မြန်မာတွေက ပျင်းတယ်….
မြန်မာတွေက စည်းကမ်းမရှိဘူး…
မြန်မာတွေက မနာလိုစိတ်များတယ်…
မြန်မာတွေက စိတ်ဓာတ်မကောင်းဘူး…

ဒီလို စကားစုတွေကို မြိန်ရည် ရှက်ရည် ပြောနေကြသူများမှာလဲ မြန်မာများပဲ ဖြစ်နေကြတာကိုတော့ ထူးဆန်းအံ့ဩဖွယ်တွေ့ရပါတယ်…

လူဆိုတာကတော့ မွေးလာကတည်းက ပျင်းပြီးမွေးလာတာမဟုတ်ပါဘူး…စိတ်ဓာတ်တွေ ယုတ်မာပြီး မွေးလာတာ မဟုတ်ပါဘူး..စည်းကမ်းမရှိပဲ မွေးလာတာ မဟုတ်ပါဘူး…လူနေမှု အဆင့်မြင့်ပါတယ်…စည်းကမ်းရှိလှပါတယ် ဆိုတဲ့ တိုင်းပြည်က ကလေးတွေကော…လူနေမှုအဆင့်အတန်း နိမ့်ကျလှပါတယ်…ဖြစ်ချင်တိုင်း ဖြစ်နေပါတယ် ဆိုတဲ့ တိုင်းပြည်က ကလေးတွေကော မွေးလာလာချင်းတော့ အားလုံး အဖြူထည်လေးတွေပဲ မွေးလာကြတာပါ…သင်ကြားမှု…သင်ယူမှု…ပတ်ဝန်းကျင် စသဖြင့် ကွာခြားလာလို့သာ ရိုင်းတယ်…ယဉ်တယ်…မြင့်တယ်..နိမ့်တယ် ဆိုပြီး သတ်မှတ်လာကြတာပါ…ရိုင်းတာကို ယဉ်အောင် လုပ်ပေးလို့ မရဘူးလား…နိမ့်တာကို မြင့်အောင်လုပ်ပေးလို့ မရဘူးလား…

ကဲ…မြန်မာတွေ ပျင်းတယ် လို့ပြောတယ်…
ပျင်းတယ် ဆိုတဲ့ လူတစ်ယောက်ကို ဆန်းစစ်ကြည့်ရအောင်…ဒီလူတစ်ယောက်ဟာ အလုပ်ရှိရဲ့သားနဲ့ ပျင်းတာလား…အလုပ်မရှိလို့ ပျင်းတာလား…အလုပ်မရှိတဲ့ လူတစ်ယောက်ဆို သူ့ကို အလုပ်တစ်ခုကို ကိုယ်၏စောင်မခြင်း…နှုတ်၏ စောင်မခြင်းနဲ့ ကူညီပေးလိုက်ရအောင်…ဒီလို အလုပ်လုပ်ရင် ဒီလို ပိုက်ဆံရတယ်…ငါလုပ်မှ ဖြစ်မယ် ဆိုတဲ့ သန့်စင်သောလောဘစိတ်လေးကို မွေးမြူပေးလိုက်ရအောင်…ထိုက်သင့်တဲ့ငွေလဲ ရမယ်..သူနဲ့လဲ ကိုက်ညီမယ်…ဒါပေမယ့် မလုပ်ဘူး ဆိုရင်တော့ ဒီလူ လူပျင်းလို့ သတ်မှတ်ရမယ်…ဒါပေမယ့် တစ်ယောက်စ…နှစ်ယောက်စပဲ ဖြစ်လိမ့်မယ်…ဒီလို တစ်ယောက်စ နှစ်ယောက်စ ကို ကြည့်ပြီးတော့ တမျိုးလုံး ငပျင်းတွေ ပဲလို့တော့ မသတ်မှတ်သင့်ဘူး ထင်ပါတယ်…မြန်မာတွေ ပျင်းတယ် လို့ လူတစ်ယောက်က ရေရွတ်ခဲ့ရင် ပြောခဲ့တဲ့သူဟာ ပျင်းတယ်ဆိုတဲ့ လူတစ်ယောက်ကို ဘာလုပ်သင့်တယ် ဆိုတဲ့ နှုတ်၏စောင်မခြင်း…ဘယ်အလုပ်တော့ ငါရှာပေးမယ်ဆိုတဲ့ ကိုယ်၏ စောင်မခြင်းလောက်တော့ ဘာမှ မပြောခင် အရင် လုပ်ပေးသင့်တယ် ထင်ပါတယ်…မကူညီ မစောင်မခင်တော့ ဘာမှ မပြောသင့်သေးဘူးထင်ပါတယ်…

