ကေဇီ အခြောက် ယူမလားးးးးး

ဟင်? ဝေ၊ သများ အခြောက်မယူချင်ဘူးးး
သများ အခြောက်မကြိုက်ဘူးးး

ယူပါ ကေဇီရဲ့။ ကေဇီ အတွက် စပယ်ရှယ် စီစဉ်ထားတဲ့အခြောက်တွေ။

ငင်! ရက်စက်လှချည်လား ဝေရယ်။ ကေဇီမှာ ဘဲရှိတယ်လို့ ပြောပြီးပြီလေ၊ ဘီယာနဲ့ ပေါင်းတင် (အဲ) ပေါင်းတည်ထားတယ်လေ။ အခြောက်တွေမလိုချင်ဘူးးး ဟူးးး ဟူးးးးးး

၇ ရက်စာ တစ်ရက် အခြောက်တစ်မျိုး နွေရာသီစာ လေ။

ဟင်? ဘာရယ် နွေရာသီစာ?

အင်းလေ။ ငါးခြောက် အမျိုးမျိုးကို သင်္ကြန်တွင်း တပတ်စာ ရေးပေးထားတာလေ၊ ထမင်းဆိုင် အတွက်…
ဪ။ဟူးးးးးး! အဲဂလိုပြောပါလား ဝေရယ်။
သများက ကိုယ့် အတွေးနဲ့ကိုယ် လန့်တတ်လို့။  :mrgreenn:

ဤကားးးး ကေဇီနဲ့ ဝေ သင်္ကြန်တွင်း တစ်ပတ် ထမင်းဆိုင်အတွက် ပြောနေသောစကားများပင်ဖြစ်၏။

ဘဝမှာ တစ်ယောက်ဆိုတစ်ယောက်၊ ပိတောက်ဆို ပိတောက်၊ အခြောက်ဆို အခြောက် ကာရံလိုက်စေရန် ခေါင်းစဉ်ကို သုံးထားခြင်းဖြစ်သည်။

 

အမှန်တော့ ဒီ ကာလ က လူသိပ် မရှိမှာ စိုးလို့ ကျနော် က သင်္ကြန်ပြီးမှ တင်ချင်တာကို
ဝေ က ရပါတယ်။ ပင်တိုင် ပရိတ်သတ်လည်း ရှိတယ်။ သင်္ကြန်မတိုင်ခင် ဖတ်မိမှ စီစဉ်လို့ ရမှာ ဆိုပြီး တင်ခိုင်းတာပါ။

ကျနော့ စားဖိုမှူးရဲ့ စေတနာကို နားလည်ရင် အားပေးကြပါဦးနော်။

ခြောက်ကြပါလေကုန် (အဲလေ) ငါးခြောက်များ အားပေးကြပါကုန်!!

