nn

 

သံယောဇဉ်တွယ်ခြင်းသည်..ဘယ်အရာပေါ်မှာ မှီတွယ်ခဲ့ လေသလဲ မေးရင် ကြင်နာသောရင်ခွင်ကို 
ငြိတွယ်ခြင်းလို့ ဘဲ ကိုယ် အဖြေပေးမိပါမည်။ ကိုယ့်အပေါ်ကြင်နာတတ်သောအဘွားတို့ ရင်ခွင်မှာ ကိုယ်ပျော်ခဲ့ ရတယ်..

ပီဘိ ကလေးတစ်ယောက်ရဲ့ စိတ်တွေနဲ့ ကိုယ်နေနေရခြင်းဟာ ကိုယ့်အတွက် အေးချမ်းမှုပါဘဲ..
မမအိမ်ထောင်ကျပြီးတဲ့ နောက် မမအမျိုးသား ကိုဆွေကလည်း ကျနော့်ကို ချစ်တယ်..။ သားတစ်ယောက်လိုကို ချစ်တာပါ.

ကိုဆွေက အခွန်ဦးစီးဌာနကဆိုတော့ မမအတွက်က ဘာအလုပ်မှ မလုပ်ရဘဲ အေးအေးဆေးဆေး နေရတာပါ..

ကိုဆွေ ရုံးတာဝန်နဲ့ သဘယင်း( ဒီပဲရင်း)မှာ ပြောင်းရတော့ မမနဲ့ အတူ ကျနော်ပါသွားတယ်..
အိမ်ကလည်း ညီညီပါမှ ရမယ်.မမနဲ့ အဖော်နေပေးဆိုတော့ ကျနော်လည်းပါသွားတာပေါ့..
နေ့ လည်တိုင် ကိုဆွေ ရုံးသွားရင် မောင်နှမ နှစ်ယောက် အိမ်သေးသေးလေးမှာ နေရင် နေ ဒါမှမဟုတ်…….
ကိုဆွေတို့ ရုံးက အသိအိမ်ကို သွားလည်ကြတာဘဲ..
အဲဒီသွားနေကြ အိမ်မှာ မောင်စိုးရှိတယ်..ရွယ်တူဘဲ..။ ဒါပေမယ့် မောင်စိုးက စကားမပြောတတ်ဘူး..
မွေးကတည်းက ချွတ်ယွင်းတာပေါ့..။ သူက ဆိုးမှဆိုး..သူ့ အမေပေါ်မှာ ဆိုးတာ..
ကျနော်နဲ့ က ဆော့ဖော် ဆော့ဘက်.. ခင်မှခင်..
စတွေ့ ကာစ အတူ ကစားတုန်းက စိတ်ညစ်မှညစ်..သူပြောတဲ့ ဘာသာဗေဒကို ကိုယ်မှ နားမလည်တာ..
သူ့ အမေကို မေးရ၊ မမကို မေးရနဲ့ ။ နောက်တော့ တစ်ဖြည်းဖြည်း သဘောပေါက်လာတယ်..
တခါတခါ ကိုယ်က သူ့ ကို ပြောလို့  သူနားမလည်ရင် ကိုယ်ကလဲ သူနားလည်မယ့် ဘာသာနဲ့ အီးအီး အားးးး
အမ်းအမ်း နဲ့ လက်ဟန်ခြေဟန်သုံးပြီး ပြောရင် မောင်စိုးက တခါတည်းနားလည်သွားတာ..
ကျနော် မောင်စိုးလို လုပ်ပြောရင် မမက တခစ်ခစ်နဲ့ ရယ်နေတာဘဲ..။ မောင်စိုးအမေက ပြုံးနေတာဘဲ..
ကျနော် တခါတလေ မောင်စိုးနဲ့ ကစားနေရင်းက အတွေးဝင်သွားရင် မျက်ရည်ကျမိတယ်..