နောက်…မြန်မာတွေ စည်းကမ်းမရှိဘူး…
စည်းကမ်းဆိုတာကိုကော သင်ပေးလို့ မရဘူးလား…ဥပမာပေါ့…အသက် ငါးနှစ် သူငယ်တန်းအရွယ်ထဲက ကလေးတစ်ယောက်ကို အမှိုက်ပစ်ရင် အမှိုက်တောင်းထဲပဲ ပစ်ရတယ်…ဒါကိုပဲ ထပ်ခါထပ်ခါ ပြောပြမယ်…အမှိုက်တောင်းကိုလဲ လွယ်လင့်တကူ နေရာမှာ ရှိစေရမယ်…ဒီကလေးက နောက် ဆယ်နှစ်ဆယ်တန်းအရွယ်ထိ ဒီထပ်ခါ ထပ်ခါ သင်ပေးထားတဲ့ အမှိုက်ပစ်ရင် အမှိုက်တောင်းထဲပဲ ပစ်ရမယ် အသိဟာ ဦးနှောက်ထဲ စွဲသွားပါပြီ…နောင်တသက်လုံး သင်ပေးစရာ မလိုတော့ပါဘူး…ကလေးတစ်ယောက်က အမှိုက်ဆိုတာကို အမှိုက်တောင်းထဲပဲ ပစ်ခဲ့ရင် လူကြီးတစ်ယောက်ရဲ့ စိတ်ထဲလဲ ကလေးတောင် အမှိုက်တောင်းထဲပဲ ပစ်တာ…ငါလဲ အမှိုက်တောင်းထဲပဲ ပစ်မှပါ ဆိုတဲ့ အသိ အလိုအလျှောက် ဝင်လာမှာပါ…ဒါပေမယ့် ဒီဖြစ်စဉ်မှာ အမှိုက်တောင်း ဆိုတဲ့ အခင်းအကျင်းတစ်ခုတော့ အဆင်သင့်ရှိနေရပါမယ်…အမှိုက်တောင်း မရှိပဲနဲ့ တော့ အမှိုက်တောင်းထဲ ပစ်ရမယ်လို့တော့ မသတ်မှတ်သင့်ပါဘူး…

သတိထားကြည့်မိကြရဲ့လားတော့ မသိဘူး… ဖိတ်ဖိတ်တောက်အောင် ပြောင်လက်နေတဲ့ ကြွေပြားကြမ်းခင်းပေါ်တော့ ဘယ်သူမှ ကွမ်းတံတွေး မထွေးပါဘူး…ကြွေပြားတော့ ခင်းထားပါရဲ့…မတိုက်မချွတ်…ညစ်ပတ်ပြီး ရှေ့ကဘယ်သူမှန်းမသိတဲ့လူတွေက ကွမ်းသွေးတွေ နီရဲအောင်ထွေးထားတာကို ထပ်ထွေးတဲ့ သူတစ်ယောက်ကိုတော့ စည်းကမ်းမရှိဘူးလို့တော့ ပြောမရပါဘူး… ပြောင်လက်နေတဲ့ ကြွေပြားကြမ်းခင်း ဆိုတဲ့ အခင်းအကျင်းတစ်ခု မလုပ်ထားပဲနဲ့တော့ စည်းကမ်းမရှိဘူး လို့ ပြောလို့မရပါဘူး….ပြောတဲ့သူရှိခဲ့ရင်လဲ ငါကိုယ်တိုင် ဒီအခင်းအကျင်းတစ်ခု ဖြစ်ပေါ်လာရေးမှာ ဘယ်နေရာက ပါပြီးပြီလဲဆိုတာ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ကြပါ…တစ်ယောက်စ နှစ်ယောက်စတော့ ရှိလိမ့်မယ်…ဒါပေမယ့် ဒီတစ်ယောက် နှစ်ယောက်ထဲနဲ့တော့ မြန်မာတွေ စည်းကမ်း မရှိဘူးလို့တော့ သိမ်းကြုံး ပြောလို့မရပါဘူး…

မြန်မာတွေက မနာလိုစိတ်များတယ်…
ဒီအချက်ကကော ဘာကို ကြည့်ပြောကြတာလဲ…မြန်မာဆိုတဲ့ အမျိုးကတော့ မနာလိုတဲ့သူ အရေအတွက်ထက် မုဒိတာပွားတဲ့ အရေအတွက်ကတော့ အပုံကြီး ပိုများမှာပါ…ကမ်းကုန်အောင် ဆိုးသွမ်းယုတ်မာခဲ့သူတွေတောင် ခွင့်လွှတ်သည်းခံခြင်းဆိုတဲ့ စိတ်ကို မွေးြ
မူတဲ့ လူမျိုးတွေ ဖြစ်တဲ့အတွက် ချမ်းသာတဲ့သူ…အောင်မြင်တဲ့သူတွေကို မနာလိုစိတ်များတယ်ဆိုတာကိုတော့ ကျွန်တော်တော့ လုံးဝလက်မခံပါဘူး…ရှိခဲ့ရင်လဲ အနည်းစုပဲ ဖြစ်မှာပါ…ဖြစ်ခဲ့တဲ့သူတွေကိုလဲ သူများတွေတော့ အလုပ်လုပ်လို့ အောင်မြင်တယ်..ချမ်းသာတယ်…မင်းတို့လဲ ဒီလို ဖြစ်အောင် လုပ်သင့်တယ်ဆိုပြီး မနာလိုစိတ်ကို ကောင်းမွန်တဲ့ မနာလိုစိတ် မခံချင်စိတ် ဖြစ်အောင် ပြောင်းလဲ ပေးသင့်တယ် ထင်ပါတယ်…တစ်ယောက်စ နှစ်ယောက်စကို ကြည့်ပြီးမှ တော့ တမျိုးလုံး ဝါးလုံးချီးသုတ်တော့ မယမ်းသင့်ဘူးထင်ပါတယ်…

