မောင်ဆာမိနှင့် ကမောက်ကမ ဖြစ်ရပ်များ

ေမာင္ရိုးApril 8, 20141min25236

အောက်ဖေါ်ပြပါ အကြောင်းအရာတို့သည် စာရှုသူတို့အား မည်သည့် ဗဟုသုတမျှ

ပေးနိုင်မည်မဟုတ်ပါ ။ အကျိုးတစ်စုံတရာလည်းပြုနိုင်မည်မထင်ပါ ။ ထွေရာလေးပါး ပုံတိုပတ်စများသာဖြစ်ပါသည် ။

သို့သော် …………

၁၈ နှစ် မပြည့်လည်းဖတ်လို့တော့ရပါသည် ။

 

တကယ်တော့ သင်္ကြန်နားနီး၍လူဝင်နဲပါးချိန်၌ လူမရှိတုန်းလေး ပေါက်ကရလုပ်ခြင်းမျှသာ ။

ပုထုဇဉ်သဘောသည် ဤသို့ဖြစ်လေသည် ။ဆိပ်ကွယ်ပြီထင်သည်နှင့် ဖေါက်လာပါလေပြီ ။

ယခုလည်း မောင်ဆာမိတစ်ယောက် ပုထုဇန ပီပီ အနည်းငယ်တော့ ပေါက်ကရလေး ရေးမိသည်ပေါ့ ……။

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

မောင်ဆာမိနှင့် နှိုးစက် >>>>

 

 

နံနက်စောစောထရခြင်းသည် မောင်ဆာမိတို့ ငယ်စဉ်ကတည်းက လုပ်ခဲ့ရသည် ။ ထို့ကြောင့် အိပ်မှုန်စုတ်ဖွားဖြင့် ထရသော

နံနက်ပေါင်းများစွာကို အတွင်းစိတ်မှ ဆန့်ကျင်ခဲ့လေသည် ။ သို့သော် ယနေ့တိုင် ထနေရသေးသည် ။

ည ဘယ်လောက်နက်နက်နေနိုင်သော်လည်း နံနက်စောစောထဖို့ နှိုးစက်အားကိုးခဲ့ရသည်မှာ ငယ်စဉ်ကတည်းကပင် ။

ထို့အပြင် တစ်ခါ နှစ်ခါ နှိုးစက်အော်ရုံဖြင့် အပြီးအပိုင်မနိုးသောအကျင့်ဆိုးသည်လည်း

ယနေ့တိုင်ရှိနေပြန်သေးသည် ။ ထို့ကြောင့် အရေးကြီးသောနေ့များတွင် နှိုးစက်သုံးလုံးကို နေရာခွဲပြီးထားရသည် ။

 

 

ထားသောနေရာအားလက်တစ်ကမ်းဖြင့်မမှီသောနေရာလည်းဖြစ်ရမည် ။ သို့မှသာ ယောင်ယမ်း၍ နှိုးစက်များကို လွှင့်ပစ်၊ကိုင်ပေါက်ခြင်းမှ ကင်းဝေးပါလိမ့်မည် ။

ဤသို့ နှိုးစက်သံမည်လျှင် လွှင့်ပစ်တတ်သော မောင်ဆာမိသည် မကြာလှသေးသော အချိန်တုန်းကလည်း

ဟာဝေးဖုန်းတပတ်နွမ်းလေးကို ယောင်ပြီးလွှင့်ပစ်မိသောကြောင့်

ချစ်လှစွာသော ဂဇက်ရွာနှင့် အတန်ကြာအဆက်ပြတ်ခဲ့ရသေးသည် ။

သင်တို့ရော … လွှင့်ပစ်ဖူးပါသလား .? 🙂

 

 

မောင်ဆာမိ နှင့် ရတာ နာထုတ် >>>>

 

တစ်ခါကဖြစ်သည် ။

ဘတ်စ်ကားသမားတို့သည် ခရီးသည်များနှင့်မကြာခဏ ကတောက်ကဆဖြစ်တတ်လေသည် ။

ထိုအခါ ခရီးသည်များက ပညာပေးလေတော့သည် ။

ယခုလည်း …………

 

” ဟေ့ ကားသမားတွေ ခဏရပ်ဦးကွ သေးပေါက်ချင်လို့”

 

