စွယ်တော်ရွက် ဒီစာစုကို ရေးမိတာဟာ ၂၀၁၃ ကုန်ဆုံးကာနီး နောက်ဆုံးရက်တွေမှာ ကတည်းက အတိတ်ကို ပြန်လည် သုံးသပ်ရာကနေ ထွက်ပေါ်လာတဲ့ ခံစားချက်လေးတွေကို ရွာထဲမှာ မျှဝေခံစား အဝေဖန်ခံကြည့် ချင်လို့ပါ၊  မွန်မွန်တို့ ဆွေးနွေးနေတဲ့ ပညာရေးအကြောင်း တစ်စိတ်တစ်ပိုင်းလည်း ပါသပေါ့။

စွယ်တော်ရွက် GTI ကျောင်းဆင်းခဲ့တာ ၁၉၈၅ မှာပါ။ A.G.T.I ( Electrical Power ) မန္တလေး GTI ကပါ။ ၁၉၈၆-၈၇ မန္တလေးဆေးရုံကြီး ဆေးဖက်ဆိုင်ရာ အင်ဂျင်နီယာဌာနမှာ လုပ်အားပေး အင်ဂျင်နီယာ လုပ်ခဲ့ပါတယ်။ ၁၉၈၈ အရေးအခင်းကာလ ရန်ကုန်မှာရောက်နေပါတယ် သင်္ဘောကျင်း လက်တွေ့ဆင်းဘို့ကြိုးစားနေခဲ့တာပါ။

အရေးအခင်းပြီးတော့ မန္တလေး မှာမိဘတွေနဲ့အတူပြန်နေရင်း Mandalay Dairy Development Project နို့ချက်စက်ရုံစီမံကိန်း Liquid Nitrogen Plant ( နိုက်ထရိုဂျင် အရည်ထုတ်လုပ်ရေးစက်ရုံ ) မှာ တာဝန်ထမ်းဆောင်ပါတယ်။ ၁၉၈၉ နှစ်ကုန်ပိုင်းလောက် စက်မှု၊စိုက်ပျိုးနဲ့ သက်မွေးပညာ ဦးစီးဌာန မှာ လက်ထောက်နည်းပြ အဖြစ်ခန့်ထားခြင်းခံရပါတယ်။ ပထမဆုံး တာဝန်ကျရာက တောင်ငူ GTI မှာပါ။ ကျောင်းပိတ်ထားခဲ့တဲ့ကာလဖြစ်လို့ ကျောင်းသားတစ်ယောက်ကိုမျှစာသင်မပေးခဲ့ရပါဘူး။ ၁၉၉၀မှာ အင်းစိန် စက်မှုဆရာဖြစ်သင်သိပ္ပံတက်ခဲ့ရပါတယ်။ ပဲခူးမြို့ဝန်းကျင်က တည်ဆောက်ပြုပြင်စီမံကိန်းတွေ လုပ်ရင်းကနေ ၁၉၉၁ မှာ မန္တလေး စက်မှုလက်မှုအထက်တန်းကျောင်း THS ကိုပြောင်းရွှေ့ရပါတယ်။ ကျောင်းသားတွေကို စာ စ သင်ရတာက အဲဒီရောက်မှပါ။ THS ဆိုတာ ၈ တန်းအောင်မှတက်ခွင့်ရတဲ့ ကျောင်းပါ။ ဟိုးးးးအရင်က ၈တန်းအောင်ပြီး စာဆက်သင်ဘို့ခက်ခဲတဲ့ ဆင်းရဲသား လူတော်များ ရွေးချယ်တက်ရောက်ရာ သက်မွေးပညာသင်ကျောင်း ဖြစ်ခဲ့ပေမယ့် ကျနော်ရောက်သွားတဲ့ အချိန်မှာတော့ ၈တန်းအောင်ရာမှာ သိပ္ပံတွဲမရတော့ဘဲ ၀ိဇ္ဇာတွဲတက်ရတော့မယ့် ကလေးများရဲ့ရွေးချယ်ရာ ဖြစ်နေခဲ့ပါပြီ။ ၂ ပိုင်း၁ပိုင်း ကို ၂ပိုင်း၁ပိုင်းနဲ့ပေါင်းရင် ၄ပိုင်း၂ပိုင်း ရတယ်ဆိုတဲ့ကျောင်းသားတွေပေါ့ခင်ဗျာ။ လျှပ်စစ်အကြောင်း အခြေခံ သံလိုက်တွေက အစ သင်ပေးရတာမို့ ကျနော့်အတွက် ပညာတိုးရတဲ့ ကာလတစ်ခုပါခင်ဗျာ၊ အောက်သက်ကြေတယ်လို့ဆိုနိုင်မလားပါ။

