အလောင်းအစား The Bet-မြမဉ္ဇူ ဘယ်လိုရေးခဲ့တယ်

padonmarMarch 18, 20141min21415

အလောင်းအစားဝတ္ထုတိုလေးကို ဒေါ်ဒေါ် ဒေါ်အမာက ဘယ်လို မြန်မာဆန်ဆန် မှီငြမ်းပြီး ရေးခဲ့တယ် ဆိုတာလေး လေ့လာရအောင် တင်ပေးလိုက်ပါတယ်။ ရှေ့ပိုင်းကတော့ အရင် ပို့စ်မှာ အကြမ်းရေးပေးထားတဲ့ အတိုင်းဖြစ်လို့ အခန်းထဲမှာ ဝတ်လုံလေး ဘယ်လိုနေသွားတယ်ဆိုတာနဲ့ နောက်ဆုံး ဘယ်လို ဇာတ်သိမ်းသွားတယ်ဆိုတာလေးပဲ ရိုက်တင်လိုက်ပါတယ်။
မူရင်းက နိုင်ငံခြားဝတ္ထုဆိုတော့ သူတို့ အတွေးအကြံ အပြုအမူတွေက အရှေ့တိုင်းနဲ့ နည်းနည်းတော့ ကွဲပြားနေတာကို သတိထားမိကြမှာပါ။
ဒါပေမယ့် ဒေါ်အမာရဲ့ အရေးအသားပြေပြစ်တော့ မြန်မာဇာတ်လမ်းပဲလို့ ထင်ရလောက်အောင် လေ့လာတဲ့ စာအုပ်နဲ့ တွေ့ရှိသွားတဲ့ လွတ်မြောက်မှုကို ဖွဲ့ထားတာ လေ့လာကြည့်ကြစေလိုပါတယ်။