:chit:

~~~~~~~~~~~~~~~~~~~~~~

 

အလွန်ပူပြင်းတဲ့ မြန်မာနိုင်ငံ နွေရာသီမှာ ဟင်းချက်ဖို့ စီမံရတာ အလွန်ခေါင်းရှုပ်ရသော အလုပ်တစ်ခု ဖြစ်ပါတယ်။ ချက်ဖို့မပြောနဲ့ ဈေးသွားဖို့တောင် တော်တော်ပင်ပန်းတဲ့အချိန်မို့လို့ ဖြစ်နိုင်ရင် အများကြီးဝယ်ထားပြီး ဈေးမသွားပဲ ကြံဖန်ချက်ပြုတ်ကြရတယ်။

ပူပြင်းလွန်းလို့ ခံတွင်းပျက်တဲ့အတွက်ကြောင့်လဲ အရသာရှိအောင် ချက်ပြုတ်စီမံရပါတယ်။

ဒီတစ်ပါတ်တော့ ငါးခြောက်ကို မျိုးစုံလုပ်ပြီး စားမြိန်အောင် စီစဉ်ပေးလိုက်ပါတယ် …

 

တစ်ပါတ်စာ ဈေးအရင်ဝယ်ပါမယ်။

ငါးရံ့ခြောက်၊ ငါးကွမ်းရှပ်ခြောက်၊ ငါးနီတူခြောက်၊ အာဗြဲခြောက်၊ ငါးမြွှေထိုးခြောက်၊ ငါးကြီးကြပ်တိုက်ခြောက်နဲ့ ပဲအမျိုးမျိုး၊ အာလူး၊ ကြာဇံနှင့် တစ်ပါတ်စာခံနိုင်တဲ့ ဟင်းသီးဟင်းရွက်များ ၀ယ်ပါမယ်။

 

စနေနေ့

သရက်ချဉ်သုတ်၊ ပဲကြီးဆူးပုတ်ချက်နှင့် အာဗြဲခြောက်ဖုတ်

သရက်ချဉ်သုတ်အတွက် ဈေးမှဝယ်လာတဲ့ သရက်ချဉ်ကို ကြက်သွန်ပါးပါးလှီး၊ ငရုတ်သီးစိမ်းပါးပါးလှီး၊ ဆီစိမ်း၊ ဆား၊ နှမ်းအနည်းငယ်နဲ့ ပုဇွန်ခြောက်မှုန့်ထည့်ပြီး သုတ်ပါမယ်။

လတ်လတ်ဆတ်ဆတ်ပဲကြီးနဲ့ ဆူးပုတ်ရွက်ကို ဟင်းရည်သောက်ချက်မယ်။
အာဗြဲခြောက်ကို ခေါင်းဖြတ်ပြီး ကင်စက်ထဲတန်းစီထည့်ကင်ပါမယ်။ အပေါ်မီး အောက်မီး ၂ မျိုးသုံးပြီး ၅ မိနစ်လောက်ကင်ရင် ကျက်ပါပြီ။ ကျက်တာနဲ့ ငရုတ်ကျဉ်ပွေ့နဲ့ထုပြီး ပဲဆီဆမ်းလိုက်ရင် စားလို့ရပြီ။

 

တနင်္ဂနွေနေ့

ဒီနေ့တော့ ဗမာထမင်းသုတ် (အစုံသုတ်) လုပ်စားပါမယ်။ နေ့လည်ပိုင်း ငါးရံ့ခြောက်ဖုတ်နဲ့ ရေနွေးကြမ်းတို့ဖြင့် အချိုတည်းပါမယ်။

တို့ဖူးအတွက် ပဲမှုန့်အစိမ်းမှုန့်နဲ့ တို့ဖူးကျိုပါမယ်။ (တို့ဖူးလုပ်နည်း တင်ဖူးပါတယ်)၊ ခေါက်ဆွဲ၊ ပဲကြာဇံ၊ အာလူးပြုတ်မယ်။ ကျက်ပြီးသားထမင်းကို ငရုတ်သီးအစိမ်းမှုန့်ဆီသတ်ထားသောဆီဖြင့် အနီရောင်ဖြစ်အောင် နယ်ပြီးတစ်ပုံပုံထားမယ်၊ ကျန်တာတွေလဲ အနေတော်လှီးဖြတ်ပြီး တစ်ပုံစီပုံပါမယ်။ ဆီချက်အတွက် ကြက်သွန်နီဆီကျက်ကို သုံးမယ်။ ပန်းကန်လုံးတွေထဲမှာ မန်ကျည်းရည်၊ ငံပြာရည်၊ ပုဇွန်ခြောက်မှုန့်၊ ပဲမှုန့်၊ ငရုတ်သီးအကျက်မှုန့်တို့ ထည့်ထားပါမယ်။

ဟင်းခါးအတွက် ဂေါ်ဖီဟင်းခါးချက်ပါမယ်။ ပုဇွန်ခြောက်နဲနဲ၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်တို့နှင့် ခပ်ကျဲကျဲလေးပဲ ချက်လိုက်မယ်။

စားချင်တဲ့သူက ပန်းကန်ယူပြီး လိုချင်တာအားလုံးထည့်ပြီး နယ်စားလိုက်ရုံပဲ…

 

 

 

တနင်္လာနေ့

ငါးခြောက်ရိုးကုလားဟင်း၊ ကြက်ဥအပြားကြော်၊ မြင်းခွာရွက်သုတ်

ငါးကွမ်းရှပ်အရိုးများကို ပျဉ်းတော်သိမ်ရွက်နဲ့ ကြက်သွန်ဖြူနီ ငရုတ်သီးအစိမ်းမှုန့်တို့နှင့် ဆီသတ်ပြီး အာလူး၊ ခရမ်းသီး၊ မုန်လာဥဖြူတို့နှင့်ရောချက်ပြီး ရေအနဲငယ်ထည့်ကာ နူးအောင်တည်ပါမယ်။ နဲနဲနူးလာတဲ့အခါမှာ မန်ကျည်းရည်ထည့်မယ်။ အားလုံးပြီးခါနီးမှာ ရုံးပတီသီး၊ ငရုတ်သီးစိမ်းနှင့် မဆလာထည့်မယ်။