၁၉၉၃ မှာ ဖေါင်ကြီး အခြေခံပြည်သူ့ရေးရာ ၀န်ထမ်းလောင်းသင်တန်း ( ဇေယျ- ၁၂၁ ) ကိုတက်ရောက်ရပါတယ်။ ဖေါင်ကြီးတက်နေတုံး မုံရွာ GTI ကိုပြောင်းရွှေ့မိန့်ထွက်ပါတယ်။ သင်တန်းဆင်းတာနဲ့ မန္တလေး THS ကနေ မုံရွာ GTI ကို ပြောင်းရတာပါ။ အဲဒီ အချိန် မုံရွာကျောင်းက ပြန်ဖွင့်နေပါပြီ၊နောက်ဆုံးနှစ်သင်တန်းက ဘာသာရပ်တစ်ခုကို ကျနော့်အတွက်တာဝန်ပေး (ဘယ်သူမှဝင် သင်မပေးအားလို့ချန်ထား) ထားတာမို့ ရောက်ရောက်ချင်း AGTI EP တစ်ယောက်က နောက်ဆုံးနှစ် EP ကျောင်းသားတွေကို စာ သင်ပေးခဲ့ရတဲ့ အခြေအနေပေါ့ခင်ဗျာ။ Technical Teachers Training Institute မှာတက်ရောက်သင်ယူခဲ့တဲ့ ဆရာအတတ်ပညာတွေနဲ့ ကြုံတွေ့လေ့လာထားခဲ့သမျှ လျှပ်စစ်သုတတွေ ပေါင်းစပ်သင်ကြားပေးခဲ့ရတာပါ။ မညံ့ကြောင်းပြသနိုင်ခဲ့တယ်လို့ ယုံကြည်နေဆဲပါခင်ဗျ။

စွယ်တော်ရွက်ကံကောင်းသွားခဲ့တာက မုံရွာ GTI သည် တောင်ငူ GTI နဲ့ဖွဲ့စည်းပုံတူနေခဲ့တာပါ။ အဲဒီကျောင်းတွေသည် THS အဖြစ် စဖွင့်တော့လည်း အတူတူ၊ GTI အဖြစ် အဆင့်မြှင့်တင်ခံရတော့လည်း အတူတူပါ။ နိုင်ငံခြား အထောက်အပံ့ နဲ့ ပံ့ပိုးဖြည့်ဆည်းပေးထားခဲ့တဲ့ သင်ထောက်ကူ ပစ္စည်းတွေက အစ အတူတူ ရရှိထားတာဖြစ်ပါတယ်။ တောင်ငူ GTI မှာ ကျနော်ရောက်တုံးက ကျောင်းအုပ်ကြီးသည် ဦးခင်မောင်သိန်းပါ။ RIT ဆင်း BE ( Mechanical ) ဖြစ်ပြီး Air conditioning and Refrigeration ဘာသာရပ်ကို အမေရိကန်နိုင်ငံမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားသင်လာခဲ့တာလို့ သိခဲ့ရပါတယ်။ အင်းစိန် GTI မှာလည်း စာသင်ပေးခဲ့ဘူးပြီး အသင်အပြအရမ်းကောင်းတယ်လို့နာမည်ရခဲ့တဲ့သူတစ်ယောက်ပါ။ ဆရာကြီးရဲ့ လမ်းညွှန်မှု၊ တာဝန်ပေးမှုတွေကြောင့် ကျနော် စွယ်တော်ရွက် ပညာရည်ပြည့်ဝခဲ့ရ တာလေးတွေ  နဲနဲလောက် Share ပေးပါရစေဦးနော်။