မောင်စိုးကစကားမတတ်ဘဲ ဆွံ့ အ ဝေဒနာရှင် ဖြစ်ပေမယ့် မိဘတွေနဲ့ အတူနေရတယ်..မိဘတွေကလည်း ချစ်တယ်..
ကျနော်ကတော့ စကားတတ်ပေမယ့် မိဘနဲ့ အတူ မနေရခြင်း၊ မိဘရဲ့ ချစ်ခင်ခြင်းကို မရတာတွေးပြီး ငိုမိတယ်။
ကျနော်ငိုရင် မောင်စိုး မနေတတ်တော့ဘူး..၀ူးဝူးဝါးဝါးပြောပြီး ချော့တယ်..။ ပြီးရင် သူ့ မေနဲ့ မမကို ပြေးခေါ်တယ်..

ကျနော်ငိုတာကို ညီအကိုမဟုတ်တဲ့ သူက စိတ်ပူနေတာ့ ကျနော် ပိုငိုမိတယ်..
အဲဒီအခါ မောင်စိုးက သူ့ အမေကို ထုရိုက်ပြီး သူပါငို တာ..။ 
ကျနော်ငိုတော့ မမ မျက်နှာမကောင်းဘူး.. ကျနော့်ကို ရင်ခွင်ထဲ ပွေ့ ပြီး
ဘာဖြစ်လို့ ငိုတာလဲ ညီညီရယ်” လို့ မေးရင်..
ဟို လေ..ကစားရင်းမျက်စိထဲ အမှိုက်စ ၀င်သွားလို့ ပါ” လို့ ဘဲ ကျနော် ပြောတတ်တယ်..
ကျနော်မမကို ချစ်တယ်..မမကို စိတ်မကောင်းအောင် ကျနော် မလုပ်ချင်ဘူးလေ..
…….
…….
ကျန်တဲ့ အချိန်တွေမှာ ပျော်ပါတယ်..နေ့ လည်တိုင်ဆိုလေ.ဌက်ပျောသီး ကောက်ညှင်းထုပ် ၀ယ်စားကြတယ်..
သဘရင်းက ကောက်ညှင်းထုပ်ကို ကျနော် ဘယ်တော့မှ မမေ့ နိုင်ဘူး..တထုပ်ကို လူကြီးတစ်ယောက်တောင် 
မနည်းကုန်အောင် စားရတယ်..တစ်ထုပ်ကို ၅မူး ပေးရတယ်..။မောင်နှမ နှစ်ယောက်တစ်ထုပ်ဝယ်ပြီးအတူစား
တယ်..အထဲက ဌက်ပျောသီးကို ကျနော် မစားဘူး..ကျနော်က ဌက်ပျောသီိးတို့ သင်္ဘောသီးတို့ မှည့်ရင် မစား
တတ်ဘူး..မကြိုက်ဘူး။
ညတိုင်ဆို ကိုဆွေ ပြန်မလာသေးရင် အိမ်သေးသေးလေးမှာ မီးခွက်သေးသေးလေးနဲ့ မောင်နှမ၂ယောက် 
ထိုင်စောင့်ကြတယ်..။ ကိုဆွေလာမှ ထမင်းအတူစားကြတယ်..။ ကိုဆွေ မလာသေး၇င် ကျနော်လည်း မစားဘူး။
ထမင်းစားရင် ကျနော်က မမပေါင်ပေါ်မှာထိုင်တာ..။ မမက ထမင်းခွံ့ ပေါ့..
ပြော၇မယ်ဆို မမနဲ့ ပါတ်သက်ပြီး ကိုဆွေကလည်း ကျနော် သံယောဇဉ်တွယ်ခဲ့ရတဲ့ သူပါဘဲ
ဒီလို နဲ့ တစ်နှစ်လောက်နေတော့ ကိုဆွေ ရာထူးတိုးပြီး ကျနော်တို့ မြို့ ကို ပြန်နေရတာပါဘဲ..
အဘွားတို့ အိမ်မှာဘဲ နေတာပါ..………………..
…………………
…………………
ဘယ်သူမှမသိနိုင်တဲ့ တိတ်တခိုးဝေဒနာလေးနဲ့ ဘဲ ကြီးပြင်းလာရင်း ကျနော် ဒုတိယတန်းကို တောင် ရောက်ခဲ့ 
ရတယ်..။ ကျောင်းအပ်တိုင်း ကျနော့်အဒေါ်ဖြစ်ဖြစ် အဘွားဖြစ်ဖြစ် လိုက်အပ်ပေးတာပါ..။ သူများတွေက အဖေ၊
