ယူကေရောက် မင်းသားနေတိုးနှင့် တွေ့ဆုံမေးမြန်းခန်း…

JuemyitAugust 9, 20101min1666

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ရှိတဲ့ မြန်မာအသင်းကြီး (UK) မှ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှ အနုပညာ သရုပ်ဆောင်များ ဖြစ်တဲ့ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ မိုးယုစံနဲ့ ဂျင်နီတို့ဟာ မြန်မာနိုင်ငံ
အခြေစိုက် ဗြိတိန်နိုင်ငံရဲ့သံရုံးမှ တရားဝင် ပြည်ဝင်ခွင့် ဗီဇာနဲ့
ခွင့်ပြုချက်အရ လန်ဒန်မြို့ကို ဇူလိုင်လ၊ ၂၇၊ ၂၀၁ဝမှာ လမ်းခရီး
ချောချောမောမောနဲ့ ရောက်ရှိလာပါတယ်။

ဇူလိုင်လ၊ ၃၁၊ ၂၀၁ဝမှာ လန်ဒန်မြို့ရဲ့ Wembley, Middlesex မှာရှိတဲ့ Copland Community College
မှာ ညနေ ရနာရီမှ ည ၁၁နာရီအထိ မြန်မာ့ရိုးရာ ယဉ်ကျေးမှု့ အငြိမ့်သဘင်နဲ့အတူ
အဆို၊ အကများနဲ့ ဖျော်ဖြေ ဖြစ်ခဲ့ပါတယ်။

ယခုတခေါက် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ကို အလည်လာရောက် ဖျော်ဖြေဖို့ ဖိတ်ကြားခံရတဲ့ မြန်မာနိုင်ငံမှ
အနုပညာ သရုပ်ဆောင်တွေ ဒီကို မလာခင် ကထဲက သတင်းတွေ ဟိုတမျိုး ဒီတမျိုး
ကြားနေရတဲ့ အတွက် ဒီအနုပညာရှင်တွေ လာရင် သူတို့ရဲ့ ခံစားချက်တွေကို
နိုင်ငံရပ်ခြား အသီးသီးမှာ ရောက်နေတဲ့ သူတိုရဲ့ ပရိတ်သတ်တွေ သိစေဖို့ရာ
အတွက် မေးမြန်းဖို့ ရည်ရွယ်ထား ဖြစ်ခဲ့ပါတယ်။

အဲဒီပြုလုပ်ဖြစ်ခဲ့တဲ့ ပွဲကို သွားချင်တဲ့ ဆန္ဒရှိသော်ငြားလည်း အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်ခဲ့ပါဘူး။

ဒီမနက်စောစောမှာ အိပ်ရာက နိုးတဲ့အခါ မြန်မာအသင်းကြီး (UK) မှ တာဝန်ရှိသူ တယောက်စီ
ဖုန်းအဆက်အသွယ်လုပ်ပြီး ပွဲအကြောင်းမေးတဲ့ အခါ ပွဲပြုလုပ်တဲ့
ကျောင်းရဲ့ရှေ့မှာ ဗြိတိန်နိုင်ငံရောက် ဒီမိုကရေစီ အင်အားစုဖြစ်တဲ့
မြန်မာကျောင်းသား လူငယ်များရဲ့ တခဲနက် ဆန္ဒပြ သပိတ်မှောက်ပွဲကို ပွဲ
မစတင်မှီမှာ မြင်တွေ့ရပေမယ့် ဖျော်ဖြေသည့် ပွဲကို အောင်အောာင်မြင်မြင်
ပြီးဆုံးအောင် ပြုလုပ်နိုင်သွားကြောင်း သိရပါတယ်။

အဲဒီ ရောက်ရှိလာတဲ့ အနုပညာရှင်တွေထဲကမှ အားလုံးကိုယ်စား သရုပ်ဆောင် နေတိုးနဲ့
တွေ့ဆုံဖို့အတွက် စီစဉ်ပေးမှု့ကြောင့် ဒီနေ့မှာ လက်ရှိ မြန်မာနိုင်ငံရဲ့
စူပါတန်းဝင် မင်းသားနေတိုးနဲ့ ရည်ရွယ်ထားတဲ့ အတိုင်း တွေ့ဆုံဖို့
တကယ်ဖြစ်လာပါတယ်။

လန်ဒန်မြို့ရဲ့ တင်္န္ဂနွေနေ့ဟာ ရာသီဥတု သာသာယာယာ ရှိပြီး သရုပ်ဆောင် နေတိုး ခေတ္တ တည်းခိုတဲ့စီ ကားမောင်း သွားလိုက်တယ်။
ကံကောင်းစွာနဲ့ ကားရပ်ဖို့ နေရာကို လွယ်လွယ်ကူကူ ရလိုက်ပါတယ်။
လန်ဒန်မြို့မှာ ပုံမှာန်အားဖြင့် တင်္န္ဂနွေနေ့ဟာ မည်သူမျှ တော်ရုံတန်ရုံ
အပြင် မထွက်ပဲ အပြည့်အဝ အနားယူကြတာမို့ ကားရပ်ဖို့ နေရာဟာ အင်မတန်မှ
ရှားတယ် ဆိုရပါမယ်။

