အမှန်တရားနဲ့ မကြာခဏ ချိန်းတွေ့မှု တိုးတိုး ဂျိုး

marblecommetMarch 12, 20141min1486

ကျွန်တော့်အခန်းသည် အခြားသူတစ်ယောက်ကိုယ်စား လိပ်ပြာရှက်နေသည်။ ထိုကိစ္စမှာ အတော့်ကို အူကြောင်ကြောင် နိုင်သည်ဟု ကျွန်တော်က ထင်သော်လည်း ကျွန်တော်၏ ဆိတ်ကွယ်ရာများကို ထိတွေ့နေရသည့် သူက ဒါ သိပ်အရေးကြီးသည်ဟု ဆိုသည်။

ပြဿနာတစ်ခု ဖြစ်လာလျှင် ပီကေ တစ်လုံးကစပြီး ဖြေရှင်းဖို့ ကျွန်တော်က အကြံပြုခဲ့ဖူးသည်။ ထိုပီကေသည် အာရှနိုင်ငံတစ်ခုမှ တစ်ဆင့် မဲခေါင်မြစ်ဝှမ်းအပေါ်စီးက ခုန်ပျံလာပြီး ညောင်ပင်လေးဈေးတွင် တစ်ည အိပ်သည်။ ညောင်ပင်လေးဈေးသည် ဇာတ်လမ်းတစ်ခုကို ချိတ်ဆက်ပေးဖို့ အသင့်ရှိနေသည့် ဟောလိဝုဒ်လည်းဖြစ်သည်။ ထိုပီကေသည် Ruby Mark အရောင်းစင်တာတွင် နေသားတကျ ရှိနေစဉ် ကျွန်တော်သည် ပီကေ ကို မမြင်ဖူးသေး။
+++
ငယ်ဘဝ ဒိုင်ယာရီ စာအုပ်များ၏ ရက်စွဲအချို့မှာတော့ ကျွန်တော် ဝယ်မစား ဖြစ်ခဲ့သော သကြားလုံးခွံအချို့ အခုတိုင် ရှိနေသေးသည်။ တနင်္ဂနွေတစ်ရက်တွင် ကျွန်တော်နှင့် ပီကေ မြကျွန်းသာတွင် ဆုံကြသည်။ ကျွန်တော်နှင့် ခင်သွားကြသည်။ ထိုအခါ ပီကေ က ကျွန်တော့်ကို ပြောပြသည်။ သူမသည် လက်ထပ်ရန် မသင့်တော်သော်လည်း သန့်ရှင်းရေးပစ္စည်းကို အလွန်ဂရုတစိုက် အသုံးပြုသည်ဟု ဆိုသည်။ ကျွန်တော်နှင့် သူမကြားကို ဝင်မရှုပ်သင့်ကြောင်း ကျွန်တော်က ပြောသောအခါ ပီကေက တခိခိ ရယ်သည်။ ပြီးတော့ “မင်း ဂျိုး ကို ချစ်လား..’’ ဟု မေးသည်။
“အေး..’’
“ဒါဆိုရင် သူမ ပြဿနာတွေကို မင်းနားထောင်ပြီးတဲ့အခါ မင်း ငါ့ဆီ ပြန်လာခဲ့ အဲဒီ ပြဿနာတွေကို ဖြေရှင်းဖို့ ခွင့်လွှတ်နိုင်စွမ်း၊ ဥပက္ခာ ပြုနိုင်စွမ်း၊ ဉာဏ်ပညာနဲ့ သမာဓိအတွက် ကြားခံကိရိယာတစ်ခုအဖြစ် မင်းငါ့ကို လိုအပ်လိမ့်မယ်..’’
အမှန်က ပီကေသည် အလွန် အမြော်အမြင်ကြီးမားပြီး အနစ်နာခံ သဘောထားကြီးတတ်ခြင်းကို ကျွန်တော် မသိခဲ့။
+++
ပီကေ တစ်ယောက်တစ်လုံးစီ စားပြီးသောအခါ သူမက စကားပြောသည်။ ကံကြမ္မာအရိုင်းများက သူမအပေါ် စလွယ်သိုင်း ဖြတ်သန်းသွားခဲ့ဖူးသည်ဟု ဆိုသည်။ ထိုအခါ ပီကေ က ယင်း ကံကြမ္မာမှာ သူမကိုယ်တိုင် ရွှေပြည်သာ ကျောင်းထဲက ခေါ်လာခဲ့ခြင်းဖြစ်သောကြောင့် သူမ၏ အဆိုကို ကန့်ကွက်ကြောင်း ဝင်ပြောသည်။ ကျွန်တော်က သူ့ကို အသာနေရန် တားထားရသည်။

