လွမ်းလို့ ရေးတဲ့ စာ (၂

kotun winlattMarch 30, 20142min936

dot

 

သူနာပြုဆရာမက ဘာပြောတယ်ထင်လည်း သမီးရဲ့…. အပြင်မှာ ဆေးခန်းထိုင်တဲ့ သားဖွားမီးယပ် အထူးကု ဆရာဝန်မကြီးဆီမှာ

သွားပြလိုက်ပါ..သူက ဆေးရုံတက်ခိုင်းရင် လာတက်လိုက်ပါတဲ့..ဒီနေရာက ပြင်ပလူနာဋ္ဌာနဆိုတော့ ကိုယ်ဝန်ဆောင်တွေ အတွက် မပါဘူးဆိုပဲ …

အံ့ဩလို့ မကုန်နိုင်အောင်ပါပဲ… ဗိုက်နာတယ်ဆိုရင် ဆေးရုံကို လာခဲ့ပါဆိုလို့  သွားလိုက်တဲ့ လူနာကို အပြင်ဆေးခန်းမှာ ပြန်ပြခိုင်းတယ်ဆိုတော့

စဉ်းစားသာကြည့်ပေတော့ သမီးရေ.. ဖေဖေတို့ကလည်း သမီးလေးအတွက် စိုးရိမ်သောကနဲ့ ပူပန်နေရတဲ့ အချိန်ဆိုတော့

သူနာပြုဆရာမလေး ပြောတဲ့အတိုင်း ဆရာဝန်မကြီးရဲ့ ဆေးခန်းကို ပြေးကြရပြန်တာပေါ့… ဖေဖေကတော့ ပြည်သူ့ဆေးရုံ ( ကိုယ်ဝန်ဆောင်များ မပါ)

ဆိုပြီး ဆိုင်းဘုတ် တင်လိုက်ချင်တော့တာပါပဲ…. ဆရာဝန်မကြီးဆီရောက်တော့ ဘယ်မှာမွေးမှာလဲ

ထပ်မေးပြန်ရော.. ဆေးရုံးကြီးမှာ မွေးမှာလို့ ဖြေတော့ .. နားကြပ်လေးနဲ့ ဗိုက်ကလေးကို ထောက်ပြီး မစမ်းတော့ဘူး သမီးရဲ့… ဆေးရုံပေးထားတဲ့

လူနာမှတ်တမ်းစာအုပ်လေးထဲမှာ “ဆေးရုံကြီးမှာ ရိုးရိုးမွေးမည်” လို့ ရေးပြီး

လက်မှတ်လေးထိုးပေးလိုက်တယ်။ ဆေးရုံတက်ချင်တက်လိုရပြီတဲ့လေ…။ ဖေဖေနဲ့မေမေလည်း မကျေမနပ်နဲ့ ပြန်လာခဲ့ကြတာပေါ့…။ ဖေဖေတို့

မကျေနပ်တာကို သိလိုလား မသိဘူး ဗိုက်ထဲက သမီးလေးက ပြန်ငြိမ်ပြီး သမီးမေမေဗိုက်နာတာ သက်သာသွားပြန်လို့ ဆေးရုံလည်း သွားမတက်ဖြစ်ဘူး

။ သမီးမေမေနဲ့ ဖေဖေ သမီးလေးကို မီးဖွားဖို့ တိုင်ပင်ရတာပေါ့။ ဆရာဝန်မကြီးပြောတဲ့

အပြင်ဆေးခန်းဆိုရင် ဖေဖေတို့ ငွေကြေးမတတ်နိုင်တာမို့ ဆေးရုံကြီးမှာ မွေးဖို့ဆိုတာလည်း အခြေအနေက သိပ်မကောင်းဘူးဆိုပြီး ..