အထက်ပါအတိုင်းအော်ပြောသံသည် ကားနောက်ဆုံးတန်းမှထွက်ပေါ်လာလေသည် ။

ရပ်ပေးချင်ပါသော်လည်း တံတားအဝင်တန်းစီပြီးသွားနေရသည်ဖြစ်၍ တံတားကျော်မှသာဖြစ်နိုင်ပေလိမ့်မည် ။

 

” ဦးလေးရေ ခဏလေးအောင့်ထားဦး တံတားကျော်ရင်ရပ်ပေးမယ် ”

အထက်ပါအတိုင်း စပယ်ယာကြွက်နီမှ အော်ပြောလိုက်သည် ။

 

“ဟေ့ကောင်တွေ !!! မရပ်ပေးရင် ငါ ပေါက်ချလိုက်မှာနော် ”

 

ကျနော်တို့ပြန်မပြောတော့ပါ ။ ခရီးသည်ဆိုသည်မှာ ထိုသို့ဖြစ်တတ်သဖြင့် မသိဟန်ဆောင်နေလိုက်သည် ။

မကြာပါ …… တံတားကျော်ပြီးချိန်၌ လမ်းဘေးတွင်ထိုးရပ်ပေးလိုက်သည် ။

 

 

 

 

” ကဲ ကဲ ခရီးသည်များ ပေါက်ကုန်းရောက်ပြီနော် ပေါက်ကုန်း … ရှေ့မှာမရပ်တော့ဘူး သွားထားကြနော် ”

 

အထက်ပါအတိုင်း ကြွက်နီမှလိုက်လံအော်ပြောလေသည် ။

ထိုစဉ်က လမ်းတွင် အပေါ့အပါးသွားလိုက လမ်းဘေးတွင်သာ အဆင်ပြေသလိုသွားကြရသည်မှာ ထုံးစံပင်ဖြစ်၏ ။

 

ဤသို့ဖြင့် နံနက် ၄ နာရီခန့်တွင်စော်ဘွားကြီးကုန်းအဝေးပြေးစခန်းသ်ု့ရောက်ရှိပြီး ခရီးသည်များအား ဆင်းစေ၍ကားနားဝန်းသို့ လာခဲ့ကြသည် ။ နောက်ဆုံးခုံတန်းသည် မောင်ဆာမိ၏ ပန္ဓုကမ္ပလာမြကျောက်ဖျာဖြစ်လေသဖြင့်

နေရာယူအိပ်စက်လိုက်ပါတော့သည် ။

နံနက် လင်းလေသော် မျက်နှာသစ်ရန်အထ ခြေထောက်အောက်တွင် ပျော့စိစိအထုတ်တစ်ထုတ်နင်းမိသဖြင့်

ဆွဲယူပြီးကြည့်လေသော် ……………………

ကြွတ်ကြွတ်အိပ်ဖြင့် ထုတ်ပိုးထားလေသော အီအီး ထုတ်ကြီးအား အခန့်သားတွေ့ရသည်အခိုက် ………

&#&@$#&$%#&$%#%$&$*#%#%%@% :mrgreen:

 

 

 

 

မောင်ဆာမိ နှင့် သူခိုး >>>>>

 

 

မောင်ဆာမိ လူငယ်ဘဝကဖြစ်သည် ။ မောင်ဆာမိတို့ အိမ်တွင် လွန်စွာမှညံ့ဖျင်းလေသော ကြောင်တစ်ကောင်ရှိခဲ့ဖူးသည် ။

ထိုကြောင်သည် သစ်ပင်တက်တမ်းကစား၏။သစ်ပင်ပေါ်ရောက်သော် မဆင်းတတ်သဖြင့် လှေကားထောင်ပေးရသည်မှာ အကြိမ်ကြိမ် ။

တစ်ခါကလည်း မြေကြွက်နှင့်ဖိုက်တင်ချသည်တွင် ကြွက်ကိုက်ခံရသဖြင့် ဒဏ်ရာများရခဲ့ဖူးသည် ။ ယခုလည်း အခြားအိမ်မှ ကြောင်တစ်ကောင်

လာ၍ကိုက်တတ်သဖြင့် ထိုကြောင်အား မောင်ဆာမိမှာ လုံခြုံရေးလိုက်ပေးနေရသည် ။

 