ကြည်လင်သန့်ရှင်းစိတ်ဖြင့် မွေးမြူထားသည့် (၃၁) နှစ် သက်တမ်းရှိ ဘွန်ဇိုင်း ခံ ပင်တစ်ပင်ကို ကျွန်တော် သူမအား အပြီးအပိုင် ပေးလိုက်သည်။
“ဒီအပင်က မင်းရဲ့ ကံကြမ္မာ အရိုင်းဟောင်းတွေကို ကာကွယ်ပေးလိမ့်မယ်၊ ပြီးတော့ ဒီ သစ်ပင်က မင်းရဲ့ အနာဂတ္ထိ မျှော်လင့်ချက်များအတွက် အရိပ်ကောင်း တစ်ခုလည်း ဖြစ်လိမ့်မယ်’’ သူမသည် ဖြူလွှလွှ နုညံ့သွားသည်။ သစ်တစ်ပင်သည် လူတစ်ယောက်ကို အပြီးတိုင် ငြိမ်းချမ်းစေနိုင်ခဲ့ပြီပဲ မဟုတ်လား။ ကျွန်တော်၏ ပျော်ရွှင်ခြင်းများသည် ရုပ်နမ်ခွဲခြားဖို့ မရင့်ကျက်သေးသည့် ကျွန်တော့်နှလုံးသားကိုပင်
ကျိုးနွံလိုခြင်း၌ လင်းပွင့်ဖြူစင်မှု၏ပြီးပြည့်စုံမှုကို မွေးဖွားပေးလိုက်သည်။
ပီကေ ကလည်း လက်ခုပ်တီးပြီး ဘရာဗို လုပ်သည်။ ကဲ တို့တွေရဲ့ အပေါ်မှာ
မှောင်ရိပ်ဆိုးကြီးတွေ အုပ်မိုးလာတိုင်း မင်းရယ်၊ ကိုယ်ရယ်၊ ပီကေရယ် သုံးပွင့်ဆိုင် အဖြေရှာလို့ရခဲ့ပြီပေါ့။ အိုကေ။

“ကောင်းပြီ ပီကေ ငါတို့မှာ ပြဿနာ ရှိမလာတော့ဘူးဆိုရင် မင်းနဲ့လည်း ထပ်တွေ့နိုင်တော့မှာ မဟုတ်ဘူး။ ပြီးတော့ ငါတို့မှာ ပြဿနာတွေကို ကာဗွန်ဒိုင်အောက်ဆိုက်လို ဝါးမျိုရှင်းပစ်နိုင်စွမ်းရှိတဲ့ ခံပင်လည်း သူ့ကို ပေးထားပြီးသားပဲ။ ဒီတော့ အခြား ဖြစ်ရပ်တစ်ခုခုမှာပဲ မင်းရဲ့ သမာဓိကို ကောင်းကောင်း အသုံးချနိုင်ပါစေ ပီကေ.’’
ပီကေကို ကျွန်တော်တို့နှစ်ယောက် မေ့လျော့ခြင်း ကမ်းပါးဆီ လိုက်ပါ ပို့ဆောင်နှုတ်ဆက်ကြသည်။
+++
မြန်မာပြည်တစ်လွှား ဖိတ်ဖိတ်တုန်အောင် ကျော်ကြားသော မြိုင်ရာဇာ တွတ်ပီနှင့် မိတ်ဆက်ပေးသောအခါ သူမသည် ပီဘိ ကလေးငယ်တစ်ယောက်လို ပျော်ရွှင်မြူးထူးနေသည်။ တောတွင်းသားလေး အရိုင်း၏ ပရဟိတနှလုံးသားကို မြို့ပြဆီ အိုလံပစ်မီးရှူးတိုင်ကဲ့သို့ လက်ဆင့်ကမ်းသယ်ဆောင်ရန် လိုအပ်ကြောင်း ကျွန်တော် ပြောပြသောအခါ ဂျိုး လှုပ်လှုပ်ရှားရှား ဖြစ်သွားတတ်သည်။ သို့သော် မှောင်သောလမ်းသည် အလင်းပေးသူအပေါ်တွင်သာ မူတည်ပါ၏။
သူမသည် ပင်လယ်ကူး သင်္ဘောကြီးတစ်စီးကို ကိုယ်တိုင်ခုတ်မောင်းရန် အာသီသ ပြင်းပြနေသည်။ အနော်ရထာလမ်း ဝက်သားဒုတ်ထိုး၊ ကက်ချီးယားအမှိုက်ပုံ၊ အမေ့မေတ္တာနှင့် ကျွန်တော့်အခန်းထဲတွင် သူမ ရှာဖွေနေသည့် အမှန်တရားကို တွေ့ပြီဟု သူမက ဆိုသည်။
“အမှားတွေ အများကြီး လုပ်ခဲ့တဲ့လူမှာလည်း အမှန်ကို လုပ်ခွင့်ရှိတာပဲမလား..’’
“သိပ်ကောင်းတဲ့ မေးခွန်းပဲ ဂျိုး..’’
“ဒါပေမဲ့ ခိုင်မာတဲ့ အရာတစ်ခုဆီကို သွားတော့မယ်ဆိုရင် တိတ်တဆိတ် လျှောက်လှမ်းပါ ဂျိုး။ အမှားက အသံကျယ်ပြီး အမှန်က အသံတိုးတတ်တယ်လေ အကောင်းဘက်ကို တိုးတိုး လျှောက်လာခဲ့ဂျိုး..’’
ဂျိုးထံတွင် အတွေ့အကြုံ၊ ခံနိုင်ရည်နှင့် ရင့်ကျက်မှုရှိသည့် အရေးအကြောင်းများ ပေါက်ဖွားလာသဖြင့် ကျွန်တော် ကြည်နူးဖွဖွ ဖြစ်နေသည်။
+++
ရက်ဘတ္တလာသည် မြင်းကို ဒုန်းစိုင်းပြီး ဝက်သစ်ချမြိုင် ခြံစည်းရိုးကို ခုန်ကျော်ဝင်လာသည်။ ဝက်သစ်ချမြိုင်ဘုရင်မ စကားလက်အိုဟာရာနှင့် ရက်ဘတ္တလာ တို့၏ သမီးလေးသည် ဖေဖေ ရက် ဝယ်ပေးထားသည့် မြင်းပုလေးပေါ်မှ လိမ့်ကျ သေဆုံးသွားသည်။ ထိုအခါ ဂျိုးက စိတ်မကောင်း။
“စိတ်ခံစားမှုဆန္ဒကို အပြောင်းအလဲ လုပ်ရတာလည်း အနုပညာ တစ်မျိုးလားမသိဘူး..ဒီလိုလုပ်ရတာ တက်ကြွမှုတော့ ဖြစ်တယ်’’
ဟု ဂျိုးပြောသည်။
တစ်ခါတစ်ရံ ဂျိုးသည် ရာစုတစ်ခုကို အရှေ့က ဖြတ်ကျော်သွားပြီး..ရာစုဟောင်းများ၏ အာသာငမ်းငမ်း ကပွဲခန်းမများကို