၎ဇန်၂၀၁၄ ဂျီတီအိုင် ကျောင်းပေါင်းစုံ ဆရာ ကန်တော့ပွဲမှာတွေ့ခဲ့ရတဲ့ ဆရာကြီး ဦးခင်မောင်သိန်း။

၎ဇန်၂၀၁၄ ဂျီတီအိုင် ကျောင်းပေါင်းစုံ ဆရာ ကန်တော့ပွဲမှာတွေ့ခဲ့ရတဲ့ ဆရာကြီး ဦးခင်မောင်သိန်း။

ကျောင်းဆရာပေါက်စ စွယ်တော်ရွက်ကို ဆရာကြီးရဲ့ စကားတစ်ခွန်း “ ကိုမျိုး ရေ- ခင်ဗျား ကားမောင်းတတ်တယ်ဆိုရင်လည်း ကျနော် အထင်မကြီးဘူးဗျာ၊ လက်နှိပ်စက်ရိုက်တတ်ရင်လည်း အထင်ကြီးစရာမဟုတ်ပါဘူး။ အဲ …တစ်ခုတော့ ရှိတယ်။ ခင်ဗျားက EP ဆိုတော့ မီးမပြင်တတ်ဘူး ဆိုရင်တော့ ကျနော် အထင်သေးမိလိမ့်မယ်” တဲ့။ ကျောင်းဝန်းထဲမှာ မီးပျက်တယ် ဖြူးစ်ပြတ်တယ် ဆိုတာနဲ့ နီးစပ်ရာ အစောင့် ၀န်ထမ်းတစ်ယောက်ယောက်ကို “ သွားစမ်း။ အဆောင်မှာရှိတဲ့ လျှပ်စစ်ဆရာ တစ်ယောက်ယောက်ကိုခေါ်ခဲ့ ” ဆိုပြီးခေါ်ခိုင်း၊ ရောက်တာနဲ့ “ ကို ဘယ်သူရေ ၊ ဒီမှာ မီးပြသနာ တက်နေလို့ တာဝန်ယူဖြေရှင်းပေးစမ်းပါဦး ” ဆိုပြီးခိုင်းတတ်တာပါ။ ကျနော်တို့ ဘာသာ လှေကားရှည်ကြီးထမ်း၊ ပလာယာခါးထိုးပြီး ဓါတ်တိုင်တွေတက် မီးလိုက်ပြင်ပေးခဲ့ရလို့ အဲဒီကရတဲ့ အတွေ့အကြုံတွေနဲ့ ဒီနေ့ ဆရာလုပ်ရဲနေတာပါ။ Experience is the best teacher. ဆိုကိုး။

