အမေ့ချော့သိပ်သံကို ဘာနဲ့ ကြားခဲ့ရတာလဲ ?
သိပ်ကိုသာယာတဲ့ သူ့အသံလေးကို ဘာနဲ့ ကြားခဲ့ရတာလဲ ?
အဖေကြီး မုန့်ဘိုးပေး ဆိုတဲ့အသံကို ဘာနဲ့ ကြားခဲ့ရတာလဲ ?

ဟောဒီ နားကြီးနဲ့ပေါ့  ၊

အခုတော့ နားယားလို့ ကလိရင်း အနာဖြစ်ရာက
အတော်ကြီးကို မကြားရတဲ့ဘဝ ရောက်ခဲ့ရပြီ ၊

အနာက အတော်ကိုက်လာလို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နား နှာခေါင်း လည်ချောင်းဆေးရုံကြီးကို သွားခဲ့ပါတယ် ၊

ပြင်ပလူနာဌာနမှာ ၂၀၀ နဲ့ လူနာမှတ်တမ်းစာအုပ်လုပ်ပြီး အဲဒီနေရာမှာပဲ စာအုပ်ထပ်ထားရပါတယ် ၊

ကိုယ့်အရင်ရောက်နေသူက ၅၀ ကျော်လောက်မို့ အတော်စောင့်ရဦးမှာပဲ လို့တွေးမိပါတယ် ၊

ဒါပေမယ့် ဆရာဝန်တွေ ရှိနေတဲ့ ဘယ် ညာ စမ်းသပ်ခန်း ၂ ခန်းမှာ တစ်ခါခေါ် ၁၀ ယောက် ( တစ်ခန်းကို ၅ ယောက်နှုန်း ) မို့

တစ်နာရီ မကြာလိုက်ပဲ ဆရာဝန်ဆီ ရောက်ခဲ့ပါတယ် ၊ စမ်းသပ်စစ်ဆေးပြီး ဆေးတစ်ပါတ်စာပေးပါတယ် ၊

နားထဲထည့်ဖို့လည်း ဘယ်ဘက်အတွက် တစ်မျိုး ညာဘက်အတွက် တစ်မျိုးပါ ၊

ကျနော့်ဘယ်ဘက်နားက ငယ်ငယ်လေးကတည်းက နားပြည်ယို အနာဖြစ် အဲသလိုနဲ့ ခပ်ပေါ့ပေါ့ ဟိုလုပ်ဒီလုပ်နဲ့

နောက်တော့ မကြားရသလောက်ဖြစ်သွားပါတယ် ၊

ဒီတော့ ညာဘက်နား တစ်ဘက်တည်း အားကိုးနဲ့ နေခဲ့ရာက အခု ညာဘက်နားက ဖြစ်လာတာပါ ၊

( ဘယ်ဘက်က မကြားရလို့ တစ်ယောက်ယောက်နဲ့ စကားပြောရင် သူ့ကို ကိုယ့်ညာဘက်ဖြစ်အောင်ထားမှ သေသေချာချာ ကြားရတာပါ ၊

ရုံးက အစည်းအဝေးဆိုရင် ကျနော်က အမ်ဒီရဲ့  ဘယ်ဘက်မှာ ရွေးထိုင်ပါတယ် ၊ သူ့အသံက တိုးသမို့ပါ ၊ )

အဲဒီ ဆေးရုံက ဆေးဆိုင်မှာ ဆေးတစ်မျိုးပဲ ဝယ်ရပါတယ် ၊ ပန်းရောင်လေး ညဘက်သောက်ဖို့တဲ့ ၊ ၇ လုံးကို ၈၄၀ ပါ ၊

အခု တစ်ပါတ်ပြည့်ပါတော့မယ် ၊ ကောင်းကောင်း မကြားရသေးပါဘူး ၊

နားထဲမှာ တစ်ခုခုဆို့နေသလိုပါပဲ ၊ ဖုန်းတောင် လက်တစ်ကမ်းသာသာဆို ရင်းတုန်းသံ သိပ်မကြားရလို့ အင်္ကျီအိပ်ကပ်ထဲ ထည့်ထားရပါတယ် ၊

ဘာသံမှ မကြားရလို့ နားအေးသားဟ လို့ ရယ်စရာတွေးမိပေမယ့် ခေါ်မကြား အော်မကြားဘဝတော့ မရောက်လိုတာမို့

မနက်ဖြန် ဆေးရုံပြန်သွားပါဦးမယ် ၊

ခွဲမှဖြစ်မယ်ဆိုလည်း ခွဲရတော့မှာပေါ့ ၊

သြော်  နား နား နား   ၊

2

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..