အပြုံး

စဆရ ႀကီးApril 5, 20141min1498

“အပြုံး”ဟုတ်သည်။ ဒီအပြုံးတစ်ခုနဲ့ လူ့ရင်ထဲ ရောက်နိုင်လွန်းလှပါဘိ။ သူ့နှုတ်ခမ်းမှာ သူ့ဖာသာ ပြုံးချင်းသက်သက်သာ။ တစ်ခြားသူတစ်ယောက်အဖို့ ရင်ထဲဆွဲသွင်းလိုက်ခြင်းဖြစ်၏။ ထိုအပြုံးတစ်ချက်သည် ကေသရာဇာ တစ်ထောင်အားကို စွမ်းဆောင်နိုင်သော မဟာပုရိသယောကျာ်းကြီးတစ်ယောက်ကို ဒူးထောက်ခစားနိုင်စေလေ၏။

အပြုံးသည် နှုတ်ခမ်းတစ်ချက်ကွေးခြင်းသာတည့်။ ထို့ထက်ဘာမှမထူးဆန်း။ တစ်ကယ့်တစ်ကယ်မှာတော့ အပြုံးတစ်ချက်၏ စွမ်းဆောင်ရည်များသည်ကား ရေးပြမကုန်။

++++++++++++++++++++++++++++++++++++++++++
အပြုံး(၁)

သူ ပြုံးပြလိုက်သည်။ ရင်ထဲ၊ အသည်းထဲမှလာသောအပြုံး၊ ကြည်နူးကျေနပ်သောအပြုံး။အဘယ့်ကြောင့်ဆိုသော် ယနေ့အဖို့ ဖောက်သည်တစ်ယောက် (မြန်မာလိုတွေးလျင် ရိုင်းသောကြောင့်) Customer တစ်ယောက်ရလေပြီ။ သူသည် ထမင်းရှင်ဖြစ်သည်၊ သူသည် သူ့အတွက် အလုပ်ရှင်ဖြစ်သည်၊ သူသည် ကိုရင်စိုင်းတို့ ကုမ္ပဏီအတွက် ကျေးဇူးရှင်ဖြစ်သည်။ သူ့အား ကောင်းမွန်စွာ ဝန်ဆောင်မှုပေးလိုက်ပါ၏။ သူဝယ်သွားသည်မှာကား ၁၂ ကျပ်ဖိုး။ ကိုရင်စိုင်းအတွက်မူ ယောကျာ်းသုံးရေမွှေးတစ်ပုလင်းစာသာဖြစ်၏။ ဘာမှမထူးဆန်း။သို့သော်… ထိုသို့သောသူများကြောင့်

တစ်နိုင်ငံလုံး တစ်နေ့ရောင်းအား နှစ်သန်းကျော်သော် ငွေကြေးပမာဏရှိနေလေသည်။သူသည် အပြုံးတစ်ချက်ကြောင့် ပိုပြီးစားမြိန်သွားသလို ကိုရင်စိုင်းသည်လည်း အပြုံးတစ်ချက်ကြောင့် ကြည်နူးခြင်းတွေ ပြည့်ဖြိုးဝေလေ၏။

အပြုံး(၂)

သူမပြုံးပြလိုက်သည်။ အပြုံးတစ်ပွင့်နှင့်အတူ သွားတွင်စီတန်းထားသောကြိုးများသည် အထင်းသား။ ရုတ်ချည်း လှပနေသော မျက်နှာမှ အစွယ်အဖွေးသားနှင့်လို ဖြစ်သွားသည်။ ဖောက်သည်၏ မျက်နှာတွင် ဖြတ်ပြေးသွားသော ကနဦးမှတ်ချက်သည် အရောင်းစာရေးမထံသို့ ကူးစက်သွားသည်။ နှုတ်ခမ်းကြီး ဖြဲလျက်သားနှင့် မျက်လုံးများမှာတော့ မီးဝင်းဝင်းတောက်လျက်နှင့်။စကားလုံးများအရ ချိုသာနေသော်လည်း ပြုံးလျက်သား နှုတ်ခမ်းကြီးနှင့် စကားသံမှာတော့မူကား နွေးထွေးမှု ကင်းမဲ့လျက်သားနှင့်။ လုပ်ငန်းတစ်ခုတော့ ပြီးမြောက်သွားပါသည်။