အမေတွေနဲ့ အတူ ကျောင်းအပ်တာ ၊ ပျော်နေကြတာ ကျနော် ကြည့်မိပါတယ်..
ဒါပေမယ့် ကျနော် အဘွားတို့ ကိုတော့ ဘာမှမပြောပါဘူး..။ အိမ်ပြန်ရောက်ရင် ကျောက်သင်ပုန်းမှာဖြစ်ဖြစ်၊
စာရွက်ပေါ်မှာဖြစ်ဖြစ် အဖေနဲ့ အမေ တဖက်ဆီလက်ဆွဲပြီး ကျောင်းလွယ်အိပ်လေးနဲ့ ကောင်လေးတစ်ယောက်ပုံကို 
ကျနော် ဆွဲဖြစ်တာပါဘဲ..။ ကျောက်သင်ပုန်းမှာ ဆွဲပြီးရင် အထွေအထူး..တံထွေးဆွတ်ပြီးတောင် မဖျက်ရပါဘူး.
ကျနော် မျက်၇ည်တွေကဘဲ တဖြည်းဖြည်း ဖျက်ပြီးသား ဖြစ်သွားတာပါ..
…..
…..
ကျနော် အဘွားတို့ အိမ်မှာနေပေမယ့် ကျနော့်မိဘတွေ မောင်နှမတွေက အဘွားတို့ အိမ်ကို လာလည်ကြပါတယ်..
ညဘက်တွေမှာပေါ့.. ကျနော့်ကို တော့ သိပ်လှိုက်လှိုက်လှဲလှဲမရှိပါဘူး..
မောင်နှမတွေကလည်း မခေါ်ကြပါဘူး။ အဘွားတို့ အိမ်က ၄ပေမီးချောင်းက လင်းထိန်နေပေမယ့် ကျနော်ကတော့ 
၈ပါတ်လည်တိုင်လုံးကြီးရဲ့ နောက်ကွယ် အမှောင်၇ိပ်လေးကနေ ချောင်းဘဲ ကြည့်ရဲတယ်..
ကျနော့်အဒေါ်တွေက “ဟဲ့ ..ညီညီိလေး ဒီမှာလာထိုင်လေ”လို့ ခေါ်ရင်
ဒီိကောင် ဘာလုပ်နေလဲ..ဟေ့ကောင်လာဦးး မင်း စာမကျက်ဘူးလား” ဘာညာ ဆူတာပါဘဲ..
အဲဒီကျရင် မမရဲ့ အမေ ဒေါ်ရီက..
နင် လာလည်တာ ညီညီ့ ကို ရန်ရှာဘို့ လား..သွားကောင်လေး..မီးဖိုထဲကို ”လို့ ဝင်ပြောတတ်တယ်..
ဒါဆို ကျနော့်ဒုတိယအမေက ကျနော့်ကို မီးဖိုဆောင်ဆီ ခေါ်သွားပြီး မုန့် တွေ ဘာတွေ ကျွေးပါတယ်..
ကျနော် ငို ရင် “ မင်းငိုစရာမလို ဘူး..ငါတစ်ယောက်လုံးရှိတယ်၊ မင်း ယောင်္ကျားလေး” လို့ ပြောတတ်တယ်..
ဘာကြောင့်များ ကျနော့်ကို ကြည့်မ၇တာလဲ ကျနော် မတွေးတတ်တော့ပါဘူး..
နောက်ဆို သူတို့ လာလည်ရင် ခြံဝက အသံကြားတာနဲ့ ကျနော် မီးဖိုဆောင်ထဲမှာ တိတ်တိတ်လေး ထိုင်နေတော့
တာပါဘဲ.
ဘယ်လောက်ဘဲ လွတ်အောင်ရှောင်ရှောင် ကျနော့်အတွက်တော့ ကံကြမ္မာက မျက်နှာသာမပေးခဲ့ ပါဘူး။
ဆောင်းတွင်းကာလမှာ ကျနော့်အဒေါ် ဒေါ်ဘူး ခြေအိပ်လှလှလေးဝယ်ပေးတယ်..။ ကျနော့်အဒေါ်ကို ကျနော်က
အဘူ လို့ ခေါ်ပါတယ်..။ အဘူဝယ်ပေးတဲ့ ခြေအိပ်လေးကို ကျနော် ကြိုက်ပါတယ်…..။ ခြေအိပ်လေးက
တော်တော် လှပါတယ်..
အနီရောင်လေးတွေနဲ့ ပန်းရောင်လေးတွေ အ၀ါလေးတွေ အရစ်ရစ်နဲ့ စပ်ထားတာပါ..
တနေ့  ခြေအိပ်လေးလျှော်ပြီး လှမ်ထားရင်း ပျောက်သွားပါတယ်.။ 