ဘယ်ဖက်လက်တွင်ဓတ်မီး ၊ ယာဖက်လက်တွင် ဝါးရင်းဒုတ်ဖြင့် အစဉ်သတိကြီးစွာထားနေတတ်သော မောင်ဆာမိမှာ

ထိုနေ့ညအဖို့ မီးပျက်သဖြင့် အထူးပင် နိုးနိုးကြားကြားဖြစ်နေရတော့သည် ။

ညသည် တိတ်ဆိပ်လျှက် …… တချက်တချက် ပုရစ်အော်သံများသာကြားရသည့်အခိုက် ……

ချွတ် ဖြောက် ဟူသော သစ်ကိုင်းကျိုးသံလိုလို သစ်ရွက်ခြောက်နင်းသံလို ကြားလိုက်ရသည် ။

ဟိုဘက်အိမ်က ကြောင်ဘီလူးကြီးတော့ လာခြေပြီ ထင့် ?

 

 

ရန်သူ !! ဟုတ်သည် ။ ရန်သူ ခြံထဲရောက်နေလေပြီ ။

အနောက်ဖက်မီးဖိုဆောင်တံခါးသို့ လွှားကနဲ အရောက်သွားလျှက် ဆွဲဖွင့်လိုက်လေသည် ။

ပြီးနောက်

ဓတ်မီးကို မီးကုန်ဖွင့်၍ ထိုးလိုက်သည်တွင် ……

အဝတ်တန်းကိုကွယ်၍ ပုန်းနေသော လူစိမ်းကိုတွေ့လိုက်ရသည်။

ရုတ်တရက်မထင်ထားသောအဖြစ်ကြောင့်မှင်တက်နေသေးသည် ။ ပြီးမှသတိယသဖြင့် …

သူခိုးးး !!! သူခိုးးးး!!!

 

ထိုသို့ ဓတ်မီးထိုး၍ အော်ဟစ်ဆဲတွင် သူခိုးပြေးလေတော့သည် ။ မောင်ဆာမိ၏သုံးတောင့်ထိုးဓတ်မီးမှာလည်း မီးသီးကျွမ်းသွားလေပြီ ။

ခြုံနွယ်များထူထပ်လှသောခြံထဲသို့ မှောင်ကြီးမဲကြီး ဓတ်မီးမပါဘဲဆက်မသွားနိုင်ခဲ့ပါ ။

သူတို့ဘယ်နှစ်ယောက်ပါသလဲ မသိနိုင်သောကြောင့်ဖြစ်လေသည် ။

သို့နှင့် ခုနှစ်သံချီတင်၍ အော်ဟစ်နေဆဲတွင် သူခိုးမှာထွက်ပြေးသွားခဲ့သည် ။

တစ်ရပ်ကွက်လုံးဝိုင်းလိုက်ပါသည် ။

ဖမ်းမမိခဲ့ပါ ။ ထိုအချိန်မှစ၍ မောင်ဆာမိတစ်ယောက်မှာ က.စ.လ မှထုတ်လုပ်သော မီးသီးကို စိတ်နာလျှက် သူခိုးမမိလိုက်ခြင်းအပေါ် ကြီးစွာခံပြင်းလျှက်ရှိလေတော့သည် ။

 

အထက်ပါအဖြစ်အပျက်များဖြစ်ပွားပြီး ၁ဝ နှစ်ခန့်ကြာသော် …………

 

မောင်ဆာမိ နှင့် မင်္ဂလာဦးည >>>>>

 

 

မင်္ဂလာပွဲဟူသည် လွန်စွာ ကိစ္စများလေသည် ။

ဧည့်ပရိတ်သပ်များကို ဧည့်ခံရခြင်း ၊ နှစ်ဖက်ဆွေမျိုးများအား လိုက်လံဧည့်ခံနှုတ်ဆက်ရခြင်း ၊ အပေါင်းအသင်းများအား

ကျွေးမွေးဧည့်ခံရခြင်း စသည်ပြုဖွယ်များကို မူးနောက်နေအောင်လုပ်ကြရလေသည် ။

အိမ်ပြန်ရောက်တော့ ည ၁၁ နာရီနီးလေပြီ ။ ပင်ပန်းလွန်းသဖြင့် ပစ်လှဲ၍ အိပ်လိုက်ချင်သည် ။

