စွယ်တော်ရွက်ရဲ့ သင်ကြားရေးဘဝမှတ်တမ်း အပိုင်း( ၂ )

Swal Taw YwetMarch 16, 20141min1696

အဲဒီ System Control Devices ဘာသာရပ်အတွက် စက်သက် (စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန) က ဝါရင့် E P ဆရာ ၂ယောက်ကို နိုင်ငံခြားပို့ ပညာသင်ယူစေပါတယ်၊ အဲဒီ ၂ယောက် ကမှ သင်ခန်းစာ စာအုပ် Text Book ပြုစုတာပါ။ တစ်ယောက်က ဆရာဦးထွန်းတင့်ပါ။ ကျနော်တို့ မန္တလေး GTI တက်နေတုံးမှာမှ မန္တလေး THS ကနေ ရာထူးတိုးနဲ့ ပြောင်းလာခဲ့တဲ့ဆရာ ဖြစ်ပါတယ်။ကျနော် နောက်ဆုံးနှစ်ကျောင်းသားဖြစ်တော့ ဆရာ က Power Wiring and Installation ဘာသာရပ်ကို သင်ပေး ခဲ့ပါတယ်၊ ကျနော် မုံရွာ GTI ကို ရောက်ရောက် ခြင်း သင်ကြားပေးခဲ့ရတာကလည်း အဲဒီ Power Wiring and Installation ပါဘဲ၊ အဲဒီဘာသာရပ်မှာ ဗို့အားမြင့်ဓါတ်အားလိုင်းတွေကို ထိန်းချုပ်ရတယ့် Switch Gear အကြောင်းတွေပါသလို Motor Control နည်းစနစ်၊ ပစ္စည်းပိုင်းတွေပါ ဝင်ပါတယ်။ System Control Devices ဘာသာရပ်ဟာလည်းဘဲ ထိန်းချုပ်မှုပိုင်းဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းတွေ အကြောင်း ဖြစ်တဲ့အတွက် GTI ကျောင်းတွေမှာ  Power Wiring and Installation ဘာသာရပ်ကို သင်ပေးနေ ကြတဲ့ ဆရာဆရာမ အားလုံးကို ရန်ကုန် အင်းစိန် GTI မှာ စုစည်းပြီး သင်တန်းပေးခဲ့ပါတယ်။ ဘာသာရပ် သင်ကြားရသည့် ရည်ရွယ်ချက်၊ ပါဝင်သည့်အကြောင်းချင်းရာများ ၊ အီလက်ထရောနစ်ပစ္စည်းများ အကြောင်းအသေးစိတ်၊မည်သည့် အပိုင်းကို ဦးစားပေးသင်၊ လက်တွေ့မှာဘာတွေလုပ်၊ မေးခွန်းပုံစံချ၊

သေသေချာချာကို ပြင်ဆင်ပေးခဲ့ပြီးမှ ကျောင်းတွေမှာ အဲဒီဘာသာရပ်ကို နောက်ဆုံးနှစ် EP သင်တန်းမှာ ထပ်တိုးသင်ကြားပေးခဲ့ကြတာပါ။ ဘာဘဲပြောပြော စနစ်ကျချောမွေ့သော ဘာသာရပ်အသစ်တိုးချဲ့ သင်ကြားမှုတစ်ခုကို စွယ်တော်ရွက်တို့ကိုယ်တိုင် စတင်ပေးနိုင်ခဲ့ကြပါတယ်။

၄ ဇန္နဝါရီ ၂၀၁၄ ဂျီတီအိုင် ကျောင်းပေါင်းစုံ ဆရာကန်တော့ပွဲတွင်တွေ့ရသော ဆရာကြီး ဦးထွန်းတင့်။
၄ ဇန္နဝါရီ ၂၀၁၄ ဂျီတီအိုင် ကျောင်းပေါင်းစုံ ဆရာကန်တော့ပွဲတွင်တွေ့ရသော ဆရာကြီး ဦးထွန်းတင့်။