ဘယ်က ဘယ်လို ပျောက်သွားမှန်းကျနော် မသိပါဘူး..တစ်ခြားခြေအိပ်တွေ ရှိနေတော့ ရှာမနေတော့ပါဘူး.
ဒါပေမယ့် ကျောင်းတက်တဲ့ အခါ ကျနော့်အထက်က အကို ဒီခြေအိပ်လေးဝတ်ထားတာတွေ့ပါတယ်။
အဘူက စက်လဲ ချုပ်တတ်တော့ ကျနော့်အကျီလေးတွေ ၊ဘောင်းဘီလေးတွေ ခြေအိပ်လေးတွေကအစ
ချည်အရောင်လေးနဲ့ အမှတ်အသားလုပ်ပေးထားပါတယ်။ ကျနော် ခြေအိပ်လေးကို တစ်ချက်ကြည့်မိပါတယ်..
ကျနော့်အကို ကလဲ ခြေအိပ်ကို ကျနော် ကြည့်မှန်းသိပါတယ်..။ ကျနော် တခွန်းမှ မပြောပါဘူ..။ ပြောလို့ လဲမရဲပါ။
သူက အဖေ့ အချစ်တော်ပါ..။ သူလိုချင်လို့ ဖြစ်မှာပါလေ လို့ ဘဲ တွေးမိပါတယ်..
ကျနော်ဘာမှ မပြောမိပေမယ့် ပြသနာက မပြီးပါဘူး..ကျနော့် အဘူကိုတောင်ပြန်မပြောပါဘူး..။ အဘူသိရင် 
ကျနော်အကို ဆီက ပြန်တောင်းနေမှာစိုးလို့ပါ။
၂ရက်လောက်နေတော့ ကျနော် ညစာ ထမင်းစားနေတုန်း.
ဘယ်မလဲ ဟို ရှိုက်တာန်( မကောင်းဆိုးဝါး) ဆို တဲ့ ကြောက်လန့် ဖွယ် အဖေ့အသံကို ကြားရပါတယ်..
ဘာလုပ်မလို့ လဲ ညီညီထမင်းစားနေတယ်လို့ အဘူပြောသံကြားတာနဲ့  ကျနော့်ကို ရည်ရွယ်တာ သေချာသိလိုက်
်ပြီး ထမင်းစားရင်း တစ်ကိုယ်လုံးတုန်ထွက်သွားတာပါဘဲ။
နင်ဘာမှ ၀င်မပြောနဲ့ မဘူခေါ်ထုတ်စမ်း အဲဒီိကောင်ကို ”
ကျနော့် အဘွားနဲ့ အဒေါ်တွေ ၀င်တားနေတာကို တောင် မ၇ပါဘူး
ဟေ့ကောင် ညီညီိ မင်းထွက်လာစမ်း” တဲ့ ။ ကျနော်မနေရဲပါဘူး ထမင်းစားလက်စ လက်တောင် မဆေးရဘဲ
အပြင်ကို ထွက်လာတော့ အဖေနဲ့ ကျနော့်အကို ကို တွေ့ ပါတယ်..
ကျနော့်ကို တွေ့ တာနဲ့ လည်ဂုတ်ကို ဆောင့်ဆွဲပြီး..
မင်းကလား ငါ့သားကို ခြေအိပ်သူခိုးလို့ ပြောတာ” ဆို တဲ့ စကားနဲ့ အတူ
ကျနော့်လက်နှစ်ဘက်ကို ကနောက်ကနေလိမ်ချုပ်လိုက်တယ်..
ကျနော် မပြောပါဘူးလို့ ပြောလဲ မ၇ပါဘူး..
ကျနော့်အဖေ ပြောတဲ့ စကားသံကို ကြားလိုက်တဲ့ ခဏ ကျနော် အံ့သြသွားမိပါတယ်..
ကဲ..ဗေတာ(သား) မင်းကို သူခိုးလို့ ပြောတဲ့ ကောင်ကို မင်းစိတ်တိုင်းကျထိုးစမ်း”တဲ့ ..
…..
ဒါ..ကျနော်အဖေပြောလိုက်တဲ့ စကားလား….
ဒါ..ကျနော်အဖေပြောလိုက်တဲ့ စကားလား
ဒါ..ကျနော်အဖေပြောလိုက်တဲ့ စကားလား……………..
ဘယ်နှစ်ချက်မှန်း မေ၇တွက်နိုင်အောင် ကျနော့်မျက်နှာကို လက်သီးချက်တွေ ကျနေခဲ့ တယ်..ကျနော် ၀မ်းဗိုက်
ရင်ဘတ်နေရာအနှံ့ ပါ..
