သိပ်ကို မုန်းစရာကောင်းတာပဲ

စဆရ ႀကီးMarch 24, 20141min17413

အခန်းထဲမှ လေအေးစက်၊ အတော်လေးကိုဆိုးသည်။ တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လာသည်ထိ အေးနိုင်သည်။ လက်ထဲမှ ရီမုဒ်ကို ကိုင်လက်စနှင့် ပြန်ချလိုက်ရသည်။ မနေ့ကပင် အလုပ်မှ ဆူပါဗိုက်ဆာနှင့် စကားများပြီးပြီ။ သူမမှာ အနွေးထည်ဖားဖားကြီးကို မကြိုက်သဖြင့် မဝတ်ချင်သောကြောင့် ယူနီဖောင်းကိုသာ ဝတ်ထားရာ အအေးဒါဏ်သည် အရိုးတွင်းစိမ့်လောက်အောင် အေးလှသဖြင့် ပိတ်လိုက်မိရာမှ စကားတွေအများကြီးပြောရသဖြင့် ဒီနေ့တော့ ပြောလဲမပြောချင်တော့၊ ပိတ်လဲမပိတ်ချင်တော့။ အေးသမျှကို လှချင်စိတ်ကပိုသဖြင့် အံကြိတ်ပြီးသာနေတော့သည်။

အလုပ်ကအပြန် ကားပေါ်အရောက်တွင်မတော့ မေးမှာ အောက်ချမရတော့။ ခင်ပွန်းထံမှ ဖုန်းလာသည်ကိုသော်မှ မနည်းပြောယူရသည်။

လှချင်သည်မို့လား၊ ဒီလောက်တော့ သည်းခံရပေမည်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒေသခံတစ်ယောက်၊ အသက်ကြီးကြီးတစ်ယောက်၊ တုတ်ကောက်ကို အားပြုရင်း ထော့နဲ့ ထော့နဲ့နှင့် ဆိုင်ထဲဝင်လာသည်။ ဆိုင်တွင်ဝယ်နေကျဖောက်သည်ဖြစ်သဖြင့် သူမမှလဲ အပြုံးဖြင့် ဆီးနှုတ်ဆက်လိုက်သည်။ ဆိုင်တွင်းလှည့်ပါတ်သွားလာပြီးနောက် သူမထံတွင် ငွေလာရှင်းလေသည်။ ၁၃ ကျပ်တန် ပစ္စည်းတစ်ခုဖြစ်သည်။ ၁၀ဝ တန်တစ်ရွက်ကို ထုတ်ပေးလိုက်သည့်အတွက် ပိုငွေပြန်အမ်းသည့်အခါ လက်မခံပဲ စကားတစ်ခွန်းကို ဆိုလေ၏။

” အဲ့ဒါနင့်အတွက်.. နင့်လိုမိန်းကလေးမျိုးကိုပဲ ငါလိုချင်တာ “

သူမ ဆွံ့အသွားသည်။ ဘာတွေပြန်ပြောရမယ်မသိ။ ယခုမှ ပထမဆုံးကြားဖူးချင်းဖြစ်သည်။ မလိုအပ်ပါဘူးဟုသာဆိုကာ သူ့လက်ထဲ ပြန်အမ်းငွေများကို ထိုးပေးရင်း မြန်မြန်မောင်းထုတ်လိုက်ရသည်။ ကိုယ့်မြေကိုယ့်ရေမှာဆို ကိုယ့်ဘကြီးအရွယ်ကြီးနှင့်လူတစ်ယောက်မှ ပြောရက်လေခြင်းဟု များစွာ ရှက်ရွံ့ခြင်းလဲ ဖြစ်လေသည်။ နောက်တော့လဲ အလုပ်ချိန်တွင်းမှာ အလုပ်လုပ်ရင်းနှင့် မေ့မေ့ပျောက်ပျောက်ဖြစ်သွားတော့သည်။

ထိုနေ့က သူ့အား ဘာမှ မပြောဖြစ်လိုက်ပါ။ အားလုံးအဆင်ပြေပါသည်ပေါ့။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