ပထမနှစ် အခန်းတွင်းတွင် နေရစဉ်ကား ဝတ်လုံသည် များစွာ ပျင်းရိ ငြီးငွေ့ပုံရ၍ သူ့ထံမှရေးသောစာများမှလည်း ဤသို့ တယောက်တည်း နေရခြင်း၏ ဒုက္ခအမျိုးမျိုး ရေးပြလေသည်။ တယောထိုးသံ ဘင်ဂျိုတီးသံများကိုလည်း မကြာခဏပင် ကြားရ လေတော့၏ ။ ဆေးလိပ်ကိုကား အလျဉ်းမသောက်ဘဲနေသည်။ ကျဉ်းကြပ်သောအခန်းတွင်းတွင် ဆေးလိပ်သောက်၍ နေပါက အသက်ရှူစရာလေမရှိဘဲ တစ်ကိုယ်တည်းနေရသည့်အခါ အရက်သောက်မိလျှင် အရက်သည် ဆန္ဒအမျိုးမျိုးကို လှုံ့ဆော်တတ် သဖြင့် အကျဉ်းသမားနှင့် ဖီလာကျသည်ဟု မတောင်းယူဘဲနေသည်။ ထိုပထမနှစ်တွင် ဖတ်ရန်တောင်းဆိုသော စာအုပ်များကား အချစ်နှင့် အကြောင်းအမျိုးမျိုးကစား၍ ရေးထားသော ဝတ္ထုများ ၊ စုံထောက်ဝတ္ထုများ အစရှိသည့်စိတ်ကို ပျော်မြူးစေသည့် ပေ့ါပေါ့စာပေများ ဖြစ်လေသည်။
ဒုတိယ အကျဉ်းခံရသော နှစ်တွင်ကား ပထမနှစ်ကကဲ့သို့ တီးသံမှုတ်သံများကို လုံးဝ မကြားရတော့ဘဲ စာအုပ်များကို လည်း ရှေးဟောင်းစာပေ ပျို့ကဗျာ လင်္ကာများကိုသာ တောင်း၍ ဖတ်လေသည်။ ပဉ္စမနှစ်တွင်ကား တီးသံ မှုတ်သံကို တစ်ဖန် ပြန်၍ ကြားရပြီးနောက် အရက်သောက်လိုကြောင်းဖြင့် အရက်များ မကြာခဏ မှာယူ၏ ။ ချောင်းမြောင်း၍ ကြည့်သောသူများက ပြောပြသည်မှာ ထိုတနှစ်လုံး သောက်လိုက် စားလိုက် အိပ်ရာပေါ် အိပ်လိုက်နှင့်သာ အချိန်ကုန်ကြောင်း ပြော၍ပြကြ၏ ။ တခါတရံ တယောက်တည်း ဆူညံစွာ ဆဲရေးပြောဆိုသံတို့ကို ကြားရ၍ စာဖတ်ခြင်းအလျဉ်းမရှိဘဲ ညဉ့်နက် သန်းခေါင်တိုင် စာများကိုသာ ထိုင်ရေး၍ နံနက်လင်းလျှင် အားလုံး ဆုတ်၍ပစ်ခြင်း ၊ ငိုယို၍နေခြင်းများကို မြင်ရ ကြားရလေသည်။
ဆဋ္ဌမနှစ် ဒုတိယနှစ်ဝက်တွင်ကား ဘာစိတ် ဘာလက်ပေါက်၍ လာသည်မသိ။ ရာဇဝင် ၊ တက္ကဗေဒ နှင့် ဘာသာ အမျိုးမျိုးကို သင်ကြားလေ့လာလိုသော သဘောဖြင့် ထိုပညာများနှင့် သက်ဆိုင်သော စာအုပ်စာတမ်းများကိုသာ တောင်းဆို လေ၏ ။
ထိုပညာများကို ဆည်းပူးလိုက်စားသောအခါတွင်လည်း အတော်ပင် ကြိုးကြိုးပမ်းပမ်း မအိပ်မနေ လိုက်စားလေဟန်ဖြင့် စာအုပ်များကို မှာထား ဝယ်ယူ၍ ပေးရသည်ပင် အလျဉ်မမီနိုင်အောင် ရှိလေ၏ ။ လေးနှစ်မျှရှိသော အချိန်ကာလအတွင်း စာအုပ်ပေါင်း ခြောက်ရာကျော် ဝယ်၍ပေးရလေသည်။ ထိုသို့ လေ့လာနေသည့် အတွင်းမှာပင် ဦးရွှေတုပ်သည် ဝတ်လုံထံမှ စာတစောင်ကို ရရှိလေ၏ ။ ထိုစာကား “ကိုရွှေတုပ်ခင်ဗျား ဤစာတမ်းကို ဘာသာခြောက်မျိုးဖြင့် ရေးသား၍ထားပါသည်။ တတ်ကျွမ်းသောသူများကို ပြသ၍ ကျွန်တော်ရေးသားသည့်အထဲတွင် မှားယွင်းချွတ်ချော်ခြင်း တစ်လုံး တစ်ပါဒမျှ မပါလျှင် ကျွန်တော်၏ ကြိုးစားချက် အောင်မြင်ထမြောက်ကြောင်း အထိမ်းအမှတ်ဖြင့် သေနတ်တစ်ချက် အပြင်မှနေ၍ ပစ်ဖောက်လိုက်ပါ” ဟူ၍ ပါလေ၏ ။ သူ့ဆန္ဒအတိုင်းပြသပြီး ခြောက်ဘာသာစလုံး ကောင်းစွာ တတ်ကျွမ်းသည့်ပုံနှင့် အမှားကို မတွေ့သောကြောင့် အမှာအတိုင်း ဦးရွှေတုပ်သည် သေနတ် ၁ ချက် ပန်းခြံထဲတွင် ပစ်ဖောက်လိုက်လေသည်။