အကိုရယ် ..မင်းထိုးနေတာ မင်းညီိအရင်းပါ..
မင်းနဲ့ အမေတစ်ယောက်ထဲ မွေးတားတဲ့ သူပါ..
အကို့ မျက်နှာကို ကျနော် နားမလည်နိုင်တဲ့ စိတ် ၀မ်းနည်းစိတ်နဲ့ ကြည့်မိပါတယ်..
ကျနော့်နှစ်ခမ်းကွဲသွားတာ ကျနော်သိတယ်..
ပါးစပ်ထဲက ငံကျိကျိအရသာကို ကျနော်သိပါတယ်..။ တရစပ် သူစိတ်တိုင်းကျထိုးလို့ ဝမှ“ ရပြီ ..အပါ” လို့ 
သူပြောလိုက်တာနဲ့ အတူ၊ ကျနော့် ကို နောက်ကနေ ဆောင်းတွန်းရင်းလွှတ်လိုက်ပါတယ်..
ပျံ့ ကျဲနေတဲ့ သဲပုံပေါ်မှာ ကျနော် လဲ ကျခဲ့ တယ်
အဘွားငို သံ၊ အဒေါ်တွေ အော်ဟစ်တားဆီးသံ၊ မမငို သံတွေ၊ ကိုဆွေ ၀င်လာတာ..။ဘေးအိမ်က ကိုမန်း
ဝင်ဆွဲတာတွေ ကျနော် ကြားပြီးနောက်..သူတို့ ပြန်သွားကြတယ်..
ကျနော်ငိုရှိုက်ခဲ့ တာ တက်မတတ်ပါ.. ကျနော် ကြေကွဲခဲ့ တယ်..နာကျင်ခဲ့ တယ်..
အဘွားတွေ အဒေါ်တွေက ကျနော့်ကို ကြပ်ထုတ်ထိုးပေးတယ်..။သွေးတွေ သုတ်ပေးတယ်..
ဒီပြသနာ ဘယ်ကစလဲ ဆိုတော့ သူခြေအိပ်ဝတ်ထားတာကို အဘူကတွေ့ တော့ “ညီညီ့ ခြေအိပ်လေးလားဟဲ့ ”
လို့ မနေ့ က မေးမိတယ်လို့ ပြန်ပြောပြတယ်.. သူမေးမိလို့ ကျနော့်ကို ဒီလို လုပ်တာဆို ပြီး အဘူလဲ ငိုတယ်။
အဲဒီညက အဘွားတို့ တအိမ်လုံး မီးစောစောပိတ်ပြီး အိပ်ယာဝင်ကြတယ်..။ ကျနော်က အဘွားနဲ့ အိပ်တာပါ
အိပ်ယာထဲမှာ ကြိတ်ပြီးငို ရှိုက်နေတဲ့ ကျနော့်ကို အဘွားက“ တိတ်ပါ..ငါ့မြေးရယ်”လို့ ချော့ပါတယ်..
ကျနော် မရှိုက်မိအောင် စောင်နဲ့ပါးစပ်ကို အတင်းပိတ်ထားခဲ မိ့ပါတယ်..။ 
တစ်အိမ်လုံး အိပ်လောက်ချိန်ကျမှ ကျနော် အပေါ်ထပ်ကနေ တိတ်တိတ်လေးဆင်းခဲ့ တယ်ညဦးကလှုံထား
တဲ့  ဆောင်းတွင်းမီးဖိုလေးနားမှာ ကျိတ်ထားသမျှ ငို ကြွေးနေခဲံ့တယ်..။ 
လောင် ကျွမ်းနေတဲ့ မီးတွေလို လူတစ်ယောက်ဖြစ်ခဲ့ တဲ့ ငါ့ဘ၀ ပူလောင်လှပါလားလို့  ပထမဆုံးအကြိမ်
တွေးခဲ့ မိတယ်..
တစ်ကယ်လို့ သာ ကျနော့်ကို တဦးတစ်ယောက်အလိုတော်အရက ဖန်ဆင်းခဲ့ တယ်ဆိုရင်
ဘာကြောင့်များ ဒီလို ဘ၀ကို ၀င်စားဘို့ ဖန်ဆင်းခဲ့ တာလဲ..
သူများနဲ့ မတူတဲ့ ဘ၀ကို ဘာကြောင့်ဖန်ဆင်းခဲ့ တာလဲ..
ကျနော် ငယ်လို့ အများကြီိး မတွေးတတ်ပေမယ့်
ကျနော် ငယ်ငယ်လေးနဲ့ ဆုတောင်းခဲ့ ဘူးပါတယ်..။ ဒီလို ပူလောင်ဝမ်းနည်းစရာကောင်းတဲ့ ဘ၀ကို မလိုချင်တော့ဘူးလို့ တွေးခဲ့ တယ်။ 