ကိုယ့်ရဲ့ ကိုယ်ပိုင် အားလပ်ရပ်မှာလဲ ကိုယ့်အိမ်မှာ အေးအေးဆေးဆေး အနားယူရင် ရပေမယ့် ဒီလို မြန်မာနိုင်ငံရဲ့
စူပါတန်းဝင် အနုပညာ သရုပ်ဆောင်နဲ့ တွေဖို့ အခွင့်အရေးဟာ ရှားပါးတာမို့ရယ်၊
လက်ရှိ သူ့အပေါ် မြင်နေကြတဲ့ သူ့ရဲ့ ပရိတ်သတ်တွေအပေါ်
သရုပ်ဆောင်တယောက်အနေနဲ့ ဘယ်လိုခံစားရတယ် ဆိုတာ သိရအောင် မဖြစ်မနေ
သွားတွေ့ဖြစ်ခဲ့ ပါတယ်။

တွေ့ဆုံ မေးမြန်းမယ့်စီရောက်တော့ သရုပ်ဆောင် နေတိုးကို တွေ့တဲ့အခါမှာ ကိုယ်လက်သန့်စင်ပြီးလို့ အိပ်ရာ ထကာစ
လန်းလန်းဆန်းဆန်းနဲ့ တွေ့ရပါတယ်။ တီရှပ်လက်ပြတ် အဖြူနဲ့ ကွာတားဘောင်းဘီအတို
ကာကီရောင်ကို ဝတ်ထားပြီး အသားအရောင်က ဖြူဝင်းသူမို့ ကြည့်ကောင်းတဲ့
မြန်မာရခိုင် အမျိုးသားတဦးလို့ ဆိုရပါမယ်။

အိမ်ရှင်က ဧည့်ခံတဲ့ ကော်ဖီကို ကိုယ်ရော နေတိုးပါ အတူသောက်ဖြစ်ရင်း မြန်မာရုပ်ရှင်ကားတွေ
မကြည့်ဖြစ်တဲ့ ကိုယ်က သရုပ်ဆောင် နေတိုးရဲ့ သရုပ်ဆောင်မှု့တွေအပါ် မသိပေမယ့်
လက်ရှိ ဖြစ်ပေါ်နေတဲ့ သတင်းတွေပေါ် မူတည်ပြီး မေးခွန်းတချို့ကို
မေးမြန်းခဲ့ပါတယ်။

မေးခွန်းတွေ မမေးမှီ နေတိုး အမူအရာက စိတ်ဖိစီးသလို ဖြစ်ပြီး တစုံတခုကို ကြောက်လန့်နေပုံရလို့
ဒီတွေ့ဆုံမေးမြန်းမှု့အတွက် အမှား တစုံတရာမရှိစေဖို့ အာမခံရင်း စိတ်ကို
Relax ဖြစ်စေဖို့ ပြောရင်း အားပေးခဲ့ရပါတယ်။

ဒီပိုစ့်မှာ ကိုယ့်ရဲ့အမေးနဲ့ သရုပ်ဆောင် နေတိုးရဲ့အဖြေကို iPhone နဲ့ အသံသွင်း
မေးမြန်းလာတာကို တိုက်ရိုက် ပြန်လည်ရေးသား တင်ပြခြင်း ဖြစ်ပါတယ်။

ဒီပိုစ့့်ရဲ့သရုပ်ဆောင် နေတိုးနဲ့ တွေ့ဆုံမေးမြန်းမှု့မှာ စာဖတ်သူအနေနဲ့ အမှားအယွင်း
စိတ်အခန့်မသင့်တာများ ရှိခဲ့ရင် ဒီစာမျက်နှာကို ပိုင်ဆိုင်တဲ့ စာရေးသူ
ကိုယ်တိုင်ရဲ့ ညံ့ဖျင်းမှု့သာလျင် ဖြစ်ပြီး ကိုယ့်ရဲ့ မေးမြန်းမှု့နဲ့
ကိုယ့်ရဲ့စာ (ပိုစ့်) အတွက် ကိုယ်ကိုတိုင် တာဝန်ယူကြောင်း လေးစားစွာ
ဆိုပါရစေရှင်။

iPhone နဲ့ အသံသွင်းမေးမြန်းလာတာတဲ့ အသံဖိုင်ကို ဖွင့်လိုက်တဲ့အခါ. . ,

* * * * *

Interview started at 11:28AM, London

နေတိုးလို့ပဲ ရင်းရင်းနှီးနှီး ခေါ်မယ်နော်။ ရတယ် မဟုတ်လား။

“ခေါ်ပါဗျာ။ ရပါတယ်။ ကြိုက်သလို ခေါ်ပါ။”

အင်္ဂလန်ကနေ ခေါ်ယူ ဖိတ်ကြားခံရတဲ့ အနုပညာ သရုပ်ဆောင် တယောက် အနေနဲ့ ဘယ်လိုများ ခံစားရပါသလဲ။

“ပျော်ပါတယ်။ ကိုယ်မရောက်ဘူးပဲ အရင်က ရုပ်ရှင်တွေထဲမှာပဲ မြင်ဖူးထားတဲ့ တိုင်းပြည်ကို ပထမဆုံး အကြိမ်အဖြစ် ရောက်ရတော့ ပျော်ပါတယ်။”

ဒီလိုဖြေအပြီး ရပ်သွားလို့ မေးခွန်းတခုကို ဆက်မေးမယ် ပြုစဉ်မှာ နေတိုးက ဒီမေးခွန်းအတွက် နောက်ဆက်တွဲ အဖြေကို ထပ်ဖြေပါတယ်။

“ကျွန်တော်တို့က သရုပ်ဆောင်ဆိုတော့ မြန်မာပြည်မှာလဲ အနယ်နယ် အရပ်ရပ်ကို ခရီးထွက်ရတယ်လေ။
တခြား နိုင်ငံခြား ခရီးတွေလဲ ဖိတ်ကြားချက်အရ သွားဖြစ်တယ်။

နိုင်ငံခြား ခရီးတွေမှ မဟုတ်ဘူး။ အင်္ဂလန်မှ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံက
ဝေးလံခေါင်သီတဲ့ အရပ်တွေ နယ်စွန်နယ်ဖျားတွေ သွားရလဲ ပျော်နေတာပါပဲ။

အဝေးရောက်နေကြတဲ့ ကိုယ့်ရဲ့ပရိတ်သတ်တွေနဲ့ ထိတွေ့ရတော့ ပိုကြည်နူးရပါတယ်။”

ဒါဆို ခရီးသွားရတာ ဝါသနာပါတယ်။ ခရီးထွက်ရရင် ပျော်တယ် ဆိုတဲ့ သဘောပေါ့။

“ဟုတ်။ အဲလို ပြောလို့ရပါတယ်။”

နိုင်ငံခြား ခရီးစဉ်တွေက ဖိတ်ကြားမှ., ခွင့်ပြုချက်ရမှ သွားရတဲ့ သဘောလား။ ဒါမှ မဟုတ်
ကိုယ့်ဟာကိုယ် ကိုယ့်စိတ်နဲ့ကိုယ် သွားတာမျိုးကော မရှိဘူးလား။

“အင်း ဘယ်လိုပြောရမလဲ အဲလို ကိုယ့်စိတ်နဲ့ကိုယ် သွားတာမျိုးလဲ ရှိပါတယ်။ Shopping သဘောမျိုး အလည်သဘောမျိုး ရက်တိုပေါ့။

ကျွန်တော်တို့က အဓိက က အချိန်ပေါ့နော်။ အဲ့ဒီ အချိန်ရှားပါးတော့ တခြားသူတွေလို
ဒုန်းဒိုင်း သွားချင်တဲ့ အချိန်တိုင်း ထသွားလို့ မရဘူး။

သွားမယ်ဆို ဒီဖက်မှာ အားလုံး အဆင်ပြေအောင် အရင် စီစဉ်ခဲ့ရတယ်။ သက်ဆိုင်ရာက
ဖိတ်ကြားလို့ သွားတဲ့အခါလည်း ဒီလိုပါပဲ။ ကြိုပြောထားပြီးမှ စီစဉ်ပြီးမှ
သွားတာ လာတာ လုပ်တာလေ။”

မနေ့က လုပ်ခဲ့တဲ့ ဒီလန်ဒန်မြို့က ပွဲအပေါ် ဘယ်လို မြင်လဲ။ ဖျော်ဖြေခဲ့ရတာ ဘယ်လို
ခံစားရလဲ။ လန်ဒန်မြို့မှာ ဖျော်ဖြေရတဲ့ အတွေ့အကြုံလေး ပြောပါအုုံး။

“ကောင်းပါတယ်။ အားလုံး အဆင်ပြေခဲ့တယ်။

အစီအစဉ်အတိုင်းလေး ဖြစ်သွားတယ် ပြောရမှာပေါ့နော်။ လာကြည့်တဲ့ ပရိတ်သတ်လဲ ကျေနပ်ပုံရပါတယ်။

အားလုံး သိုက်သိုက်ဝန်းဝန်းနဲ့ အောင်အောင်မြင်မြင်လေးပြီး သွားတယ်။”

နေတိုးဟာ မင်းသားလား.., သရုပ်ဆောင်လား။ ကိုယ့်ကိုကိုယ် ဘယ်လိုခံယူထားလဲ။

“ပရိတ်သတ်က ရုပ်ရှင်မင်းသား နေတိုးလို့ သတ်မှတ် ခေါ်ဆိုကြပေမယ့် ကျွန်တော်ကတော့
ကိုယ့်ကိုကိုယ် အနုပညာကို ကျရာ နေရာမှာ သဏ္ဌာန်လုပ် သရုပ်တူအောင်
သရုပ်ဆောင်တဲ့ အနုပညာရှင် သရုပ်ဆောင်လို့ပဲ ခံယူပါတယ်။

အဲလို ဖြစ်အောင်ပဲ အမြဲ ကြိုးစား အားထုတ်ပါတယ်။”

ဒါဆို သရုပ်ဆောင် နေတိုး ဆိုတာ လွတ်လပ်တဲ့ သရုပ်ဆောင်လား ချုပ်ကိုင်မှု့ရဲ့ အောက်မှာ ရှိနေတဲ့ သရုပ်ဆောင်လား။

“ညီမ မေးခွန်းက တကယ့် အပြင်းစားပဲ။

ကျွန်တော် ဒီအနုပညာကို စလုပ်ကထဲ ဘယ်သူ့ ဘယ်ဝှာရဲ့ ချုပ်ကိုင်မှု့ လုံးဝမရှိပဲ
လွတ်လွတ်လပ်လပ် သရုပ်ဆောင်နေတဲ့ သရုပ်ဆောင်တဦး.., ကိုယ်ဝါသနာပါရာ
အနုပညာကို သရုပ်ဆောင်နေတဲ့ သရုပ်ဆောင်တဦး..,

ဒီ သရုပ်ဆောင်အလုပ်ကို အသက်မွေးဝမ်းကြောင်းအဖြစ် လွတ်လွတ်လပ်လပ် လုပ်ကိုင် စားသောက်နေသူ တဦး ဖြစ်ပါတယ်။”

