စိတ်ကောက်ပြေပါ မန္တလေးရယ်…

moonpoemApril 8, 20141min1398

အခုပြီးခဲ့သော ခရီးစဉ်တွင် မန္တလေးသို ့ကျွန်မရောက်ရှိခဲ့သည်။ဧည့်သည်များကို ကျုံးဘေးတစ်လျှောက် ဒီဇိုင်းအမျိုးမျိုးဖြင့် တည်ဆောက်နေကြသော ကျုံးဘေးရှိမဏ္ဍပ်များအကြောင်း မြန်မာ့နှစ်ကူး၊ သင်္ကြန်ရေသဘင်ပွဲတော်အကြောင်းများကို ပြောပြသည်။ရှော့ပင်းစင်တာဘက် ရောက်သည့်အခါတွင်လည်း ပိတောက်ပန်းများဖြင့် အလှဆင်ထားပြီး ဒိုးသံ ဗုံသံတို ့ဖြင့် သင်္ကြန်သီချင်းများဖွင့်ထားပြန်တော့ ကျွန်မစိတ်ထဲ မြူးလို ့နေပြန်သည်။

ဧည့်သည်တောင် ကျွန်မပုံစံကိုကြည့်ပြီး နောက်သည်။ ရွှေ..မန္တလေးမှာ နေခဲ့ချင်နေပြီနဲ ့
တူတယ်တဲ့။ကျွန်မသည် မန္တလေးသို ့အလုပ်နှင့် မကြာခဏဆိုသလို ရောက်ဖြစ်သော်လည်း အိမ်ကမြိုထဲနှင့်မနီးသဖြင့် မပြန်ဖြစ်ပါ။ဒီတော့လည်း မန္တလေးနှင့် ကိုယ်က သိပ်ရင်းနှီးသော်လည်း စိတ်ကောက်ပြီး မခေါ်ကြသည့် သူငယ်ချင်း တစ်ဦးပမာ စိမ်းကားနေခဲ့သည်သာ။

စိတ်ကောက်နေသည့် မန္တလေးကို ချော့ဖို ့ကျွန်မရက်အကြာကြီး မစောင့်နိုင်ခဲ့ပါ။ ဒါကြောင့်ပဲ မနေ ့က
အလုပ်ပြီးပြီဆိုကတည်းက ကျွန်မဒီနေ ့ပြန်ဖို ့ဆုံးဖြတ်ခဲ့သည်လေ။အခု သူနှင့် ကိုယ်နှင့် ပြန်ခေါ်ကြတော့မည်မနက် မိုးလင်းလင်းချင်း အိပ်ရာထလိုက်ပြီဆိုကတည်းက ရင်တွေခုန်နေမိသည်။

ရင်ခုန်မိတာ မဆန်းပါဘူး။သင်္ကြန်ဆိုတာကတော့ တစ်နိုင်ငံလုံးကျင်းပကြတာပါပဲလေ။
ဒါပေမယ့်လို ့မန်းသင်္ကြန် မန်းသင်္ကြန်လို ့နာမည်ကြီးတာ၊ သင်္ကြန်ဇာတ်ကားကြီး သင်္ကြန်မိုးက
တို ့မန်းမြေမှာ အခြေတည်ခဲ့တာတွေကြောင့်တစ်နိုင်ငံလုံးကျတဲ့ သင်္ကြန်ပွဲမှာတောင် ကျွန်မက မန္တလေးသင်္ကြန်က ပျော်စရာအကောင်းပါဆုံးပါလို ့တွေးတာ မလွန်ပါဘူးနော်။

ပျော်စရာကောင်းတဲ့ မန္တလေးရဲ ့ရင်ခွင်ကို ပြန်ခိုလှုံမယ့် နှစ်တိုင်းနှစ်တိုင်းရဲ ့ နှစ်သစ်ကူးရုံးပိတ်ရက်လေးဟာ ဘဝရဲ့ အဓိပ္ပါယ်အရှိဆုံး နေ ့ရက်လေးတွေပါပဲ။ဒီနေ ့က ကိုယ်နှစ်တိုင်း မျှော်ရတဲ့ ပိတ်ရက်ရှည်မှာ မန္တလေးကို ပြန်မယ့် နေ့ရက်လေးဆိုတော့ တော်တော်ပျော်နေမိပါတယ်။

