မနေ့ညက ကျနော့် အီးမေလ်းထဲကို ထူးထူးဆန်းဆန်းမေလ်းတစ်စောင်ရောက်လာပါတယ်။ ဖွင့်ကြည့်လိုက်တော့ ကျနော်တို့ ဂဇက်ရွာသူကြီး ဦးခိုင်ဆီကစာပါ။ အကြောင်းအရင်းကတော့ မတ် – ဧပြီလအတွက် မန်းလေးဂဇက် သတင်းစာ ပေးပိုက်လိုက်ပါသည်ဆိုပဲ… ဖတ်ချင်လွန်းလို့ ဒေါင်းလုတ်ဆွဲမယ်ဆိုပြီး ဖိုင်ဆိုဒ်ကြည့်လိုက် 12 MB ကျော်ဆိုတော့ ရွာသူ အန်တီနု ပြောတဲ့ မပုတု (MPT) က လိုင်းအားကောင်းကောင်းဆိုတော့ နောက်ဆုံးမှာ ကျနော်ပဲ အရှုံးပေးပြီး ဒေါင်းလုတ်ဆွဲခြင်းအမှုကို လက်လျှော့လိုက်ပါတော့တယ်။ ပြီးတော့ ပို့တောင့်ပို့ခဲ့ ပေးပို့လာတဲ့ သတင်းစာလေးကို မဖတ်ရတော့ စိတ်ထဲကို အတွေးတစ်မျိုးဝင်လာပြန်တယ်ဆိုပါတော့…. ဘာကြောင့် သူကြီးက ကျနော့်ဆီ တခုတ်တရ ပေးပို့သလဲပေါ့….။ ရွာထဲကိုလည်း မရောက်ဖြစ်တာကြာလှပေါ့။ ကိုထူးဆန်းပြောတဲ့ မရှိခင်ဒုက္ခကို သိပြီးသကာလ ရှိပြီး ဒုက္ခကို ကြံ့ကြံ့ခံနိုင်ဖို့ရာ ကြိုးစားနေတဲ့ ကျနော့်အဖြစ်က လေးပေါက်ပြောသလို တွင်းထဲမှာ မြွေတွေ…. လင်းနေတဲ့အရာတွေက ခင်ဗျားတို့ထင်နေသလို ကျောက်သံပတ္တမြားတွေ မဟုတ်ဘူးဆိုပေမယ့် မယုံတဲ့လူတွေက ခုန်ချနေတာပါပဲတဲ့လေ။ ဒီလိုအချိန်မှ ကျနော်ဒီစကားတွေပြောနေရတာက စိတ်ပျက်လို့ မဟုတ်ပါဘူး။ အရင်အချိန်လေးတွေကို လွမ်းမိလို့ပါ။ အရင် လူလွှတ်ဘဝတုန်းကတော့ အွန်လိုင်းပေါ်တစ်ရက်လုံးတက်နေလည်း ကိစ္စမရှိ။ ဘာအလုပ်မှ မလုပ်ပဲနေလည်း ကိစ္စမရှိ။ မနက်စာတစ်နပ် ညစာတစ်နပ်ကတော့ အိမ်က မိဘတွေက ကျွေးနေမှာပါ။ ဆိုတော့ကာ ကျနော်အချိန်တော်တော်များများ အွန်လိုင်းပေါ်မှာ ရှိနေတတ်ပါတယ်။ အခုတော့ ရှိပြီး ဒုက္ခနဲ့မို့ အွန်လိုင်းပေါ်မှာ ကြာကြာမရှိနိုင်တာမို့ ရွာထဲလည်း မရောက်ဖြစ်တာပါ။ နောက်တစ်ခုက ကျနော်တို့ရွာမှာ GSM ဆိုတာကြီး ရသွားတော့ အရင်ကလို အွန်လိုင်းပေါ် ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး သုံးစရာမလိုပဲ ပွတ်စခ်ရင် ဖုန်းလေးနဲ့ သုံးလို့ ရသွားခြင်းကလည်း ရွာထဲကို မရောက်ဖြစ်ခြင်းရဲ့ နောက်ထပ်အကြောင်း အရာ တစ်ခုပါ။ မည်သို့ပင်ဆိုစေကာမူ အခုတော့ ကျနော့်မေလ်းထဲရောက်လာတဲ့ သူကြီး ဦးခိုင်ရဲ့ စာလေးကြောင့် အိပ်မက်က လန့်နိုးလာသူလို ရွာထဲကို မျက်စိလည် လမ်းမှားပြီး ရောက်လာပြန်ပါပြီ။ ယခုစာလေးကိုလည်း မပုတု (MPT) အား အံတုတွန်းလှန် အနိုင်မခံ အရှုံးမပေး ကြံ့ကြံ့ခံ စိတ်ဓာတ်ဖြင့် သည်းခံစောင့်စားကာ.. မရမကတင်လိုက်ပါတယ်…. စာအသစ်မရေးဖြစ်တာမို့ ပဲ့တင်သံဂျာနယ်မှာ ဖော်ပြခံရတဲ့ ကျနော့်စာလေးကို အကြံကုန် ဂဠုန်ဆားချက်လုပ်လိုက်ပါတယ်…. နောက်များ အချိန်ရရင်းလည်း ရသလို စာလေးတွေကို ရေးတင်သွားပါမည်ဟု ဘယ်နှစ်ခေါက်မြောက်မှန်း မသိတော့သည့် ကတိလေးကိုလည်း ပေးပါကြောင်း…… ဂဇက်ရွာသူ/သားအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ……

 လေယာဉ်စီးပြီး ခရီးသွားကြမည်ဆိုလျှင်…….

@@@@@@@@@@@@@@@@@@@@@@@@@

ကျွန်တော်တောသားတစ်ယောက် ၂၀၁၃ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းမှာ မွေးရပ်မြေကို စွန့်ခွာပြီး ချစ်သော မဟေသီ( မဂ္ဂဇင်းအမည်မဟုတ်ပါ)ရဲ့ ဇာတိမြို့လေးကို ခရီးထွက်ခဲ့ရပါတယ်။ ဟန်နီးမွန်းမဟုတ်တာတော့ အသေအချာပေါ့။ မဟေသီက သူနဲ့ ကျွန်တော်စုထားတဲ့ စုဗူးလေးကို သူ့ဇာတိမြို့မှာ သွားဖွင့်ချင်တယ်ဆိုလို့ ဆံထုံးနောက်ယောင်ပါ လိုက်သွားရတယ်ဆိုပါတော့။ ကျွန်တော်နေတာက ရွာ သူနေတာကမြို့ဆိုတော့ သူနဲ့ကျွန်တော်ရဲ့ စုဗူးလေးအတွက် ကျန်းမာရေး အစောင့်အရှောက်တွေ ဝန်ဆောင်မှုတွေက ပိုကောင်းဆိုလို့ပါ။ သိကြတဲ့အတိုင်း အမေပြောတော့ တစ်လ မယားပြောတော့ တစ်ညဆိုသလို သကောင့်သား ကျွန်တော်ဟာလည်း ချစ်မယားပြောတဲ့အတိုင်း လိုက်လုပ်ပေးရတာပေါ့။ ကြောက်လို့မဟုတ်တာတော့ အမှန်ပါ။ ချစ်လို့ဆိုတာတော့ ပြောစရာလိုမည်မထင်။ စုဗူးဆိုတာက ကျွန်တော့် ချစ်မဟေသီမှာ ကိုယ်ဝန်ရှိနေတာပါ။ မီးဖွားချိန်နီးလာလို့ မိဘတွေရှိရာမြို့ကို သွားပြီး မီးဖွားမယ်ဆိုလို့ ကျွန်တော်လည်း လိုက်ပါသွားရတယ်။ ကျွန်တော်နေထိုင်ရာရွာကနေ မန္တလေးမြို့ကြီးဆီ ရကောက်ရထားကြီး ပျော်ပျော်စီးပြီး ခရီးထွက်ခဲ့တယ် ဆိုပါတော့။ ရထားပေါ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေတော့ မရေးပြတော့ပါဘူး။ ဆင်လို မယိမ်း၊ မြင်းလို မခုန်၊ လိပ်လိုမနှေးစေရဆိုတဲ့ စကားလေးကိုတော့ သတိရမိသား….