ဘယ်နိုင်ငံမှာမဆို နာမည်ကျော် အနုပညာရှင် သရုပ်ဆောင်ဟာ ဘယ်လောက်ပဲ သရုပ်ဆောင်ကောင်းကောင်း
ပြည်သူက တင်မြှောက်မှ ပြည်သူက သရုပ်ဆောင်တာကို လက်ခံမှ ဒီ အနုပညာ
သရုပ်ဆောင်အလုပ်ကို အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်
စားသောက်နေနိုင်မှာလေ။

အဲတော့ ပြည်သူတွေ လက်ခံတဲ့ ပြည့်သူ့ချစ်တဲ့ အနုပညာရှင်အဖြစ် ရပ်တည် နေနိုင်အောင် နေတိုး အနေနဲ့ ဘယ်လို နေထိုင်တယ်ဆိုတာ
ပြောပြပေးပါ။

“အနုပညာအလုပ်ဆိုတာ တကယ့်ကို ကျယ်ပြန့် လွန်းပါတယ်။ အနုဆိုတာ အသေးစိတ်ကိုခေါ်တာ အဲဒီ အသေးစိတ်တဲ့ နေရာမှာ
ပညာရပ်တခု ထည့်လိုက်တဲ့အခါ အနုပညာ ဖြစ်သွားတယ်။

ဒီအနုပညာအလုပ်ကို ၏သည်မရွေး သင်ကြားပေးတိုင်းလဲ အနုပညာ ဖြစ်မလာဘူး။ ပင်ကိုယ်ဗီဇနဲ့ ဝါသနာကို
အခြေခံပြီး တစိုက်မတ်မတ် ကြိုးစားအားထုတ်ခါမှ တော်ကာကျတာလေ။ ပြီးတော့
ဒီအနုပညာမှာ ကံ ဉာဏ် ဝီရိယနဲ့ စန်း လာဂ်တို့က ရှိသေးတယ်။

ကိုယ်က ဘယ်လောက်ပဲ ကြိုးစားစား ကံနဲ့ ဆန်းလာဂ်တို့ မရှိရင်လဲ နေရာ တနေရာကို မရောက်လာဘူး။

ဒီလိုပဲ ကံနဲ့ ဆန်းလာဂ်တို့ ရှိပြန်လို့ ဉာဏ်မထည့်ပဲ ဝီရိယ မစိုက်ထုတ်ပဲလဲ
လုပ်စားလို့ မရပြန်ပါဘူး။ ဘယ်တော့မှ ရပ်မသွားတဲ့ လေ့လာစရာ မကုန်တဲ့
ပညာရပ်တခုပါ။

ကျွန်တော် အနေနဲ့တော့ ဘဝရဲ့ အကျိုးပေးကြောင့် ဖြစ်လာတဲ့ ကံဆိုတာ ရှိလာပြီး ကိုယ်လုပ်ကိုင်တဲ့ နေရာမှာ ဉာဏ်နဲ့
အသုံးပြုပြီး ဝီရိယစိုက်ထုတ် ကြိုးစားလိုက်တယ်။ အဲဒီမှာ ကံကြောင့်
ဖြစ်သွားပြီး ပရိတ်သတ်ချစ်တဲ့ လက်ခံတဲ့ စန်းဆိုတာ ရလာပြီး အခုလို
ရပ်တည်နေနိုင်တာပါ။

ကျွန်တော် အရင် ရှေ့က အနုပညာရှင်တွေလည်း အနဲနဲ့အများ အားလုံး အတူတူပါပဲ။

ဒီတော့ ကံနဲ့စန်း လာဂ် မြဲအောင် ဘာသာရေး၊ လူမှု့ရေးတွေနဲ့ ကိုယ့်ဟာကိုယ် ကူရ
မြင်ှ့တင် ရသလို ဉာဏ်ရှိအောင်လဲ အမြဲ ခေတ်နဲ့အမှီ မျက်စိဖွင့်
နားစွင့်ပြီး လေ့လာနေရတယ်။ ပြီးတော့ တစိုက်မတ်မတ် ဝီရိယနဲ့ ကြိုးစားရတယ်။
ဒါကြောင့် ပရိတ်သတ်က လက်ခံတယ် ပရိတ်သတ်က ချစ်တယ်။

အဲဒီအတွက် နေတိုး ဖြစ်လာတယ်။

ဘယ်အခြေအနေပဲရောက်ရောက် ကိုယ့်ပရိတ်သတ်ကို မစော်ကားဘူး။ ကျေးဇူးမကန်းဘူး။

ကျွန်တော်နဲ့ ဆက်စံဘူးသူတိုင်း ကျွန်တော်ဘယ်လိို လူစားလဲ သိကြပါတယ်ခင်ဗျာ။။”

နိုင်ငံတကာမှာ အနုပညာအလုပ် ဆိုတာ လူထုအပေါ် လွှမ်းမိုးမှု့ အရှိဆုံး အလုပ်လို့ သေချာပေါက် ပြောလို့ ရတယ်လို့ ထင်တယ်။

ဒါကြောင့် ရုပ်ရှင်ဇတ်ကား တကားကို ရိုက်ကူးတင်ပြတဲ့ နေရာမှာ အမှားကို အမှားမှန်း
အမှန်ကို အမှန်မှန်း ပြည်သူတွေကို ဝေဖန် ပိုင်းခြားနိုင်အောင်
တင်ပြနိုင်တဲ့ အနုပညာရှင်တွေ ဖြစ်တဲ့ နေတိုးတို့လို့ နာမည်ကျော်
သရုပ်ဆောင်တွေ အပေါ်မှာ အထူးတာဝန် ရှိတယ်လို့လဲ နန္ဒာ မြင်တယ်။