သို့နှင့် အချိန်ကုန်၍လာရာ အကျဉ်းသားဘဝနှင့် ဆယ်နှစ်ကျော် ထိုအခန်းကလေးအတွင်းတွင် နေထိုင်၍လာခဲ့သော အခါ၌ကား ဘာသာရေးနှင့်ဆိုင်သော ဘုရားဟော အဘိဓမ္မာ ကျမ်းဂန်တို့ကိုသာလျှင် မလှုပ်မယှက် ငြိမ်သက်စွာ ကြည့်ရှု၍ နေသည်ကို တွေ့မြင်ရလေတော့၏ ။ ဤသို့တွေ့မြင်ရသော် ဦးရွှေတုပ်သည် အတော်အံ့အားသင့်မိပေ၏ ။ အကြောင်းကား လေးနှစ်အတွင်း စာအုပ်ခြောက်ရာကျော် ဖတ်သောသူတစ်ယောက်သည် အဘိဓမ္မာကျမ်း တစ်အုပ် နှစ်အုပ်နှင့် မလွှတ်တမ်း အပြန်ပြန်အလှန်လှန် ဖတ်ရှု၍နေသောကြောင့်တည်း။ နောက်ဆုံးနှစ်နှစ်တွင်ကား အဘိဓမ္မာစာအုပ်ကိုလည်း လက်မလွှတ်ဘဲ လျက် ဓာတုဗေဒစာအုပ်များ ၊ ဆေးကျမ်းများ ၊ ဗေဒင်ကျမ်းများကို ရံဖန်ရံခါ မှာယူလေ၏ ။
ဤအကြောင်းအရာများကို စဉ်းစား၍ ဦးရွှေတုပ်သည် ပန်းခြံထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်၍နေခြင်း ဖြစ်လေသည်။
“အင်း နက်ဖြန် ခြောက်နာရီထိုးရင် ဒီလူ့အတွက် လွတ်မြောက်မယ့်နေ့ပဲ။ သူလွတ်လာရင် ငါလည်း ငွေငါးသောင်း ပက်ခနဲပေးလိုက်ရတော့မယ်။ ခုအခြေသာဆိုရင်ဖြင့် ငွေငါးသောင်းထုတ်ပေးရတာနဲ့ တစ်ပြိုင်နက် ငါ့လည်း လက်ချည်း ကျန်တော့မှာပဲ”
လွန်ခဲ့သော ဆယ့်ငါးနှစ်ကကား ငွေကို ရေထင်ခဲ့သော်လည်း အသုံးအစွဲ အမော်အကြွားကများ စပါးဈေးကကျ၍ စက်ကြိတ်ခပင် မကျန်သည့်ခေတ်ဆိုးကြီးနှင့် ကြုံခဲ့ရကား ဦးရွှေတုပ်မှာ ငွေငါးသောင်း ပေးလိုက်သော် အခွံချည်း ကျန်ရစ် တော့မည် ဖြစ်လေသည်။
“ငွေမရှိရင် လူသေနဲ့ မခြားတော့ဘူးတဲ့။ ဒီကောင် ခုလောက်ရှိ အသက် ၄ဝ ကျော်ရောပေါ့။ အကျဉ်းခံရင်း ဘာလို့ မသေပါလိမ့်မလဲ။ သေသွား အအေးသား။ သူပေးလိုက်ရရင် ငါ့တော့ တက်တက်ပြောင်။ သူ့မတော့ ဒီခေတ်ကြီးထဲ ငွေငါးသောင်းနဲ့ သုံးလိုက်ဖြုန်းလိုက်ဦးမယ့်ဖြစ်ခြင်း ၊ ငါချမ်းသာချင်ရင် သူသေမှ ကောင်းတာပါပဲ”
အချိန်ကား ဆယ့်နှစ်နာရီခန့် ရှိလေပြီ။ ဆယ့်ငါးနှစ်လုံးလုံး တစ်ကြိမ်တစ်ခါမှ မဖွင့်ရသော ထိုအခန်းတံခါးသော့ကို အိမ်ထဲရှိ မီးခံသေတ္တာမှ ထုတ်ယူ၍ အိတ်ထဲသို့ ထည့်ပြီးနောက် ထိုအခန်းရှိရာသို့ လှည့်တက်၍ လာခဲ့လေ၏ ။
ဦးရွှေတုပ်သည် အကြံနှင့်လာသူ ဖြစ်ရကား ၊ ဒရဝမ်ကို ရှေးဦးစွာ ခေါ်၍ကြည့်၏ ။ ဒရဝမ်မှာ အိပ်ပျော်နေဟန်ဖြင့် ပြန်၍ထူးသံကို မကြားရပေ။ ဖြည်းညင်းစွာ အခန်းရှိရာသို့ တက်သွားပြီးနောက် တစ်ကြိမ်တစ်ခါမျှ ဆယ့်ငါးနှစ်လုံးလုံး မဖွင့် ရသော တံခါးဆီသို့ စမ်း၍သွားလေ၏ ။ ထို့နောက် စာပေးနေကျအပေါက်မှ အခန်းတွင်းသို့ ချောင်းမြောင်း၍ ကြည့်လိုက်ရာ အခန်းတွင်း၌ မီးအိမ်ကလေးသည် မမှိန်မလင်း ထွန်း၍ထား၏ ။ အိပ်ရာပေါ်တွင်ကား လူမရှိဘဲ ဝတ်လုံသည် စားပွဲရှေ့ရှိ ကုလားထိုင်တစ်လုံးပေါ်တွင် ငြိမ်သက်စွာ ဦးရွှေတုပ်ကို ကျောပေး၍ ထိုင်နေဟန်တူ၏ ။ တစ်ပိုင်းတစ်စ ဖွင့်၍ထားသော စာအုပ်များကား ဗလနှံ့ကြဲနှင့် စားပွဲပေါ်အနှံ့။ အခြားကုလားထိုင်အလွတ်နှစ်လုံးပေါ်လည်း အနှံ့ရှိရုံမက ကြမ်းပေါ်မှာပင် ဖြန့်ကြဲ၍နေသေး၏ ။ စားပွဲပေါ်တွင် တင်၍ထားသော လက်နှင့်ဖြူရောင်ကြောင်ကျားနေသော ခေါင်းကိုလည်း မြင်ရလေသည်။