တခြားသားဖွားမီးယပ်ဆရာဝန် ရှိသေးလားဆိုပြီး စုံစမ်းရပြန်တာပေါ့။ ကံကောင်းထောက်မစွာပဲ စစ်ဆေးရုံမှာ တာဝန်ကျနေတဲ့ မေ့ဆေးအထူကု

ဆရာဝန်ကြီးဆီရောက်သွားရတယ် သမီးရဲ့…။ ဆရာဝန်ကြီးဆိုပေမယ့် အသက်က ဖေဖေတို့နဲ့ အတူတူလောက်ပဲရှိမယ်ထင်ရတာပဲ…။

ဆရာဝန်ကြီးက သေသေချာချာ စမ်းသပ်ပြီး။ နောက်တစ်ပတ်ထပ်ချိန်းတာပေါ့။ စမ်းသပ်ခဆိုတာကလည်း ဆရာဝန်မကြီးကိုပေးရတဲ့ စမ်းသပ်ခထက်

သုံးပုံတစ်ပုံလောက်ပဲ ပေးရတယ်။ ကြားထဲမှာ ဗိုက်နာရင် သူ့ကို ဆက်သွယ်ဖို့ ဖုန်းနံပါတ်နဲ့ လိပ်စာကတ်လေးပါ

တစ်ခါတည်း ပေးလိုက်တာပေါ့။ နောက်တစ်ပတ်ရက်ချိန်းရောက်တော့ ဆရာဝန်က အမ်ထရာဆောင်းပြန်ရိုက်ခိုင်းပြန်တယ်။

အမ်ထရာဆောင်းအဖြေရလာတော့ ဆရာဝန်ကြီးက စစ်ဆေးရုံကြီးမှာပဲ တာဝန်ကျနေတဲ့ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးနဲ့ ဆက်သွယ်ပေးလို့

သွားပြရပြန်ရော… အမ်ထရာဆောင်းအဖြေကိုကြည့်ပြီး ဆရာဝန်ကြီးက ရိုးရိုးမွေးလို့ မလွယ်လောက်ဘူးပြောတယ်.. ပြီးတော့ အမ်ထရာဆောင်းထဲက

အဖြူကွက်လေးတစ်ခုကိုလည်း သဘောသိပ်မကျသလို.. သမီးမေမေကလည်း သွေးတိုးနေတာတဲ့လေ … သူကလည်းသင်တန်းတက်နေတာမို့

သမီးမေမေမွေးတဲ့အချိန်မှာ သူမရှိရင် အခက်အခဲတွေ့မှာစိုးတယ်လို့လည်း သေသေချာချာရှင်းပြပြီး ဇန်နဝါရီ ၅ ရက်နေ့ တနင်္ဂနွေနေ့မှာ

ခွဲမွေးပေးမယ်လို့ ပြောတော့ ဖေဖေတို့လက်ခံလိုက်ရတာပေါ့ ။ တနင်္ဂနွေနေ့ ခွဲမွေးမှာဆိုတော့

စနေနေ့ညနေမှာ ဆေးရုံတက်ရတယ်လေ… ပြည်သူ့ဆေးရုံကြီး မဟုတ်ဘူး သမီးရဲ့ ကုတင် ၁၀ဝ လို့ ခေါ်ကြတဲ့ စစ်ဆေးရုံကြီးကိုလေ…

စစ်ဆေးရုံဆိုတာက နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြတဲ့ စစ်သားကြီးတွေ နေမကောင်းဖြစ်ရင် ဆေးကုသပေးတဲ့ ဆေးရုံပေါ့….။ ဆေးရုံရောက်ပြီး

လူနာစာရင်းသွင်းပြီး နေရမဲ့ အခန်းကို လိုက်ပြတယ်။ ဆေးရုံကို သမီးရဲ့ ဖွားဖွားလေး၊ ဘဒွေးငယ်နဲ့ တီတီလေးတို့က လိုက်ပို့ပေးကြတယ်…။

သမီးလေးရဲ့ ဖိုးဖိုး၊ ဖွားဖွားတွေက လယ်မှာ စပါးသိမ်းနေကြတာမို့ မလိုက်လာနိုင်ဘူးလေ။ ညမိုးချုပ်ခါနီးမှ သမီးဖွားဖွားရောက်လာတယ်။ ဆေးရုံမှာ

သမီးမေမေ၊ ဖေဖေ၊ ဖွားဖွားတို့ အိပ်ကြရတာပေါ့။ စနေနေ့က  မြန်မာနိုင်ငံရဲ့ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့လေ… စစ်ဆေးရုံကြီးရဲ့ အနားက

အားကစားကွင်းကြီးမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဈေးရောင်းပွဲတော်တွေ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပတယ် သမီးရဲ့….

