွားသည်။

” ရွှမ်း…..”

အသံနှင့်အတူ ဆရာမလက်မှ တုတ်သည် တင်ပါးသို့ တည့်တည့်မတ်မတ်ကြီးကျလာလေသည်။

နာတော့နာသည်။ ၀မ်းလဲသာသွားသည်။ နည်းနည်းလေးလွဲသွားသောကြောင့်ဖြစ်သည်။ ပြီးပြီမှတ်နေတုန်း နောက်တစ်ချက်ကျလာပြန်သည်။ နည်းနည်းအောင့်သွားသည်။

နောက်ဆုံးတစ်ချက်တွင်မတော့ အသံနှင့်အတူ..

ကိုရင်စိုင်းပုဆိုးတစ်ခုလုံး တင်ပါးတွင် သွေးများနှင့်ရွှဲရွှဲစိုသွားတော့သည်။

+++++++++++++++++++++++++++++++++++++

“ဟင်” ခနဲ၊ “ဟာ” ခနဲ အသံများနှင့်အတူ အတန်းတွင်းမှ ကျောင်းသူ၊ ကျောင်းသားများ အာမေဋိတ်သံများနှင့် ပါးစပ်အဟောင်းသားများဖြစ်သွားပြီး ဆရာမ အရိုက်ကြမ်းပုံကို ကြောက်သွားကြသည်။

” အမငီး.. တစ်ကယ့်ကို အတွင်းအားအပြည့်နဲ့ ရိုက်တာပါလား” ဟု

ဆရာမဒေါ်ခင်မြတ်လတ်သည်လည်း လက်တွင် တုတ်ကိုကိုင်ပြီး အံ့အားသင့်စွာဖြင့် ငေးကြောင်ကြည့်နေရင်း နောက်တစ်ချက်ရိုက်ဖို့ပင် မေ့သွားပြီး ကိုရင်စိုင်းပုဆိုးမှ တစ်စိမ့်စိမ့်စီးဆင်းကျနေသော သွေးများကိုကြည့်ရင်း အသက်ရှူဖို့ပင်မေ့သွားလေသည်။ အနှစ်နှစ် အလလက ကြိတ်ကျင့်ကြံခဲ့သော အတွင်းအားကျင့်စဉ်များ လက်စွမ်းပြလေပြီဟု ထင်သွားသောကြောင့်လည်း ဖြစ်ပေမည်။

တစ်နည်းအားဖြင့်လည်း ကိုရင်စိုင်းအတန်းပိုင်ဆရာမ၏ အသည်းကျော် ကိုရင်စိုင်းအား ဒါဏ်ပေးသည်မှာ လက်လွန်ခြေလွန် ဖြစ်သွားသဖြင့် ပုတော့ နုတယ်ဟု အမြဲကြွေးကြော်သော ဆရာမ ဒေါ်ညွန့်ညွန့်နွယ်၏ ပြစ်တင်ပြောဆိုခြင်းခံရတော့မည်ကို တွေးမိပြီး စိုးရိမ်သွားခြင်းလည်းဖြစ်ပေမည်။

ကိုရင်စိုင်းတစ်ယောက်မှာတော့ အတန်းရှေ့ခုံပေါ်တွင် ခြေထောက်မခိုင်တော့ပဲ ညွတ်ကျသွားလေသည်။

+++++++++++++++++++++++++++++++++++++

ကျောင်းရှေ့တွင် အသင့်စောင့်နေသော ကျောင်းကြိုပို့ KM ကားကြီးဖြင့် ကိုရင်စိုင်းတစ်ယောက် တပ်တွင်းဆေးခန်းသို့ရောက်ပြီး ဆေးထည့်၊ ပါတ်တီးစီးပြီးသည့်နောက် အိမ်တွင် သက်တောင့်သက်သာ နားနေတုန်းရှိသေး မာတာမိခင် ခရီးထွက်ရာနောက် သားကြီး သြရသ အနေနှင့် လိုက်လာရလေသည်။

လမ်းကလဲ အတော်ကြမ်းသည်။ တစ်ခြမ်းမှာ သက်သာကာစရှိသေး၊ နောက်တစ်ခြမ်းမှာ ဒုက္ခပေးလာလေပြန်သဖြင့် ထိုတစ်ခြမ်းမထိအောင် ထိုင်လိုက်လာသော်ငြား ခင်ဦးလမ်းပိုင်းအရောက်တွင်မတော့ လမ်းက မချောတော့သဖြင့် ထိလိုက်၊ မထိလိုက်နှင့် တန့်ဆည်လဲရောက်ရော တင်ပါးတစ်ခုလုံး ဘယ်အရာနှင့်မှ မထိရက်နှိင်တော့အောင်ပင်။

ထိုကစခဲ့သည့် သွေးစုနာ ခုတိုင်အောင် အနာရွတ်ကိုမြင်တိုင်း စိတ်ထဲတွေးမိတိုင်း

ဒင်းကို စိတ်နာနေဆဲ။ ။

စိုင်းကွမ်းခေး
(ခေတ္တလူ့ပြည်)

၀၇-၀၃-၂၀၁၄

https://www.facebook.com/groups/1444717562412936/1465283443689681/?notif_t=like

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..