ဤသို့ သေချာစွာ ငါးမိနစ်ခန့်စောင့်၍ ကြည့်နေသော်လည်း ဝတ်လုံမှာ အနည်းငယ်မျှ လှုပ်ရှားခြင်းမပြုသဖြင့် ၁၅ နှစ် ပတ်လုံး အခန်းကျဉ်းကလေးထဲတွင် နေရခြင်းသည် ဤသို့ ကြာရှည်စွာ ငြိမ်ငြိမ်သက်သက် ထိုင်နိုင်သောအလေ့ကို ရထားသည် ဟုတွေးမိလေ၏ ။ သော့တံကို တပ်၍ တံခါးကိုဖွင့်ရာ သံချေးများကြောင့် တော်တော်နှင့် မပွင့်နိုင်ဘဲ မနဲကြိတ်၍ ဖွင့်မှ ချောက်ခနဲ အသံမြည်၍လည်သွားပြီးနောက် တံခါးကို တအားတွန်း၍ ဖွင့်လိုက်ပြန်ရာ ဂျုံးခနဲအသံကြီး ဖြစ်၍သွားပြန်သည်။
ဦးရွှေတုပ်သည် ဤအသံတို့ကြောင့် ဝတ်လုံထံမှ လန့်၍သွားသောအမူအရာနှင့် “ဘယ်သူတုံး” ဟူသောအမေးကို မျှော်လင့်မိသော်လည်း ယခင်အတိုင်းပင် မလှုပ်မယှက် ငြိမ်သက်စွာ ရှိနေသည်ကို တွေ့ရသဖြင့် များစွာအံ့ဩ၍နေလေသည်။
စားပွဲရှေ့တွင် ထိုင်၍နေသောလူကား လူဟူ၍ပင် ခေါ်ရသော်လည်း ကမ္မဋ္ဌာန်းရုပ်အတိုင်း အသားမရှိ အရိုးချည်းဖြစ်၍ အရိုးပေါ်တွင် ဖုံးလွှမ်းနေသော အရေတို့သည် မီးရောင်၌ ဆီသုတ်ထားသလို အရောင်ထွက်၍နေလေ၏ ။ ဆံပင်မှာလည်း မိန်းမ ကဲ့သို့ ရှည်လျား၍ မုတ်ဆိတ်တို့မှာလည်း ကုလားသဖွယ် ရှည်၍ ကြည့်မကောင်းအောင် ညစ်ပတ်သည့်အသွင်ကို ဆောင်ကြ ကုန်၏ ။ မျက်နှာမှာ ဝါဖန့်ဖန့်ရှိ၍ ချိုင့်ဝင်သောပါးဆက်။ သေးရှည်သောခါးနှင့် ရှေ့သို့တင်ထားသောလက်တို့သည် သစ်သား ချောင်းကလေးနှစ်ချောင်းကဲ့သို အရုပ်ဆိုးလှပေ၏ ။ ဆံပင်များမှာ အဖြူအနက် ကြောင်ကျားဖြစ်၍ ရုတ်တရက် မြင်ရသူတိုင်းက အသက် ၄ဝ ဟုပြောလျှင် အလျဉ်းယုံကြည်နိုင်ဖွယ် မရှိပေ။
အိပ်ပျော်၍နေသော ဝတ်လုံ၏ ရှေ့တည့်တည့်ရှိ စားပွဲပေါ်တွင်ကား သေးငယ်သော စာလုံးများဖြင့် စာတစ်ရွက် ရေး၍ထားသည်ကို တွေ့ရ၏ ။
“အင်း အိပ်ပျော်နေတာ အမှန်ပဲ ၊ အိမ်မက်ထဲ ငွေငါးသောင်းနဲ့ မြူးနေလိုက်ဦးမယ့်ဖြစ်ချင်း။ ဒီအခြေကျမှတော့ အပင်တပန်း အလုပ်လုပ်စရာ မရှိပါဘူးလေ။ အိပ်ရာပေါ်တင် ခေါင်းအုံးနဲ့ အသာကလေးဖိရုံနဲ့ အသက်ထွက်သွားမှာပဲ။ ဘယ်ဆရာဝန်မှလည်း ဘာရောဂါမှ ရှာမတွေ့နိုင်ပါဘူး။ ဘာတွေများ ရေးသားထားပါလိမ့်” ဟုအောက်မေ့ရင်း စာရွက်ကို အသာဆွဲ၍ ဖတ်ကြည့်ရာ –
“နက်ဖြန် ခြောက်နာရီအချိန်တွင်ကား ငါသည် ဤအခန်းကျဉ်းကလေးမှ လွတ်မြောက်၍ အခြားမနုဿလူသားတို့နှင့် ရောနှော ဆက်ဆံခွင့်ကို ရပေတော့မည်။ သို့ဖြစ်၍ ဆယ့်ငါးနှစ်ပတ်လုံး သင်နှင့် ပွန်းတီးရင်းနှီးစွာ နေခဲ့ရသော ငါ့အဖို့၌ သင့်အား နှုတ်ခွန်းဆက် စာတစ်ခုကို ရေးခဲ့ပါမည်။ ငါသည် သင်နှင့် အပြီးအပြတ်ဝေးကွာခဲ့၍ လွတ်လပ်ခြင်း ၊ အသက်ရှည်ခြင်း ၊ ကျန်းမာခြင်း အစရှိသောစာအုပ်များတွင်ပါသည့် ကောင်းချီးမင်္ဂလာအပေါင်းတို့ကို ယခုအချိန်တွင် မက်မောနှစ်သက်ခြင်း အလျဉ်းမရှိတော့သည်ကို ငါ၏ကိုယ်စောင့်နတ်နှင့် သမာဒေဝနတ်ကောင်းနတ်မြတ်တို့အသိပင် ဖြစ်တော့သည်။
