စက်မှု(၂)ထုတ် ပြည်တွင်းဖြစ်ကားသစ်များကို အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီ

manawphyulayAugust 9, 20101min580

အမှတ် (၂) စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့မော်တော်ယာဉ်နှင့် ဒီဇယ်အင်ဂျင်ထုတ်လုပ်ရေးလုပ်ငန်းမှ အသစ်ထုတ်လုပ်လိုက်သည့် ့်ပြည်တွင်းဖြစ် မော်တော်ယာဉ်အမျိုးအစားသစ်များကို သတ်မှတ်အရောင်းပြခန်းများတွင် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ထိုလုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အသစ်ထုတ်လုပ်လိုက်သည့် မော်တော်ယာဉ်အမျိုးအစားများမှာ Sport Utility Vehicle (SUV), Station Wagon စသောဇိမ်ခံကားများ၊ Micro Bus, Mini Bus စသောဘတ်စ်ကားများ၊ Path Finder နှင့်Estate Wagon Jeep အစရှိသည့် ကားများဖြစ်ပြီး ထိုကားအားလုံးကို “မြန်မာ” အမှတ်တံဆိပ်ဖြင့် ပြည်တွင်းတွင်ထုတ်လုပ်ခြင်းဖြစ်သည်။ “Single Cab နဲ့ Double Cab ကားတွေကို ကျပ်သိန်း ၄၅ဝ ဝန်းကျင်နဲ့ SUV ကားတွေကို ကျပ် ၄၂၅ သိန်းဝန်းကျင်နဲ့ရောင်းဖို့ အ ကြမ်းမျဉ်းလျာထားပါတယ်။ Micro Bus ကကျပ် ၄၉၅ သိန်းဝန်းကျင် သတ်မှတ်ထားပြီး ဘတ်စ်နဲ့အခြားကားတွေအတွက် တန်ဖိုးအတည်မပြုနိုင်သေးပါဘူး” ဟု ထိုတာဝန်ရှိသူက ပြောကြားသည်။ အဆိုပါကားများအတွက် လိုအပ်သောကားအစိတ်အပိုင်းများနှင့် အင်ဂျင်များကို တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းပြီး Single Cab နဲ့ Double Cab များအတွက် အင်ဂျင်ကိုမူ ဂျပန်နိုင်ငံမှ တင်သွင်း အသုံးပြုထားကြောင်းသိရသည်။ ထိုကားများကို ရန်ကုန်မြို့ရှိ အမှတ် (၁) မော်တော်ယာဉ်ထုတ်လုပ်မှုစက်ရုံနှင့် ထုံးဘိုမြို့ရှိ အမှတ် (၂) မော်တော်ယာဉ်ထုတ်လုပ်မှုစက်ရုံများတွင် တရုတ်ပညာရှင်များ၏ အကူအညီဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။ “စိတ်ဝင်စားတဲ့သူတွေအနေနဲ့ မြန်မာ့မော်တော်ယာဉ်နှင့် ဒီဇယ်အင်ဂျင်ထုတ်လုပ်ရေးလုပ်ငန်းကို ဆက်သွယ်ပြီး အမည်နဲ့ဆက်သွယ်ရမယ့် လိပ်စာပေးခဲ့ရုံပါပဲ။ စဘော်ငွေနဲ့ ပါမစ်တွေမလိုပါဘူး။” ဟု ၎င်းကပြောသည်။ Single Cab နှင့် Double Cab မော်တော်ကားများကို အရောင်းပြခန်းများတွင် ချက်ချင်းဝယ်ယူနိုင်မည်ဖြစ်သော်လည်း အခြားသော ကားအမျိုးအစားများအတွက်မူ ထုတ်လုပ်ရေးအတွက် လိုအပ်သည့်အစိတ်အပိုင်းများကို ဝယ်ယူတင်သွင်းရသည့်အတွက်ကြောင့် စာရင်းပေးသွင်းပြီး တစ်လခန့်အကြာတွင်မှ လက်ခံရရှိနိုင်မည်ဖြစ်သည်။ ထိုပြည်တွင်းဖြစ်ကားများအတွက် အရောင်းပြခန်းများကို နေပြည်တော်ရှိ အမှတ် (၂) စက်မှုဝန်ကြီးဌာန ဝန်ကြီးရုံး၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ မြန်မာ့မော်တော်ယာဉ်နှင့် ဒီဇယ်အင်ဂျင်ထုတ်လုပ်ရေးလုပ်ငန်းရုံးများတွင် ဖွင့်လှစ်ထားရှိသည်။ ယခုရောင်းချမည့်ကားများအနက် Single Cab နှင့် Double Cab ကားများမှာ စက်မှု -၂ က ယခင်တည်းကထုတ်လုပ်ခဲ့သည်။

resource : internetjournal