မော်တော်ကားအကြောင်းသင်ပေးနေတဲ့ ဆရာဆရာမတွေအားလုံး ကားမောင်း တတ်ရမယ် ဆိုပြီး ကျောင်းဘောလုံးကွင်းကြီးထဲမှာ ထွန်စက်ကြီးပတ်မောင်းပြီး ကားမောင်းတတ်အောင် စီစဉ်သင်ယူစေခဲ့တဲ့ ဆရာကြီးက “ ၀ပ်ရှော့ တံခါးတွေ ရုံးချိန်အတွင်း အမြဲဖွင့်ထားရမယ်၊ ဆရာတစ်ယောက်ယောက် ၀ပ်ရှော့ ထဲမှာအမြဲရှိနေစေရမယ် ”လို့ အမိန့်ထုတ်ပြန်ထားခဲ့သဗျ။ ကျောင်းသားတွေ တစ်ယောက်မှမရှိတဲ့ ကျောင်းပိတ်ထားချိန်ကြီးမှာ ကျနော်တို့ဆရာတွေ ငုတ်တုတ် လက်တွေ့ခန်းထဲမှာ ဘာလုပ်မယ်ထင်သလဲ၊ ဆော့တော့တာပေါ့။ တလွဲမတွေးလိုက်ပါနဲ့ဗျာ၊ လူနဲနဲစုလို့ရရင် Scrabble ကစားကြတယ်။ နှစ်ယောက် ဒါမှမဟုတ်တစ်ယောက်တည်းဆို သင်ထောက်ကူပစ္စည်း စက်တွေကို မောင်းကြည့်တယ်၊ မမောင်းတတ် မသုံးတတ်ရင် ကိုယ့် အရင်ရောက်နေတဲ့ သူတွေဆီကိုမေးပြီးလေ့လာတယ်၊ အဲလိုနဲ့ ကျောင်းသားဘ၀တုံးက မပြည့်ခဲ့တဲ့ ကွက်လပ်တွေကို ဆရာဘ၀ရောက်မှ ပြန်ဖြည့်နိုင်ခဲ့တာပါ။ တောင်ငူမှာ အဲဒီကာလ( ၁၉၉၀- ၉၁ ) လွပ်လပ်ရေးပွဲလို ပြပွဲတွေကလည်းရှိခဲ့တော့ သင်ထောက်ကူပစ္စည်းတွေနဲ့ ဆရာတွေ ရင်းနှီးကျွမ်းဝင်နေစေတော့တာပေါ့ဗျာ။ ပြခန်းမှာ ပြထားတဲ့ သင်ထောက်ကူ သီအိုဒိုလိုက် မှန်ပြောင်းနဲ့ ဒီဘက် GTI ပြခန်းကနေ ဟိုဘက်ခြမ်း ဇာဇာရတနာ ဆိုင်းဘုတ် ကို လှမ်းကြည့်ရတာလေးတောင် အမှတ်ရမိသေးတော့။ ကြားထဲက ဖြတ်လျှောက်သွားတဲ့ ပတ်ကညောလေးတွေကို မြင်နေရတာတော့ မတတ်နိုင်။ သီအိုဒိုလိုက် မချိန်တတ်သူတွေမို့ ခွင့်လွှတ်ကြပါနော။

သင်ထောက်ကူစက်တွေနဲ့ပတ်သက်လို့ ပြောပြရဦးမယ်၊ GTI ကျောင်းအုပ်က ဦးခင်မောင်သိန်း ဖြစ်ပြီး  E P ဌာနမှုးက ဒေါ်ခင်တင့် ( B.E Electrical )ပါ။ တောင်ငူ GTI ကျောင်းဝန်းအလယ်က ပြိုပျက်နေတဲ့ စေတီလေးတစ်ဆူ ကို ပြန်လည်ပြင်ဆင်ထီးတော်တင်ဘို့ ပဌန်းဆက်နဲ့ ရောက်လာခဲ့ရသူ တစ်ယောက်ပါ။ ပြည် GTI ကပြောင်းလာခဲ့တာမို့ E P ဌာန ပြင်ဆင်မှုကို ပြည် GTI က E P အတိုင်းဖြစ်အောင် ဆောင်ရွက်ပေးသွားခဲ့သူပါ။ ကျောင်းဝန်းအတွင်း က ရှေးဟောင်းသမိုင်းဝင် လေးကျော်ဒင် စေတီတော် ထီးတော်တင်အပြီးမှာပြောင်းရွှေ့သွားရပါတယ်။ ( သဂျီး သိပ် ဘ၀င်မကျတဲ့ အဲဒီ ပဌန်းဆက်ဆိုတာတွေနဲ့ စွယ်တော်ရွက်ပါဝင်ပတ်သက်မှုတွေရှိသေး၊ ဒီပို့စ် ဦးတည်ချက်ပျောက် သွားမစိုးလို့ နောင်ကြုံတော့မှ သီးသန့်ဆွေးနွေးပါရစေ။) သင်ထောက်ကူပစ္စည်းတွေနဲ့ပတ်သက်ပြီး အဲဒီ ဆရာကြီးဆရာမကြီးတွေရဲ့ ကြိုးပမ်းခဲ့မှု တစ်စွန်းတစ်စလေးပါနော။