လွှတ်လပ်ရေးနေ့ဆိုတာက ဖေဖေတို့ရဲ့ မြန်မာနိုင်ငံကြီး သူကျွန်ဘဝက လွှတ်မြောက်ခဲ့တဲ့နေပေါ့ သမီးရယ်။

လွှတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲတွေကို ဖေဖေတို့ ငယ်ငယ်လေးက ကျင်းပပြီး မကျင်းပဖြစ်တာ နှစ်ပေါင်းတော်တော်ကြာနေပြီ ဖြစ်တဲ့ ပျော်ပွဲရွှင်ပွဲကြီးပေါ့…

ညပိုင်းမှာတော့ ဇာတ်အဖွဲ့ကြီးရဲ့ ဖျော်ဖြေမှု၊ ခေတ်ပေါ် အဆိုတော်တွေရဲ့ (ရဲရင့်အောင်၊ ဗျူဟာ၊…..)သီဆိုဖျော်ဖြေမှုတွေနဲ့ ကြိတ်ကြိတ်တိုး

စည်ကားနေတာပေါ့။ ညာဉ့်နက်တဲ့အထိ ဖေဖေ အိပ်မပျော်ဘူး သမီးရေ…။ နောက်တစ်ရက်ရောက်ရင် သမီးလေးရဲ့ မျက်နှာလေးကို မြင်ရတော့မှာ

မဟုတ်လား….။ ဖေဖေ ရင်ခုန်နေသလို ဝမ်းလည်းသာမိပါတယ်…ပြီးတော့ သမီးလေး ဘေးမသီရန်မခ ကျန်းမာစွာနဲ့

လူ့လောကကြီးထဲကို ရောက်လာနိုင်ပါစေလို့လည်း ဆုတောင်းနေမိတယ်။ ဇန်နဝါရီလ ၅ ရက် နံနက် ၈ နာရီ ၃၈ မိနစ်မှာ သမီးလေးဟာ

လူ့လောက်ကြီးထဲကို ဖေဖေတို့ မျှော်လင့်ဆုတောင်းတဲ့ အတိုင်း ဘေးမသီရန်မခ ကျန်းမာစွာနဲ့ ရောက်ရှိလာတာပေါ့…။ သူနာပြုဆရာမလေးက

အနှီးအဖြူလေးနဲ့ ထွေးထားတဲ့ သမီးလေးကို ဖေဖေ့လက်ထဲ ထည့်ပေးရင်း ဖြူဖြူဖွေးဖွေး ဝဝတုတ်တုတ် ချစ်စရာကြီး ကလေးအဖေရေတဲ့……ခွဲမွေးတာ

မှန်တာ အချင်းက ကလေးလည်ပင်းမှာပတ်နေတာ လို့ပြောပြတယ်လေ..။ သမီးလေးရဲ့ ကိုယ်အလေးချိန်က ၉ ပေါင် ၆ အောင်စ ရှိတယ်လေ…

ဝနေတာမို့ ကလေးအထူးကု ဆရာဝန်က သွေးချို၊ ဆီးချိုရှိနေမှာ စိုးလို့ မွေးကာစ သမီးလေးရဲ့ ဖနောင့်လေးကို သွေးဖောက်ပြီး စစ်ရသေးတယ်….။

ဘာမှမတွေ့ဘူးလို့ ဆရာမလေးကပြောမှ သက်ပြင်းချနိုင်တော့တယ် သမီးရေ…. ဖေဖေပြောချင်တာက တကယ်လို့ သမီးအရွယ်ရောက်လာတဲ့

အချိန်မှာ ကိုယ့်ကို ယုံကြည်အားကိုးပြီး လာတဲ့သူတွေကို တတ်နိုင်သလောက် တတ်နိုင်တဲ့ဘက်ကနေ