နှစ်ခြိုက်နေသူ တစ်ယောက်နှင့် တူနေသည်။ တကယ်တော့ ဂျိုးသည် မေရီအင်တွိုင်းနက်စ် မဟုတ်။ ဒဂုန်တာရာ၏ မေ မဟုတ်။ ကြည်အေး ၏ မီ မဟုတ်။ ဗန်းမော်တင်အောင်၏ မြိုင်လည်းမဟုတ်။ ဂျိုးသည် တံတားအောက်က မြစ်ရေများလို စီးဆင်းနေသည့် ဆွဲငင်မှု၏ အလျင်တစ်ခုသာဖြစ်ပါ၏။
+++
ကျွန်တော့်အခန်းသည် ထိုင်းမှိုင်းမှု မျိုးစုံသုံးပြီး ကျွန်တော့်အား နှိပ်စက်နေသည်။ ကျွန်တော် စိတ်ပျက်လက်ပျက် အခန်းတံခါးကို သော့ခတ်ပြီး မေ့လျော့ခြင်းကမ်းပါးဆီ ထွက်လာခဲ့သည်။ ပီကေ မင်း ဘယ်မှာလဲ။ ကျွန်တော် ပီကေကို လိုက်ရှာရမည်။ ပီကေသည် မေ့လျော့ခြင်း ကမ်းပါးတွင် မရှိတော့ပါ။ ကျွန်တော်သည် ပီကေကို အတိတ်တောအုပ် တစ်ခုလုံးတွင်ရှာသည်။ မတွေ့ပါ။
တစ်နေ့ ပန်းဆိုးတန်းဘောတံတား၏ ရေငုပ်သင်္ဘောထဲတွင် ပီကေကို အခန့်သားတွေ့လိုက်ရသည်။
“ဟေး ပီကေ ငါ မင်းကို လိုက်ရှာနေတာ..’’
“မင်း ပြဿနာ ရှိလို့လား..’’
“အင်း..’’
“ဒါဆို ဂျိုး ပါ ခေါ်ခဲ့လေ..’’
“ဂျိုး မင်းဆီကို လာမှာမဟုတ်တော့ဘူး ..’’
“ဘာလို့လဲ..’’
“ဂျိုး နောက်ထပ် အမှန်တရား တစ်ခုအတွက် ခရီးထွက်သွားပြီ..’’
“ဒါဆိုရင်တော့ မင်းပြဿနာကို ငါလည်း မဖြေရှင်းပေးနိုင်ဘူး ကိုယ့်လူရေ့..ဒါက ဂျိုးပါမှ ဖြစ်မှာ’’
“ဘာ တတ်နိုင်မှာလဲ ပီကေရာ..ဒါနဲ့ တစ်နေ့နေ့မှာ ပြန်တွေ့ခဲ့ရင် မင်းကိုငါ မေ့ပစ်လိုက်ရမှာလား ပီကေ..’’
“ဒါတော့ မောင်ရင့်သဘောလေ..’’
“မေ့တော့ မမေ့ချင်ဘူးပေါ့ကွာ…ဒါပေမဲ့ ငါတို့ချင်း ဆက်စပ် သီအိုရီ အရ ဒီလိုပဲ လက်ခံရမှာပဲ မဟုတ်လား..’’
“မင်းအတော် တိုးတက်လာပြီ နောက်တစ်ခါ ငါ့လို ကောင်မျိုးကိုလည်း သိပ်မယုံနဲ့ကွ ငါက မင်းတို့ မွေးဖွားပေးထားတဲ့ တတိယ နိမိတ်ပုံပဲ မင်းတို့ တစ်ခုခု လွဲမှားတာနဲ့ ငါလည်း ဘာအစွမ်းမှ မရှိတော့ဘူး..’’
“ငါ နားလည်ပါပြီ ပီကေရာ…’’
“ဂွတ်လပ်ကွာ…ကောင်လေး ဘိုင်..’’
အနုပညာသည် တစ်ခါတစ်ရံ လူတို့၏ မကောင်းမှုများကို ကြိုသိနေတတ်သည်။ ကျွန်တော်၏ မကောင်းမှုများကို အကြိမ်ကြိမ် ကိုယ်ထင်ပြခဲ့ပါလျက် ကျွန်တော် လျစ်လျူရှုထားခဲ့သည်။ အခု ကဗျာ၊ ပန်းပွင့်နှင့် မြေသင်းရနံ့များသည် ကျွန်တော့် ရှေ့က ကြိုသွားနှင့်ခဲ့ကြပြီ။ ကျွန်တော် ခရီးဆက်ရဦးမည်။ ငြိမ်းချမ်းသည့် ပန်းတွဲများကို သယ်ဆောင်ထားသည့် ပဉ္စလက်မီးရထား စက်ခေါင်းတစ်ခု ခုတ်မောင်းထွက်ခွာလာခဲ့ပြီ။ ဘဝ ဆိုတာ ရွက်ကျပင်ပေါက် တစ်ခုပဲ မဟုတ်လား ဂျိုး။ ရထားကြီး ခုတ်မောင်းလာသည့် လမ်းဘေးဝဲယာတွင် ပန်းများ လွင့်စင်ဝေ့ဝဲ ကျကျန်နေခဲ့ကြသည်။ ထိုပန်းများသည် မကြာသော တစ်နေ့တွင် ဝေဆာ ဖူးပွင့်လာကြပြန်လေဦးမည်။
မတ်၊ 12၊ 2014 ဗုဒ္ဒဟူး