ငါသည် ဤဆယ့်ငါးနှစ်ပတ်လုံး မနေမနား ရှိရှိသမျှ စာအုပ်တို့ကို အပတ်တကုတ် လေ့လာဖတ်ရှုခဲ့၏ ။ ဖတ်ရှုရခြင်း အားခြင့် ငါ့စိတ်တွင် အမျိုးမျိုးအမည်မည် ဖြစ်ပေါ်ခဲ့၏ ။ စာဆိုတော် အမျိုးမျိုးတို့၏ ဖန်တီးချက်ဖြစ်သော ဒေဝစ္ဆရာတမျှ လှပသော မိန်းမပျိုတို့သည် မကြာခဏ ငါ့ထံသို့ လာရောက်လည်ပတ်ကြ၏ ။ မြင်းမိုရ်မေရုတောင်အထုကို ငါ၏ ခြေဖြင့်တက်၍ နေထွက်ရာ လထွက်ရာကို သွားရောက်ခဲ့၏ ။ တာဝတိံသာ ယာမာတုဿိတာနိမ္မာ အစရှိသော ဘုံအဆင့်ဆင့်ကို လှမ်း၍ ကြည့်ခဲ့၏ ။ ဗေဠုဝနတ်စောင်းသံ နတ်ညှင်းသံတို့သည် ငါ့နား၌ မပြတ်ဖြေဖျော်၍နေကြ၏ ။ ဗြဟ္မာကြီးတွေသည် ငါနှင့် တွေ့ဆုံ ကြ၍ ဘုရားတရားတော်ကို နှီးနှောကြ၏ ။ ရှေးယခင်က ကောင်းစားခဲ့သော ဗာရာဏသီ။ ကပ္ပီလဝတ်ဒေဝဒဟပြည်တို့ကို သွား၍ ယခင် စည်ကားစဉ်ကအတိုင်း မြင်ခဲ့တွေ့ခဲ့၏ ။ ငါသည် အမျိုးမျိုးသောစာအုပ် အဖုံဖုံသော စာစောင်တို့ကို ဖတ်ရခြင်းအားဖြင့် ဤသို့တွေ့မြင်ရုံတွင်မျှမက မရေတွက်နိုင်သော ပညာမျိုးတို့သည် ငါတို့၏ ဦးနှောက်ကလေးအတွင်းသို့ အသိပ်အနယ် ခိုအောင်း ၍နေပြီ ဖြစ်ရကား သာမန်လူတို့ထက် တတ်သိလိမ္မာသည်ကားမှန်၏ ။
သို့သော် ငါကား ကျေနပ်ရောင့်ရဲ၍ ရွှင်ပျော်နေသည်ဟု မထင်လေနှင့်။ ရှိရှိသမျှတို့သည် အတ္တမဟုတ် အနတ္တမျှသာ ဖြစ်သည်ကို ကွင်းကွင်းကွက်ကွက် သိမြင်လေပြီ။ သို့ဖြစ်၍လည်း ငါ့၌ သုခမရှိ ဒုက္ခမရှိ။ သမုဒယလည်း မဖြစ်တော့ပြီ။ သေခြင်း တရားနှင့်ရင်မဆိုင်မီကလေးတွင် မရဏဘေးနှင့် တွေ့သော် တောမီးသည် တစ်တောလုံးကို ပြာအတိဖြစ်စေသကဲ့သို့ သာလျှင် သုခ ဒုက္ခတို့သည်လည်း ပျောက်ကွယ်၍သွားကြပေလိမ့်မည်။
လူတွေကား ဥမ္မတ္တကတွေချည်းသာတည်း။ အကောင်းကားအဆိုး ၊ အဆိုးကားအကောင်း စသည်ဖြင့် အကောင်းအဆိုး မရှိခြင်းကိုပင် ထင်မြင်သလို မှည့်ခေါ်၍နေကြ၏ ။ သင်တို့၏အဖြစ်ကို စေ့ငစွာ တွေ့မြင်ရသော ငါအဖို့၌ အံ့ဩခြင်း ကြီးလှ၏ ။ သို့သော် သင်တို့ အဝိဇ္ဇာကိုလည်း မပယ်ခွာလို။ သင်တို့အပေါ်၌ ထိုအဝိဇ္ဇာသည် မည်မျှထူထဲစွာ ဖုံးလွှမ်း၍နေသည်ကိုလည်း မသိလို။ သင်တို့အဖြစ်ကိုမူကား ရွံရှာစက်ဆုပ်လှ၏ ။ ဟိုယခင်က ငါမက်ခဲ့သော ငါးသောင်းသောငွေကိုလည်း ယခုအချိန်၌ ငါသည် မတပ်မက်တော့ချေ။ သို့အတွက်ချုပ်ဆိုသော စာချုပ်ထက် ငါးမိနစ်မျှစော၍ ဤအခန်းဖြစ်သော သင်နှင့် ခွဲခွာပါတော့အံ့။
ဦးရွှေတုပ်သည် အထက်ပါစာကို ဖတ်၍ပြီးသောအခါ မျက်ရည်ဝိုင်းလျက် ထူးဆန်းလှသော ဝတ်လုံကို ကြည့်၍ များစွာ ယူကျုံးမရ ဖြစ်နေရှာတော့သည်။ အခန်းတွင်းမှ တိတ်ဆိတ်စွာ ထွက်ခွာခဲ့ပြီးနောက် ပစ္စည်းအားလုံး ပျက်ပြားဆုံးရှုံး၍သော်မှ ဤမျှယူကျုံးမရ တသဝမ်းနည်းမည် မဟုတ်သည့် ဝမ်းနည်းခြင်းမျိုးတို့ဖြင့် မိမိအခန်းသို့ပြန်ခဲ့ပြီးနောက် အိပ်ရာပေါ်သို့ ဝင်၍ လှဲလိုက်ရာ တုန်လှုပ်ချောက်ချား၍နေသဖြင့် တော်တော်နှင့် အိပ်မပျော်နိုင်အောင် ရှိလေတော့၏ ။
နောက်တစ်နေ့ နေဝင်ရီတရော အချိန်တွင်ကား ဒရဝမ်ကုလားသည် ဦးရွှေတုပ်ရှိရာသို့ လာ၍ အကျဉ်းခန်းထဲမှလူသည် တံခါးကို အသာဖွင့်၍ ဝင်းအပြင်ဘက်သို့ ထွက်၍သွားပြီး ခပ်မှောင်မှောင်တွင်းတွင် ပျောက်ကွယ်၍သွားကြောင်း လာ၍ပြောလာ သဖြင့် ဦးရွှေတုပ်လည်း သက်ပြင်းကိုချ၍ အခန်းတွင်းမှ ယခင်ကရေးထားခဲ့သော စာကလေးကို လုံခြုံစေရန် မီးခံသေတ္တာထဲတွင် သိမ်းဆည်းလိုက်လေသည်။