ကူညီပေးတတ်တဲ့သူ ဖြစ်လာစေချင်တာပါ။ ငွေရဖို့ တစ်ခုတည်းကိုကြည့်ပြီး လိုရင်လိုသလို မလိုရင်မလိုသလို ပြုမူဆက်ဆံတာမျိုးတွေ ရှောင်ရမှာပေါ့

သမီးရယ်။ လူ့ဘဝကြီးမှာ ငွေကြေးမချမ်းသာရင် နေပါစေ… စိတ်ချမ်းသာရင် တော်ပြီပေါ့။ ဘယ်လိုအလုပ်မျိုးကိုမဆို ဝါသနာကြောင့်ပဲ ဖြစ်ဖြစ်

တာဝန်အရပဲဖြစ်ဖြစ် လုပ်ရပြီဆိုရင် ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ဝင်တစား လုပ်စေချင်တယ်။  ဆရာဝန်မှ မဟုတ်ဘူး ဘယ်လိုလူပဲဖြစ်ဖြစ်

ကိုယ်ကျိုးတစ်ခုတည်းကိုပဲ မကြည့်နဲ့လို့ပြောချင်တာပါ။ ပြီးတော့ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ သူတစ်ပါးအပေါ်မှာ

ဘယ်လိုထိခိုက်ခံစားရမှုတွေ ရှိသွားနိုင်မလဲဆိုတာလည်း တွေးရမှာပေါ့ သမီးရယ်။ ကိုယ့်ကိုအားကိုးလို့ရောက်လာတဲ့ သူတွေကို ကိုယ်ကျိုးအတွက်

အသုံးချဖို့ပဲ စဉ်းစားတာမျိုး ၊ ကိုယ့်အတွက် အသုံးမဝင်ရင် အဖက်မတန်သလို ပြောဆိုဆက်ဆံတာမျိုးတွေ ရှောင်ရှားပါ။ ဖေဖေကတော့

သမီးလေးကို ပေါင်းသင်းဆက်ဆံရေး ဖော်ရွေပြီး လူတိုင်းကို ပြုံးရွှင်တဲ့ မျက်နှာလေးနဲ့ ချိုသာယဉ်ကျေးစွာ ပြောဆိုတတ်တဲ့ သမီးလေး ဖြစ်စေချင်တာပဲ

သမီးရယ်…..။

ပျော်ရွှင် ချမ်းမြေ့ကြပါစေ……

K.T.W.L

6 comments

  • alinsett (gazette)

    March 30, 2014 at 6:08 pm

    ကောင်းသန့်ရဲ့ သမီးလေး ဖတ်ဖို့ ထက် တောင် ပို ဗဟုသုတရသေးတယ်ဗျို့။

    ဘဝအတွေ ့အကြုံထဲက တကယ့်ဒဿနကိုး

  • snow smile

    March 30, 2014 at 6:19 pm

    ဖေ ဖေ ဖြစ် စေ ချင် တဲ့သ မီး လေး မျိုး ဖြစ် လာ ပါ စေ
    သ မီး လေး တို ့ မိ သား စု ငြိမ်း ချမ်း ပါ စေ လို ့
    ဆု တောင်း ပေး လိုက် ပါ တယ် နော်

  • ရဲရဲတောက် ကေဇီ

    March 31, 2014 at 8:22 am

    သိမ်းထားပြီး
    သမီးလေး နားလည်တဲ့ အရွယ်မှာ ပေးဖတ်လိုက်ရင်
    ကြည်နူးစရာကောင်းလိုက်မဲ့ဖြစ်ခြင်းးး

    🙂

  • Foreign Resident

    March 31, 2014 at 1:14 pm

    နဲနဲလေး ခွဲထွက် တွေး / ရေးမယ်နော် ။

    ဆရာဝန် ဆိုတာ Professional / ဆေးကုသမှုဆိုင်ရာ ကျွမ်းကျင်သူပါ ။
    သူက ဝန်ဆောင်ခ ပိုက်ဆံ ကို ယူပြီး ၊ ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှု ကိုပေးပါတယ် ။

