ဟီး ဟီး  ဘာရယ်မဟုတ်ပါဘူး ၊ ဟိုးတလောက ဖဲဇာတ်လမ်းပို့စ်လေးကို သတိရပြီး ရေးလိုက်တာပါ ၊

လူ့စိက်ကို သိစေတဲ့အထဲမှာ ဖဲရိုက်ကြည့်တာလည်း ပါတယ်လို့ ကျနော် ဆိုလိုချင်တာပါ ၊

ကျနော် ဖဲဆရာကြီး ဟုတ်ရပါဘူးဗျာ ၊

ဖဲကို စတတ်တာ အဖွား နာရေးတုန်းကပါ ၊ အဖွားက မန္တလေးက အဒေါ်အိမ်မှာဆုံးတော့ ရန်ကုန်ကနေ အမေ နဲ့ ကျနော်က သွားရတာပေါ့ ၊

၈ တန်းအရွယ်ဆိုတော့ ခရီးသွားရတာကိုပဲ ပျော်နေတာ ၊ အဒေါ့်အိမ်က ၇၄ လမ်း ၃၁ နဲ့ ၃၂ ကြား ၊ ဆေးကျောင်းအနောက်ဘက် မောရဂီဝါရပ်တဲ့ ၊

ဆွေမျိုးတွေစုံ ၊ ကလေးတွေလည်းဆုံ ၊ အဲသည်မှာ ကျနော်တို့ ညီအကိုမောင်နှမတွေ ဖဲရိုက်ကြမယ်ပေါ့ ၊ ကျနော်က ဘာမှမတတ်တော့

ကိုးမီးက စသင်ရတယ် ၊ ကိုယ်ရလာတဲ့ ဖဲ ၃ ချပ် ရလဒ်ကိုပေါင်း အပွင့်အကြီးဆုံးက စားပေါ့ဗျာ ၊

အဲဒီကနေ တဖြည်းဖြည်း တတ်လာခဲ့တာ ၁၉၈၂ အင်းစိန်ဂျီတီအိုင်ကျောင်းသားဘဝမှာ ပိုကာကိုတော့ အတော်ကျွမ်းနေခဲ့ပြီ ၊

ဆင်မလိုက် သင်္ဘောကျင်းရောက်တော့ ဒေါက်လာတင်တဲ့ ပီအိုင်စီ ရေနံတွန်းသင်္ဘောတွေက ( ဆင်ပြောင် တို့ ရေကျွဲ တို့ ) ဆရာ့ဆရာကြီးတွေနဲ့

ပြီးတော့ ဒေါက်လာတင်တဲ့ ရေတပ်သင်္ဘောက ဆရာကြီးတွေနဲ့ ဆော်ကြတာပေါ့ ၊

အဲဒီတုန်းက ပိုကာဆို ၃ ကျပ် ၁ ကျပ်ဝိုင်းဆိုတာ ဆရါကြီးဝိုင်း ကြေးကြီးဝိုင်းပေါ့ဗျာ ၊ လဘက်ရည်က ၁ ကျပ်ခေတ်ကိုး ၊

အဲဒီမှာ ရှိုး ဆိုတာ စပြီး တတ်လာခဲ့တယ် ၊

ဒါပေမယ့် ကျနော်တို့က အပျော်ထမ်း ကစားသမားတွေမို့ ပိုက်ဆံ သိပ်မကုန်တဲ့ ၂ ကျပ် ငါးမူး ပိုကာဝိုင်းမျိုးမှာပဲ အားတဲ့အခါ ကစားကြပါတယ် ၊

တစ်ခါမတော့ ရတနာပုံသင်္ဘော ( လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးအတွက်ဆောက်တာ ) ပြီးခါနီးလို့ ကျနော်တို့

စက်တပ်ဆင်ရေးအလုပ်ရုံက ညဘက်မှာပါ သင်္ဘောပေါ်မှာ စောင့်ရချိန် ၊

လွန်းလာတင်တဲ့ ရေတပ်က သုတေသီ သင်္ဘော ၊ ပီအိုင်စီက ဆင်ပြောင် ၁၆ သင်္ဘောကလူတွေနဲ့

ကျနော်တို့ သင်္ဘောကျင်းကလူတွေ ရတနာပုံပေါ်မှာ ဝိုင်း ၂ ဝိုင်းနဲ့ ဆော်ကြရော ၊

ရေတပ်ကဟာတွေရော ရေနံကဟာတွေပါ အိမ်ရှင် ဆင်မလိုက်သင်္ဘောကျင်းကို ဒူးထောက်ရတော့တာပဲ ၊