။ ကျွန်တော်တို့ရဲ့ ခရီးစဉ်က မန္တလေးမြို့ကနေမှတဆင့် မော်တော်ကားနဲ့ ပြန်ပြီး ခရီးဆက်ရမှာပါ။ မော်တော်ကားနဲ့ဆိုပေမယ့် သက်သောင့်သက်သာ ခရီးတော့ မဟုတ်ဘူးရယ်။ ရိုးရိုး မှန်လုံ ကားကြီးတွေနဲ့ဆိုရင် မန္တလေးက ညနေပိုင်းထွက် ဟိုကို နောက်တစ်နေ့ နံနက်ပိုင်းမှာရောက်.. လမ်းမှာ ကားက တစ်ခုခု မဖြစ်ဘူးဆိုရင်ပေါ့လေ…။ နံနက်ပိုင်းမှာ ထွက်တဲ့ ကားသေးတွေကတော့ မနက်ပိုင်းထွက် ညနေပိုင်းရောက်ပေါ့။ လမ်းကကြမ်း ဖုန်တွေက တလုံးလုံးနဲ့လေ…။သူမရဲ့ ဇာတိမြို့က ယောသူ/ယောသားတွေနဲ့ ချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ခရိုင်မြို့လေးလေ။ မန္တလေးရောက်တော့ မီးရထားစီးလာခဲ့ရတဲ့ ကျွန်တော့် မဟေသီဟာ ခြေတွေလက်တွေယောင်လာတယ်။ ဒါကြောင့် မော်တော်ကားနဲ့ ခရီးဆက်ဖို့ မဖြစ်နိုင်ကြောင်း ဆုံးဖြတ်ပြီး ဒီအသက်ဒီအရွယ်ထိ မစီးဘူးတဲ့ လေယာဉ်ပျံကြီးနဲ့ သွားမယ်ဆိုပြီး…. မန္တလေး လမ်း ၃၀ ပေါ်က ကား၊ လေယာဉ်လက်မှတ် အရောင်းဋ္ဌာနဆိုပြီး ဆိုင်းဘုတ်ကြီးတင်ထားတဲ့ နေရာလေးမှာ  လေယာဉ်လက်မှတ်သွားဝယ်ပါတယ်။ သိတော်မူကြတဲ့အတိုင်း လေယာဉ်လက်မှတ်ဝယ်တယ်ဆိုတာ မှတ်ပုံတင်လိုတာပေါ့နော်။ ခရီးသွားမယ့်သူ ကိုယ်တိုင် မှတ်ပုံတင်လေးကိုင်ပြီး လေယာဉ်လက်မှတ်သွားဝယ်တာပါ။ အရောင်းစာရေးမလေးကလည်း ဖော်ဖော်ရွေရွေနဲ့ လေယာဉ်လက်မှတ်ရောင်းပေးခဲ့ပါတယ်။ ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာက ဒီမှာမှ စတာပါ။ လေယာဉ်လက်မှတ်ရပြီး လေယာဉ်စီးမဲ့နေ့မှာ လက်မှတ်အရောင်းဋ္ဌာနက စီစဉ်ပေးတဲ့ ကားနဲ့ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ကျွန်တော်တို့ ဇနီးမောင်နှံရောက်ရှိသွားပါတော့တယ်။ ကျွန်တော်တို့စီးရမဲ့လေယာဉ်က မြန်မာ့လေကြောင်းက လေယာဉ်မဟုတ်ပါဘူး။ Air KBZ ပါ လေဆိပ်ရောက်တော့ ပစ္စည်းတွေကို ဝန်ထမ်းတစ်ဦးကသယ်သွားပြီး လေယာဉ်လက်မှတ်စိစစ်တဲ့နေရာလားဘာလား မသိပါဘူး ဝန်ထမ်းမလေးတွေရှိတဲ့နေရာကို ရောက်သွားတယ်ပေါ့။ လေယာဉ်လက်မှတ်ပြပြီးတော့ ဝန်ထမ်းမလေးက “အစ်မကိုယ်ဝန်က ဘယ်နှစ်လရှိပြီလဲ”လို့ မေးပါတယ်။ ကျွန်တော့်မဟေသီက ရှစ်လပါလို့ ပြန်ဖြေလိုက်တော့ “ဒါဆို လေယာဉ်စီးလို့မရပါဘူးရှင်… ဆရာဝန်ရဲ့ ထောက်ခံချက်ပါမှ လေယာဉ်စီးခွင့် ပြုပါတယ်” လို့ပြန်ဖြေတော့ … ကျွန်တော်တို့ နှစ်ယောက် ဘာပြန်ပြောရမှန်းမသိတော့ပါဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ လင်မယားနှစ်ယောက် လေယာဉ်ရုံးခန်းထဲ ရောက်သွားရတာပေါ့။ လေယာဉ်ရုံးခန်းက ဝန်ထမ်းတွေကလည်း အပြင်က ဝန်ထမ်းမလေးပြောသလိုပဲ ပြောပါတယ်။ ပြီးတော့ လေယာဉ်စီးနင်းလိုက်ပါနိုင်ကြောင်း ကျန်းမာရေးထောက်ခံချက်ကို ဆေးရုံဒါမှမဟုတ် ဆေးခန်းတစ်ခုခုကနေ ဖက်စ်(fax)နဲ့ ပို့ခိုင်းပါလားတဲ့။ လွယ်လိုက်တာပါလား…မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးစနစ်တွေ ဒီလောက်လွယ်ကူမြန်ဆန်ချောမွေ့နေမှန်း ကျွန်တော်တောသား မသိရိုး အမှန်ပါ။ ဘာလုပ်ရမှန်း မသိဖြစ်နေတဲ့ ကျွန်တော် အားကိုးရာ ကောက်ရိုးတစ်မျှင်ဖြစ်တဲ့ မန္တလေး ဗဟိုအမျိုးသမီးဆေးရုံမှာ တာဝန်ကျနေတဲ့ အစ်မဆီဖုန်းလှမ်းဆက်ပြီး အကျိုးအကြောင်းပြောတော့ သူတို့ဆေးရုံမှာ ဖက်စ်စက်မရှိသလို ထောက်ခံချက်ကလည်း မလွယ်ကူကြောင်းပြောလာတော့ ကျွန်တော် ပျာယာခတ်သွားတာပေါ့။ ဒါပေမယ့် စိတ်ကိုအေးအေးထားပြီး ပြန်စဉ်းစားတော့ ဒါ….ကျွန်တော်တို့ အမှားမဟုတ်ဘူးဆိုတာ သိလာတယ်။ ဒီတော့ ကျွန်တော်လည်း ရုံးခန်းထဲက ဝန်ထမ်းတွေကို “လေယာဉ်စီးဖို့ လက်မှတ်သွားဝယ်တာ ကျွန်တော့်အမျိုးသမီးကိုယ်တိုင်ပါ သူ့မှတ်ပုံတင်နဲ့ ကျွန်တော့်မှတ်ပုံတင်ပြပြီး ဝယ်ရတာပါ။ လက်မှတ်ဝယ်တုန်းက အစ်မကိုယ်ဝန်ဘယ်နှစ်လရှိပြီလဲလို့ ဘာလို့ မမေးတာလဲ။ မေးပြီး ကျန်းမာရေးထောက်ခံချက်လိုတဲ့ အကြောင်း ဘာလို့ အသိမပေးတာလဲ။ သိပြီးသားလို့ ထင်လို့လား။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကြိုပြောသင့်တာပေါ့။ ဒါဆို ကျွန်တော်တို့ဘက်က လိုအပ်တာမှန်သမျှ အကုန်လုပ်လာမှာပေါ့။ အခုတော့ လေယာဉ်တက်ခါနီးမှ ဒါမျိုးပြောတာ ဘယ်နည်းလမ်းကျပါ့မလဲလို့ ပြောတော့ ဝန်ထမ်းတွေထဲက အကြီးဖြစ်သူက သူအဆင်ပြေအောင် လုပ်ပေးပါမယ့်လို့ လေသံပြောင်းသွားပါတယ်။ ကျွန်တော်ရှေ့မှာ ရေးခဲ့သလိုပဲ ကျွန်တော်ဟာ တောသားပါ အသက်သုံးဆယ်ကျော်လာချိန်ထိ လေယာဉ်ပျံဆိုတာကြီးကို မစီးခဲ့ဘူးပါဘူး။ လေယာဉ်ပျံစီးသူတွေအတွက် ချမှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း မသိပါဘူး။ ဒီတော့ သိတော်မူကြတဲ့ ဝန်ထမ်းတွေက ရှင်းပြသင့်တာပေါ့။ လက်မှတ်ဝယ်တဲ့အချိန်မှာ ဘယ်လိုအချက်၊ ဘယ်လိုစည်းကမ်းတွေရှိတယ်ဆိုတာ ပြောသင့်တာပေါ့နော်။ လေယာဉ်လာစီးတဲ့ လူတိုင်း အမြဲစီးနေကျ သွားနေကျလူတွေမှ မဟုတ်တာ။ ဒီလိုနဲ့ ကျွန်တော်တို့ ဇနီးမောင်နှံဟာ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးက ဆေးခန်းလေးဆီရောက်သွားရပါတယ်။ လေဆိပ်ဆရာဝန်က ကိုယ်ဝန်ဘယ်နှစ်လရှိပြီလဲ။ ဘယ်ကိုသွားမှာလဲ။ အစရှိတဲ့ မေးခွန်းတွေမေးပြီး “ရပါတယ်။ စီးသွားပါ။ စိုးရိမ်စရာ မရှိပါဘူး” ဆိုပြီး ဝန်ထမ်းရှေ့မှာ ပြောလိုက်မှ လေယာဉ်ရုံးခန်းကို ပြန်လာပြီး အကြောင်းပြန် ဒါကိုပဲ ကိုရွှေဝန်ထမ်းတွေက ခံဝန်လက်မှတ်လေး ထိုးပေးပါဆိုလို့ ထိုးပေးလိုက်ရသေးတယ်။ ကျွန်မသည် မိမိသဘောဆန္ဒအလျှောက် စီးနင်းလိုက်ပါခြင်းဖြစ်ပါသည်။ လေယာဉ်ပေါ်တွင် တစ်စုံတစ်ရာဖြစ်ခဲ့ပါက မည်သူ့တစ်ဦးတစ်ယောက်တွင်မှ တာဝန်မရှိစေရပဲ မိမိ၏ တာဝန်သာဖြစ်ပါကြောင်း ဆိုပြီး လက်မှတ်ထိုးပေးလိုက်သောအခါမှသာ လေယာဉ်စီးဖို့ရာ အတွက် အဆင်ပြေချောမွေ့သွားရပါတော့တယ်။ ကျွန်တော့်စိတ်ထဲမှာတော့ “သြော်… ဖြစ်ရလေခြင်း… ငါ့နှယ်..လေယာဉ်စီးမယ်ဆိုလည်း.. စည်းကမ်းနည်းလမ်းတွေကို သေချာမလေ့လာခဲ့မိတာမှားတာပဲလို့ တွေးရမလား…. ကျေးဇူးကြီးမားတော်မူတဲ့ ဝန်ထမ်းတွေကြောင့်သာ လက်မှတ်ခမရှုံးတယ်လို့ တွေးရမလား….