သူမမှာ ခုမှအလုပ်စဝင်ကာစဖြစ်သည်။ လုပ်ငန်းအကြောင်းကလဲ မကျွမ်းကျင်သေး၊ အလုပ်ကြီးကြပ်များ၊ ဆူပါများကလဲ သေသေချာချာ ကျကျနန မသင်ပေးနိုင်။ တော်သေးသည်ဟုဆိုရမည်၊ လုပ်ငန်းကျွမ်းကျင် နီပေါကောင်လေးတစ်ယောက်မှ သေချျာဂရုစိုက် သင်ပေးပါသည်။ သူတစ်ယောက်သာ ဖော်ဖော်ရွေရွေရှိသည်။ လိုအပ်သည်များကိုလည်း အချိန်တိုင်းကူညီပေးနိုင်သည်။ သူမတစ်ယောက်တည်း ဆိုင်တွင်လူလည်းပါးနေသည်နှင့် ပျင်းနေချိန်များတွင်လည်း ပျော်စရာစကားများ ရှာကြံပြောတတ်ပြန်သည်။ မျက်နှာမှာ အမြဲပြုံးချိုလျက်နှင့်။

တစ်ရက်တွင် သူမခင်ပွန်းမှ ဆိုင်းမဆင့်၊ ဗုံမပါနှင့် ဆိုင်သို့ ကီလို ၃၀ဝ ကျော်အကွာအဝေးမှ ရောက်ချလာသည်။ သူမသည်လည်း အလုပ်သိမ်းချိန်ရောက်ပြီဖြစ်သည့်အတွက် ငွေစာရင်းများရှင်းရန် ဆိုင်တွင်းသို့ ဝင်သွားရလေသည်။ ဆိုင်ထဲမှ Bakery နေရာတွင်မတော့ သူမခင်ပွန်း၊ ကြီးကြပ်ရေးမှူးနှင့် နီပေါကောင်လေးမှာ စကားလက်ဆုံကျလျက်သား။ သူမခင်ပွန်းမှာ နေလာတာ ၅ နှစ်လောက်ရှိပြီဖြစ်သည့်အတွက် သူတို့နှင့် အလွယ်ပင် အဖွဲ့ကျသွားလေသည်။

နောက်ရက်တွင်မတော့ နီပေါကောင်လေး ရှာတာမတွေ့မိတော့ပေ၊ သူ့အလုပ်နှင့် သူများနေသည်။ ဆိုင်မှ ကြီးကျပ်သူ အိနိ္ဒယကောင်လေးလဲ စကားများများမပြောတော့။ သူစိမ်းပြင်ပြင်များဖြစ်သွားသလိုပင်။

နောက်တစ်ပါတ်တွင်မတော့ သူမ နောက်တစ်ဆိုင်ပြောင်းရပါသည်။ ဘာအကြောင်းကြောင့်ရယ်ပဲမသိပါပဲနှင့်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

သူမထံ တစ်ရှူးတစ်ရွက် ဖောက်သည်တစ်ယောက်မှ လာပေးလေသည်။ သူမသည်လည်း အမှိုက်ကိုပစ်ပေးရမည့်တာဝန်ရှိသည့်အတွက် အမှိုက်ပုံးထဲ ပစ်မည်အပြု

“အို… အဲ့လိုမလုပ်နဲ့လေ”

ဟု ထိတ်ထိတ်ပြာပြာ ပြောသံကြောင့် ဘာလဲဟု တစ်အံ့တစ်ဩ ပြန်ကြည့်လိုက်ရာတွင်မှ ထိုသူမှ အဲ့ဒီထဲမှာ လိပ်စာကဒ်ထည့်ထားတယ်ဟုပြောသဖြင့် ဖွင့်ကြည့်ရာ နာမည်၊ အလုပ်အကိုင်နှင့် ဖုန်းနံပါတ်များရေးထားသော လိပ်စာကဒ်တစ်ခုနှင့်။ ဘာအတွက်များပါလဲဟုမေးသောအခါတွင်မတော့ ထိုသူမှ သူ့အားဆက်သွယ်စေလိုကြောင်းပြောတော့၏။ သူမလဲ တစ်ချက်ပြုံးပြလိုက်ပြီး ဘယ်ဘက်လက်သူကြွယ်မှ လက်စွပ်လေးကိုပြလိုက်ပြီး ထိုကဒ်အား မူရင်းဦးတည်ရာ အမှိုက်ပုံးတွင်းသို့ ပစ်လိုက်တော့၏။

ထို့နောက်များတွင်မတော့ ပေါ်တင်သာပေးကြတော့သည်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မယုံနိုင်ပါ…

တစ်ချိန်တုန်းကတော့ သူမလိုက်လာမည်ဆိုတုန်းကရော၊ လိုက်လာတော့မည်ဆိုတုန်းကရော၊ ရောက်ကာစကရော
သူမှ မနားတမ်း ထိုကဲ့သို့သောအကြောင်းအရာများကို ကရားရေလွှတ် တစ်တွတ်တွတ်ပြောသည်။

