နာဂရီအက္ခရာ (သက္ကတဘာသာ)၊ ကဒံဗအက္ခရာ (ပါဠိဘာသာ)၊ ပျူအက္ခရာ (ပျူဘာသာ)၊ မွန်အက္ခရာ (မွန်ဘာသာ)စတဲ့ ဘာသာလေးမျိုးနဲ့ ရေးသားထားတဲ့ ပေတောကျောင်းတိုက်အတွင်းမှာ တွေ့ရှိရတဲ့ ကျောက်စာနဲ့ ပတ်သက်တဲ့ ဖိုရမ်ကို (၂၀၁၄)ခုနှစ် ဧပြီ(၇)ရက်က ရန်ကုန်မြို့ အမျိုးသားပြတိုက်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖိုရမ်မှာ ယဉ်ကျေးမှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသိန်းဆွေက တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး ဖိုရမ်ကို တက်ရောက်လာတဲ့ ပညာရှင်များက ကျောက်စာပါ အက္ခရာတွေကို ဖလှယ်ကာ ဘာသာပြန်ဆိုမှုတွေကို အခြားကျောက်စာတွေနဲ့ နှိုင်းယှဉ်ရှင်းလင်းခြင်း၊ ပျူကျောက်စာမျက်နှာကို ဖတ်ရှုလေ့လာ ဘာသာပြန်ဆိုခြင်း၊ ပေတောကျောင်း ကျောက်စာရဲ့ တောင်ဘက်မျက်နှာ အက္ခရာပုံ လေ့လာချက်တွေကို ရှင်းလင်းခြင်း စတာတွေကို ပညာရှင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနဲ့ ဖိုရမ်ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်တွေ၊ ပညာရှင်တွေ၊ သုတေသီတွေ ပြည်တွင်းမီဒီယာတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ မြစ်သားမြို့ ပေတောကျောင်းတိုက်မှာ တွေ့ရှိခဲ့တဲ့ ကျောက်စာဟာ ပျူဘာသာ-ပျူအက္ခရာ၊ မွန်ဘာသာ၊ သက္ကတဘာသာ၊ ကဒံဗအက္ခရာ၊ ပါဠိဘာသာစတဲ့ ဘာသာလေးမျိုး အက္ခရာလေးမျိုးနဲ့ ရေးထိုးထားတဲ့ ဗဇြာနိဘရဏဒေ၀ဿဘွဲ့ခံ စောလူးမင်းရဲ့ ဘုရားဂူအတွင်းမှာ ဌာပနာအဖြစ် ရွှေဆင်းတုနှစ်ဆူကို ထည့်သွင်းပူဇော်ခြင်း၊ ကျန်ဘုရားနှစ်ဆူကို ပြည်သူတွေဖူးမြော်ဖို့ ထားရှိခြင်း စတာတွေကို ရေးထိုးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘုရားမှာ ဆန်၊ စပါး၊ ရိက္ခာပေးဖို့အတွက်ကို လယ်ပယ် (၁၀၀)၊ နွား(၁၀)ရှဉ်း၊ စပါးတင်း(၁၀၀၀) သတ်မှတ်ပေးပို့ဖို့ရန် ဘုရင့်လယ်အဖြစ် သတ်မှတ်ခဲ့ကြောင်း ရေးထိုးတားတဲ့ ကျောက်စာဖြစ်ကြောင်းနဲ့ အဆိုပါ ကျောက်စာကို သက္ကရာဇ်(၄၄၁)ခုနှစ် (ခရစ်နှစ်အေဒီ-၁၀၇၉ခုနှစ်မှာ) ရေးထိုးခဲ့တယ်လို့ သိရတယ်လို့ သတင်းရရှိပါသည်။

kai

About kai

Kai has written 919 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.