အဲဒီတော့ နေတိုးတို့လို့ အနုပညာရှင် သရုပ်ဆောင်တွေ တင်ပြလိုက်တဲ့ အနုပညာကြောင့်
မျိုးဆက်သစ် လူငယ်တွေက အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားတဲ့အခါ
တချို့နေရာတွေမှာ အမြင်မှားတွေ ရသွားနိုင်တဲ့ အပေါ် ဒီလို သရုပ်ဆောင်ဖြစ်တဲ့
နေတိုး အနေနဲ့ ဘယ်လို ပြောမလဲ။ ဘယ်လို ဖြေရှင်းမလဲ။

တောက်လျောက် မေးခွန်းတွေ ဖြေလာတဲ့အခါမှာ သရုပ်ဆောင် နေတိုးဟာ ကိုယ်နဲ့ eyes to eyes contact အမြဲ ရှိနေတာ သတိထားမိပါတယ်။

ဒီမေးခွန်း မေးအပြီး သရုပ်ဆောင် နေတိုးရဲ့ မျက်လုံးတွေဟာ အပြင်ဘက်ကို ရောက်သွားပြီး
ဖြေဆိုဖို့ အဖြေကို စဉ်းစားဟန် ပြုပုံ ရနေခဲ့တယ်။ တွေဝေနေရာက
စက္ကန့်ဝက်လောက် အကြာမှာ သက်ပြင်းတချက် ရှိုက်ပြီး မေးတဲ့ မေးခွန်းကို
ထပ်ပြီး မေးဖို့ တောင်းဆိုလာတယ်။

ကိုယ်က ထပ်မေးအပြီး “ဖြေဖို့ အချိန်နဲနဲ ယူမယ်နော်” လို့ ပြောလာတဲ့အတွက် ကိုယ့်ဖက်က လေးစားစွာနဲ့
“ရပါတယ်.., Take your time.” လို့ ပြောလိုက်တယ်။

“အင်း ညီမ မေးခွန်းက အရမ်းကျယ်ပြန့်တော့ ကျွန်တော် ဖြေနိုင်သလို ဖြေရရင်.., ဘယ်လို
ပြောရမလဲ ခေတ်ကြီးက တိုးတက်နေတော့ အခု မျိုးဆက်သစ် လူငယ်တွေဆိုတာ
အသိပညာအပိုင်းမှာ ဖွံဖြိုးမှု့ ဉာဏ်ရည် နှိမ့်ကျတဲ့သူတွေ မဟုတ်ပါဘူး။

ဂျာနယ်လစ် တယောက် မဟုတ်ဘဲနဲ့ အခုလိုမေးခွန်းမျိုး လက်တမ်း မေးနိုင်တဲ့ ညီမလဲ
အသိပညာအပိုင်းမှာ အရမ်းတော်ပြီး ဖွံဖြိုးပြီးသားဆိုတာ ကျွန်တော်
ခန့်မှန်းနိုင်ပါတယ်။

ကျွန်တော်လဲ လူငယ်တယောက်ကနေ အခု အသက်ကို ရောက်လာတာပါ။ ကျွန်တော် သရုပ်ဆောင် မဖြစ်ခင် ပရိတ်သတ် တုန်းကလဲ ဇတ်ကားတွေ
ကြည့်ရင် တချို့ ဇတ်လမ်းတွေအပေါ် ဒီလိုမျိုး ဖြစ်ခဲ့ မြင်ခဲ့ဘူးတယ်။

အဲဒီတော့ ဇတ်ကားတကားမှာ ကျွန်တော်တို့ သရုပ်ဆောင်တွေ ပေးလိုက်တဲ့ message ကို လက်ရှိ မျိုးဆက်သစ် လူငယ်တွေက တမ်းပြီး ဒက်ကြပါတယ်။”

မေးခွန်း မေးသူ ကိုယ်က “ဒက်တယ် ဆိုတာ”

“အော် ဒက်တယ်ဆိုတာ သူတို့တွေ., ဇတ်ကား ကြည့်သူတွေ သရုပ်ဆောင်က ပေးတဲ့ message
ကို တမ်းရတယ်လို့ ပြောတာ။ ညီမ ပြောသလို မှားရင်မှားတယ် မှန်ရင်မှန်တယ်
ဆိုတာကို ရကြတယ်ပေါ့။

ဘယ်လိုပြောရမလဲ ရုပ်ရှင်ကြည့်တဲ့ ပြည်သူလူထုက ဇတ်ကား အသွားအလာကို သရုပ်ဆောင်တွေထက် ပိုမြင်ကြပါတယ်။ အခုခေတ် ပြည်သူတွေ
ဉာဏ် အရမ်းပြေးပါတယ်။ ဘာသဘောလဲဆိုတာ သူတို့တွေ သိကြပါတယ်။

ကျွန်တော်တို့က အားလုံး လုပ်လို့ရတဲ့ အထဲကနေ ဇာတ်ကောင်စရိုက်ကို သရုပ်ဆောင်ပြသွား ရတာပါ။

အခုခေတ် လူငယ်တွေ အနေနဲ့ ဇတ်ကားတကားက အဓိပ္ပာယ် ရှိတယ် မရှိဘူး ဆိုတာ ဇတ်လမ်း
ကောင်းကောင်း မကောင်းကောင်း သရုပ်ဆောင်သူတွေရဲ့ ဇာတ်ကောင်စရိုက်
သရုပ်ဆောင်မှု့ကို ကြည့်ပြီး သူတို့ ဆုံးဖြတ်နိုင်ကြပါတယ်။ ဒီခေတ် လူငယ်တွေ
မညံ့ကြပါဘူး။ ဒီလောက်ပါပဲ။”