ရွာသူားတို့ကို ဒေါ်အမာ(1915-2008)အကြောင်းစုစည်းချက်များမှ ကိုဗဟိန်းသို့ စကားကြွေးဆိုတဲ့ မြားနတ်မောင် မဂ္ဂဇင်းပါ စာသားလေး လက်ဆောင် ပေးချင်ပါတယ်။
`သားတို့ သမီးတို့ကို ပြောချင်တာက ကိုယ့်စိတ်ထဲမှာ မတော်မှန်းသိတဲ့ အပြစ်တခုကို မကျူးလွန်မိပါစေနဲ့၊မကျူးလွန်မိအောင် ချုပ်တည်းလို့ ဖြစ်စေ ၊ရှောင်ရှားလို့ ဖြစ်စေ နေလိုက်ကြပါ။မဟုတ်ရင် ကိုယ့်လိပ်ပြာက ကိုယ့်ကို ပြန်နှောက်ယှက်နေတာဟာ မူလကျူးလွန်မိရတာမျှမက အလွန်ဝန်လေးနေတတ်တယ်။´

အမာသည် အပျော့မဟုတ်၊
အဖြူသည် အမည်းမဟုတ်၊
အဖြောင့်သည် အကောက်မဟုတ်၊
အမာကို မပျော့စေနှင့်၊
အဖြူကို မမည်းစေနှင့်၊
အဖြောင့်ကို မကောက်စေနှင့်။
ဦးဝန်(မင်းသုဝဏ်)9.3.1936