    ဒီဖက် နိုင်ငံတွေမှာတော့ ၊ ဝန်ဆောင်ခ ပိုက်ဆံ မရရင် ၊
    ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှု ကို လုံးဝ ( လုံးဝ ) မပေးပါဘူး ။
    ( Free ကုပေးတုန်း ပြဿနာတက်ရင် ဘယ်ကျေးဇူးရှင်က လာလျော်ပေးမတုန်း )

    ဒီဖက် နိုင်ငံတွေမှာ ၊ လုပ်ရပ် / အလုပ် တစ်ခု ကို ၊
    စေတနာ မေတ္တာ ဆိုတဲ့ ကြားကောင်းပေမယ့် တိုင်းတာရခက်တဲ့ အရာတွေထက် ၊
    ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း တိုင်းတာလို့ရတဲ့ / တိုင်းတာရလွယ်တဲ့ ၊
    ငွေကြေး နှင့်ဘဲ တိုင်းတာကြပါတယ် ၊ ( ပို ပြတ်သား ရှင်းလင်း လို့ပါ ) ။

    မှန်တာ ပြောရရင် ၊
    ကျနော်ကတော့ ဘယ် ဆရာဝန် ဆီကမှ ဘာ စေတနာ မေတ္တာ မှ မလိုချင်ပါဘူး ။
    Professional ကျမှု / Professional ဆန်တာကိုဘဲ လိုချင်ပါတယ် ။

    ခပ်ရိုင်းရိုင်းပြောရရင် ( ကန်တော့နော် ) ၊
    ဆရာဝန် နင့်ကို ငါ ေ–ာက်ဆံ ကောင်းကောင်းပေးမယ် ၊
    နင် ငါ့ကို ဆေး မှန်မှန် / ကောင်းကောင်း ကုပေး ။ မ မှားစေနှင့် ။
    နင် ဆေးကုတာ မှားရင် ၊ နင့်ကို ငါ ပြန် –ိုး မှာဘဲ ။
    ဘာ စေတနာ မေတ္တာ ( လန်ဘား ကျောက်တံတားတွေ ) လာ မပြောနှင့် ။
    ဒါဘဲ ။