ဒီမေးခွန်းကို ဖြေအပြီးမှာ နေတိုးဟာ ပေါ့ပါးသွားဟန်နဲ့ သက်ပြင်းရှည်တချက် ရှိုက်ထုတ်လိုက်ပြန်ပါတယ်။

မြန်မာပြည်က ပရိတ်သတ်ဟာ မြန်မာကားတွေအပေါ် စွဲလမ်းမှု့ သိပ်ရှိမနေပဲ မြန်မာပရိတ်သတ်
ရာခိုင်နှုာန်း တော်တော်များများကို ကိုရီးယား ရုပ်ရှင်တွေနဲ့ ဇတ်ကောင်တွေက
လွှမ်းမိုးထားမှု့ အပေါ် ဘယ်လိုမြင်လဲ။

“ဒါကတော့ ကိုရီးယားက မင်းသား၊ မင်းသမီးတွေက တော်တော်များများ ရုပ်ချောကြတယ်။ ကြည့်ကောင်းကြတယ်
ဆိုရမှာပေါ့။ နောက် အဝတ်အစားတွေ၊ အသုံးအဆောင်တွေ၊ နောက်ခံတွေက လန်းတယ်။

သရုပ်ဆောင်တာတွေကလဲ အပိုမရှိပဲ ဇတ်ပို့၊ ဇတ်ရံတွေက အစ သဘာဝကျပြီး ကောင်းကြတယ်။ ဇတ်လမ်း၊ ဇတ်ကွက်တွေကလဲ မထပ်စေရပဲ ခိုင်ကြတယ်လေ။

ဇတ်လမ်း အများစုက ကျွန်တော်တို့ မြန်မာကြိုက် ရသစုံပေးနိုင်ကြတော့ အားလုံး
ဟတ်ထိကုန်ကြပြီး မလွတ်တမ်း ကြည့်ကြရာက ဒီလွှမ်းမိုးမှု့ ဆိုတာ ရှိလာတာပါ။

မြန်မာပြည်မှာလဲ ကိုရီးယား ရုပ်ရှင်တွေလို အကုန်အကျခံ သုံးပေးနိုင်တဲ့ ထုတ်လုပ်သူတွေ
ရှိလာရင် မြန်မာကားတွေလဲ အဆင့်တန်းမှီ လာမှာပါ။ ကျွန်တော်တို့
မြန်မာအနုပညာရှင် သရုပ်ဆောင်တွေ ဇတ်ပို့တွေပါ အပါအဝင် သရုပ်ဆောင်တာ
မညံ့ကြပါဘူး။”

ဟုတ်ပါပြီ။ ထားပါတော့လေ။ ဒါနဲ့ ကောလာဟလတွေနဲ့ ပါတ်သတ်ပြီးတော့ရော နေတိုး အနေနဲ့ ဘယ်လို ကိုင်တွယ် ဖြေရှင်းလဲ။

“ဟုတ်ကဲ့ခင်ဗျ။ အဲဒါကတော့ ပြောရရင် သရုပ်ဆောင် ဖြစ်စကတော့ ကောလာဟလကို စာနယ်ဇင်းတွေကနေ လိုက်ဖြေရှင်း ဖြစ်ခဲ့ဘူးတယ်။

အခုတော့ အရေထူ သွားပြီး ထုံသွားပြီမို့ ဘာလာလာ အေးဆေးပါပဲ။ ကိုယ့်အကြောင်း
ကိုယ်သာ အသိဆုံးပါ ညီမရယ်။ ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး ဆိုတာ
လက်ကိုင်ထားပါတယ်။”

ဟိုတလောက ဖြစ်သွားတဲ့ သတင်းထောက်နဲ့ မင်းသမီးကြောင့် မြန်မာပြည်က စာနယ်ဇင်းနဲ့
အနုပညာရှင် သရုပ်ဆောင်တွေရဲ့ အကြား ဆက်ဆံရေး ဘယ်လိုရှိနေလဲ။

“ဒီလိုပဲ အေးအေးဆေးဆေး နွေးထွေးစွာ ဆက်သွားနေပါတယ်။ အဲဒါကလဲ အခန့်မသင့်လို့
ဖြစ်သွားရင်း ဟိုးလေးတကျော် ဖြစ်သွားရတာပါ။ စာနယ်ဇင်းနဲ့ ဘယ်အနုပညာရှင်မှ
ကင်းလို့ မရပါဘူး။

စာနယ်ဇင်းကြောင့် အနုပညာရှင်ကို လူပိုသိစေလို့ ပြည်သူနဲ့ ကျွန်တော်တို့လို အနုပညာသမားတွေအတွက် စာနယ်ဇင်းဟာ ပေါင်းကူးတံတားတခုပါ။

တယောက်နဲ့တယောက် ရှဉ့်လဲလျှောက်သာ ပျားလဲစွဲသာ ဆိုတဲ့ အခြေအနေဟာ အကောင်းဆုံးပါပဲ။”

နေတိုး အနေနဲ့ အွန်လိုင်း (Online) အသုံးပြုဖြစ်ပါသလား။ အသုံးပြုရင် ဘာတွေကို အသုံးပြုဖြစ်လဲ။

Facebook မှာရှိနေတဲ့ နေတိုးရဲ့ Profile ဟာ နေတိုး ကိုယ်တိုင် တည်ဆောက်ထားတာလား။ ပရိတ်သတ် သိအောင် ဖြေပေးပါ။