သို့သော်……

 

တစိမ်းတစ်ယောက်နှင့်အတူ အိပ်ရမည့်အရေးသည်အနည်းငယ်တော့ ကသိကအောက်ဖြစ်နေမိသည် ။

( ဇနီးမယားဟူသည် တစ်ခါတုန်းကတစိမ်းပင်မဟုတ်ပါလော ..   :kwi:  )

ထို့နောက် မအိပ်ဝံ့ဝံ့ အိပ်ဝံ့ဝံ့ ဖြင့် အိပ်ရာဝင်ခဲ့လေသည် ။

( _____________ delete by စာရေးသူ___________ :mrgreen: )

ဤသို့ဖြင် ့ သန်းကောင်ကျော်ချိန်သို့ရောက်သောအခါ မောင်ဆာမိ ဇာတိပြလေတော့သည်။

 

သူခိုးးးဗျို့ !!¡¡¡ သူခိုးးး သူခိုးးးးးးးးး

 

မင်္ဂလာဦးည သတိုးသား၏ စူးစူးဝါးဝါးအော်ဟစ်သံကြောင့် အိမ်နီးဝန်းကျင်မှ လူများယောက်ယက်ခတ်ကုန်သည် ။

ဘေးအိမ်မှ ညသန်းကောင် အပေါ့အပါးထသွားသောမိန်းမကြီးတစ်ဦးမှာ

ရှူရှူးပေါက်လျှက်တန်းလန်း ထပြေးသည်။ သူ့ယောက်ကျား ဦးလေးကြီးမှာ

လှေကားပေါ်မှအဆင်း ကြမ်းပေါက်ကျွံ၏ ။ လမ်းထိတ်မှဆိုက်ကားသမားများလည်း ဖဲရိုက်နေရာမှ ဖဲဝိုင်းဖျက်လျှက်ပြေးလာကြသည် ။

ခလေးငယ်တို့ အလန့်တကြား ထငိုသည် ။

ပတ်တရောင်လှည့်နေသော ရဲများအပြေးတပိုင်း ရောက်လာကြသည် ။

ဤသို့ဖြင့် စာရင်းချုပ်လေသော် ………

 

တခါတုန်းက တစိမ်းဖြစ်ခဲ့လေသော အသစ်စက်စက်ဇနီးသည်မှာ ရှက်ရွံ့အားငယ်စွာဖြင့် ဝိုင်းအုံလာသော လူအုပ်ကြီးအား

” ကျမ ယောက်ကျားအိမ်မက် မက်ပြီးယောင်တာပါရှင် ” ဟု တောင်းပန်ရလေတော့သည် ။

လူအုပ်ကြီးမှာ ရယ်ရအခက် ငိုရအခက်ဖြင့် ပြုံးစိစိလုပ်ပြီးလျှင် —

မင်္ဂလာဦးသတိုးသား ဆေးစားမှားတာဟူ၍လည်းကောင်း ……

မည်သို့ မည်ပုံ ကြုံရလေသဖြင့် အိမ်မက်ဆိုးများမက်လေသည် ဟူ၍လည်းကောင်း ………

 

 

 

 

 

 

 

ဘုရားရှိခိုးရန် မေ့သွားသဖြင့် နတ်များက အိမ်မက်ပေးသည် ဟူ၍လည်းကောင်း …………

အဆိုပါ အိမ်တွင် ပုဂ္ဂိုလ်တစ်ဦး အဖြူဝမ်းဆက်ဖြင့် ရှိနေတတ်သောကြောင့် ဟူ၍လည်းကောင်း ……

အမျိုးမျိုး အဖုံဖုံ ထက်မြင်ချက်များပေးလျှက် …………………

 

ငယ်စဉ်ကသူခိုးမမဖမ်းမိခဲ့သောသတိုးသား မောင်ဆာမိမှာကား ………

” အဲဒါ ရှင့်ကြောင့် ” ဟူ၍ ……………

 

 

 

(အလျင်းသင့်ပါက ထိုသို့သော ကမောက်ကမ ဖြစ်ရပ်လေးများ ရေးပါဦးမည် )

 

 

လေးစားလျှက်

မောင်ဆာမိ

 

 

 

 

 

 

 

36 comments

  • ကေဇီ

    April 8, 2014 at 3:06 pm

    Will be back soon.
    I also intend to write that kind of post while lesser ppl come to MG.

