” ဥသြ ဥသြ လို့ တွန်သံကြားပြန်တော့ “

 

ခါနွေတပေါင်း ရာသီပြောင်းလို့

ဂိမ္မာန်ကာလ ပူလှတော့သည်

ဥသြသံက တွန်လို့သာမြည်

သစ်ခြောက်တွေလည်း ရွက်နုဝေစီ

ရော်ရမ်းကာ လွမ်းလိုက်ချင်သည်

ဟိုအရင်တုန်းက တက္ကသိုလ်ဆီ။

 

” ဟေ့ သူငယ်ချင်း မင်းအတန်းချိန် မရှိဘူးလား မတက်ဘူးလား”

ရန်ကုန်တက္ကသိုလ် နဲ့ စီးပွားရေးတက္ကသိုလ် တို့ရဲ့ထိစပ်နေရာ တက္ကသိုလ်ကင်တင်း(စားသောက်တန်း)က ထိုင်နေကျ လက်ဘက်ရည် ဆိုင်လေးမှာ ခင်ခ တစ်ယောက် လဘက်ရည်သောက်ရင်း စီကရက်လေးဖွာ နေတုန်း Eco က သူငယ်ချင်း ပုတု ရောက်လာပြီး ၀င်ထိုင်ရင်းမေးလိုက်တဲ့စကားကိုကြားလိုက်ရင်ဘဲ

” မင်းကလည်း အထူးအဆန်းလုပ်လို့ မေးနေသေးတယ် အတန်းချိန်ကတော့ ရှိနေတာဘဲလေ ငါတို့က ကျူတိုရီရယ်နဲ့ မေဂျာဘာသာလောက် အတန်းမှန်တဲ့ဟာကို မင်းကရော အတန်းပြီးသွားပြီလား “

” ငါက မနက်အတန်းပြီးသွားလို့ ကင်တင်း(စားသောက်တန်း) ကို ဆင်းလာတာနော် ဟေ့ ကျွန်တော်ကို ပေါ့စိမ့် တစ်ခွက်လုပ်ပါအုံး “

” ပုတုရာ မင်းရဲ့မချောလေး အတန်းတက်နေလို့ မင်းအတန်းတက်မြဲနေတာများ မသိတာကျလို့ “

” ဒါကတော့ ဒီလိုရှိတယ်လေ မင်းတောင် လက်တွေ့တန်းရှိတဲ့နေ့ဆို ပုံတွေဘာလို့ကြိုဆွဲတာလဲ ပလက် တီကယ်ခန်းထဲကျရင် ရန်ကင်းသူလေးကို ပုံကူဆွဲပေးဖို့အချိန်ရအောင်မလား “

” ဒါက ကူညီချင်စိတ်လေး အခံရှိလို့ပါကွ “

” ဟ မင်းတို့ နှစ်ယောက်ထဲလား ကျန်တဲ့သူတွေ မရောက်သေးဘူးလား “

 ဆိုပြီး စားပွဲနားရောက်လာသူက ရူပဗေဒမေဂျာက ဂျိမ်း။

” နှစ်ယောက်ထဲ မြင်ပြီး မင်းတို့နှစ်ယောက်ထဲလားတဲ့ နှစ်ယောက်ထဲမဟုတ်ဘူး ” လို့ ခင်ခ ပြန်ပြောတော့

” ဒါဆို ဘယ်နှစ်ယောက်လဲ “

” မင်းရောက်လာတော့ မင်းနဲ့ဆို သုံးယောက် လေ ” ပြန်ပြောတော့ သဘောကျပြီးရယ်လိုက်ကြတာ

အဲလိုနဲ့ ဟိုပြောဒီပြော ဟေလားဝါးလား လုပ်နေ့တုန်း နေ့လည် ထမင်းစားချိန်နီးတော့ ဇော်ကြီး၊ ကြည်ပေါ၊ အေးငယ်၊ အေးမိ၊ ကြည်ပေါ ၊ ငကောက် စသည်ဖြင့် မေဂျာစုံသူငယ်ချင်းတစ်သိုက်ရောက်လာကြပြီး နေ့လည်စာ မှာကာစားကြ နောက်ပြောင်ပြောကြနဲ့ ပျော်ရွှင်ဟားတိုက်ရယ်မောခဲ့တဲ့ တက္ကသိုလ်ရဲ့အရသာကို ပြန်တွေးမိရင် လွမ်းမောစရာပါဘဲ။