စွယ်တော်ရွက် အတွက် နောက်ထပ် ရလာတဲ့ အခွင့်အရေးကတော့ အခု သံလျင်GTU ဖြစ်နေတဲ့ အရင်က စက်မှုသင်တန်းကျောင်းမှာ Programmable Logic Control ဘာသာရပ်ဆိုင်ရာ သင်တန်း တက်ရောက်ခွင့်ရခဲ့တာပါဘဲ။ ဆရာ ဦးထွန်းတင့်လဲ အဲဒီသင်တန်းကို လိုက်တက်ပါတယ်၊ ကျောင်းအားလုံးက PLC ဆရာဆရာမ တွေကို ခေါ်ဘို့ အခြေအနေမပေးလို့ စာဖတ်အားကောင်းတဲ့ ဆရာတွေကိုဘဲ ဦးစားပေးရွေးခေါ်လိုက်တာပါတဲ့။ ရီစရာလေးတစ်ခုဖြစ်သွားခဲ့တာလေးရှိသေးတယ်၊ သင်တန်းခေါ်စာရောက်တော့ ကျနော်က လက်ထောက်နည်းပြဘဲ ရှိသေးတယ်၊ သံလျင်ကျောင်းကို ရောက်တဲ့ အကြောင်းကြားစာမှာ ကျနော့်ရာထူးက နည်းပြဖြစ်နေတယ်၊ ကျနော်နဲ့ ဆရာအတတ်သင်အတူတူတက်ခဲ့တဲ့ တစ်ယောက်က နည်းပြလစာထုတ်နေရတာ ၂ လရှိနေပြီ၊ အကြောင်းကြားစာမှာ လက်ထောက်နည်းပြဘဲဖြစ်နေသေးတယ်။ ဂျာမနီရဲ့ အထောက်အပံ့နဲ့ တည်ထောင်ထားခဲ့တဲ့ အဲဒီ စက်မှုသင်တန်းကျောင်းကတော့ အကြောင်းကြားစာထဲက ရာထူးတွေအတိုင်း အဆင့်လိုက် နေရာ အိပ်ခန်းေ တွပြ င်ပေး ထားခဲ့တော့ မျက်နှာပူစရာတွေဖြစ်ခဲ့ရတာပေါ့။ အမှန်က ကျနော့်ရာထူးတိုးအမိန့်စာက ရုံးချုပ်က ထွက်ထားခဲ့ပြီးသား၊ မုံရွာကျောင်းကိုမရောက်သေးလို့ ကျနော်ရာထူးမတိုးရသေးဘဲ သင်တန်းလာတက်လိုက်ရတာပါ။အမှတ်တရပေ့ါလေ။

ကျနော်တို့သင်တန်းတက်ခဲ့ရတဲ့ သံလျင် စက်မှုသင်တန်းကျောင်းက ဆရာ အားလုံးနီးပါး ဂျာမနီပြန်တွေပါ

( မသွားရသေးတာ ၂ယောက်ဘဲကျန်ပါတယ် )။ ကျနော်တို့ကို အဲဒီ ဂျာမနီပြန်တွေက သင်ကြားလေ့ကျင့်ပေးခဲ့ပါတယ်၊ ပညာကို တန်ဘိုးထားသူတွေဖြစ်လို့ ကျနော်တို့မသိလို့မေးသမျှကို ဒိုင်ခံဖြေရှင်းပေးခဲ့ကြပြီး ပံ့ပိုးပေးခဲ့ကြတာပါ။ တန်ဘိုးအကြီးကြီးဖြစ်ခဲ့တာကတော့ သံလျင်မှာ ရှိပြီးသား PLC စက်နဲ့လေ့ကျင့်ပေးလိုက်ယုံသာမက ကျနော်တို့ကျောင်းတွေအတွက်ရောက်လာတဲ့ PLC စက်တွေ အကြောင်းကိုပါ အင်းစိန် GTI အထိလိုက်ကြည့်ပေးပြီး ဘယ်လို အသုံးချရမယ်ဆိုတာကိုပါ လက်တွေ့ သင်ကြားပေးခဲ့ကြတာပါဘဲ။ အဲဒီလို ဖြည့်ဆည်းမှုတွေကြောင့်ဘဲ စွယ်တော်ရွက်တို့ ဆက်လက်ချီတက်နိုင်ခဲ့တာပါ။ မုံရွာကျောင်းကို ပြန်ရောက်ရောက်ခြင်း ဂျာမနီကရောက်လာခဲ့တဲ့ ကွန်ပြူတာကို အသုံးချနိုင်ဘို့ ကြိုးစားခဲ့တာ ချောချောမောမော အောင်မြင်ခဲ့ပါတယ်။ ၅၀% ပေါ့လေ၊