မီးဖိုက တဖျစ်ဖျစ်တောက်လောင်နေတဲ့  အချိန်မှာ ကျနော့်ရင်ထဲမှာလဲ တဖျစ်ဖျစ်တောက်လောင်ပြိး

ပူနေသလိုပါဘဲ..

အဲလို ငိုနေခိုက်မှာ ဆောင်းလေနဲ့ အတူ ကုက္ကိုလ်ပင်ပေါ်ကနေ ကုက္ကို သီးတွေကြွေကျလာတယ်..

တဖောက်ဖောက်နဲ့ ပါဘဲ..။ ကိုယ့်ဘေးကို ကပ်ကျလာတဲ့ ကုက္ကိုသီးလေးကို ကောက်ယူရင်း ဘာရယ်မဟုတ်ချိုးဖဲ့လိုက်တဲ့အခါ အထဲက ကုက္ကိုစေ့ကို မျက်ရည်တွေကြားက မီးရောင်နဲ့ အတူ မြင်နေရတာပေါ့..။ ဘေးမှာလဲ ကုက္ကိုသီးတွေ ကြွေနေလိုက်တာ..

ဟိုနားကျလိုက် ဒီနားကျလိုက် ဖြစ်နေတဲ့ ကုက္ကိုသီး ကြွေသံတွေနားထောင်ရင်း

လက်ထဲက ကုက္ကိုသီးနဲ့ အစေ့ကို ပြန်ကြည့်မိတယ်..

