စစ်သားဘဝ ပေါက်ကရများ

ယခုတလော သတင်းဂျာနယ်တွေ ဖတ်ရတာ ငြီးငွေ့လာတာရယ် ဖတ်စရာ စာအုပ်လဲ သိပ်မရှိတော့တာရယ်ကြောင့် အရင်ကတည်းက ဝယ်စုထားတဲ့ စာအုပ်တွေထဲ စာရေးဆရာ ဗိုလ်မှူးကြီးသောင်းဝေရဲ့ စစ်သားဘဝအမှတ်တရများဆိုတဲ့ စာအုပ်အတွဲလိုက် ပြန်ဖတ်ဖြစ်နေတယ်။ အဲ့ဒီစာအုပ်အတွဲ ဖတ်နေရင်းလက်စ တချိန်က ကြားဖူးခဲ့ တွေ့ဖူးခဲ့တဲ့ တပ်ထဲက ဖြစ်ရပ်မှန်ဟာသလေးတွေ ပြန်သတိရလို့ ဒီစာလေး ချရေးဖြစ်တာပါ။ သိပ်တော့ ရယ်စရာ မဟုတ်ပေမဲ့ ကျနော်တို့နဲ့ မနီးစပ်တဲ့ လောကက အဖြစ်တွေကို စာဖတ်သူများအတွက် တဆင့်ပြန်လည် ဝေငှလိုက်ပါတယ်။ ကာယကံရှင်တွေလဲ ဒီစာကို ဖတ်မိရင် တချိန်ကအကြောင်းလေးတွေကို ပြန်တွေးရင်း ပြုံးရယ်ဖြစ်မယ် အမှတ်တရဖြစ်မယ် ထင်ပါတယ်။

အင်း ….. ဟယ် ( ပေါက်ကွဲလို့မရဘူး ကြေကွဲလို့ပဲရတယ် )

