သူငယ်ချင်းကောင်း မိတ်ဆွေကောင်း

သူရႆဝါAugust 9, 20101min612

အရင်က ရေးခဲ့ဖူးတဲ့ တဂ်ပိုစ့်လေး တစ်ပုဒ်ကိုပဲ ပြန်တင်လိုက်ပါတယ်။ “သူငယ်ချင်းကောင်း မိတ်ဆွေကောင်းများအကြောင်း ဖတ်ကြည့်ကြပါဦး။

“သူငယ်ချင်းကောင်း မိတ်ဆွေကောင်း”

(၁)

မမိုးခါးက “သူငယ်ချင်းကောင်း မိတ်ဆွေကောင်း” ဆိုသော ပို့စ်တစ်ခုတဂ်ပါသည်။ တကယ်တော့ ထိုခေါင်းစဉ် အသွားအလာမျိုးဖြင့် ဆောင်းပါးတစ်ပုဒ် ရေးချင်ခဲ့သည်မှာကြာပြီ။ သို့သော် မရေးဖြစ်ခဲ့။ အခုတော့ ရေးဖြစ်ပါပြီ။

ကျွန်တော် ရေးခဲ့ဖူးတာလေးတစ်ခု ရှိပါသည်။ “သူငယ်ချင်းဆိုတာ ဘယ်တော့မှ နေမဝင်မယ့် အေးအေးချမ်းချမ်း ညနေပျို” ဟူ၍ … ။ ကျွန်တော်က ကဗျာဆရာဆိုတော့ “သူငယ်ချင်း” ဆိုတာကို ထိုကဲ့သို့ ကဗျာဆန်ဆန် တင်စားလိုက်ခြင်းဖြစ်၏။

(၂)

သူငယ်ချင်းကောင်း မိတ်ဆွေကောင်း … ။ ထိုသို့ဆိုလျှင် သူငယ်ချင်း နှင့် မိတ်ဆွေ ကို ခွဲခြားပြောရမည် ထင်သည်။ သူငယ်ချင်း  နှင့် မိတ်ဆွေ  မတူဘူးလားဟုဆိုတော့ (ကျွန်တော့်အမြင်) မတူဘူးဟုပင် ထင်ပါသည်။

မိတ်ဆွေ ဟူသော ဝေါဟာရတွင် ခင်မင်ရင်းနှီးခြင်း ပါသော်လည်း ပေါင်းသင်းဆက်ဆံခြင်းက ပါချင်မှ ပါလိမ့်မည်။ သူငယ်ချင်း ဆိုတာကတော့ ဒီလိုမဟုတ်။ ခင်မင်ရင်းနှီးခြင်းအပြင် တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံခြင်းကပါ အဓိကကျသော အချက်ဖြစ်၏။ ဒီထက်ပို၍ ပြောရလျှင် သူငယ်ချင်း များသည် ကျွန်တော်တို့၏ တစ်နေ့တာ အချိန်ဇယားတွင်ပင် အတိုင်းအတာတစ်ခု သတ်သတ်မှတ်မှတ်ပေးရလောက်အောင် အရေးပါကြ၏။

(၃)

ကိုယ်ကြုံတွေ့နေရသော နှလုံးသားရေးရာ ပြဿနာ၊ ပျော်စရာ၊ စိတ်ညစ်စရာ စသည်တို့ကို မိတ်ဆွေတစ်ဦးအား ပြောပြချင်မှ ပြောပြမည် ဖြစ်သော်လည်း သူငယ်ချင်း တစ်ဦးဦးကိုတော့ တိုင်ပင်အကူအညီ တောင်းလျှင်တောင်း မိကြမည်။ မိတ်ဆွေတစ်ဦး၏ လုပ်ဆောင်ချက် အချို့အပေါ် ဝေဖန်ရှုံ့ချခြင်း၊ ချီးကျူးထောက်ခံခြင်း လုပ်ချင်မှ လုပ်မည်ဖြစ်သော်လည်း သူငယ်ချင်း တစ်ဦးအပေါ် ၎င်း၏လုပ်ရပ်နှင့် ပတ်သက်၍ စိတ်ဆိုးဒေါသထွက်ခြင်း၊ ကူညီ အကြံဉာဏ်ပေးခြင်းတို့ကို ပြုလုပ်ချင် ပြုလုပ်မိမည်ဖြစ်သည်။ ၎င်းတို့အပေါ် ထားရှိသော စိတ်ခံစားမှု အနေအထား ကွာခြားမှုကပင် သူငယ်ချင်း နှင့် မိတ်ဆွေ ကို ခွဲခြားပစ်လိုက်ခြင်း ဖြစ်သည်ဟု ကျွန်တော် ကတော့ ထင်ပါသည်။