အပြုံးတစ်ချက်ကြောင့် စားသုံးသူတစ်ယောက် အရသာကင်းမဲ့သွားလေ၏။

အပြုံး (၃)

အပြုံးတစ်ချက် ပြုံးပြလိုက်သည်။ပြုံးပြသည်ဆိုခြင်းထက် နှုတ်ခမ်းကို တစ်ချက်တွန့်ပြလိုက်ခြင်းဖြစ်သည်။ သူမအတွက် ဒီနေ့သည် အတော်လေး ကံဆိုးသော နေ့တစ်နေ့ဖြစ်သည်။ ဝယ်သူတစ်ယောက်မှ သူမအား ဘယ့်အတွက်ကြောင့် မျက်နှာ အတော်လေးထန်နေရပါသလဲဟု မေးသောကြောင့်ဖြစ်သည်။ ဘာ့အတွက်ကြောင့် သူမေးရပါသနည်း။ သူမသည် အလုပ်ချိန်တွင်းမို့သာ ဆံပင်ကိုစည်းနှောင်ပြီး ယူနီဖောင်း မလှမပကြီးကို ဆင်မြန်းထားရခြင်းကြောင့်ဖြစ်မည်ထင်၏။

အလုပ်ချိန်ပြင်ပတွင်မတော့ အရောင်စုံမျက်နှာ၊ ဆံကေသာကို စိတ်တိုင်းကျပုံဖော်ပြီး ဝတ်စုံအဆန်းများနှင့် ရင်သားအလှရော၊ တင်သားအလှပါ ပြနိုင်သည့်အချိန်များတွင်မတော့ ယခုပြောဆိုနေသောသကောင့်သား စကားတစ်ခွန်းမှမထွက်နိုင်ပဲ လျှာအတောင့်လိုက်သားနှင့် ငေးနေရတော့မည်ဟု တွေးမိသည့်တစ်ခဏဆောင့်ကာအောင့်ကာဖြင့် ကျသင့်ငွေရှင်းသည့်အခါ နှုတ်ခမ်းထောင့်စွန်းကို တစ်ချက်တွန့်ပြလိုက်ပြီး ကျေးဇူးတင်ပါသည်ဟု ထိုတွန့်လျက်သားနှုတ်ခမ်းနှင့်ပင် ပိုငွေပြန်အမ်းပြီး တံခါးကို ခပ်ကြမ်းကြမ်း ဆောင့်ပိတ်လိုက်လေ၏။

အပြုံး (၄)

ယနေ့သူမအတော်လေး ကျေနပ်နေသည်။ ယူနီဖောင်းအသစ်လေးလဲဖြစ်၊ မနက်ကတည်းက အလုပ်မလာခင်ဝတ်ကြည့်ကတည်းက သူ့နေရာနှင့်သူ အတော်လေး ချပ်ချပ်ရပ်ရပ်ဖြစ်နေသော ဝတ်စုံလေးကြောင့် အတော်လေးလဲ ကြည်နူးခြင်းဖြစ်နေရသည်။အလုပ်ရောက်ကတည်းက လှလိုက်တာနော်၊ သိပ်ကျက်သရေရှိတာပဲ၊ ချုပ်ထားတာလေး သပ်ရပ်လိုက်တာ၊ ထိုသို့သောစကားများကြောင့် သူမ အတော်လေး ပြုံးပျော်မြူးနေပါ၏။

နေ့လည်တွင်မတော့ သူငယ်ချင်းတစ်ယောက်မှ အမှတ်တရ ဓါတ်ပုံရိုက်ချင်လို့ပါဟု ဆိုလာသောကြောင့် ကျေနပ်ပြုံးလေးဖြင့် ပုံများရိုက်မိလေ၏။ထိုပုံတစ်ချို့ကြောင့်ပင် နောင် ၄ နှစ်ကြာသောအခါ သူမ ယောကျာ်းတစ်ယောက်ကို လက်ထပ်မိလေ၏။သူပြောသည်မှာတော့ ထိုအပြုံးလေးကြောင့်ပင်ဆိုလား။ သူမကျေနပ်နေခဲ့သည်မှာတော့ ယူနီဖောင်းတစ်စုံသက်သက်သာ။ သူ့အဖို့မှာတော့ သူမကို နှစ်သက်မြတ်နိုးနေခဲ့လေ၏။