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်းတစ်ရင်းမှာပေါ့ဗျာ ကျောင်းဆင်းခါစ ဒုဗိုလ်လေးတဦး တပ်ကို ရောက်လာတယ်ပေါ့ ဖြစ်ချင်တော့ အဲ့အရာရှိငယ်က သူများတွေလို ကျောင်းဆင်းပီး အိမ်ကို ခွင့်(၁၄)ရက် မပြန်ရဘူးဗျ။ တပ်က ရှေ့တန်းစစ်ဆင်ရေးနီးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ခွင့်၅ရက်ပဲပြန်ခိုင်းပီး ချက်ချင်းပြန်ခေါ်သတဲ့၊ ဖြစ်ချင်တော့ဗျာ အဲ့ဒီအရာရှိရဲ့ အဖွားက ဆုံးပါလေရော ဒါပေမဲ့ စစ်တပ်ထုံးစံအရ မိဘနဲ့ အုပ်ထိန်းသူကလွဲလို့ ကျန်တဲ့ကိစ္စမှာ ခွင့်မရဘူးတဲ့ ဒါနဲ့ဘဲ အရာရှိငယ်ခမျာ မကျေမနပ်နဲ့ တပ်ကိုပြန်ရောက်လာတယ်ပေါ့။ ဒါပေမဲ့ လူငယ်ဆိုတော့ သိပ်မရင့်ကျက်သေးဘူးဗျ ရောက်ရောက်ချည်း အရာရှိရိပ်သာမှာ အထုတ်ချပီး ငလခွမ်း …. ဘာညာနဲ့ တယောက်တည်း မြည်တွန်ပီး ပေါက်ကွဲသတဲ့ ဒီသတင်းကို တပ်ရင်းမှူးကြားသွားပီး ရုံးခန်းထဲခေါ် ပြောဆိုဆုံးမသတဲ့ (တပ်ရင်းမှူးက မနက်ဖြန် အစည်းအဝေးတက်ပီး ညနေပိုင်း သူ့မိန်းမရဲ့ အစ်ကိုဆုံးလို့ တညအိပ်ခရီးသွားမှာ) အရာရှိ အငယ်လဲဖြစ် ကျောင်းဆင်းခါစ မှင်မခြောက်သေးတဲ့ အရာရှိမို့ တပ်ရင်းမှူးက နည်းနည်းဖိပြောတာပေါ့ ဘာ ….ညာ ပေါ့ မင်း စစ်တပ်မှာ မကျေနပ်တာရှိတောင် အပြင်မှာလို ပေါက်ကွဲလို့ မရဘူး ပေါက်ကွဲချင်ရင် တိုင်ကီထဲခေါင်းဝင်ပီး ပေါက်ကွဲ …. ၊ အဲ့လိုမှ မရရင် တယောက်တည်း ကြေကွဲလို့ဘဲ ရမယ်ဆိုပီး ခပ်နာနာဖိဟောက်သတဲ့၊ ဒါနဲ့ဘဲ အဲ့အရာရှိငယ်လဲ တပ်ရင်းမှူးကို ဟုတ်ကဲ့ပါ တပ်ရင်းမှူးပြော အလေးပြုပီး ပြန်အထွက် အခန်းဝမှာ အစည်းအဝေးတက်ရင် စီးဖို့ ပြောင်နေအောင်တိုက်ထားတဲ့ တိုက်ခိုက်ရေးဖိနပ်ကြီး ထိပ်ပိုင်းကို သူ့စစ်ဖိနပ်နဲ့ တအားတက်နင်းခဲ့သတဲ့၊ မကြာပါဘူး သူလည်းရိပ်သာအရောက် ရုံးခန်းဆီက ဘယ်…..အေ……..သားတွေ ငါ့ဖိနပ်ကို တက်နင်းသွားတာလဲဆိုတဲ့ အသံဝါဝါကြီးကို စူးစူးဝါးဝါး ကြားလေရဲ့ …..။ ရိပ်သာက အရာရှိငယ်တွေထဲမတော့ နောက်ပိုင်းမှာ ပြောစမတ်တခု ဖြစ်ခဲ့လေရဲ့ “ပေါက်ကွဲလို့မရဘူး ကြေကွဲလို့ဘဲရမယ်တဲ့” ။