ပြောတိုင်းလဲ စိတ်တိုရသည်။ တစ်ခြားယောကျာ်းများကို အထင်သေးလွန်းသောကြောင့်ဖြစ်သည်။ လက်ထပ်ပြီးမိန်းမတစ်ယောက်ကို ဘယ်သူမှ မပစ်မှားရဲကြပါ။ အဲ့လောက်ထိလဲ ယောကျာ်းတော်တော်များများ ဖွန်ကြောင်ကြမည်ဟုမထင်မိပါ။

ယနေ့တွင်မတော့သူမ…

သူ့အား ခပ်တင်းတင်းဖက်ထားရင်း အိပ်ပျော်ပြီး သူမအနားမှာရှိနေတာတောင် စိတ်မချသည့်မျက်နှာကြီးဖြင့် နှုတ်ခမ်းကြီးစူနေတာကိုကြည့်ရင်း ကြည်နူးစိတ်ဖြင့် ခပ်ဖွဖွလေးတစ်ချက်နမ်းလိုက်မိသည်။

သူနိုးလာလျင်တော့ ရန်ဖြစ်ရဦးမည်။ အားအားရှိ ဘာဖြစ်လဲပဲ မေးမေးနေတဲ့သူကြီး။

သိပ်ကို မုန်းစရာကောင်းတာပဲ…. ဟု။

စိုင်းကွမ်းခေး
(ခေတ္တလူ့ပြည်)

13 comments

  • Wow

    March 24, 2014 at 10:55 am

    ဟီးးးး စွံတယ်နော်…
    နောက်ထှာနော် ကိုရင် :kwi:

  • ဘရန်းဒက် ကေဇီ

    March 24, 2014 at 11:14 am

    သိပ်ကို မုန်းစရာကောင်းတာပဲ….

    လူဇိုး ……ဆိုပြီး ချစ်စနိုး ဒူးရင်းသီးနဲ့ သာ ထုပလိုက်။
    ..

    .
    .
    .
    .
    .
    .

    .
    .
    .

    အဟွာ။
    ဒူးရင်းသီးချိုချဉ်နဲ့ ပြောတာ။ ဟိဟိ :mrgreenn:

  • Mr. MarGa

    March 24, 2014 at 11:27 am

    နေရာတကာ မျက်စိဒေါက်ထောက် ကြည့်နေတယ်
    သိပ်ကိုမုန်းစရာကောင်းတာပဲ
    သူလေ…သိပ်သိပ်ကဲ…
    အာဟိ
    :mrgreenn:

  • ဦးကြောင်ကြီး

    March 24, 2014 at 11:32 am

    ဒီအတိုင်းဆို နင် အားအမြဲပြည့်နေဖို့ လိုဒယ်မောင်ရှုပ်… ကြက်ဥနဲ့ပျားရည် ပုံမှန်မှီဝဲဗာ… လိုအပ်ရင် ဒိန်ချဉ်ထဲ စွန်ပလွံသီးစိမ်ပီး ညဒိုင်းတီး..

  • alinsett (gazette)

    March 24, 2014 at 12:45 pm

    လက်ထပ်ပြီး မိန်းမ ကို ထားဦး
    ရီးဇားရှိနေတဲ့ မိန်းကလေးဆိုရင်တောင်
    ယောကျာ်းတော်တော်များများက ကြောင်မည်မဟုတ်ပါ ပေါ့။
    🙂
    ————

    နောင်ကြီးရဲ့ စာတွေကို ဖတ်တိုင်း
    စကားပြေအရေးအသားညက်ညောမှုကို အသိအမှတ်မပြုပဲ မနေနိုင်ဘူး။
    တကယ်ပါ။

  • Crystalline

    March 24, 2014 at 1:04 pm

    မုန်းတာဟယ်… 😉

  • kyeemite

    March 25, 2014 at 11:35 am

    မိန်းမတွေအကြောင်းခီဏခီဏပြောတဲ့လူကို သားသား သိပ်မုန်းတာပဲမေမေ 😀

  • black chaw

    March 26, 2014 at 11:09 am

    လက်ထပ်ပြီးမိန်းမတစ်ယောက်ကို ဘယ်သူမှ မပစ်မှားရဲကြပါ။ အဲ့လောက်ထိလဲ ယောကျာ်းတော်တော်များများ ဖွန်ကြောင်ကြမည်ဟုမထင်မိပါ။