    😀

    • surmi

      April 9, 2014 at 9:18 am

      အချိန်မရွေး :mrgreen:

  • Nyo Win

    April 8, 2014 at 3:17 pm

    “မင်္ဂလာပွဲဟူသည် လွန်စွာ ကိစ္စများလေသည် ။”
    ဟီဟိ….အဲသကြောင့်…ဆရာညို ဤတောင်ကိုမဖြိုပါ။ 🙂

    • surmi

      April 9, 2014 at 9:26 am

      @ ဆရာညို
      မကြောက်ပါနဲ့ အစ်ကိုရယ်
      ဖြိုသာဖြို လိုက်စမ်းပါ ဟဲဟဲ
      အချိန်မီသေးတယ်နော 🙂

      @အလက်ဆင်း
      အသာလုပ်ပါ ညီလေးရယ်
      အခုတလော ဆရာမင်းလူတွေအဖတ်များနေလို့ပါ နော

      ကျုပ်လည်း သူများတွေကိုမထောင်းရဲလို့ ကိုယ့်ဟာကိုထောင်းနေရတယ်ဟေ့ :kwi:

  • alinsett (gazette)

    April 8, 2014 at 3:26 pm

    ရေးဟန်က..ဖတ်ရင်း ဖတ်ရင်းနဲ ့..(ဆရာ)မင်းလူ ရဲ ့ရေးဟန်လေးနဲ ့တူတူသွားလို ့…
    ——————-

    ထို့အပြင် တစ်ခါ နှစ်ခါ နှိုးစက်အော်ရုံဖြင့် အပြီးအပိုင်မနိုးသောအကျင့်ဆိုးသည်လည်း

    ယနေ့တိုင်ရှိနေပြန်သေးသည် ။ ထို့ကြောင့် အရေးကြီးသောနေ့များတွင် နှိုးစက်သုံးလုံးကို နေရာခွဲပြီးထားရသည် ။

    ————-
    အဲဒါ… ကျနော်နဲ ့တူသား..
    ကျနော်ကတော့..နှစ်လုံး….
    တစ်လုံးကိုနှစ်ခါတိတိ အော်ပြီးမှ…ထတာ..။
    ဟီဟိ
    (ကိုယ့်ပေါင်ကိုယ်လှန်ထောင်းခြင်း )

  • black chaw

    April 8, 2014 at 3:33 pm

    ၁၈ နှစ် မပြည့်လည်း ဖတ်လို ့ ရတယ်ဆိုလို ့…
    ဝင် ဖတ်သွားပါတယ်…အကို…။
    မင်္ဂလာဦးည ဆိုတဲ့ ပြဇာတ်…ကို
    မိုးဒီ နဲ ့ မော့စ်တို ့ ကခဲ့ဘူးတယ်…။
    အိပ်မယ်လုပ်လိုက်…
    လာနှောင့်ယှက်လိုက်…။
    ကိုဆာမိ မင်္ဂလာဦးညကျတော့…
    တစ်ခါတည်းကို
    တန်းအိပ်တော့တာပဲ…။
    ဟေးဟေး…။

    • surmi

      April 9, 2014 at 9:35 am

      @ကိုဘလက်
      ၁၈ နှစ် မပြည့်သေးသူပေါ့ 🙂
      တခါတည်းတော့ တန်းမအိပ်ပါဘူးအစ်ကိုရယ်
      ခြေဆေး လက်ဆေး ပြီးမှအိပ်တာပါ :mrgreen:

      @မသဲနု
      တခါတလေ ဖြစ်ရပ်မှန်တွေပေမယ့်
      ပြန်တွေးမိရင် ခုထိရီချင်နေသေးဗျ
      ဘာရယ်မဟုတ်ပေါက်ကရတွေရေးနေမိတာပါလေ ဟဲဟဲ

  • TNA

    April 8, 2014 at 4:43 pm

    ရီလိုက်ရတာ။ မရီရတာကြာပြီ ကဆာမိရေ။ ကျေးကျေးပါ။

  • ကေဇီ

    April 8, 2014 at 5:24 pm

    သားကို လိုချင် အဖေ ကြည့် တဲ့။
    :s:

    ဒီ လူဂျီး လည်း ဂလို ပေါက်ကရ အဖြစ်ရှိသကိုးးးးး
    😀

    အစည်းအဝေးခန်းထဲ စာခိုးဖတ်ပြီး ရီမိလို့။
    ဟိဟိ။ :mrgreenn:

    • surmi

      April 9, 2014 at 9:41 am

      @မခိုင်ဇာ
      အခုတော့သိပြီ ဟုတ်
      ဒီလိုကမောက်ကမ ဖြစ်စဉ်တွေနဲ့အတူ
      ထင်မိယောင်မှားအဖြစ်တွေလည်းကျန်သေးဗျ
      သင်္ကြန်တွင်းမှာ လူမရှိတုန်း ပေါက်ကောင်ဖွင့်မလားးး လို့ 🙂

      @အစ်မစနိုး
      မြန်မြန်လေးရေးပါဗျာ
      သိချင်စိတ်ကို တန်းလန်းကြီးမလုပ်ခဲ့ပါနဲ့
      ဝဋ်လည်တတ်တယ် နော ဟဲဟဲ

  • snow smile

    April 8, 2014 at 7:15 pm

    သူ ခိုး အ ကြောင်း တော့ ပြော ပြ ချင် သေး တယ်
    ကျွန် မ နှင့် သူ ခိုး များ ဆို ပြီး ပို စ့် ရေး မှ ရ မယ်
    ကို ဆာ မိ ရေ

  • padonmar

    April 8, 2014 at 9:54 pm

    အဲဒါတွေ တကယ်လား။
    ရီလိုက်ရတာ..ဂျလေဘီရယ်။

    • surmi

      April 9, 2014 at 9:47 am

      အစ်မပဒုမ္မာရေ
      ထိမ်ချန်ထားတဲ့စာမျက်နှာလေးတွေပါ ဗျာ ဟဲဟဲ
      အသေးစိတ်သိချင်ရင်တော့ရွာကွတ်ပစ်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပေးမယ်လေ
      :mrgreen:

      @ဆရာခေါင်

      အပျော်သက်သက် အထုတ်ဖြေလိုက်တာပါ
      အထုတ်ကတော့ ကိုယ်ပိုင်စစ်စစ်ပါပဲ
      နဲနဲလေးမှ မဖေါက်ရရင် မနေနိုင်လို့ 🙂

  • ကျော်စွာခေါင်

    April 9, 2014 at 12:28 am

    ကိုဆာ
    ဖတ်လို ့ကောင်းတယ်ဗျ..
    လူတွေမှာ အကျင့်တစ်မျိုးစီတော့ ရှိတတ်ကြတာဘဲ..
    ခုလို အရွှန်းလေးနဲ ့ရေးတော့ ဖတ်ရသူမှာ စိတ်ချမ်းသာရတယ်..
    ဆက်ရေးပါဗျာ….။

  • kai

    April 9, 2014 at 8:45 am

    မင်္ဂလာနောက်မနက်( ဦးပြီးနောက်တရက်မနက်).. ဘေးမှာအိပ်နေတဲ့. ယောက်ျားကို.. သူစိမ်းမှတ်ပြီး..ရဲဖုန်းဆက်တိုင်တာမျိုးတကယ်ရှိဖူးတယ်… တဲ့..။
    လယ်ပင်းထမညစ်တာ.. ကံကောင်း..။ :mrgreen:

    • surmi

      April 9, 2014 at 9:53 am

      ဟမ် ! သဂျီးပြောတာနောက်ကျနေပြီ
      လက်ပြန်တော့ ရိုက်ဖူးတယ် :kwi:

    • surmi

      April 9, 2014 at 9:58 am

      ဂျီးဝါး
      အားရပါးရ ရီတယ်ပေါ့ ဟဲဟဲ
      သာဒု ဗျာ သာဓု :mrgreen:

      @သဂျား
      မောင်အံနဲ့တော့ ဒီအကြောင်းတွေပြောဖူးလားမသိ ။
      နောက်လာမယ့် အကြောင်းတချို့တော့ပြောဖူးတယ်ထင်တာဘဲ
      🙂

  • Mr. MarGa

    April 9, 2014 at 9:26 am

    ဟီးးးးး ပြောတတ်တော့ဘူး
    တခွီးခွီးနဲ့ ရယ်နေရလို့ ဘာပြောရမှန်းမသိ :mrgreen:

  • surmi

    April 9, 2014 at 10:01 am

    အစ်ကိုရေ
    သူများတွေကို လျောက်ကြပ်ရင်းနဲ့
    ကိုယ့်ဟာကိုယ် ပြန်ကြပ်နေမိတာ ဟဲဟဲ

  • Shwe Ei

    April 9, 2014 at 12:00 pm

    အိ်ပ်ယာအစောကြီးထစရာမလိုတဲ့ ဘဝလောက်ငြိမ်းချမ်းတာရှိပါအုံးမလား အန်ကယ်ဆာရယ်…..

    ဒီအတိုင်းဘဲနေတာကောင်းပါတယ်နော 🙂

    • surmi

      April 9, 2014 at 1:23 pm

      ဘယ့်နှယ်ပြောပါလိမ့်မရွှေအိရယ်
      အကောင်းဆုံးစည်းစိမ်ပေါ့ဗျာ
      အကုန်အကျအလွန်သက်သာတဲ့တစ်ခုတည်းသောဇိမ်ယူနည်းက
      ကောင်းကောင်းအိပ်စက်ခြင်းပဲမဟုတ်လား :kwi:

      @မွန်မွန်

      ရေးတော့ရေးချင်ပါသေးတယ်
      ဒါပေမယ့်
      ဖုံးကွယ်ထားတဲ့စာမျက်နှာတွေဆိုတော့လေ :mrgreen:

  • ဟီး.. မနေ့ကတည်းက ဖတ်ပြီး မန့်မလို့ကို အနားကို လူကြီးရောက်လာတာနဲ့ ပိတ်လိုက်တာ..
    မန့်ပြီးပြီ ထင်နေတာ..

    ထပ်ရေးပေးဦး.. အူးဆာ

  • kyeemite

    April 10, 2014 at 8:45 am

    ( _____________ delete by စာရေးသူ___________ :mrgreen: )
    စိတ်ဝင်စားစရာလေးတွေလူချင်းတွေ့မှတိုးတိုးမေးပါမယ်…ဟီဟိ
    ကဆာမိအရေးအသားလေးဖတ်ပြီး ..ပြုံးတုံ့တုံ့ဖြစ်မိပါတယ်…
    “မင်္ဂလာပွဲဟူသည် လွန်စွာ ကိစ္စများလေသည် ။”
    ကျုပ်တုန်းက…ဆောင်တာကရန်ကုန်…ခန်းဝင်တာကပဲခူး
    ရန်ကုန်အဖွဲ့ကို ဒင်နာပေးပြီး ၁၁နာရီလောက်မှ ပဲခူးပြန်
    ပဲခူးကစောင့်နေသူတွေနဲ့ဒင်နာဆက်နွှဲ..ဆိုတော့…
    ချီးယားအလုပ်ကောင်းလိုက်တာ…အာရုံတက်တော့မူးပြီးမှောက်နေပြီ 😀

    • surmi

      April 10, 2014 at 10:23 am

      ဖြစ်မှဖြစ်ရလေခြင်း ဦးမိုက်ရယ်
      မင်္ဂလာဦးည မဖြစ်ပဲ မင်္ဂလာဦး မနက်ဖြစ်သွားတာပေါ့ ဟဲဟဲ
      ထူးထူးခြားခြားလေးပေါ့ :kwi:

  • Ma Ma

    April 10, 2014 at 9:50 am

    မနက်စောစောထရတဲ့ ဒုက္ခဆိုတာ ကျမတို့လို အအိပ်မက်သူတွေအတွက် တကယ့် ဒုက္ခကြီးပဲ။
    ကျောင်းနေစဉ်သက်တမ်းတလျှောက် တစ်ခါမှ (စာမေးပွဲနီးတာတောင်) မနက်စောစောထပြီး စာမကျက်ဖူးဘူး။
    မနက်စောစောထ စာကျက်ရင်လည်း ၁၅မိနစ်မခံဘူး ပြန်အိပ်ပျော်သွားလို့ အိမ်ကလူတွေကလည်း မနှိုးတော့ဘူး။