ကျနော် တောင်ငူကျောင်းကိုရောက်ချိန်မှာ အဲဒီကျောင်းရဲ့ သင်ထောက်ကူပစ္စည်းတွေအားလုံး RUNNING Condition ပါ။ ကျောင်းသားတွေအတွက် အသင့်ဖြစ်နေပါတယ်၊ဆရာတွေကလည်း အဲဒီ ပစ္စည်းတွေနဲ့ ရင်းနှီးကျွမ်းဝင်နေကြပါပြီ။ အဲဒီလို အသင့်အနေအထားရောက်နေအောင် လုပ်ပေး ပြင်ပေး ထားခဲ့ကြသူတွေပါ။ လျှပ်စစ်ဌာနနဲ့ပတ်သက်ပြီး မှတ်တမ်းတင်ချင်တာလေး တစ်ခုရှိပါသေးတယ်၊ တောင်ငူ ကျောင်းရဲ့စွမ်းဆောင်မှုတစ်ခုပါ။ THS ဘ၀ သင်ထောက်ကူပစ္စည်းတွေ ဖြည့်ဆည်းကြတုံးကာလတစ်ခုမှာ တောင်ငူ၊မုံရွာနဲ့ အောင်ဆန်း THS ကျောင်း ( ၃ )ကျောင်း အတွက်  ဂျပန်ကနေ လျှပ်စစ်လေ့ကျင့်ရေးစက် ၃ မျိုးကို ၃ စုံ မှာယူခဲ့ပါတယ်တဲ့။ အဲ မြန်မာပြည်ထဲရောက်တော့ ကျောင်း ၃ ကျောင်းကို ဖြန့်ပေးလိုက်တာ ကျောင်း ( ၁ ) ကျောင်းကို စက်တစ်မျိုးတည်း ၃ လုံးစီရောက်သွားပါလေရော။ အဲဒီ ကိစ္စမှာ တောင်ငူကျောင်းက တာဝန်ယူပြီး ကျောင်းတိုင်းကို စက်တိုင်းရောက်အောင် ပြန်လည်ဖလှယ်ပေးခဲ့ပါတယ် တဲ့ခင်ဗျာ။ ကျနော်ရောက်တဲ့ အချိန် တောင်ငူကျောင်းက စက် ၃ မျိုးလုံးကို မောင်းနှင် စမ်းသပ်လေ့ကျင့်ခွင့်ရခဲ့ပါတယ်။စက်တစ်လုံးစီရဲ့ အသုံးချလေ့ကျင့်ပုံ အဆင့်ဆင့်ကလည်း အင်းစိန် GTI က ဆရာကြီး ဦးမျိုးဆွေနဲ့ ဦးခင်ဝင်းတို့ရဲ့ စက်လာရောက်တတ်ဆင်စဉ် မှာကြားသင်ကြားမှုများအရ အဆင်သင့်ပါ။ ( မိတ္တူကူးမထားလိုက်မိတာကို အခုထိနောင်တရမိနေတာကြောင့် ထည့်ရေးဖြစ်တာပါ။ )

ကျနော် မုံရွာ GTI ရောက်တော့ အဲဒီ စက် ၃စုံ က အခိုင်အမာတပ်ဆင်ပြီးသား အဆင်သင့်  (ဦးမျိုးဆွေတို့ ကိုယ်တိုင် လိုက်ဆင်ပေးထားခဲ့တာကြောင့်ပါ)။ ဒါပေမယ့် အသုံးပြုတတ်သူ တစ်ယောက်မျှ မရှိတော့ စွယ်တော်ရွက်ကိုယ်တိုင် ကလည်း တောင်ငူမှာတုံးက စာရွက်တွေအားကိုးနဲ့ လေ့ကျင့်ခဲ့တာဆိုတော့ အဲဒီ အညွှန်းတွေမရှိလို့ အများကြီးမသုံးတတ်တော့၊ ဒုက္ခနဲ့လှလှ တွေ့ကြတဲ့ ကာလပေါ့။ ကမ္ဘာ့ရေနံရောင်းနိုင်ငံများအဖွဲ့ ( OPEC ) ချေးငွေနဲ့ ရောက်ရှိလာခဲ့တဲ့ ဂျာမဏီ က သင်ထောက်ကူပစ္စည်းတွေ ကြောင့်သာ စွယ်တော်ရွက်တို့ သက်သာရာရခဲ့ကြောင်း ၀န်ခံပါရစေနော်။