“ကျွန်တော် အနေနဲ့ အချိန်ရှားပါသူမို့ အွန်လိုင်းကို တခြားသူတွေလို အချိန်ပေး
မသုံးနိုင်ပါဘူး။ ကျွန်တော် ရှုတင်အားတဲ့ရက် ရှုတင်ဖျက်လိုက်တဲ့ ရက်တွေဆို
နာရီပိုင်းလောက် ခဏ သုံးဖြစ်တာမျိး ရှိတယ်။

Facebook မှာ ရှိတဲ့ profile အားလုံးဟာ ကျွန်တော် နေတိုး ကိုယ်တိုင် တည်ဆောက်ထားတာ လုံးဝ
မဟုတ်ပါဘူး။ ကျွန်တော် Facebook လုံးဝ မသုံးဖြစ်ပါဘူး။ အွန်လိုင်းကို
များသောအားဖြင့် ဖက်ရှင်ပိုင်းနဲ့ ဆိုင်တာ၊ နာရီတွေနဲ့ ပါတ်သတ်တာ၊
သတင်းဖတ်တာတို့ပဲ သုံးတုန်း ခဏ ကြည့်တာပဲ ရှိပါတယ်။ တခြား ထွေထွေထူးထူးတော့
သုံးတာ မရှိပါဘူး။”

အွန်လိုင်းမီဒီယာဟာ ပရင့်မီဒီယာလိုပဲ နေတိုး တို့လို အနုပညာသမားတွေအတွက် အရေးပါတယ်ဆိုတဲ့အပေါ် နေတိုးရဲ့ အမြင်ကို ပြောပြပေးပါ။

“ကျွန်တော် အခု ညီမတို့လို့ ဘလော့ဂ်ဂါလို့ ခေါ်တဲ့ ဘလောဂ့်ကို စသတိပြုမိတာ ကိုသားကြီး
ဆုံးသွားတဲ့ အချိန်ကပါ။ ကျွန်တော်တို့ ပြည်တွင်းကနေ သိပ်မသိသေးပဲ
ပြည်ပမှာ ဒီသတင်း အတော်ပြန့် နှံနေတယ်။ ပြည်ပရောက်နေတဲ့ သူတွေကြောင့်
ပြည်တွင်းက သူတွေက ပြန်သိနေရတယ်။

အဲဒီမှာ ကျွန်တော်တို့ အနုပညာသမားတွေ ဘလောဂ့်ကို စသတိပြုမိတာပဲ။ ဆိုရရင် အွန်လိုင်းမီဒီယာက
ပရင့်မီဒီယာလို စောင့်နေစရာ မလိုဘူး။ ချက်ခြင်းလက်ငှင်း သတင်းကို
ပြန့်နှံစေတယ်။ ပြည်သူကို အခုချက်ခြင်း ဘာဖြစ်နေလဲ သိစေတယ်ပေါ့။

ပြည်တွင်းမှာသာ အခု ညီမတို့ အွန်လိုင်းကို အချိန်တိုင်း အသုံးပြုနိုင်သလို လွယ်ကူစွာသာ
သတင်းတွေ တင်နိုင်ရင် ဂျာနယ်တချို့ လုပ်စားလို့တောင် ရတော့မယ် မထင်ဘူး။
ဒီတော့ ဒီအွန်လိုင်းမီဒီယာက မရှိမဖြစ် လိုအပ်တယ်။ အရေးပါတယ်လို့
မြင်ပါတယ်။ သတင်းဆိုတာ မှန်ဖို့တော့ အရေကြီးတာပါ့ကွာ။ မဟုတ်ဘူးလား
ညီမရယ်။”

အိုကေ။ ဟုတ်ပါပြီ။ အင်္ဂလန်မှာ ရှိနေစဉ် အတွင်း ဘာတွေလုပ်ဖို့ ရည်ရွယ်ထားလဲ ပြောပြပါအုံး။

“ရောက်တဲ့နေ့ထဲက အငြိမ့် တိုက်နေလို့ ဘယ်မှ မလည်ရသေးဘူး။ မနေ့ညက ပွဲပြီး သွားပြီမို့ ဒီနေ့ စလည်မယ်။

ဒီနေ့ ဖရောင်းရုပ်ထု ပြတိုက် သွားမယ်။ ဈေး နဲနဲပါးပါးဝယ်မယ်။ တခြားတော့ မသိသေးဘူး။

ညီမလဲ အကြံပေးပါအုးံ။ ဘယ်တွေ သွားလို့ကောင်းမယ် ဆိုတာ။”

နန္ဒာ မေးချင်တာတွေ လက်ရှိ ဖြစ်နေတဲ့ သတင်းတွေအရ ပရိတ်သတ် သိချင်တာတွေ တော်တော်စုံသလောက် မေးပြီးပါပြီ။

နန္ဒာ့ရဲ့ My Wonderful Moral Thoughts လို့ ခေါ်တဲ့ ဘလောဂ့် စာမျက်နှာကနေ နေတိုးကို
ချစ်တဲ့ ပရိတ်သတ်ရော၊ နေတိုးအပေါ် အမြင် မကြည်သူတွေ အပေါ်ရော
အွန်လိုင်းပေါ်ကနေ စကားလက်ဆောင် ပြောပါအုံး။