အသက်ခြင်း လဲပလိုက်မယ် ဘာမှတ်လဲ

စစ်ဆင်ရေကွပ်ကဲမှုဌာနချုပ် ခေါ်တဲ့ ရှေ့တန်းတိုက်ခိုက်ရေး တပ်မတမရဲ့ ရှေ့တန်းစစ်ဗျူဟာတခုမှာပေါ့ဗျာ လမ်းကင်းလို့ သတ်မှတ်တဲ့ စစ်မြေပြင်အင်ဂျင်နီယာတပ်ရဲ့ လမ်းဖောက်လုပ်မှုတခုကို လုံခြုံရေးယူနေရတယ်ပေါ့။ အဲ့ဒီတပ်ရင်း(၃)ရင်း တစ်ဗျူဟာထဲက တပ်ရင်းတရင်းမှာ ကျောင်းပီးစ အလုပ်သင်ဗိုလ်လေး တယောက်က တပ်စုမှူးအနေနဲ့ တာဝန်ယူနေရရဲ့ သူ့တာဝန်က လမ်းဖောက်နေတဲ့ ဘူဒိုဇာကြီးတွေကို ကိုက်(၃၀၀)ပတ်လည် လုံခြုံရေးတာဝန်ယူရသတဲ့ တနေ့မှာတော့ဗျာ အဲ့လမ်းကင်းကို ကျော်ထွက်ပီး ငပွေးလို့ခေါ်တဲ့ KNUက ဒိုဇာသွားမဲ့ လမ်းကြောင်းပေါ် မိုင်းထောင်ပါလေရော၊ မိုင်းကတော့ မကွဲဘူးဗျ BEကလူတွေ ရှာတွေ့သွားလို့ပေါ့၊ ဒါပေမဲ့ စစ်တပ်ထုံးစံအတိုင်း ဗျုဟာမှူးတွေ ဘာတွေ ရောက်ချလာပီး ဩဝါဒ တသီကြီး အပေးခံရတာပေါ့ဗျာ။ အဆင့်လိုက် အဆဲခံရပီးနောက် နောက်ဆုံးတော့ တပ်စုမှူးဗိုလ်လေး အလှည့်ကျတော့ သူ့ခမျာ နောက်လှည့် ဆူစရာဆဲစရာ မရှိတော့ဘူးရယ်။ အရာရှိထဲမှာ သူကအငယ်ဆုံး ဝါအနုဆုံးလေ တပ်ခွဲမှူးကဆူလိုက် တပ်ရင်းမှူးကဆူလိုက် ကြိမ်းလိုက်မို့ ဘာမျှပြန်မပြောသာဘူးပေါ့၊ နေကပူ လူကပင်ပန်း ညဉ့်ကျတော့လဲ ၃နာရီလောက်ဘဲ အိပ်ရတဲ့အပြင် ရိက္ခာကလဲ အူမစို ဒီကြားထဲ ဘူဒိုဇာကြီးကို သူ့အသက်ထက်ပိုလို့ ကာကွယ်နေရရှာတာကိုး။ ဟုတ်ကဲ့ခင်ဗျ နောက်မဖြစ်ရစေပါဘူးခင်ဗျပဲ ထပ်ခါတလဲလဲ ကတိပေးရင်း ခေါင်းငိုက်စိုက်နဲ့ ပြန်လာရတာပေါ့၊ လူအများရှေ့ အဆူခံရလို့ စိတ်လည်းပျက် ဒေါသလဲထွက် ရှက်လဲရှက်တာပေါ့ဗျာ။ ဒါနဲ့ပဲ သူ့တပ်စုဆီပြန်အလာ ဘယ်ကနေဘယ်လို ထွက်လာမှန်း မသိရတဲ့ ခွေးပိန်သေးသေးလေးက သူ့ကို ဇွတ်ထိုးဟောင်ပါလေရော သူ့မလဲ ဆူစရာငေါက်စရာမရှိတော့ ခါးကြားကနေ ပစ္စတိုကိုဆွဲထုတ် …. စိတ်ကမရှည်တော့ အဲ့ခွေးပိန်လေးကို လှမ်းချိန်ရင်း “ တောက်…ငါxxxxခွေး ငါ့လာဟောင်နေတယ် အေရိုးခွေး အသက်ခြင်း လဲပလိုက်မယ် ကြာလား” ဆိုပီး မောင်းဆွဲတင်လေရဲ့။ ဘေးကကြားနေ မြင်နေရသူတွေလည်း ငိုအားထက် ရယ်အားသန်မို့ ပြုံးစိစိနဲ့ပေါ့ဗျာ။

အဲ့တုန်းကလား …… ကျုပ်က လွတ်ရက် နီးနေပီဗျ အများဆုံးလို ၄လလောက်ရယ် ဟိုးရှေ့တန်းထိ မလိုက်ရတော့ဘူးဗျ ဒါန်ပင်ခေါ်မလား ကြားစခန်း ရိက္ခာပုံမှာ အလုပ်ကျနေတာပေါ့။