6 comments

  • alinsett (gazette)

    March 12, 2014 at 5:30 pm

    သတိမပြုမိပဲ မနေနိုင်တာက
    စကားပြေ အရေးအသား
    ကျစ်လျစ်ပြီး လှပ သပ်ရပ်မှု

  • TNA

    March 12, 2014 at 7:54 pm

    ဖတ်ဖူးတဲ့ ဝက်သရင်းဟိုက် အရေးအသားမျိုးနဲ့တူသလိုလိုပဲ။ အကြောင်းအရာကိုတော့ သိပ်နားမလည်ဘူး။

  • Shwe Ei

    March 13, 2014 at 5:22 pm

    အမှန်တရားလို့ထင်ရတဲ့အရာနဲ့မကျာခနချိန်းတွေ့ရင်းကနေ ကိုယ်တွေ့နေသမျှအရာတွေအားလုံးကို အမှန်တရားစစ်စစ်လို့ ထင်လာခြင်းသာဖြစ်နိုင်သီ 🙂

  • naywoon ni

    March 14, 2014 at 4:38 am

    ကမ်​းကြီးစာဖတ်​ဖိူ့ ဒစ်​ရှင်​နရီ ပြန်​ရှာရဦးမယ်​ အဲ့စာအုပ်​ကလည်​း အနားမှာအလွယ်​တစ်​ကူမရှိ ဘယ်​သူ့ငှားလိုက်​မိမှန်​းမသိ ပီ​ကေထက်​ ​ချောကလက်​က လူကြိုက်​များတယ်​ ကမ်​းကြီး​ရေ့

  • ဖြူစိုင်း လူ

    March 14, 2014 at 6:24 am

    ကိုကမ်း..

    တစ်ခါတုန်းက ကျွန်တော် နာရီလက်တံတွေ နောက်ပြန်လှည့်နေရင်းနဲ့ ကျုပ်ကိုကျုပ် သတို့သားဝတ်စုံကြီးခြုံလျက်သားအနေအထားကို ပြန်ရောက်ဖူးသွားတယ်။ အနာဂါတ်ကြီးထဲကနေ လန့်နိုးလာတုန်းကလေ။ ကျုပ်ရှေ့မှာတော့ အိမ်မက်တွေတစ်ပွေ့တစ်ပိုက်ကြီးနဲ့လူရယ်၊ စိတ်ကစားမှုသက်သက်ကို ဝတ်စုံချုပ်ဝတ်ထားတဲ့ ကော်ပတ်ရုပ်လေးရယ်ကို ကျုပ်ကိုစာတွေရေးဖြစ်အောင်သာမက ကျုပ်ရဲ့ အိမ်မက်ပွဲကြီးကို ချီးမြှင့်ခဲ့ကြတဲ့ လူတွေကြားမှာ ပထမဆုံးနဲ့ နောက်ဆုံးတွေ့ခဲ့ဖူးတယ်။ ကျုပ်အဲ့ဒီတုန်းက အိပ်ငိုက်နေခဲ့တာ။ နှစ်ဦးကြား ဘာဆက်သွယ်မှုတွေမှ မတွေ့ခဲ့ဘူး။

    နံရိုးတစ်ချောင်းကို ပြန်ရှာတွေ့ပြီးတဲ့နောက်မှာတော့ အဲ့ဒီနံရိုးဆိုတာ ဘယ်လောက်အရေးပါကြောင်းသိလာတော့ ခင်ဗျားလေ…

    နံရိုးစူးနေတာ မှတ်မိတယ်။

    ပန်းရုံလေးကို ဖျက်ဆီးမယ့်သူမရှိတော့တာကိုတောင် ခင်ဗျား စိတ်နာနာနဲ့ လွမ်းနေတာလား။

    သိပ်တော့မကြာပါဘူးလေ။ ခင်ဗျားနွေညမှာ အိမ်မက်ဆိုးတွေနဲ့ လန့်နိုးလာတယ်။ ခင်ဗျားတစ်ကယ်လိုချင်ခဲ့တာ နောင်ကာလ၊ တစ်ကယ့်တစ်ကယ်တော့ အတိတ်တွေ နွေးထွေးခဲ့ပါတယ်ဗျာ။

    ခင်ဗျား အိမ်မက်တွေ ပြန်မက်ကြည့်ပါဦး။ ကော်ပါတ်ရုပ်လေး နံရိုးလွတ်လေးတစ်နေရာမှာ ရှိနေဦးမှာပါ။

    (စိုင်းကွမ်းခေး)

Leave a Reply