ဂျာမနီ သင်ထောက်ကူပစ္စည်းတွေက စွယ်တော်ရွက် မန္တလေး THS မှာ ရှိစဉ်ကတည်းက ရောက်လာခဲ့တာတွေပါ။ မုံရွာ GTI ရောက်တော့ ဆရာအင်အားမရှိသေးလို့ထင်ပါတယ် လျှပ်စစ်ဌာန တစ်ခုတည်း ဘဲ အထပ်သားသေတ္တာတွေ မဖေါက်ရသေးပါ။ ကျန်ဌာန များ ဖေါက်ပြီး စက်တွေ တပ်ဆင် မောင်းနှင်စမ်းသပ်နေကြပါပြီခင်ဗျ၊ EP ဌာနမှာ ဆရာ မလုံလောက်လို့ ကျောင်းအုပ်ကြီး ဦးမင်းသန်း ကိုယ်တိုင်ဆင်းသင်နေရတဲ့ကာလပါ။ ဆရာကြီး ဦးမင်းသန်းဟာ ကျနော် GTI ကျောင်းသားဘ၀ က မန္တလေး GTI ရဲ့ E P ဌာနမှုးပါ၊ ကျနော် တောင်ငူမှာရှိတုံး သူက မန္တလေး THS ကျောင်းအုပ်ကြီး ဖြစ်သွားပါတယ်။ ကျနော် မန္တလေးသားဖြစ်မှန်းသိလို့ THS မှာ နေရာလွတ်ရှိတာနဲ့ ကျနော့်ကို ပြန်ခေါ်ထားခဲ့တာပါ။ ကျနော် ဖေါင်ကြီးသင်တန်းတက်နေတုံး ဦးမင်းသန်း မုံရွာ GTI ကိုပြောင်းရပါတယ်။ သူမုံရွာ ကို ရောက်တဲ့ အချိန် မုံရွာ GTI  E P ဌာနမှာ ဆရာ ၂ယောက် တစ်ပြိုင်နက်ထဲ နှုတ်ထွက် ပြောင်းရွှေ့ တာနဲ့ ကြုံသွားလို့ သူကိုယ်တိုင် စာ ၀င်သင်နေရင်းကနေ မန္တလေး THS မှာကျန်နေခဲ့တဲ့ သူ့ တပည့်ရင်း ကျနော့်ကို လှမ်းခေါ်ခဲ့တာပါခင်ဗျ။ သူမခေါ်လည်း ကျနော် နောက် တစ်နှစ်လောက်နေ ရင် ရာထူးတိုးယူရင်း ထပ်ပြောင်းရမှာလဲရှိနေကြောင်း အဲဒီခေတ်က ဖွဲ့စည်းပုံနဲ့ ရာထူးတိုးမြှင့် မှုတွေအကြောင်း နဲနဲလေးပြောပြခွင့်ပေးပါဦး။

THS ကျောင်းတွေရဲ့ ဌာနဖွဲ့စည်းပုံတွေဟာ နည်းပြ ၁၊ လက်ထောက်နည်းပြ ၂ စုစုပေါင်း ၃ ပါ။