သေနတ်တစ်လက်နဲ့ ဖိနပ်တစ်ဖက်

ဘောဆဲခူလို့ခေါ်တဲ့ ကယားပြည်နယ်ရဲ့ ရှေ့တန်းတစ်နေရာပေါ့ဗျာ။ အဲ့ဒီမှာ ခြေမြန်တပ်ရင်းတရင်း တစ်ရင်းရဲ့ စစ်ကြောင်းတခုက နယ်မြေရှင်းလင်းရေး လုပ်နေလေရဲ့။ အချိန်ကတော့ ညနေ၄နာရီလောက် ဖြစ်မယ်ထင်တယ်။ စစ်ကြောင်းရဲ့ ရှေ့ဆုံးက ပိ်ွုင့်နဲ့ KNU အဖွဲ့တစ်ဖွဲ့ ထိပ်တိုက်တွေ့ကျပါလေရော။ ဆိုတော့ တိုက်ပွဲဖြစ်တယ်ဗျာ ၁ဝမိနစ်လောက်တော့ ဖုန်းဒိုင်း ဖုန်းဒိုင်း ပစ်ကျခတ်ကျပေါ့။ နောက်တော့ သူတို့လည်း ဆုတ်သွားလေရဲ့။ ခဏနေတော့ ဟိုဘက်စစ်ကြောင်းက တပ်ရင်းမှူးက စက်နဲ့လှမ်းမေးလာတယ်၊ အကျအဆုံး အထိုအခိုက် ရှိမရှိ၊ အလောင်း လက်နက်ဘာရသလဲ? ရန်သူဘက်က ဘာကျန်ခဲ့သလဲပေါ့။ ဒီဘက် စစ်ကြောင်းမှူး ဒုတပ်ရင်းမှူးက ရှေ့ဆုံးရောက်နေတဲ့ တပ်ခွဲက အရာရှိလေးကို လှမ်းပြောတယ် “တယောမင်းသားကြီးကို ၆၅လုပ်ဖို့ ပိ်ွုင့်ကို လှမ်းမေးပါတဲ့။ အဲဒါနဲ့ပဲ အရာရှိငယ်က ထိတွေ့မှုဖြစ်တဲ့ စစ်ကြောင်းပွိုင့်တပ်စုကို သူဆီကနေ စက်နဲ့လှမ်းမေးတယ်။ဘာရသလဲ ဘာကျန်ခဲ့သလပေါ့ ပွိုင့်တပ်စုတပ်ကြပ်ကြီးက ရခိုင်သံဝဲဝဲနဲ့ လှမ်းပြောတယ် “…………….” အရာရှိငယ်လည်း ဝမ်းသာအားရနဲ့ တပ်ရင်းမှူးကို သေနတ်တလက်ကျန်ခဲ့တယ်ပေါ့။ ရင်းမှူးက ပြန်မေးတယ် ဗျူဟာကို ကြေးနန်းတင်ရမှာမို့ အရောင်အမျိုးအစား အတိကျ ပြောတဲ့ ဒါနဲ့ တပ်စုတပ်ကြပ်ကြီးဆီက စက်ပေါ်ကပြန်ဖြေတာကတော့ ဆင်ကြယ် နံပါတ်၁ဝ အစိမ်းရောင်ပါတဲ့။ တပ်ရင်းမှူးရဲ့ စက်ပေါ်က ဆဲသံဆိုသံကတော့ သောသောညံနေလေရဲ့ ……။

ပျောက်ဆုံးသွားသော ကြက်၃ကောင်

စစ်ကြောင်းတွေ ရွာကိုဖြတ်တော့ ကြားဖူးနားဝအတိုင်း ကွမ်းရွက်တို့ ကြက်တို့ ပျောက်တတ်တယ်။ ဘယ်လိုပဲ တင်းတင်းကြပ်ကြပ် တားမြစ်ပါစေ ပြဿနာ အနည်းအကျည်းတော့ တတ်တာပါဘဲ။ အခုအမှုကလည်း ရွာဘေးကဖြတ်အထွက် ဓာတ်တိုင်၂တိုင်စာတောင် မရောက်သေးဘူး လာတိုင်ပါလေရော။ ထုံးစံအတိုင်း အစာကောက်နေတဲ့ ကြက်မဒန်းလေး ၃ကောင် အစရှာမရအောင် ပျောက်သွားတတယ်တဲ့။ စစ်ကြောင်းမှူး ဗိုလ်မှူးက ချက်ချင်းရပ်ခိုင်းပီး ရွာသားတွေရှေ့ တယောက်ခြင်း အကုန်ရှာခိုင်းစေတယ်။ ကျောပိုးအိတ်တွေ၊ ပလိုင်းတွေ၊ လူကိုယ်ပေါ်ကအစ စိတ်တိုင်းကျ ရှာခိုင်းတယ်။ ကြက်မွှေးလေးတပင်တောင် မတွေ့ရဘူး။ ရွာသားတွေလည်း စိတ်ပျက်လက်ပျက် တအံ့တဩနဲ့ပေါ့။ သူတို့မသင်္ကာတာတော့ အမှန်ပဲ ဒါပေမဲ့ လူ၉ဝကျော်ကို တယောက်ချဉ်း စိတ်တိုင်းကျ ရှာခိုင်းပီးပီ။ ဘယ်လိုမှမတွေ့တော့ သူတို့ဘာပြောရမှန်း မသိတော့ဘူး။