ကဲ…နောက်ဆုံး…မြန်မာတွေက စိတ်ဓာတ်မကောင်းဘူး…
ဒီစကားကို ဘယ်လိုရည်ရွယ်ချက်နဲ့ သမုတ်တာလဲ…ဒီလောက်ဖော်ရွေ ချစ်စရာကောင်းတဲ့ ကောင်းတဲ့ လူမျိုးကို ဘာကိုကြည့်ပြီးဒီလိုပြောရတာလဲ…လမ်းခရီး ကားပျက်…ဘာလုပ်ပေးရမလဲ…ဘာကူညီရမလဲ…ရပ်မေးတဲ့သူနည်းလား…ရေဆာလို့ ကြုံတဲ့အိမ် ရေတပေါက်လောက် တိုက်ပါခင်ဗျား…မောင်းထုတ်တဲ့ အိမ် ရှိလား…မရိုသေ့စကား…ကျွန်တော်တော့ မနေနိုင်တော့လို့ ဝမ်းသွားချင်လို့ အိမ်သာလေး အသုံးပြုခွင့်ပေးပါ…မရဘူးပြောတဲ့သူရှိလား…ရှိချင်လဲ ရှိမယ်…အနည်းငယ်သော ပမာဏသာ ဖြစ်လိမ့်မယ်…ဒီလို စိတ်ဓာတ်မျိုး ဘယ်တိုင်းပြည် ရှာလို့ရပါ့မလဲ…တအိမ်အိမ် သာရေး နာရေးရှိ…ကူညီဖို့ ဘယ်သူမှ လောဆော်စရာမလိုဘူး…ရကောင်းစေဆိုပြီး ကူညီတာမဟုတ်သလို…ဥပဒေ ပြဌာန်းထားလို့ ကူညီကြတာလဲ မဟုတ်ပါဘူး…ကိုယ်ပိုင် အသိစိတ်နဲ့ပဲ ကူညီကြတာပါ…ဘယ်တိုင်းပြည်မှာမှ ရှာမရတဲ့ စိတ်ဓာတ်ပါ….ဒီလို စိတ်ဓာတ်တွေ ရှိတဲ့ လူမျိုးတွေကို မြန်မာတွေက စိတ်ဓာတ်မကောင်းဘူးဆိုပြီး ဘယ်အချက်နဲ့ ကြည့်ပြီး ဝိုင်းသမုတ်ကြတာလဲ…

ကောင်းတာတွေချည်းပဲလား….ဒါတော့ မဟုတ်ပါဘူး…မကောင်းတာတွေလဲ ရှိပါတယ်…ပြင်ရမှာတွေလဲ ရှိပါတယ်…ဒါပေမယ့်ပြင်ရမယ် ဆိုတဲ့အရာကို စံနစ်တကျ ရည်ရွယ်ချက်ထား ပြင်ဆင်မယ်ဆိုရင် ငါးနှစ်ကနေ ဆယ်နှစ်ကြားမှာ လူနေမှု မြင့်ပါပေ့…စည်းကမ်းရှိလှပါပေ့ ဆိုတဲ့ နိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် ပြင်လို့ရပါတယ်…ပြင်ရမယ်ဆိုတဲ့လူလဲ ပြင်…ပြောမယ်ဆိုတဲ့လူလဲ ပြင်…မင်းလဲ ပြင်…ငါလဲ ပြင်…ဒီလိုနဲ့ပြင်ရင်းနဲ့ပဲ ရေခံမြေခံ ကောင်းပြီးသား လူမျိုး Perfect ဖြစ်အောင် လုပ်ယူလို့ရပါတယ်..

အပြောသမားတွေလဲ လျှော့…
အလုပ်သမားတွေလဲ ကြိုးစာရင်းနဲ့…

မပျင်းသော…
စည်းကမ်းအပြည့်ရှိသော…
မုဒိတာပွား ကြိုးစားသော…
စိတ်ထားကောင်းမွန်ပြည့်စုံသော မြန်မာလူမျိုး ဖြစ်အောင် စနစ်တကျ ပြင်ယူလို့ရပါတယ်…

တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်ပေါ့ ဗျာ…

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...