    ဟုတ်တော့ ဟုတ်တယ် ကိုစိုင်းရေ…။
    သို့ပေမယ့် အဲဒီလက်ထပ်ပြီးမိန်းမတစ်ယောက်က…
    အပျိုတစ်ယောက်လို sexy ဖြစ်အောင် ပြင်ဆင်ထားတယ်ဆိုရင်တော့…
    ဦးဘလက်လို ယောက်ျားတစ်ယောက်ကတော့…
    မသိရင် ပစ်မှားမိမှာပဲ ကိုကို…။
    ကျမမှာ ယောက်ျားရှိပါသည် ဆိုတဲ့ စာကို နှဖူးမှာ တက်တူးထိုးပေးထား…။
    ဟေးဟေး…။
    အပျော်…ဝင်နောက်သွားတာပါ ကိုစိုင်းရေ…။
    အမှားပါခဲ့ရင် ခွင့်လွှတ်ပါဗျာ…။
    ချစ်ခင်လေးစားတဲ့…
    ဦးဘလက်…။

  • surmi

    March 26, 2014 at 11:26 am

    အဟမ်းးး
    အခုတော့ သိပြီပေါ့
    ဘာပဲဖြစ်ဖြစ် ပြေလည်ပြီးကြည်နူးဖွယ် ဖြစ်သွားတာပဲ ဝမ်းသာစရာပါ

  • ဖြူစိုင်း လူ

    March 26, 2014 at 11:28 am

    ဒီမှာတော့ မိန်းမဆို မ စစ်စစ်ဖြစ်ဖို့သာအရေးကြီးပါတယ်

    ှဗိုက်ခေါက်ထူ
    မျက်ပြူး
    သွားခေါ
    ဖင်မရှိ
    ရင်မရှိ
    အသံပြာ
    ကိုးလိုးကန့်လန့်
    မွဲပြာပြာ
    အနံ့ဆိုး
    ပုံမကျ၊ ပန်းမကျ

    အဲ့လို မိန်းမတောင် သွားရေတစ်မြားမြားကျနေတဲ့နေရာမှာတော့

    အားလုံးဆန့်ကျင်ဖက်
    ပြည့်စုံနေတဲ့

    မိန်းမတစ်ယောက်အဖို့တော့
    လင်ယောက်ျား ဖင်ကျိမ်းတာတော့ ပြောမယုံ ကြုံဖူးမှ သိမယ်ထင်ပါ၏။

    အနိစ္စ (အနိပ်ကလေးတွေကိုစလို့)
    ဒုက္ခ (ဒုတ်နဲ့ ချောင်းရိုက်ခံရတာတောင်မှ)
    အနတ္တ (အနပ်စားလေးတွေ တနေတုန်း)

  • Foreign Resident

    March 26, 2014 at 11:49 am

    ” ဗိုက်ခေါက်ထူ
    မျက်ပြူး
    သွားခေါ
    ဖင်မရှိ
    ရင်မရှိ
    အသံပြာ
    ကိုးလိုးကန့်လန့်
    မွဲပြာပြာ
    အနံ့ဆိုး
    ပုံမကျ၊ ပန်းမကျ

    အဲ့လို မိန်းမတောင် သွားရေတစ်မြားမြားကျနေတဲ့နေရာမှာတော့ ”

    တကယ်ဘဲ ၊ အဲ့လောက်တောင် ဆိုးနေသလားကွယ် ။

    ” အနိစ္စ ( အနိပ်ကလေးတွေကိုစလို့ )
    ဒုက္ခ ( ဒုတ်နဲ့ ချောင်းရိုက်ခံရတာတောင်မှ )
    အနတ္တ ( အနပ်စားလေးတွေ တနေတုန်း ) ”

    ဒါကတော့ ၊ မှတ်သားလောက်ပါပေတယ် ။ 😛

  • ခင် ခ

    March 26, 2014 at 12:20 pm

    (သူမလဲ တစ်ချက်ပြုံးပြလိုက်ပြီး ဘယ်ဘက်လက်သူကြွယ်မှ လက်စွပ်လေးကိုပြလိုက်ပြီး ထိုကဒ်အား မူရင်းဦးတည်ရာ အမှိုက်ပုံးတွင်းသို့ ပစ်လိုက်တော့၏။)
    ဪ လက်သူကြွယ်မှာ လက်စွပ်ဝတ်ကြတာ ဒါကြောင့်ကိုး။

  • kai

    March 26, 2014 at 3:05 pm

    ကြည့်ရတာ..ညိုချောဖြစ်လို့ထင်ပါတယ်..
    အဲဒီနယ်တွေဖက်မှာ.. ညိုချောက…ဟန်ကျတယ်ဗျ… :mrgreen:

Leave a Reply