ဒီလိုနဲ့ နေစောင်းလို့ တပ်နေရာချတဲ့အချိန် တောင်စောင်းမှာ ကြက်သားပြုတ်နံ့လေး မွှေးလာပါလေရောဗျာ။ ဂျူနီယာရဲဘော်တွေက စီနီယာကြီးတွေကို မေးသတဲ့ ဘယ်လိုသယ်လာသလဲပေါ့။ အဖြေကတော့ ၈၁မီလီမီတာ စိန်ပြောင်းထဲ ကြက်၃ကောင်ကို ထိုးသွတ်ပီး အပေါ်က ရေမဝင်အောင် စွပ်ထားတဲ့ ကော်ဖုံး ပြန်ဖုံးထားသတဲ့။ သူများပစ္စည်း အထူးသဖြင့် ပြည်သူလူထုရဲ့ ပစ္စည်းဥစ္စာကို ခိုးယူတာမကောင်းပေမဲ့ ရဲဘော်တွေက ၃၊၄လလောက် ငတ်ပြတ်နေတာဆိုတော့ စစ်ကြောင်းမှူးလည်း သိသိချဉ်း ခေါ်ဆူတာပေါ့။ တဆက်တည်း နောက်လတက်လာမဲ့ ရိက္ခာပို့ အဖွဲနဲ့ အဲ့ရွာက ကြက်ပိုင်ရှင်တွေကို ငွေ ၁၀၀ဝနဲ့ နိူ့ဆီ၃လုံး ပြန်အလျော်ပေးခိုင်းလေရဲ့။

ချစ်ကြည်ရေး(သို့)အလဲအထပ်

ကရင်ပြည်နယ် အရှေ့ဖျားမှာ မယ်ပိုင်ချောင်းဆိုတာ နာမည်ကြီးပေါ့။ အဲ့ချောင်းရဲ့ အရှေ့ဘက်ကမ်းမှာ KNUတပ်တွေ ကြီးစိုးလေရဲ့။ ဇန်နဝါရီလဆန်းပိုင်းလောက် ဖြစ်မယ်ထင်တယ်။ ကျုပ်ဝန်ထမ်းအဖြစ် လိုက်လာတဲ့ ခမရ(  )က ရှေ့တန်းကနေ နောက်တန်းပြန်ရတော့မယ် လှုပ်ရှားလို့ခေါ်တဲ့ တနေရာတည်း မထိုင်ပဲ ပြည်နယ်၂ခုကို စစ်ဆင်ရေးလုပ်ခဲ့တာ ၁၅လလောက်ရှိပီ။ နောက်လာချိန်းမဲ့ တပ်နဲ့ တပ်တည်နေရာ သတ်မှတ်ပီး တပတ်လောက် အဲ့သည်ချောင်း အနောက်ဖက်ကမ်းမှာ နေရာယူထားလေရဲ့။ အဲ့သည်အချိန်က KNUနဲ့ တပ်တွေအကြား သူတို့နှစ်သစ်ကူးကာလမို့ တဖက်နဲ့တဖက် နားလည်မှုယူပီး တိုက်ပွဲရပ်ထားလေရဲ့။