“ပရိတ်သတ် အားပေးလို့ လက်ရှိ နေတိုးဆိုတာ ဖြစ်နေတယ်။

အခုလို ကျွန်တော် ဝါသနာပါတဲ့ အနုပညာအလုပ်နဲ့ ရပ်တည်နေနိုင်ပြီး ကျွန်တော့်အပေါ်
ချစ်သူ မနှစ်သက်သူ ခုနှစ်ရက် သားသမီး ပရိတ်သတ်တွေကြောင့် ကျွန်တော်
အောင်အောင်မြင်မြင် ရှိနေနိုင်ပြီး ကျွန်တော့် မိဘကိုလဲ ဝဝလင်လင်
လုပ်ကျွေးနိုင်တယ်။ ဘာသာရေးတွေ လူမှု့ရေးတွေမှာ လှုဒါန်း သာသနာပြုနိုင်တယ်။

အနုပညာ ဖန်တီးရာမှာ ပရိတ်သတ် ဘာကြိုက်လဲဆိုတာ ကျွန်တော် အမြဲ လုပ်လို ့မရဘူး။
တခါတလေ ကို်ယ့်အနုပညာမှာ မလွှဲသာလို့ လုပ်လိုက်ရတာမျိုးတွေ အများကြီး
ရှိနေတယ်၊ ရှိခဲ့တယ်။

တခါတရံမှာ ကိုယ်ပေးလိုက်တဲ့ ဖန်တီးလိုက်တဲ့ အနုပညာကြောင့် ပရိတ်သတ်က ပိုချစ်သွားနိုင်သလို ပိုမုန်းလဲ သွားနိုင်တယ်။

ဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့ အလုပ်အပေါ် စေတနာထားပြီး လုပ်ရင် ကိုယ့်စေတနာ
ကိုယ်အကျိုးပေးလို့ စေတနာထားလုပ် ပါတယ်။ မေတ္တာရှိမှ ရောင်ပြန်ဟပ်တာမို့
ကျွန်တော် လူသားအားလုံးကို မေတ္တာထားပါတယ်။ စိတ်ကြည်ကြည်လင်လင်နဲ့ မေတ္တာ
အမြဲပို့ပါတယ်။ ဒါကြောင့် ခုနှစ်ရက် သားသမီးရဲ့ မေတ္တာကို ကျွန်တော်
ပြန်ရလို့ လက်ရှိ နေတိုး ဖြစ်နေရတာလို့ ကျွန်တော် အပြည့်အဝ ယုံကြည်ထားတယ်။

ကိုယ် လုပ်နေတဲ့ အလုပ်ကို အကောင်း ဆုံးဖြစ်အောင်ပဲ အမြဲ လုပ်သွားပါတယ်။
ကျေးဇူးရှိတဲ့ ပရိတ်သတ် အားလုံးကို ကျွန်တော် ဘယ့်တော့မှ မစော်ကားပါဘူး
ခင်ဗျာ။”

မေးခွန်း အားလုံးကို အားတက်သရော ဖြေကြားပေးတဲ့ ရုပ်ရှင်သရုပ်ဆောင် နေတိုးကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

“ကျွန်တော်က ညီမ နန္ဒာကို ပိုကျေးဇူးတင်ပါတယ်။ အခုလို ဒီအွန်လိုင်း ပရိတ်သတ်နဲ့ ထိတွေ့ခွင့် ပေးတဲ့အတွက်ပါ။

တကယ်ပါ။ ကျွန်တော် ညီမ မေးတဲ့ မေးခွန်းတွေ အားလုံးရဲ့အဖြေအပေါ် စိတ်သန့်ပါတယ်။

ဒါ ကျွန်တော့်ရဲ့ ပထမဦးဆုံး ဘလော့ဂ်ဂါတယောက်ရဲ့ အင်တာဗျူးခြင်းကို
ခံရခြင်းပါ။ အဲလို ပထမဆုံး မေးခံရတဲ့အခါ ညီမ မေးခွန်းတွေကြောင့် ကျွန်တော်
လက်တွေခြေတွေ ချွေးစေးတွေတောင် ပြန်တယ်လို့”

[Forward mail မှတဆင့် ကူးယူဖော်ပြသည်။ ]

6 comments

  • Ba Gyi Taw

    August 10, 2010 at 5:54 am

    ဇာနေရာဘဲရောက်ရောက် ၊ ဇာဘဲလုပ်နေလုပ်နေ ၊ မင်း ရခိုင်ရီ။ ဪကိုုနေ ၊ ကိုတိုး ရယ်။

  • cobra

    August 10, 2010 at 11:23 am

    တော်တော်လည်တယ့်ကောင်ဘယ်တုန်းကတည်းကဖြေဖို့စဉ်းစားထားတာလဲမသိဘူး…။

  • sususan

    August 10, 2010 at 11:34 am

    နေတိုးဖြေတာလေးတွေကောင်းပါတယ်.အချစ်ကြောင်းလည်းမပါဘူးနော်..

  • laaminnthar

    August 11, 2010 at 1:27 pm

    အများကြီးရေးထားတော့ ဖတ်ရတာ ညောင်းတယ်။

  • nyimalay

    September 13, 2010 at 8:11 am

    An optimist is one who finds an opportunity in every difficulty.
    A Pessimist is one who finds a difficulty in every opportunity.

    don’t Fighting everybody.

    akg myin war da ko mandalay gazette apar awin lu thar tai kyint thone nai kya par say

  • nyimalay

    September 13, 2010 at 8:11 am

    An optimist is one who finds an opportunity in every difficulty.
    A Pessimist is one who finds a difficulty in every opportunity.

    don’t Fighting everybody.

    akg myin war da ko mandalay gazette’s members apar awin lu thar tai kyint thone nai kya par say

Leave a Reply