စသဖြင့် စသဖြင့်ပေါ့။ ဒါတောင်မှ လေယာဉ်တက်ခါနီးမှာ ဝန်ထမ်းတစ်ဦးက အနားနားကပ်ပြီး “အစ်မရေ.. လေယာဉ်ပေါ်က ဝန်ထမ်းတွေက ကိုယ်ဝန်ဘယ်နှစ်လလည်း မေးရင် ခုနှစ်လလို့ ဖြေပေးပါ” ဆိုပြီး တိုးတိုးကပ်မှာနေပါသေးတယ်။ အမှန်တကယ်ပြောရရင် လေယာဉ်လက်မှတ်စဝယ်ကတည်းက ကြိုပြောထားရင် ကျွန်တော်တို့ အလုပ်ရှုပ် စိတ်ရှုပ်ရမှာ မဟုတ်ပါဘူး။ လက်မှတ်အရောင်းဋ္ဌာနက လုပ်ချလိုက်တဲ့ လက်မှတ်ရောင်းရရင်ပြီးရော ကျန်တာ သူတို့နဲ့ မဆိုင်ဆိုတဲ့ အချိုးကြောင့် ဒီလိုအခက်အခဲတွေ ဖြစ်ရတာပါ။ ခရီးသွားတဲ့ လူတွေ အဆင်ပြေစေရေးအတွက် ရှေးမရှုပဲ မိမိတို့ လက်မှတ်ရောင်းချရရေးကိုသာ ဦးတည်လိုက်တဲ့ အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာရတာပါ။

ပွင့်လင်းလာနေတဲ့ ယနေ့ခေတ်ကြီးထဲမှာ ဝန်ဆောင်မှုတွေကို ကောင်းသထက်ကောင်းအောင် လုပ်ဆောင်နေကြချိန်မှာ အကယ်၍များ ကျွန်တော်တို့ နောက်တစ်ကြိမ် လေယာဉ်စီးရမယ်ဆိုရင် ဒီလေကြောင်းလိုင်းကို ရွေးချယ်တော့မှာ မဟုတ်ဘူးဆိုတာတော့ အသေအချာပါပဲ။ ဒါပေမယ့် သည်းခံတတ်တဲ့ ကျွန်တော်တို့ လူမျိုးတွေရဲ့ အကျင့်စရိုက်အတိုင်း သြော်…. ငါကိုက အ လွန်းလို့ဖြစ်ရတာပါဆိုပြီး ဖြေတွေးလေး တွေးမိပါတယ်…။ ဒါကြောင့် အဆုံးသတ်အနေနဲ့

ကျွန်တော်ပြောချင်တာကတော့ လေယာဉ်ပျံကြီးစီးပြီး ခရီးသွားကြမည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကိုယ်ဝန်ရှစ်လဆိုလျှင် ကျန်းမာရေးထောက်ခံချက်လေး ယူသွားကြပါ။ လေယာဉ်လက်မှတ်ဝယ်ပြီဆိုလျှင် မိမိတို့ဘက်က ဘာတွေ ဆောင်ရွက်လုပ်ကိုင်စရာများ ရှိနေပါမလဲဆိုတာတွေကို မေးမြန်းပါ..ဟု အကြံပြုချင်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ ဇနီးမောင်နှံ ကြုံတွေ့သလို အဖြစ်မျိုးမကြုံတွေ့ရမှာ ဖြစ်ပါကြောင်း အသိပေးရေးသားလိုက်ရကြောင်းပါ ခင်ဗျာ….။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ……

K.T.W.L

About kotun winlatt

ကို ထွန်းဝင်းလတ် has written 132 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။