ကြက်ဥကို အချပ်လိုက်ရအောင် ကြော်မယ်။ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊  နံနံပင်၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးပြီး ကြက်ဥနဲ့ ရောမွှေပါမယ်။ ဒီအတိုင်းဆိုရင် အပြားလိုက်ဖြစ်ဖို့ နဲနဲခက်ခဲတာကြောင့် လျှို့ဝှက်ချက်အနေနဲ့ ဂျုံမှုန့် (သို့မဟုတ်) ကော်မှုန့် နဲနဲထည့်မွှေပြီးမှ ကြော်လျှင် ပုံစံမပျက် အပြားလိုက်ရပါမယ်။

 

အင်္ဂါနေ့

ငါးရံ့ခြောက်ခရမ်းချဉ်သီးချက်၊ ပဲနီလေးကြာဇံဟင်းချို၊ သရက်သီးအစိမ်းပေါက်သုတ်

ငါးရံ့ခြောက်အသားကို အနေတော်အတုံးတုံးပြီး ရေစင်စင်ဆေးပါမယ်။ ကြက်သွန်ဖြူနီ ဆီသတ်ပြီး ခရမ်းချဉ်သီးပါးပါးလှီးထားတာထည့်ပြီး ကျေအောင်အရင်ချက်မယ်။ ပြီးတော့မှ ငါးခြောက်အသားထည့်ပြီး ရေနဲနဲထည့်ပြီး ဆီပြန်အောင်ပြန်တည်မယ်။ ချခါနီးမှာ ငရုတ်သီးစိမ်းထည့်မယ်။

သရက်သီးသုတ်ဖို့အတွက် သရက်သီးအစိမ်းအရွယ်လတ်လတ်တစ်လုံးကို ဓါးနဲ့ခပ်စိပ်စိပ်ပေါက်ပြီး အချောင်းသေးသေးလေးတွေဖြစ်အောင်လှီးပါမယ်။ ကြက်သွန်နီ၊ ဂေါ်ဖီထုတ်၊ ငရုတ်သီးစိမ်းတို့ ပါးပါးလှီးပြီး ပုဇွန်ခြောက်မှုန့်၊ ဆီချက်၊ မြေပဲမှုန့်၊ ငရုတ်သီးအကျက်မှုန့်တို့နှင့်ရောနယ်ပြီး သုတ်မယ်။

 

ဗုဒ္ဓဟူးနေ့

ငါးခြောက်ထောင်းကြော်၊ ကုလားပဲဟင်းချို၊

ငါးခြောက်ထောင်းကြော်အတွက် အသားများတဲ့ ငါးကွမ်းရှပ်ခြောက်ကို သုံးပါမယ်။ အသားမြောင်းတွေပဲရွေးပြီး ရေဆေးပြီး ပြုတ်ရမယ်။ ၁၅ မိနစ်လောက်ပြုတ်ပြီးရင် အအေးခံပြီး အရေခွံနဲ့ အရိုးပါရင် သေချာအောင်ထုတ်ပြီး ထောင်းရပါမယ်။ စက်ရှိရင် စက်ထဲထည့်ကြိတ်လို့လဲရပါတယ်။ ကြက်သွန်ဖြူနီ ပါးပါးလှီးပြီး ကြော်မယ်။ အဖတ်ဆယ်ပြီး အအေးခံရမယ်။ ကြက်သွန်ကြော်ထားတဲ့ဆီကိုကြည်ပြီး ငါးခြောက်အတွက်လိုသလောက်ချန်ပြီး ပိုမယ်ထင်တာတွေကို ဖယ်လိုက်ရမယ်။ ငရုတ်သီးခွဲခြမ်းအတွက် ကိုယ်တိုင်ထောင်း (သို့မဟုတ်) ရယ်ဒီမိတ်ဝယ် ၊ ဆီအိုးထဲထည့်ဆီသတ်ပြီး ငါးခြောက်ထောင်းထားပြီးသားထည့်ပြီး မီးအေးအေးနဲ့ ရေကုန်အောင်ကြော်ရပါမယ်။ အရသာကို မြည်းကြည့်ပြီးမှ ထည့်သင့်ပါတယ်။ သကြားနဲနဲထည့်ရမယ်။ ကျက်သွားရင် အအေးခံရမယ်။ ပြီးတော့မှ အအေးခံပြီးသားကြက်သွန်ကြော်ရယ်၊ ငါးခြောက်ထောင်းကြော်ရယ် ရောမွှေရမယ်။

 ငါး​ခြောက်​​ထောင်း​ကြော်

ငါး​ခြောက်​​ထောင်း​ကြော်

 

 

ကြာသပတေးနေ့

ငါးနီတူသုတ်၊ ဗူးညွန့်ဟင်းရည်

ငါးနီတူကို ရခိုင်လိုသုတ်ပါမယ်။ ငါးနီတူအရွယ်တူလေးတွေကို ဒယ်အိုးထဲထည့်လှော်မယ်။ ပြီးရင် ငပိစိမ်းစားနဲ့ ငရုတ်သီးစိမ်းရောထောင်း၊ မန်ကျည်းရည်နဲနဲ၊ တို့နှင့်ရောနယ်ပြီး နဲနဲပင် အပေါ်ကတင်လိုက်ရုံပါပဲ ..

 

သောကြာ

ငါးမွေထိုးခြောက်ကြော်

တစ်ပါတ်လုံး ဟင်းချက်ရတာ မောနေပြီမို့လို့ ဒီနေ့တော့ ထမင်းကို အအေးခံပြီး ရေအေးအေးစမ်းလိုက်မယ်။ ငါးမွေးထိုးခြောက်ကြော်နဲ့ ရှလွတ်ရှလွတ်နဲ့စားလိုက်ရင် ရင်ထဲအေးသွားပါလိမ့်မယ်။

 

 

 

ဇီဇီ

About ဇီဇီ

ဇီဇီ has written 351 post in this Website..

CJ # 129120