ကွန်ပြူတာထဲမှာ Control Circuit Diagram တွေကို Program  တွေအဖြစ်ပြောင်းလဲရေးဆွဲတာ၊ အမိန့်ပေးမောင်းနှင်တာတွေ လုပ်လိုက်နိုင်ပါပြီ၊ ကျန် ၅၀% ဖြစ်တဲ့ တကယ့်မိုတာတွေကို ကွန်ပြူတာနဲ့ ထိန်းချုပ်မောင်းနှင်တာကိုတော့ မလုပ်ပေးနိုင်သေးပါဘူး၊ အဲလို မိုတာတွေကိုထိန်းချုပ်ဆက်သွယ်ပေးမယ့် အစိတ်အပိုင်းနဲ့ ကွန်ပျူတာနဲ့ ချိတ်ဆက်ပေးရမယ့် Interface connector လေးတစ်ခု မရှိသေးလို့ပါ။ ရုံးချုပ်ကလည်း အမှားအယွင်း မဖြစ်ရလေအောင် ကိုယ့်ဘာသာကိုယ် လုပ်မကြည့်ဘို့နဲ့ လိုအပ်အစိတ်အပိုင်းကိုစောင့်ဘို့ ညွှန်ကြားချက် ပေးပို့လာခဲ့ပါတယ်။ စောင့်ဆိုတော့လဲ စောင့်ခဲ့ရတာပေါ့ ခင်ဗျာ။