    ဟီ ဟိ ။

    • kotun winlatt

      March 31, 2014 at 2:42 pm

      အဘဖောရေ…..
      ခွဲထွက်တွေးပြီး တစ်မျိုးရေးပြသွားတာကို ကျေးဇူးတင်ပါတယ် ခမျ….
      ဆရာဝန်ဆိုတာ လူနာတွေကို ကုသပေးတယ်..ဒါကို ဝန်ဆောင်မှု တစ်ခုအနေနဲ့ ထားတယ်ပေါ့.. ဝန်ဆောင်ခအနေနဲ့ လူနာက ငွေကြေးပေးရတယ်…. တကယ်လို့ တစ်စုံတစ်ရာ လွဲချော်မှု ဖြစ်လို့ လူနာရှင်က တရားစွဲရင် ဆရာဝန်ခံရမယ်… ဒါကြောင့် မေတ္တာတွေ စေတနာတွေ လာမပြောနဲ့…. ငွေပေးမှ ဝန်ဆောင်မှု ပေးမယ်… ဟုတ်ပါတယ်တယ် ခမျ… ဒါပေမယ့်… အဘဖော ရေးပြသွားတာတွေက တိုးတက်ပြီး နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ လမ်းစဉ်ပါ… ကျနော်တို့လို တိုးတက်ဖို့ရာ အားယူနေရတဲ့ တိုင်းပြည်မှာ အဘဖောပြောသလို မလွယ်လောက်ဘူး (ကျနော့်အထင်ပြောတာပါ.. မှန်ချင်မှလည်း မှန်မယ်….) ဆရာဝန်တစ်စုံတစ်ခု လွဲချော်ပီး လူနာ သေဆုံးခဲ့တယ်ဆိုရင်လည်း ဆရာဝန်ကို တရားစွဲရကောင်းမှန်း မသိပါဘူး… တရားစွဲချင်ဦးတော့တောင် တရားရုံးဆိုတဲ့ နေရာကို ဘယ်သူကမှ မသွားချင်ပါဘူး… အဘဖော အနေနဲ့ ပြည်သူတွေကို ကူညီပေးနေတဲ့ တရားရုံးကို ပြည်သူတွေက ဘာလို့ မသွားချင်တာလဲလို့ တွေးရင် တွေးနေပါလိမ့်မယ်… ဘာလို့ မသွားချင်ကြသလဲ ဆိုတဲ့ အဖြေကိုတော့ ပြည်တွင်းမှာ နေတဲ့ လူတိုင်း သိကြပါတယ်..။ နောက်တစ်ခုက ဝန်ဆောင်ခယူတာကို လက်ခံပါတယ်… ဝန်ဆောင်ခယူထားပီးရင် ဝန်ဆောင်မှုကိုတော့ အပြည့်အဝပေးသင့်တယ် မဟုတ်လားခမျ….။ ဝန်ဆောင်ခယူပီး ဝန်ဆောင်မှု အပြည့်အဝမရတာတွေက အများကြီးပါ။ နောက်တစ်ခုက ကျနော်တို့ ပြည်သူ တစ်ဦးချင်းစီရဲ့ ဝင်ငွေပါ… ကျနော်တို့ သာမန်ပြည်သူတွေရဲ့ တစ်ရက်လုံး လုပ်ခက ၅၀၀ဝ လောက်ပဲ ထားကြပါစို့… ဒါကို ဥပမာ.. ကျန်းမာရေး တစ်စုံတစ်ခုဖြစ်လို့ ဆေးခန်းသွားပြတယ်… ဆေးမထိုးရသေးဘူး စမ်းသပ်ခတင်ပဲ ၅၀၀၀ဝ လောက်ကုန်မယ်ဆိုပါစို့ ..မျှတတဲ့ ဝန်ဆောင်ခပါလို့ ပြောလို့ရပါ့မလားးး… ပြီးတော့ ကျနော်တို့တွေဟာ ဗုဒ္ဓဘာသာတွေပါ… တခြားနိုင်ငံတွေမှာ မရှိတဲ့ စိတ်ဓာတ်လေးတွေရှိနေပါတယ်…. ဥပမာ လမ်းလေးတစ်ခုဟာ ပျက်စီးနေရင် ဘယ်သူမှ မခိုင်းပဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ပြုပြင်တာမျိုးပေါ့… ဆင်းဆင်းရဲရဲ ဖြစ်နေသူကိုတွေ့ရင် သနားကြတယ်… ဒုက္ခတွေ့နေတဲ့လူကို တွေ့ရင် စာနာကူညီကြတယ်…. ဒီတော့ အဘဖောပြောသလို မေတ္တာစေတနာလာမပြောနဲ့…ပိုက်ဆံပေးရင် ဝန်ဆောင်မှုပေးရမယ်….တကယ်လို့ ဝန်ဆောင်မှုမှာ တစ်စုံတစ်ရာလွဲမှားခဲ့ရင် ခံပေတော့ဆိုတဲ့ အပေးအယူ သဘောဆန်ဆန် သဘောတရားတွေကို ကျနော်တို့ လူမျိုးအများစုက လက်ခံကြမှာ မဟုတ်ပါဘူး။ ကျနော်တို့တောရွာတွေမှာ တခြားကိစ္စမပြောပါဘူး ကျန်းမာရေးကိစ္စဆိုပါစို့… ဆရာဝန်ရဲ့ အစမ်းသပ်ခံတွေအဖြစ်နဲ့ အသက်ဆုံးရှုံးခဲ့ရတာ နည်းမှမနည်းပဲ…….ဒီထက်မက တခြားအကြောင်းတွေလည်း အများကြီး ပြောချင်ပါတယ်… ကျနော့်ဆီက လိုင်းမကောင်းတာကြောင့် ဒီလောက်ပါပဲ… အဘဖောရေ..ဝင်ရောက် ဖတ်ရှုပီး ကွန်မန့်ပေးတာကို ကျေးဇူးအထူးပါ…

Leave a Reply