    သိပ္ပံမောင်ဝရဲ့ စာထဲကလို ဘဝပေးအခြေအနေကြောင့် အလုပ်ကြိမ်လုံးက ရိုက်တော့မှပဲ မနက်တိုင်း ၄း၃ဝ ထရတော့တာ။ 🙁

    • TNA

      April 10, 2014 at 10:01 am

      ဆယ်တန်းတုန်းက မနက်စောစောစာထကျက်ဖို့ အလန်းပေးထားတဲ့ ဂလင်ဂလင်မြည်တဲ့နာရီကြီး ၁ဝ တန်းလဲပြီးရော နှစ်အတော်ကြာမျက်နှာချင်းမဆိုင်နိုင်တော့လို့ မမြင်အောင်သိမ်းထားလိုက်ရတယ်။ အဟိ

    • surmi

      April 10, 2014 at 10:41 am

      အန်တီ မမနဲ့ မသဲနုရော
      ဓတ်တူ နံတူတွေများလာစုမိနေသလိုဘဲနော :kwi:
      ကျနော်ဆို ညကားသမားအဖြစ်လုပ်ဖူးတော့ နေ့နဲ့ညနဲ့ မှားနေတာအကြာကြီးပေါ့ဗျာ
      အခုတော့လည်း စောစောထနေရတာပါပဲ 🙁

  • Crystalline

    April 10, 2014 at 2:01 pm

    နှိုးစက်မြည်ရင်ပိတ်ပြီး ခဏနှပ်ရင်း.. ရနာရီလောက်ထိုးသွားတာ မကြာခဏ… :kwi:
    နောက်တခုက နှိုးစက်ပေးပြီး… သူ့အသံထမြည်လာရင် စိတ်အသေတိုတာ.. :loll:
    ဦးဆာအမျိုးသမီးသနားပါတယ်.. :p: ညပိုင်းကြောက်စရာကောင်းလောက်အောင်ယောင်တတ်သူနဲ့ ခရီးသွားဖူးတယ်.. အိုးမိုင်ဂေါ့ရှ်… သေလို့ရတယ်.. :mrgreenn:

    • surmi

      April 22, 2014 at 2:19 pm

      အောင်မလေး ဒေါ်ခွစ်ရယ်
      ကျုပ်အမျိုးသမီးကိုသနားသတဲ့လား
      ကျုပ်တော့ဖြင့် ကြီးတောင့်ကြီးမားနဲ့ ယောင်တတ်လွန်းလို့ ရှက်မိပါရဲ့ဗျာ ဟေးဟေး 🙂

  • မဟာရာဇာ အံစာတုံး

    April 22, 2014 at 3:29 pm

    မင်ဂါဦးည လွဲတဲ့ အလွဲကိုပဲ ဘောကျသဗျာ .. ဟီဟိ
    ဒါ့ထက် …
    ဖြတ်ထားတဲ့ အခန်းလေးကို တိတ်တိတ်လေးများ ပြောပေးနိုင်ဘူးလားငင်င် …
    :mrgreen:

  • Maung Thu

    July 10, 2014 at 3:12 am

    Delete by စာ​ရေးသူက ဘာလဲ ဦးဆာ 🙂

  • Novy

    July 10, 2014 at 12:06 pm

    ကိုရင်ဆာမရယ် ရီလိုက်ရတာ အိပ်ငိုက်တောင်ပြေသွားတယ်

    နိုးစက်ကတော့ နိုဗွီလည်းအခုထိသုံးတုံး

    ရတနာထုပ်ကားပေါ် မထားခဲ့ဘူးပါဘူး

    သူခိုးရဲ့လက်ကိုတော့ကိုင်ဘူးတယ် သူခိုးဆိုတဲ့ အော်သံတောင် ပီပီသသမအော်နိုင်ဘူးကြောက်လို့

    မင်္ဂလာဦးကတော့ မီးလဲတိဘူး ကလေးဆိုတော့ :-p

  • Paing Lay

    July 11, 2014 at 10:19 am

    ဖြစ်ရလေ ကိုရင်ဆာမိရယ် :mrgreen:

  • ဦးကြောင်ကြီး

    July 11, 2014 at 2:47 pm

    မင်နှာဦးည လျှာအရေးကြီးသဗ… လင်နဲ့မြား လျှာနဲ့သွား စကား အလဂါးမှ မဟုတ်ပေဗဲ … ပလို့ဂျိ

Leave a Reply