တနေ့မှာပေါ့ဗျာ ဟိုဘက်ကနေ လူလွှတ်(အရပ်သား)ပီး စကားပါးလေတယ်၊ သူတို့တပ်မဟာမှူးက နှစ်သစ်ကူး စားပွဲရှိလို့ တိုင်းရင်းသားချင်း လာလိုက လာခဲ့ပါတဲ့။ အသက်အန္တရာယ် မဖြစ်စေရဘူးတဲ့ တာဝန်ယူတယ်တဲ့။ လာချင်တဲ့သူ လက်နက်ယူမလာရတဲ့ (ကရင်တွေက ကတိတည်တယ်)။ ကျုပ်ဝန်ထမ်းနေတဲ့ တပ်ခွဲမှူး(ယာယီ) (တပ်ခွဲမှူးကျသွားလို့)က ကရင်တပိုင်းဗျ ဇရှိတယ်။ စစ်ကြောင်းမှူး တားနေတဲ့ကြားက ဇွတ်သွားမယ်တဲ့၊ ရိက္ခာလည်းသိပ်မကျန်တော့ ဝက်သားလိုချင်နေတာ။ နောက်ဆုံး စစ်ကြောင်းမှူးက ညီလေး မင်းသွားချင်သပဆိုသွား ငါ့ရဲဘော်တွေ မခေါ်သွားရဘူးတဲ့။ ဖြစ်လာတဲ့ ပြဿနာမင်းဖာသာရှင်း ဟိုဘက်ကတခုခု အသံကြားရင် မင်းကိုငါတို့က တာဝန်မယူဘူးနော်တဲ့။ ကိုယ့်ဆရာက ကျုပ်နဲ့ နောက်ထက်ဝန်ထမ်း ၂ယောက်ကိုခေါ်ပီး ဟိုဘက်ကမ်းကူးလေရဲ့ ဟိုရောက်တော့ ကရင်တွေက သူတို့ကတိအတိုင်း ဘာအန္တရာယ်မှ မပေးဘူးဗျ။ အရက်၅လုံးနဲ့ ဝက်တပိုင်း နေလှန်းသားပေးတယ်။ အဲ့အရာရှိကို ဟိုဘက်က တပ်မဟာမှူးက ကိုယ်တိုင်တွေ့ပီး အရက်ခေါ်တိုက်တယ်။ နောက်စကားပြောကျတာပေါ့။ နေစောင်းလို့ ပြန်ခါနီးကျ မူးမူးနဲ့ ချစ်ကြည်ရေးဆိုပီး ပစ္စည်းလဲကျတယ်။ တပ်မဟာမှူးက သူဆောင်းနေတဲ့ ပြောက်ကျားဦးထုပ် ချွတ်ပေးသဗျ။ အရာရှိလေးခမျာ ဘာမှပြန်ပေးစရာ မရှိတော့ သူ့လက်ထဲ ပတ်ထားတဲ့ CASIO လက်ပတ်နာရီလေး ချွတ်ပေးရတော့တာပေါ့။