ဘယ်လောက်ဆိုးလည်းဆို တွမ်တီးဝမ်း ဒိုင်ကိုင်တဲ့ ဆင်ပြောင်ဆလင်ခမျာ လျော်စရာ ပိုက်ဆံကုန်လို့ ဒီဇယ်နဲ့လျော်သဗျာ ၊

ငါးဂါလံ တစ်ပုံးကို ၃၅ ကျပ်လား သိပ်တော့ မမှတ်မိတော့ဘူး ၊

မနက်မိုးလင်းတော့ ငါးဂါလံပုံးတွေနဲ့ ဆင်ပြောင်ဆီမှာ သွားထုတ်ရတာ မှတ်မိသေးတယ် ၊

ပြီးတော့ အဲဒီဆီကို မော်တော်ယာဉ်ဌာနမှာ သွားသွင်းရတာပေါ့ ၊

ပြန်ပြောရင် လွမ်းချင်စရာ  ၊

ကျနော့်ဦးလေးတစ်ယောက်က ပြောဘူးတယ် ၊ ကိုမျိုး မင်း ဖဲမရိုက်နဲ့လို့ ငါ မပြောဘူး ၊ ငါတို့လည်း တစ်ခါတစ်လေ အပျင်းပြေကစားတာပဲ ၊

အေး တစ်ခုပဲ ရှိတယ် ၊ မင်း ဘယ်လောက် အရှူံးခံနိုင်သလဲ ၊ တစ်ထောင်လား ၊ အဲဒါဆို တစ်ထောင်ပဲ အိတ်ထဲထည့်သွား ၊

အဆင်မသင့်လို့ ကုန်သွားရင် ပြန်ခဲ့တော့တဲ့ ၊

ဒီဘက် အိမ်ထောင်သည်ဘဝ ရောက်လာတော့ မကစားဖြစ်တော့ပါဘူး ၊

နောက်ပိုင်း မိန်းမက မရှိ ၊ ကလေးတွေကလည်း တက္ကသိုလ်ရောက်လာတဲ့ လွန်ခဲ့တဲ့ ၃ _ ၄ နှစ်လောက်ကစပြီး

တစ်လတစ်ခါ နှစ်လတစ်ခါ သူငယ်ချင်းတွေ ဆုံပြီး ဖဲရိုက်ကြပါတယ် ၊

တစ်ချို့ကအပျော် တစ်ချို့ကတော့ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ စိတ်တွေနဲ့ပေါ့ ၊

အဲသည်မှာ လူတွေရဲ့   စိတ်တွေ အကျင့်တွေကို မြင်ရတော့တာပါပဲ ၊

တချို့က သူငယ်ချင်းတွေ ဆုံတာမို့ ဘီယာလေးသောက် ဆေးလိပ်လေးဖွာ စကားလေးပြော ၊

တချို့က ကိုယ့်အိတ်ထဲက ကုန်ရင် ပေးစမ်းပါဦး ဘယ်လောက်ဆိုပြီး ဆက်ကစား ( အဲဒီမှာ ပြန်ပေးတတ်သူရှိသလို မေ့ချင်ယောင်ဆောင်တဲ့သူလည်းရှိ )

တချို့က နိုင်နေရင် ခိုးသိမ်းတတ်ကြတယ် ၊ ရှိုးဆိုတာ ဆက်ရှင်ပြည့်မှ ပိုက်ဆံ တင်ရတာလေ ၊

တချို့က ခါးကဖုန်းကို ချပေါင် လက်ကနာရီချွတ်ပေါင် ( အဲဒီမှာ ပြန်ရွေးသူရှိသလို တချို့က ရှူံးတာမို့ အတင်းပြန်တောင်းတာလည်းရှိ )

တချို့က နိုင်သွားရင် အိတ်ထဲထည့်ပြန်

တချို့က နိုင်သွားရင် လာ ဘယ်ဆိုင်မှာ သွားသောက်ဦးစို့ဆိုပြီး နိုင်သမျှ ပြန်ကျွေးမွေးတာလည်း ရှိတယ် ၊

ဒါတောင် ဒီလူတွေဟာ သူငယ်ချင်းတွေနော် ၊ သူစိမ်း မပါဘူး ၊

သူစိမ်းတွေဆိုရင် ဒီထက်မကတဲ့ စိတ်ဓါတ် စိတ်ထား နဲ့ အကျင့်စရိုက်တွေကို

မြင်သိ တွေ့ကြုံကြရမယ် မဟုတ်ပါလား ၊

 

Photo2155

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..