(၄)

ကျွန်တော့်တွင် သူငယ်ချင်း၊ မိတ်ဆွေများစွာ ရှိပါသည်။ မိသားစုနှင့် အနေနည်းသော ကျွန်တော့အဖို့ မိတ်ဆွေ၊ သူငယ်ချင်းများစွာ ရှိသည်မှာ မထူးဆန်းသော ကိစ္စတစ်ခုဖြစ်၏။ တကယ်ပင် သူရဿဝါ ဟူသော လူတစ်ယောက်တွင်၊ ဘုန်းသန့်ကျော် ဟူသော လူတစ်ယောက်တွင် သူငယ်ချင်း မိတ်ဆွေတို့၏ အရေးပါမှုက များစွာပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။

ကျွန်တော့်သူငယ်ချင်းတိုင်းလိုလိုက ကျွန်တော့်ကို သဘောကောင်းသော၊ စိတ်ရှည်သော၊ သည်းခံတတ်သော သူငယ်ချင်း တစ်ယောက်အဖြစ် မြင်ကြသည်။ တကယ်တော့ ကျွန်တော်က အလွန်စိတ်ဆတ်သော၊ စိတ်တိုလွယ်သောကောင် တစ်ကောင်သာ ဖြစ်ပါသည်။

ထိုစဉ်က ကျွန်တော်နှင့်ပေါင်းသော သူငယ်ချင်း ၂၂ ယောက်ရှိသည်။ တစ်ဖွဲ့လုံး ဒဂုံတက္ကသိုလ် ဇူးမေဂျာတွင် တက်ရောက် ကြသူများဖြစ်ပြီး ကျွန်တော်တစ်ယောက်တည်း နည်းပညာတက္ကသိုလ် ကျောင်းသားဖြစ်သည်။ ထို့ပြင် တစ်ဖွဲ့လုံးတွင် ကျွန်တော်က အသက်အငယ်ဆုံး လည်းဖြစ်သည်။ ထို့ကြောင့် ကျွန်တော့်အား သူတို့က ကလေး တစ်ယောက်လို သဘောထားပြီး တစ်ချိန်လုံးစကြ၊ နောက်ကြသည်။ သူတို့က စလေ၊ ကျွန်တော်က ဒေါသထွက်လေ၊ ဒေါသကို နဂါးမီးလျှံတွေလို မှုတ်ပြလေနှင့် သံသရာလည်၏။ သို့သော် ကျွန်တော်ဘယ်လောက် စိတ်ဆိုးပြီး နစ်နာအောင် ပြန်ပြောပစေ၊ ကိုယ်ထိလက်ရောက် ပြန်လည်ကျူးလွန်ပစေ… ကျွန်တော့်အား စိုးစဉ်းမျှပင် ဗွေမယူခဲ့ ကြပါ။