အပြန်တော့ ခေါင်းလေးငိုက်စိုက်နဲ့ပြောရှာပါတယ်။ ရှုံးတယ်ဗျာတဲ့ ဒီနာရီလေးက ညဘက်ကြည့်လို့ရတဲ့ မီးပါတယ်တဲ့ ကျနော့်သေနတ်ပီးရင် တန်ဖိုးအထားဆုံးတဲ့ လိုချင်လွန်းလို့ တလစာ မသုံးပဲ စုဆောင်းပီး စစ်ဆင်ရေးအတက် တောင်ငူဈေးထဲက ဝယ်ထားတာတဲ့။ ဒါပေမဲ့ သူတန်ပါတယ်ဗျာ နောက်၂လလုံး သူအဲ့ဦးထုပ်လေး ဆောင်းထားသမျှ ကာလပတ်လုံး သူ့တပ်ခွဲကို ငပွေးက ချောင်းပစ်တာ မိုင်းထောင်တာ လုံးဝမလုပ်ခဲ့ဘူး။ အဲနောက်တပ်နဲ့ ပြန်ချိန်းပီး မူသဲရောက်မှ အဲ့ဦးထုပ်ချွတ်ပီး ခြင်းခတ်တာ ငပွေးက သောက်မြင်ကပ်ပီး အာပီဂျီနဲ့ထုလိုက်တာ ဖင်မှာ ကွမ်းပင်အစကြီး စိုက်ပီး တောင်ငူစစ်ဆေးရုံမှာ ၂လလောက် မှောက်လျက်ကြီး နေရလေရဲ့

 

:mrgreen:

 

:harr:

 

ဆက်ပါဦးမည်။

12 comments

  • မမချွိ

    March 9, 2014 at 2:11 pm

    နိ က နာ့ ပို့(စ) မလာလို့
    နိ ပို့(စ) လည်း နာ မလာဘူးလို့
    အဲဒါလာပြောတာ၊
    😀

  • TNA

    March 9, 2014 at 5:58 pm

    ကြံကြံဖန်ဖန်တွေဟယ်။ တခါမှမသိတဲ့ဟာတွေမို့ ဗဟုသုတတော့ရသတော့

  • ကထူးဆန်း

    March 9, 2014 at 6:44 pm

    စည်​ပင်​မှ စားခဲ့ဝါးခဲ့ အမှတ်​တရများ​ကော အဲ့လူကြီး​ရေးဘူးလားမသိဘူး
    လာတ်​​ပေးလာတ်​ယူဒို့ချစ်​သူဆိုတဲ့သူ ဗျ
    စာ​ရေးတာ​တော့​ကောင်​းပါတယ်​။

  • Mg Yit Htoke

    March 9, 2014 at 8:05 pm

    ကျနော်ပါဝင်သော ဘာဘာညာညာ တိုက်ပွဲတွေ ဆက်ပါအုန်း ဆရာသောင်းဝေစည်

  • Foreign Resident

    March 10, 2014 at 7:47 am

    အဲဒီ အချိန်တုန်းက ဘူဒိုဇာကြီးတွေ မိုင်းနင်းမိမှာစိုးလို့ ၊
    ဘူဒိုဇာကြီးတွေ ရှေ့ကနေ ရဲဘော်တွေ တန်းစီပြီး ကာ လျှောက်ကြရတယ်ဆို ။

  • ရဲစည်

    March 10, 2014 at 9:26 am

    ကမမောင်း အတက်မှာတင် မိုင်းတွေက တဝုန်းဝုန်း စစ်သားတွေလည်း တဗြုန်းဗြုန်းပေါ့ ဦးဖောရယ်။

    မိုင် ဆိုတာ ကိုယ်ပိုင် နံပါတ်ပါကြောင်း နောင်ကြုံရင် ရေးပါဦးမယ်

  • kyeemite

    March 10, 2014 at 1:10 pm

    နိအဗာတာက ကိုအောင်ပုကိုအားကျလို့လားဟ 😀
    အူးနေဝင်းဆိုတော့ မောင်သန်းရွှေရဲ့ ဆရာပေါ့…

  • Kaung Kin Pyar

    March 10, 2014 at 1:55 pm

    ဒီလို ဟာသလေးတွေရှိတော့လဲ အမောပြေတာပေါ့နော်….။ မဟုတ်ရင် တစ်နေ့တစ်နေ့ ဘယ်နားဘယ်သူသေပြီး ဘယ်လေယာဉ်ပျောက်တာနဲ့……။

  • Mr. MarGa

    March 10, 2014 at 3:16 pm

    ပေါက်ကရ စစ်စစ်တွေပါလား :mrgreenn:

Leave a Reply