ကျွန်တော်တို့ ထိုင်နေကျ အခုကင်တင်းလေးက ရန်ကုန်တက္ကသိုလ်ကို ပြည်လမ်းဘက်အပေါက်က၀င်ရင် စီပွားရေးတက္ကသိုလ်ဝင်းရှေ့က လမ်းအတိုင်းဝင်နိုင်ပြီး သိပ္ပံမေဂျာဘာသာတွေ စာသင်ရတဲ့ ကျောင်းဆောင် တွေနဲ့ ကြားထဲမို့ ဖြတ်သွားဖြတ်လာအခက်အချာကျတဲ့ လမ်းဘေးမှာရှိနေတာရယ် Eco နဲ့နီးတော့လည်း အဲဒီတုန်းက စီးပွားရေးတက္ကသိုလ်မှာ ကျောင်းသူအင်အားက ပိုတယ်ဆိုတော့ အလှအပတရားတွေလည်း ခံစားစံစားရာနေရာပေါ့ဗျာ။

အဲဒီအချိန်မှာဘဲ အဲဒီတုန်းကကျွန်တော့ရင်ထဲစွဲမြဲနေတဲ့ ဆံပင်လေးရှည်ရှည် သနပ်ခါးလေးပါးပြင်တဖက်စီမှာ ပါးကွက်ပါးလေးလိမ်းလို့  လွယ်အိတ်အနီလေးလွယ်ကာကျောင်းတက်ခဲ့တဲ့ မေဂျာတူ အလှနတ်သမီး ရန်ကင်း သူလေးဆိုသူကျောင်သူလေး သူ့အဖော်တစ်ယောက်နဲ့ လျှောက်လှမ်းလာတယ်ဆိုရင်ဘဲ

” ဟေ့ ခင်ခ ဟိုမှာ မင်းရဲ့ အလှနတ်သမီးလေး လာနေတယ်လေ ” လို့ ဇော်ကြီးက စကားဝိုင်းထဲဖြတ်အပြော ခင်ခ လည်း ရှာဖွေတဲ့မျက်လုံးနဲ့ လမ်းပေါ်လှမ်းကြည့်ပြီးတွေ့ပြီဆိုရင်ဘဲ သူ့ဆီအပြေးလေးအရောက်သွားဖို့ ထိုင်ရာကထလိုက်ရင်ဘဲ

” ဟေ့ ခင်ခ မင်းမှာစားထားတဲ့ဟာတွေအတွက် ရှင်းအုံးလေ “

” မင်းတို့ကလည်း တစ်ယောက်ယောက်စိုက်ရှင်းထားလိုက်ကွာ ပြန်လာရင်နှစ်ဆပြန်ပေးမယ် “

သြော် လူ့သဘောကလည်း အဲလိုမျိုးဆို ကုန်ရမှာမနှမျောတတ်ကြပုံများနော်။

ဒီလိုနဲ့ ရန်ကင်းသူလေးနား ခင်ခ ရောက်သွားရင်ဘဲ

” ကိုခင်ခ နေ့လည်စာ စားပြီးလား ကျမတို့ Hi မှာသွားစားမလို့ လိုက်ခဲ့ပါလား “

” နေ့လည်စာတော့ စားပြီးပါပြီ ဒါပေမယ့် လဘက်ရည်သောက်လိုက်ခဲ့မယ်လေ ” ဆိုပြီးအခွင့်အရေးရတုန်းမို့ လိုက်သွားတာပေါ့။