ကြာတော့ ကျွန်တော်တွေးမိလာ၏။ ငါ့ကိုသူတို့က ခင်လို့မင်လို့ စကြနောက်ကြတာပဲလေ… ငါစိတ်ဆိုးလို့ ဘယ် ကောင်းပါ့မလဲ ….. ငါဘယ်လောက်ပြန်ပြောပြော သူတို့လည်းစိတ်ဆိုးကြတာမှမဟုတ်တာ ဟူ၍။ နောက်ပိုင်းကျတော့ သူတို့ကျွန်တော့်ကို ဘယ်လိုပင် စကြသည်ဖြစ်စေ (ယုတ်စွအဆုံး … ကျွန်တော့်ကိုတွေ့၍ မအေနှမ ဆဲနည်းတစ်မျိုးဖြင့် လှမ်းခေါ်လျှင်တောင်) ကျွန်တော် စိတ်မဆိုးတတ်တော့ပါ။ ထိုအသုံးအနှုန်းက ကျွန်တော့်အပေါ် တင်စီးလို၍မဟုတ်ဘဲ ကျွန်တော့်အား ခင်မင်မှုကိုပြသော ဝေါဟာရတစ်ရပ်အဖြစ် ကျွန်တော်လက်ခံထားလိုက်ပါသည်။ ထို့နောက်ပိုင်း ဘယ်သူနှင့် ပေါင်းသင်းသည်ဖြစ်စေ ကျွန်တော့်တွင် ထိုအကျင့်က စွဲကျန်ရစ်ပါတော့သည်။ ယခုလက်ရှိပေါင်းသော သူငယ်ချင်းများက အလွန်စိတ်ဆိုးလွယ်သော ကျွန်တော့်အား သဘောကောင်း၊ စိတ်ရှည်သည်းခံသော သူငယ်ချင်းအဖြစ် မြင်ကြသည့်အတွက် ကျွန်တော် ကျေးဇူးတင်ရမည်မှာ ယခင်ကသူငယ် ချင်းများပင်ဖြစ်သည်။ ၎င်းတို့က ကျွန်တော့်အား အပြုအမူကောင်း တစ်ခုကို တဖြည်းဖြည်းချင်း သင်ပေးခဲ့ခြင်းပင် ဖြစ်သည်။

ကျွန်တော် ကံကောင်းတာတစ်ခုက ကျွန်တော်ကြုံတွေ့ခဲ့ရ၊ ကြုံတွေ့နေရသော သူငယ်ချင်းမိတ်ဆွေ အားလုံးလိုလို သူတစ်ပါးအပေါ် မကောင်းသောစိတ်ထားမျိုး မရှိတတ်ကြသူများ၊ ကိုယ်ကျိုးမကြည့်တတ်ကြသူများ ဖြစ်နေခြင်းပင်။

(၅)

ကျွန်တော်ရေးချင်သည်ကို ရေးလိုက်ရ၍ ကျေနပ်ပါသည်။ ယခုပိုစ့်လေးရေးဖြစ်အောင် တဂ်သော သူငယ်ချင်း မမိုးခါး ကိုလည်း ကျေးဇူးအထူးတင်ပါသည်။ ကျွန်တော့်အတွက်တော့ ကျွန်တော်ပေါင်းသင်းဆက်ဆံနေသော သူငယ်ချင်း၊ မိတ်ဆွေ အားလုံးသည် ဘယ်တော့မှနေမဝင်မည့် အေးအေးချမ်းချမ်းညနေပျို များပင်ဖြစ်ကြပါ သည်။

သူရဿဝါ

ရသစာပေအနုပညာဘလော့ဂ်

2 comments

  • soemoe

    August 9, 2010 at 10:04 am

    တကယ်ပဲ သူငယ်ချင်း နဲ့ မိတ်ဆွေ ဟာ မတူပါဘူး
    သူငယ်ချင်းဆိုတာကတော့ ဘာမှ မပါပဲနဲ့ ရိုးရိုးလေး သံယောဇဉ်ရှိကြတာပါ
    မိတ်ဆွေ မှာတော့ လုပ်ငန်း သဘောတရား တွေ ပါလာပါတယ်…
    ထင်တာပြောတာနော်

  • moesung

    August 9, 2010 at 11:50 am

    ကျျွှန်ကတော့သူငယ်ချင်းနဲ့မိတ်ဆျွှေအတူတူပဲလို့ထင်ပါတယ်

Leave a Reply