ခြောက်လလောက်တော့စောင့်ခဲ့ရတယ်ထင်တာဘဲ၊

“ရန်ကုန်( အင်းစိန် )၊ တောင်ငူ နဲ့ အောက်မြန်မာပြည်က ကျောင်းတချို့မှာ အဲဒီ အစိတ်အပိုင်း ဆက်သွယ်မှု အဆင်ပြေသွားပြီ၊ ဝါယာအပြောင်းအလဲလုပ်ပေးဘို့လိုတယ်၊ ဂျာမနီကပါလာတဲ့ Connector ကိုဘဲ ဖြတ်တောက်ပြုပြင် အသုံးပြုနိုင်တယ်” ဆိုတဲ့သတင်းရောက်လာခဲ့ပါတယ်။ မြန်မာပီပီ အတုယူ ပုံတူကူးဘို့ဘဲရှိတော့တာပေါ့။ ကျနော်စွယ်တော်ရွက်နဲ့ လက်ရွေးစင်ကျောင်းသား ၄ ယောက် တောင်ငူကို ကိုယ့်စားရိတ်ကိုယ်စား ချီတက်ခဲ့ကြပါတယ်၊ ကံကောင်းသွားတာက အဲဒီ အချိန် တောင်ငူGTI ကျောင်းအုပ်ကြီး က မုံရွာ ကနေ ရာထူးတိုးနဲ့  ပြောင်းသွားတာမကြာသေးတဲ့ ဆရာမကြီးဖြစ်နေတာပါ။ တောင်ငူ GTI –EP ဌာနမှုးကလဲ စွယ်တော်ရွက် တောင်ငူကမပြောင်းခင်ကတည်းကရောက်လာခဲ့တဲ့ ဌာနမှုးပဲမို့လို့ အစစအရာရာ ကူညီပေးခဲ့ပါတယ်။ ကျနော်တို့သွားခဲ့တဲ့ စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက်မှာ ဝပ်ရှော့ တံခါးဖွင့်ပေးထားပြီး မုံရွာ ကျောင်းသားတွေကို ကိုယ်တိုင် သင်ပေးခဲ့ပါတယ်။ တောင်ငူနဲ့ မုံရွာ စက်အမျိုးအစားတွေ အတူတူမို့ PLC မောင်းနှင်မှုသာမက ကျန်တဲ့ မုံရွာကျောင်းမှာမလည်ပတ်နိုင်သေးတဲ့ သင်ထောက်ကူစက် မောင်းနှင်မှုတွေ ကိုပါ လေ့ကျင့်မောင်းနှင်ခဲ့ ကြပါသေးတယ်။ နိုင်းယှဉ်ပြချင်တာလေးတစ်ခုရှိပါသေးတယ်။ အဲဒီခရီးစဉ်မှာ ကျနော်နဲ့အတူ လိုက်ပါခဲ့ကြတဲ့ မုံရွာကျောင်းသားတွေဟာ အတန်းထဲမှာ Roll No ထိပ်ဆုံးတွေ မဟုတ်ကြပါဘူး၊ လက်တွေ့လေ့ကျင့်မှုတွေကို စိတ်ပါဝင်စား အားသန်ကြသူတွေ၊ မုံရွာကျောင်း EP Workshop ထဲမှာ အမြဲတစေ နေခဲ့ကြသူတွေပါ။ မုံရွာ EP Roll 1 ကတော့ ကဗျာရေးတဲ့ စာပေဝါသနာအားသာသူဖြစ်လို့ ခရီးစဉ်အတွက်ခေါ်လို့မရခဲ့ပါ။ ( အခု ရန်ကုန်မှာ အောင်မြင်တဲ့ ကဗျာဆရာ၊ မဂ္ဂဇင်းထုတ်ဝေသူ တစ်ဦးဖြစ်နေပါပြီ။ ) တောင်ငူ EP Roll 1 ကတော့ ကျနော်တို့ ရောက်သွားချိန်မှာ မိုတာပတ်ကျွမ်းကျင် တစ်ဦးဖြစ်နေပါပြီ  ။( ယခုနိုင်ငံခြားမှာလို့ကြားရပါတယ်)။

(မုံရွာ ကျောင်းသား ၄ယောက် ကတော့ စလုံးမှာ ၁၊ နိုင်ငံခြားသင်္ဘော EO ၁၊ ရေအရင်းအမြစ် SAE ၁ နဲ့ ကိုယ်ပိုင်လုပ်ငန်းများပိုင်ရှင် ၁ ဖြစ်နေကြပါပြီ )။တောင်ငူ EP ဌာနမှုး ဦးစောမောင်အောင် ဟာ THS ကျောင်းဆင်းရာမှ GTIတိုက်ရိုက်ပေါင်းကူးတက်ရောက်ခွင့်ရခဲ့တဲ့ AGTI တစ်ယောက်ဖြစ်ခဲ့တဲ့ အပြင် တောင်ငူ GTI ကို မရောက်ခင် THS ကျောင်းတစ်ခုမှာ လက်ထောက်နည်းပြ လုပ်ခဲ့ရသူတစ်ဦးဖြစ်လို့ အောက်သက်ကြေပါတယ်၊ မိုတာ၊ထရန်စဖေါ်မာ ကွိုင်ပတ်တာတွေမှာ စွယ်တော်ရွက်ထက်ပိုပြီး အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပါတယ်၊ သူနဲ့အတူ တောင်ငူ EP Workshop မှာ သရုပ်ပြဆရာလုပ် နေသူကလည်း မန္တလေး THS ကျောင်းဆင်းတစ်ယောက်ပါ၊ ဦးမင်းနိုင်ပါ။ ကျနော်နဲ့ အတူ ကျောင်းကား တစ်စီးတည်း အတူစီးခဲ့ရသူပါ၊ ကျနော်နဲ့ ကိုကြီးမိုက်တို့ အတူတူနေခဲ့ရဘူးတဲ့ အမရပူရ ပလစ ( ၂ ) တပ်က ဦးလေးဖြစ်သူထံမှာလာနေပြီး THS တက်ခဲ့ရတဲ့  တောင်ငူသားဖြစ်ပါတယ်။ သူက ကျောင်းဆင်း တော့ တောင်ငူပြန်ပြီး တောင်ငူ GTI မှာ အလုပ်ဝင်နေရင်း ပြင်ပ လျှပ်စစ်ပြုပြင်ရေး လုပ်ငန်း တွေ လုပ်နေသူပါခင်ဗျ။