ကုက္ကိုစေ့လေး တွေ မြေမှာကျပြီး ကြာရင် အပင်လေးတွေပေါက်

အပင်လေးတွေ ကြီးလာတော့ အရိပ်ရ၊ အရွက်စား၊ နွားတွေက အသီးစား၊ အကိုင်းတွေကို အပင်က ခုတ်ပြီး မီးလှုံ

မီးဆိုက်ခံရတဲ့  ကုက္ကိုလ်သားက မီးလောင်ရင်း ပူနေတယ်..

မီးထဲကို မရောက်တဲ့ ကုက္ကိုပင်အကိုင်းတွေက မီးလောင်တာတော့ မဖြစ်ဘူး..

ဒါပေမယ့် မျိုးစေ့ကနေ..အပင်..အပင်က အသီး ..အသီးက အစေ့..အစေ့ကနေ အပင်ပြန်ဖြစ်..

လည်ပါတ်နေတာဘဲ….

..ငါကရော..

ငါက သာ..ကုက္ကို ပင်လေးဆို..ငါလဲ အစေ့ဖြစ်..အစေ့ကနေ အပင်..အပင်ကနေ အစေ့..

အဲဒါဆို ငါရော မီးဆိုက်ခံရမှာလား..

ငါ့ကို ဖန်ဆင်းရှင်က ဖန်ဆင်းထားတာဆိုရင် ဘာလို့  အရိုက်ခံရအောင် ဖန်ဆင်းတာလဲ

ငါ့ခြေအိပ်ကို တစ်ကယ်ခိုးတဲ့သူက ငါ့ကို ထိုးတယ်..

ငါဘာလို့ မတရားခံရတာလဲ..

ကုက္ကို ပင်အဖေနဲ့ အကိုက ကုက္ကိုပင်လေးကို မထိုးပါဘူး

မကျည်းပင်တွေရောမထိုးပါဘူး..

အဒေါ်မွေးထားတဲ့နွားတွေရောအဲဒီလိုမလုပ်ပါဘူး

ဒါဆို လောကကို ဖန်ဆင်းရှင်ဆိုတဲ့ ဘုရားက ဘာလို့ မတရားတာကို ကြည့်နေတာလဲ

အဲဒီလိုတွေးနေရင်း …..
ရင်ထဲမှာ ကြေခဲ့ ရတဲ့ ကောင်လေးတစ်ယောက်ဟာ ဘာကြောင့်ပူလောင်တဲ့ ဘ၀မျိုးကို ဖြစ်စေတာလဲဆိုတာ

ကို ကုက္ကိုတောင့်အသီးလေးကိုင်ပြီး မီးပုံဘေးမှာ မိုးလင်းတဲ့အထိ ထိုင်စဉ်းစားနေခဲ့မိတယ်
ခြေအိပ်လေးတစ်စုံရဲ့  ပြသနာနဲ့ အတူ ကုက္ကိုသီးလေး တစ်တောင့်က ကလေးတစ်ယောက်ဖြစ်တဲ့ ကျနော့်ကို

မျက်ရည်တွေ ကြားကနေ လမ်းစလေး တစ်ခု ပြပေးခဲ့ပါတယ်

 

ဆက်ပါဦးမယ်

ကျော်စွာခေါင်

 

 

About ကျော်စွာခေါင်

kyaw swar kaung has written 80 post in this Website..

ပန်းချီကို လူမှန်းသိတတ်စကတည်းက အရိုက်နှက်ခံပြီး သင်ယူဆည်းပူးခဲ့ပါတယ်.. 3D Animation အတွက် ပန်းပုရုပ်လေးတွေ ဖန်တီးပါတယ်..။ ကဗျာရေးတယ်..စာရေးပါတယ်..။ ထမင်းမေ့ ဟင်းမေ့ စာကို အသည်းအသန်ဖတ်ပါတယ်..။