ခင်ခ တို့တက္ကသိုလ်တက်တဲ့ အဲဒီအချိန်တုန်းက ရန်ကုန်တက္ကသိုလ်၏ ပြည်လမ်းဘက်က၀င်ပေါက်နဲ့ မျက်နှာချင်းဆိုင် ပြည်လမ်းရဲ့တစ်ဖက်ခြမ်းမှာ Hi ဆိုတဲ့ စားသောက်ဆိုင်တစ်ခုရှိတယ် အစားအသောက်လည်း စုံလင်လှသလို ဈေးကလည်း ကျောင်းသားကျောင်းသူတွေအတွက် သင့်သင့်တဲ့နှုန်းမို့ အစားများကြသလို အစားအသောက်အရသာလည်းကောင်းတယ်ပေါ့။

” ကိုခင်ခ တစ်ခုခုထပ်စားပါလား ” သူလေးရဲ့စေတနာနဲ့ အမေးလေးကို စိတ်ထဲကျေနပ်သွားသလိုလိုဖြစ်ရင်း

” ဟုတ်သားဘဲ ကိုခင်ခ တစ်ခုခုမှာပါလား ” သူလေးနဲ့အတွဲဖော် ကျောင်းသူက၀င်ပြီး ပြောပြန်တော့ ခင်ခ စိတ်ထဲမှာတော့ ဒင်း ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်တယ် တစ်ခါတလေလေး ကျောင်းပျက်ပါတော့လား ဒါဆို သူလေး တစ်ယောက်ထဲသာ အခုချိန်မှာဆိုလို့ တွေးရင်းနဲ့

” ကျွန်တော်စားပြီးပြီမို့ လဘက်ရည်ဘဲ မှာသောက်မယ်၊ ပေါ့စိမ့်နဲ့ ဒူယားတစ်ပွဲပေးကွာ “

” ကိုခင်ခ စီးကရက်တွေ အရမ်းမသောက်နဲ့လေ ” ရန်ကင်းသူလေးကပြောရှာတော့

” တစ်ခါတလေ တစ်ယောက်ထဲဖြစ်တဲ့အခါ ပျင်းတော့လည်း ဖွာဖြစ်တာပါ “

” ကိုခင်ခ ဒီနွေကျောင်းပိတ်ပြီး သင်္ကြန်ကျရင် ရန်ကင်းမှာရေလာပက်ပါလား သူတို့တွေရော အတန်းထဲက အခြားသူငယ်ချင်းတွေရော လာပက်မှာ “

 ” ဟုတ်လားဒါတို့ အတန်းဖော်တွေစုံကြမှာဆိုတော့ ပျော်စရာပေါ့ လာခဲ့မယ်လေ ”

အဲလိုနဲ့ စကားတွေပြောရင်း စားသောက်လို့ပြီးတော့ ခင်ခ အိတ်ကပ်ထဲရှိစုမဲ့စုပိုက်ဆံတွေလည်း မျက်နှာလုပ် မှု့နဲ့ အတူထွက်ခဲ့ပြီး ကျောင်းဝင်းထဲကို သူလေးနဲ့ အတူလမ်းလျှောက်ပြန်ဝင်ရင်း အတန်းထိလျှောက်ခဲ့တဲ့ တစ်လျှောက်မှာတော့ သင်္ကြန်သူလေးတို့ဆီရေသွားပက်ရင်း သူလေးကိုရေလေးလောင်း ပိတောက်ခက်လေး ပေးလိုက်ရရင် ရင်ထဲပိတိဖြစ်မှာဘဲကို တွေးမိခဲ့တာပေါ့။

ဒီလိုနဲ့ တက္ကသိုလ် နွေရာသီကာလ ကျောင်းခဏပိတ်မယ့် ကျောင်းတက်နောက်ဆုံးရက်မှာ ကျူတိုရီရယ်ရှိလို့ ခင်ခတစ်ယောက်အတန်းမှန်တက်ပြီး ဖြေခဲ့အချိန်မှာ အတန်းအပြင်ဘက် ကော်ရက်တာ(စင်္ကြန်)မှာ အသား ဖြူဖြူ ရုပ်ရည်ဖြောင့်ဖြောင့် ကျောင်းသားတစ်ယောက် လက်ထဲမှာစာအုပ်နှစ်အုပ်သုံးအုပ်လောက်ကိုင်ပြီး တစ်ယောက်ယောက်ကို စောင့်နေတဲ့ဟန်ကို ခင်ခ ကျူတိုရီရယ်ဖြေရင်း အတန်းထဲကလှမ်းကြည့်ကာ သတိ ထားမိလိုက်တယ်၊ ကျူတိုရီရယ်ဖြေပြီး ခင်ခ အတန်းအပြင်ထွက်တော့ ရန်ကင်းသူလေးက ခုနစောင့်နေတဲ့ ကျောင်းသားလေးဘေးမှာရပ်နေပြီး အဲဒီရှေ့က ခင်ခ ဖြတ်လျှောက်တော့