စွယ်တော်ရွက် High Light လုပ်ချင်တာလေးက ပြင်ပလုပ်ငန်းခွင်နဲ့ ကျောင်း တွေ ဆက်စပ်မှု နီးစပ်မှုရဲ့ အရေးပါပုံလေးပါ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စွယ်တော်ရွက်အားကျခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံက အစီအစဉ်လေးတစ်ခုကို တင်ပြပါရစေဦးနော်။

With respect,

Swal Taw Ywet.

6 comments

  • snow smile

    March 16, 2014 at 11:42 am

    ဖတ် ပြီး သွား ပါ ပြီ
    အ ပိုင်း ၃ ကို စိတ် ဝင် စား စွာ စောင့် မျှော် လျက် ပါ

  • alinsett (gazette)

    March 16, 2014 at 1:12 pm

    ကိုယ်နဲ့ အလှမ်းဝေးတဲ့ နယ်ပယ်ကိစ္စလေးတွေမို ့ ဖတ်ရတာ ဗဟုသုတ ရပါတယ်

  • ခင် ခ

    March 17, 2014 at 12:36 am

    ကျနော်တို့တော့ ဘာမှပြန်မဆွေးနွေးတတ်ပါဘူးဗျာ။
    ကျောပိုးအိတ်လေးချီကာလွယ်ဆိုတဲ့ စာအုပ်တစ်ခုဖတ်ဖူးတယ်ဗျ အဲဒီစာအုပ်က စာရေးသူ သူဘဝတွေ့ကြုံခဲ့တာကိုပြန်ရေးတာ ဖြစ်ပြီးကျွန်နော်တော့ အတော်ကြိုက်ခဲ့တယ် စာအရေးအသား စာရေးသူအတွေ့အကြုံတင်ပုံ ကောင်းတယ်ပေါ့ဗျာ။
    အခု ကိုစွယ်ရွက်ရဲ့ အခန်းဆက်ပိုစ့်လည်း ကျနော်အနေနဲ့ ခုနစာအုပ်နဲ့မခြား ဖတ်ရသလိုဘဲဗျို့

  • ခင် ခ

    March 17, 2014 at 12:40 am

    ကိုစွယ်တော်ရွက် နေရာမှာ ဖုန်းနဲ့ရိုက်တာ တော် ကျန်ခဲ့လို့ တောင်းပန်ပါတယ်နော်

  • Mr. MarGa

    March 17, 2014 at 12:32 pm

    ဆက်လက် စောင့်မျှော် ဖတ်ရှုနေကြောင်းပါဗျို့
    စာတွေ့၊ လက်တွေ့ ကို စနစ်တကျ သင်ရိုးနဲ့ လုပ်ခဲ့ကြတာမို့ လေးစားမိပါကြောင်း
    အပိုင်း (၃) ကို စောင့်မျှော်နေပါကြောင်း :mrgreenn:

  • kyeemite

    March 17, 2014 at 2:27 pm

    သမိုင်းတကွေ့တွေကို မမေ့မလျှော့မှတ်မိနေတဲ့ ကိုစွယ်တော့် မင်မိုရီကို ချီးကျူးတယ်ဗျာ…
    ဆက်လက်စောင့်ဖတ်ပါအုံးမယ်…

Leave a Reply