++++++++++++++++++++++++++++++++++++++++++

အပြုံးပိုင်ရှင်များ တစ်ယောက်မှ မတူကြပါ။

တစ်ချို့ကား မိန်းမ၊ တစ်ချို့ကား ယောကျာ်း၊ တစ်ချို့ကား ဖိလစ်ပိုင်၊ တစ်ချို့ကား မြန်မာ၊ တစ်ချို့ကားသျှမ်း၊ အစရှိသည်၊ အစရှိသည်ဖြင့်…ရင်ထဲမှလာသောအပြုံးတစ်ပွင့်သည် နှုတ်ဖျားမှာ ကြယ်တစ်ပွင့်လေအလား တွဲလွဲခို ထွန်းလင်းတောက်ပလေ၏။ဝတ္တရားအရ ပြုံးသော အပြုံးသည်ကား တစ်ခါတစ်ရံ ခနဲ့ပြုံး၊ တစ်ခါတစ်ရံ ရွဲ့ပြုံး၊ များသောအားဖြင့် မဲ့ပြုံးသာချည်းဖြစ်လေ၏။

ကိုရင်စိုင်းလဲ အပြုံးပေါင်းများစွာကို ခွဲခြမ်းစိတ်ဖြာနေရင်းရိတိတိလေး တစ်ချက်ပြုံးလိုက်ပါ၏။သူ့အပြုံးနဲ့သူ ပြုံးနေတာတော့ အမှန်ချည်းသာတည့်။ ။

စိုင်းကွမ်းခေး
(ခေတ္တလူ့ပြည်)

၄-၄-၂၀၁၄

8 comments

  • kyeemite

    April 5, 2014 at 1:46 pm

    ဟိုးတုန်းက ရေဒီယိုကလာနေကျ သီချင်းလေးသတိရသွားတယ်…
    အပြုံးကိုဆောင်ကြပါဆိုလား….မချိပြုံး ကတော့အဆိုးဆုံးထင်ရဲ့ 🙁
    ရင်ထဲ၊ အသည်းထဲမှလာသောအပြုံး၊… 😛
    ပြောင်ချော်ချော်က :loll:
    နောက်ဆုံးမတော့ 😀

  • ပြုံးရတဲ့ အပြုံးထဲမှာတော့ ဒါ့ပုံရိုက်ခါနီး အပြုံးလောက် ပိုချိုမြိန်တဲ့ အပြုံး မရှိဘူး.. ဟိဟိ.. :mrgreen:

  • ကေဇီ

    April 5, 2014 at 2:08 pm

    :hint:
    😀
    😛
    :mrgreen:

    :mrgreenn:
    🙂

  • TNA

    April 5, 2014 at 6:00 pm

    အပြုံးများကိုခွဲခြမ်းစိတ်ဖြာကြည့်ရင်း ကိုယ်လဲပြုံးမိသွားပါတယ်။ လှလားဟင် 😀

  • alinsett (gazette)

    April 6, 2014 at 7:21 am

    မင်းသမီး နဝရက်ရဲ့ အပြုံးကိုတော့ စွဲနေတယ်။

  • ဦးကြောင်ကြီး

    April 7, 2014 at 12:58 am

    ပြုံးပြ
    စုန်းမ
    ဗုံးချ
    ဖုံးရ
    လုံးလှ
    ဝုန်းထ
    သုံးခွ
    ကုန်းဟ..

  • Wow

    April 7, 2014 at 8:51 am

    တစ်ခါတစ်ခါ တင်းမာနေတဲ့အခြေအနေတစ်ခုကို စိတ်ပါလက်ပါလေး ပြုံးပြလိုက်ရင် ပြေလည်သွားတာမျိုး ကြုံဖူးတယ်… ဒါမိုးလေးးးး :mrgreen:
    ဒါပေမဲ့ တစ်ခါတစ်လေ ကိုယ်လဲစိတ်မပါ ယဉ်ကျေးမှုအရပြုံးပြရမယ်ဆိုရင်တော့ သွားလေးစိ နှုတ်ခမ်းနှစ်ဖက်ကို သွားပေါ်အောင်ဖြဲပြလိုက်တယ်… ဒါမိုး :hee:

  • snow smile

    April 8, 2014 at 8:28 pm

    အ ပြုံး ကို အ ပြုံး က
    ဖတ် ရင်း ပြုံး
    ပြုံး ရင်း ဖတ် သွား ပါ ကြောင်း

Leave a Reply