15 comments

  • kai

    March 18, 2014 at 12:40 am

    လူ့စိတ်သဘာဝကို ကွက်ကွက်ကွင်းကွင်းပြလိုက်တာပေါ့..။
    တန်ဖိုးရှိပါကြောင်း….. :kwi:

    ပြောရရင်.. ဦးသန်းရွှေထောင်ချထားလို့..ထောင်ကျနေတဲ့ ဗိုလ်ချုပ်တယောက်ကလည်း..ပြန်လွှတ်ပေးတော့.. ထောင်ချသူကို ထောင်ချတာကျေးဇူးတင်တယ်ဆိုတဲ့သဘော… မကြာသေးခင်ကမှပြောဖူးတယ်မှတ်မိတယ်..။

    လူ့စိတ်..။

  • kai

    March 18, 2014 at 12:59 am

    မူရင်းဝတ္ထုရဲ့နုတ်ကို.. ဝိကီမှာတွေ့တယ်အမတော်ရေ..
    အဲဒါလေးပါကူးတင်ပေးလိုက်တယ်..။ စာအရ..နောက်ဆုံးအပိုဒ်ကနောက်ဆုံးစာက.. တော်တော်အရေးကြီးတယ်ထင်မိတယ်..။


    =
    http://en.wikipedia.org/wiki/The_Bet_%28short_story%29
    “The Bet” is an 1889 short story by Anton Chekhov about a banker and a young lawyer who make a bet with each other about whether the death penalty is better or worse than life in prison. The story has a twist ending.

    As the story opens, the banker is recalling the occasion of the bet fifteen years before. Guests at a party that he was hosting that day fell into a discussion of capital punishment; the banker argued that capital punishment is more humane than life imprisonment, while the young lawyer disagreed, insisting that he would choose life in prison rather than death. They agree to a bet of two million rubles that the lawyer cannot spend fifteen years in solitary confinement. The bet was on, and the lawyer cast himself into isolation for fifteen years.

    The man spends his time in confinement reading books, writing, playing piano, studying, drinking wine, and educating himself. In the meantime, the banker’s fortune declines and he realizes that if he loses, paying off the bet will leave him bankrupt. The day before the fifteen-year period concludes, the banker resolves to kill the lawyer so as to not owe him the money. However, the banker finds a note written by the lawyer. The note declares that in his time in confinement he has learned to despise material goods for the fleeting things they are and realizes that knowledge is more powerful than money because it is something that cannot be taken away from him. Therefore, to demonstrate his contempt, he intends to leave confinement five minutes prior to when the bet would be up, thus losing the bet and unwittingly saving his own life.

  • padonmar

    March 18, 2014 at 1:07 am

    ကျေးဇူးပါ သူကြီးရေ၊
    ကျမလည်း မူရင်းလေး ဖတ်ကြည့်ချင်နေတာ။

  • weiwei

    March 18, 2014 at 9:46 am

    အဖြေကို သိချင်လို့ စောင့်ဖတ်နေတာ … အခု အဖြေကို သိလိုက်ရတော့ စိတ်ကျေနပ်သွားတယ် ..
    လူ့စိတ်ဆိုတာ တကယ်ထူးဆန်းတယ် .. အများကြီးဆက်တွေးဖြစ်သွားပါတယ် ..

  • kyeemite

    March 18, 2014 at 10:47 am

    “ရှိရှိသမျှတို့သည် အတ္တမဟုတ် အနတ္တမျှသာ ဖြစ်သည်ကို ကွင်းကွင်းကွက်ကွက် သိမြင်လေပြီ။ သို့ဖြစ်၍လည်း ငါ့၌ သုခမရှိ ဒုက္ခမရှိ။ သမုဒယလည်း မဖြစ်တော့ပြီ။”
    မူရင်းမှာတော့“realizes that knowledge is more powerful than money because it is something that cannot be taken away from him. ”
    ဒါအနှစ်အသားပေပဲ…ဆရာမကြီးမြန်မာမှုပြုထားပုံလည်း အံ့ချီးဘနန်းပါပဲ…
    တင်ပြပေးတဲ့ အာတီဒုံ ကိုကျေးဇူးတင်ပါတယ်…

  • ဘရန်းဒက် ကေဇီ

    March 18, 2014 at 11:24 am

    `သားတို့ သမီးတို့ကို ပြောချင်တာက ကိုယ့်စိတ်ထဲမှာ မတော်မှန်းသိတဲ့ အပြစ်တခုကို မကျူးလွန်မိပါစေနဲ့၊မကျူးလွန်မိအောင် ချုပ်တည်းလို့ ဖြစ်စေ ၊ရှောင်ရှားလို့ ဖြစ်စေ နေလိုက်ကြပါ။မဟုတ်ရင် ကိုယ့်လိပ်ပြာက ကိုယ့်ကို ပြန်နှောက်ယှက်နေတာဟာ မူလကျူးလွန်မိရတာမျှမက အလွန်ဝန်လေးနေတတ်တယ်။´

    အဲဒီစကား တော်တော်ကို မှန်တယ်။
    အမှန်အတိုင်း မပြောသမျှ၊ မလုပ်သမျှ အပြစ်တွေ ဟာ သံသရာ တော်တော်ရှည်ပါတယ်။
    :hint:

  • မမလေး

    March 18, 2014 at 11:24 am

    အမာသည် အပျော့မဟုတ်၊
    အဖြူသည် အမည်းမဟုတ်၊
    အဖြောင့်သည် အကောက်မဟုတ်၊
    အမာကို မပျော့စေနှင့်၊
    အဖြူကို မမည်းစေနှင့်၊
    အဖြောင့်ကို မကောက်စေနှင့်။ . . . အရမ်းကြိုက်တယ် . . .