” ကိုခင်ခ နဲ့ မိတ်ဆက်ပေးရအုံးမယ် ဒါ အာအိုင်တီ ပဉ္စမနှစ်က ကိုဖြိုးတဲ့ “

” ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်ခင်ခ ပါ ” လို့ဆိုပြီး လက်ဆွဲနုတ်ဆက်တော့

” ဟုတ် ကျွန်တော်လည်းတွေ့ရတာဝမ်းသာပါတယ် ကိုခင်ခ သူကို အတန်းထဲမှာစာဆို အမြဲသင်ပေး ကူညီပေးတဲ့ သဘောကောင်းတဲ့ အကြောင်းတော့ သူပြောပြောနေလို့ နံမည်တော့အစထဲက ရင်းနှီးပြီး သားပါ လူကိုယ်တိုင်တော့ အခုမှဘဲဆုံတော့တယ် “

” ဟုတ်ကဲ့ပါ နောက်လည်းဆုံကြတာပေါ့ ကျွန်တော့်ဘော်ဒါတွေနဲ့ ကင်တင်းမှာချိန်းထားလို့ ခွင့်ပြုပါအုံး “

ဆိုပြီး ခုနကိုဖြိုးကိုရော သူလေးကိုရော နုတ်ဆက်ပြီး ခင်ခ တစ်ယောက်ထွက်လာခဲ့ချိန် သူလေးက လှမ်းအော်ပြောလိုက်တဲ့

” သင်္ကြန်ရောက်ရင် ကိုခင်ခ ရေအတူပက်ရအောင် ရန်ကင်းကိုလာခဲ့နော် ဆက်ဆက်လာခဲ့နော် သူလေး မျှော်နေမှာ “

ဆိုတဲ့စကားကိုကြားပေမယ့် ဘာမှပြန်မပြောဖြစ်ခဲ့ဘဲ လမ်းဆက်လျှောက်နေတုန်း စီကရက်ရောင်းတဲ့ လက်ပွေ့ ခလေးလေးတစ်ယောက်စီက ဒူယားစီးကရက်တစ်လိပ်ဝယ်ပြီး မီးညှိကာရိက်ဖွာလိုက်ရင်း လှိုင်နယ်မြေ တက္ကသိုလ် ပထမနှစ်ကစလို့ ဆုံဖြစ်ခဲ့ပြီး အခုတတိယနှစ်ထိရောက်လာခဲ့တဲ့ ရန်ကင်းသူလေးနဲ့ဆုံဖြစ်ခဲ့တာ တွေ စိတ်ထဲပြန်တွေးရင်း သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလားလုပ်ဖို့ ထိုင်နေတာကင်တင်းကို စီကရက်လေး ဖွာကာလျှောက်သွားတော့ ဥသြဌက်က ဥသြ ဥသြ ဥသြ လို့ တွန်သံပြုနေကျအတိုင်း နွေဂိမ္မာန်မှာ တွန်သံပြု ပေမယ့် ခင်ခ ရင်ထဲမှာတော့ ပိုပြီးလွမ်းဆွေးကာများ တွန်သံပြုနေလားလို့ ထင်မိကာ အသံလာရာ သစ်ပုတ်ပင် ကြီးကိုရော်ရမ်းကာငေးကြည့်ခဲ့မိတယ်လေ။

အခု နွေဂိမ္မာန်ရာသီအပြောင်း ဥသြ ဥသြ လို့  တွန်သံကြားရပြန်တော့ တစ်ခါတုန်းက တက္ကသိုလ်ဆီ လွမ်းမိပြန်ပေါ့ကွယ်။

 

 

ခင်ခ။

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..