GTI ကျောင်းတွေမှာက ကထိက ၁၊ လက်ထောက် ကထိက ၁၊ နည်းပြ ၂၊ လက်ထောက် နည်းပြ ၄၊  စုစုပေါင်း ၈ ယောက်ရှိရပါမယ်။ လက်ထောက်နည်းပြ ၄နှစ် ပြည့်ရင် နည်းပြရာထူးလျှောက်လို့ရပါပြီ။ နည်းပြလုပ်သက် ၄ နှစ်ပြည့်ရင် လက်ထောက် ကထိက လျှောက်လို့ရပါပြီ။B.E ဘွဲ့ရတွေကတော့ ရရာ လက်ထောက်နည်းပြရာထူးနဲ့ ၀င်လုပ်နေကြရင်းကနေ လက်ထောက်ကထိကရာထူးအတွက် ၀န်ထမ်းရွေးကျင့် ကနေခေါ်ခဲ့ရင်ဝင်ဖြေပြီး လက်ထောက်ကထိက တန်းဖြစ်နိုင်ပါတယ်။ ကျနော် မန္တလေး THS ရောက်တော့ နည်းပြ က ကျောက်ဆည်သားတစ်ယောက်ပါ၊ သူရှိနေတဲ့အတွက် ကျနော် THS မှာဘဲ နည်းပြ ရာထူးရယူ ဘို့ အခွင့်အလမ်းနည်းပါးနေပါတယ်။ သူ လက်ထောက် ကထိကရာထူးနဲ့ ပြောင်းသွားသည် အထိ ထိုင်စောင့်မယ်ဆိုရင်တောင် နယ်ကျောင်းတွေကနေ မန္တလေးကို ပြန်ဝင်ချင်မယ့် လုပ်သက်ရင့်နည်းပြတွေကိုပါ နေရာပေးစောင့်နေရဦးမှာဖြစ်ပါတယ်။ ကျနော့်လုပ်သက်ကလည်း ၃ နှစ် ကျော်နေပြီ ဆိုတော့ကာ နည်းပြရာထူးနေရာ ကို လုပ်သက်ပြည့်တာနဲ့ရနိုင်မယ့် မုံရွာ GTI ကို တစ်ပါတည်း လှမ်းခေါ်လိုက်တာပါခင်ဗျ။ ကျနော် မုံရွာ GTI ကိုရောက်တော့ အဲဒီ အထပ်သား သေတ္တာ တွေကို ဖွင့်ရပါပြီ။ ဂျာမနီကထုတ်လုပ်ပေးလိုက်တဲ့ နောက်ဆုံးပေါ်သင်ထောက်ကူ ပစ္စည်းတွေကို စတင် ကိုင်တွယ်ရပါတော့တယ်။ ကျနော်တို့ EP ဌာနတွေအတွက် နည်းပညာ အသစ်တစ်မျိုးဖြစ်တဲ့ Programmable Logic Control ဘာသာရပ်ဆိုင်ရာ ကွန်ပျူတာကြီးပါ ပါနေပါပြီခင်ဗျား။

မုံရွာကျောင်းမှာ ပထမဦးဆုံး ကွန်ပျူတာရောက်ရှိ အသုံးချနိုင်တာ ကျနော်တို့ လျှပ်စစ်စွမ်းအားဌာန ဖြစ်ပါတယ်။ လက်တွေ့ဘာသာရပ်အဖြစ် ကွန်ပျူတာအသုံးချပညာရပ်တစ်ခုဖြစ်တဲ့ Programmable Logic Controller ပါဝင်လာသလိုဘဲ ဘာသာရပ်တစ်ခုထပ်တိုးသင်ကြားဘို့လည်း ရှိလာပါတယ်။ အဲဒါကတော့ System Control Devices ဆိုတာပါဘဲ။ လျှပ်စစ်(စွမ်းအား) အင်ဂျင်နီယာ လောကမှာ ထပ်တိုးပါဝင်လာနေတဲ့ အီလက်ထရောနစ် ပစ္စည်းတွေအကြောင်း သင်ခန်းစာတွေပါခင်ဗျ။ Electronics အကြောင်း မင်းကဘယ်လိုသိလို့ ဆရာလုပ်သင်ပေးမှာတုန်းလို့ မေးချင်နေပြီမို့လား၊။

ကျနော် တို့တုံးက ချစ်စရာကောင်းတဲ့ လက်တွဲခေါ်ဆောင်မှုလေးတွေရှိခဲ့တယ်ခင်ဗျ။

( နောက် တစ်ပိုင်းဆက်ဖတ်ပေးပါရန် )

With respect,

Swal Taw Ywet.

About Swal Taw Ywet

has written 64 post in this Website..

The motto of world best British soldiers SAS is " Who dare win ", so dare to face. Try your best for our mother land. OK? CJ # 1102012