  • kai

    March 18, 2014 at 11:32 am

    အထင်မမှားရင်.. ဒီဝတ္တုတိုလေးက..အမေရိကတလွှား.. ပြည်နယ်တွေအသီးသီးက.. လူသားကို… သေဒဏ်ပေးတာကိုဖျက်သိမ်းကြရာမှာ.. တော်တော်လွှမ်းမိုးခဲ့လိမ့်မယ်..။

    ဝတ္ထုအရ..
    သေဒဏ်နဲ့.. တသက်တကျွန်းထောင်ဒဏ်ရွေးရာမှာ.. ထောင်ဒဏ်ရွေးသူက.. နောက်ဆုံးတဒင်္ဂမှာ.. သူ့အသက်အတွက်.. နှစ်ကျခံခဲ့တဲ့ထောင်ဒဏ်တွေအလဟသဖြစ်တဲ့အထိ… အကုန်ဖျက်ပလိုက်တာပဲ..။

    အစာငတ်နေတဲ့ဦးနှောက်ကို.. အဟာရပြည့်တဲ့..အစာရစေတဲ့အတွက်… ကျေးဇူးပါအမတော်ပဒုမ္မာရေ…။ :kwi:

  • alinsett (gazette)

    March 18, 2014 at 1:29 pm

    အင်မတန် လေ့လာသင့်တဲ့ အတွေး အရေးပါလား
    ——-

    ဖတ်ခွင့်ရစေတဲ့အတွက် ကျေးဇူးပါ တီတီရေ

  • TNA

    March 18, 2014 at 2:17 pm

    လုံးဝမတွေးထားမိတဲ့ ရှု့ဒေါင့်ကရေးဖွဲ့ထားတာမို့ အံ့ဩသွားတယ် အန်တီဒုံရေ။ အေးအေးဆေးဆေးပြန် ဖတ်ရအုံးမယ်။ အဲဒီ လူထုဒေါ်အမာစာအုပ်ဘယ်မှာများရှာလို့ရနိုင်မလဲ

    • padonmar

      March 19, 2014 at 12:41 am

      သဲနုအေးရေ
      ဒီစာအုပ်က ပြန်လည် ပုံနှိပ်တာဖြစ်လို့ စာအုပ်ဆိုင်တွေမှာရနိုင်ပါတယ်။
      အန်တီ ဝယ်တုံးက စာအုပ်ဈေးပွဲတော်မှာ လူထုတိုက်က ဝယ်တာပါ။ စာပေလောကတို့ ရာပြည့်တို့မှာ မေးကြည့်ပါ။
      အန်တီ့စာအုပ်ကိုလည်း ငှားပေးလို့ရပါတယ်။
      အခြားဝတ္ထုတိုလေးတွေလည်း ကောင်းတော့ ဝယ်သိမ်းသင့်တဲ့ စာအုပ်ပါ။

  • black chaw

    March 18, 2014 at 3:04 pm

    အစ်မရေ…။
    ကွန်းမန့်ရေးချင်စိတ်ဖြစ်နေလို့ ဝင်ရေးသွားပါတယ်…။
    ပို့စ်ကိုတော့ မဖတ်နိုင်သေးဘူးဆိုတာ ဝန်ခံပါတယ် ဗျာ…။
    ဝရမ်းပြေး ဘလက်…။
    :mrgreen:

    • padonmar

      March 19, 2014 at 12:42 am

      ကွန်မန့်ပေးသွားတာ ကျေးဇူးပါ ဝရမ်းပြေးကြီး။

  • Ma Ma

    March 18, 2014 at 4:06 pm

    သစ္စာရွှေစည်ဆရာတော်ရဲ့ တရားတစ်ပုဒ်မှာ…..
    ဆွမ်းကောင်း ဟင်းကောင်းတွေနဲ့ ဘုန်းပေးပြီး ဆရာတော်ကြီးက `ဒုက္ခ ဒုက္ခ´ လို့ ညည်းသတဲ့။
    အဲဒါကို ကြားရတဲ့ ကပိ္ပယက `ဒီလိုဒုက္ခမျိုးတော့ သာအေးတို့လည်း ခံချင်ပ´ လို့ ဆိုသတဲ့။

  • padonmar

    March 19, 2014 at 12:43 am

    ဒီလို ဒုက္ခမျိုးတော့ ရှာမယူသင့်ဘူးထင်ပါတယ် မမရေ။

Leave a Reply