ချစ်ရသော အဘွားနှင့်အမေ၊လွမ်းရသော သူငယ်ချင်းများ၊ တမ်းတခြင်းများစွာဖြင့် ဖြတ်သန်းနေကြ မန္တလေးကလမ်းလေးတွေရေ ကိုယ်မင်းတို ့ဆီ အရောက်ပြန်လာနေပါပြီ။ ပျော်ပျော်ရွှင်ရွှင် တီးကြ ဆိုကြ ရယ်ကြ မောကြမယ့် သံချပ်တွေကို နားထောင်ဖို့၊မန္တလေးက ရွှေခြေချင်းဝတ်ပြီး ကမယ့် ယိမ်းအကအလှတွေကို ပြေးကြည့်ဖို ့၊မန်းသင်္ကြန်နဲ့ ခွဲမရတဲ့ငွေငန်းမြို ့မကြီးကို ငေးကြည့်ဖို ့ ကိုယ်အမြန်လာနေပါပြီ။

ချစ်သော မန္တလေးရေ…အလွမ်းတွေနဲ ့ပြန်လာမယ့် ကိုယ့်ကို စိတ်ကောက်ပြေလိုက်ပါတော့နော်…။
မန္တလေးမြို ့အဝင်မှာ… အပြုံးတံခါးတွေနဲ ့ဆီးကြိုပေးပါနော်….။

8 comments

  • ကေဇီ

    April 8, 2014 at 12:41 pm

    မန်းသင်္ကြန်လို ့နာမည်ကြီးတာ၊ သင်္ကြန်ဇာတ်ကားကြီး သင်္ကြန်မိုးက
    တို ့မန်းမြေမှာ အခြေတည်ခဲ့တာတွေကြောင့်တစ်နိုင်ငံလုံးကျတဲ့ သင်္ကြန်ပွဲမှာတောင် ကျွန်မက မန္တလေးသင်္ကြန်က ပျော်စရာအကောင်းပါဆုံးပါလို ့တွေးတာ မလွန်ပါဘူးနော်။

    မလွန်ပါဘူးး ကွယ်။

    😀

  • Mr. MarGa

    April 8, 2014 at 2:25 pm

    မန်းသားတွေအတွက်
    မန်းသင်္ကြန်ဆိုတာ ဘယ်လိုမှ မေ့လို့မရဘူးလေ
    ဟုတ်တယ်မလားဟင်
    :mrgreen:

  • နောက်နှစ်သင်္ကြန် မန်းကိုလာခဲ့မယ်..
    ဒေးဒရဲသင်္ကြန်ကတော့ သူငယ်ချင်းတွေစုံလို့ ပျော်စရာကောင်းတာကလွဲလို့ ကျန်တာ ဘာမှ မရှိ.. :mrgreen:

  • alinsett (gazette)

    April 8, 2014 at 3:34 pm

    မန်းလေး သင်္ကြန်ကိုတော့..
    တစ်နှစ်လောက် ကြုံချင်သေးတယ်..ကွယ်..

  • ခင် ခ

    April 8, 2014 at 3:52 pm

    မန်းမြေကို မန်းသူတွေ သင်္ကြန်ရုံးပိတ်ရက်ရှည် အလွမ်းပြေပြန်လာတော့
    မန်းမှာနေသူ ကျုပ်ကတော့ သင်္ကြန်ပိတ်ရက်ရှည် မွေးရပ်မြေကို လွမ်းလွန်လွန်းလို့ ပြန်ရသမို့
    မန်းမြို့အဝင်မှာ အဝင် အထွက် လက်လေးပြလျှက် နုတ်ဆက်ချင်ပါရဲ့ဗျာ။

  • ကျော်စွာခေါင်

    April 9, 2014 at 12:56 am

    လပြည့်ကဗျာ…
    သူစိတ်ကောက်ပြေတဲ့အခါ မီးစင်ကြည့်ကပြီး ကျနော်ကပါ တောင်းပန်ကြောင်းနဲ ့ ကျနော့်ကိုလဲ စိတ်မကောက်ဘို ့ ပိုပြောပေးပါ..။
    သင်္ကြန်မှာ ပျော်နိုင်ပါစေ…

  • lu lu

    April 22, 2014 at 6:51 am

    မန်းမြေ နဲ ့ဝေးနေရတာ သုံး နှစ် ရှိပြီ အခုလို မန်းပုံရိပ်
    ပါတဲ့စာလေး တွေဖတ် ရ တော့ အလွမ်းပြေသလိုနဲ ့
    ပိုလွမ်းနေရပါတယ်ကွယ်

  • Ma Ma

    April 22, 2014 at 7:50 am

    မန်းသင်္ကြန်နာမည်ကြီးတယ်ဆိုတာ မလွန်ပါဘူး။
    ဝင်းဦးတို့ခေတ်က မောင်တို့ချယ်ရီမြေ မှာကတည်းက နာမည်ကြီးခဲ့တာ။ 🙂

Leave a Reply