စိမ်းမလိုနဲ့ စိမ်းစိုတဲ့ မေမြို့

စဆရ ႀကီးApril 13, 20141min18713

ကိုရင်စိုင်းသည်ကား အဝေးပြေးကားကြီးတစ်စီးပေါ်တွင် တစ်ငြိမ့်ငြိမ့်ဖြင့်လိုက်ပါလာသည်။

ဘေးနားတွင်မတော့ မနေ့တစ်နေ့ကပင် လက်ထပ်ပြီးကာစ ချစ်ဇနီးအသစ်စက်စက်လေးဖြင့် ကိုရင်စိုင်းဇာတိဟု ခေါ်ဆိုနိုင်မည့် ပြင်ဦးလွင်သို့ ဦးတည်လျက်သား။

တစ်ချိန်တုန်းကများ၊ ပြောရလျင် လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကဆိုလျင်မူ ပြင်ဦးလွင်ပြန်ဖို့အရေး ကျွဲဆည်ကန်ထိ ကားစီး၊ ထိုမှတစ်ဆင့်ကားငှားပြီး ၂၆ ဘီလမ်းကို သွားလိုလျင်သွား၊ သို့မဟုတ် ၃၅ လမ်းမှတစ်ဆင့် စောင့်စီးချင်စီးဖြင့် ပြန်ရမည်ပင်။ ယခုတော့ နှစ်တွေပြောင်းသွားသဖြင့်ထင်၊ မေမြို့ကို တန်းတန်းမတ်မတ်ရောက်လေသည့် အဝေးပြေးကားများရှိနေပြီဖြစ်သည်။ကိုရင်စိုင်းနေခဲ့တုန်းကဆိုမူ ဈေးကြီးနားမှ ထွက်ရှိသည့် M.M.T.A၊ ယုဇနရုံဘေး နာရီစင်နားမှ ထွက်သည့် H.M.V၊ ရ.က.က (၁) ဉာဏ်တောအဝိုင်းနားမှ စတင်ထွက်သည့် စစ်ပြန်ကားစုတ်ကြီးများသာရှိသည်။ ကျောက်ချောကျော်သည်နှင့် လူတင်လူချမနားတမ်းလုပ်ကြသည်မှာ ၂၆ ဘီလမ်းရောက်မှ လူတင်၊ လူချရပ်နားခြင်းပြုတော့သည်။ ထိုစဉ်က မေမြို့ကားများမှာ ခေါင်မိုးပေါ်တွင် လေညှင်းခံရင်း စီးလို့ရလေသည်။

ကိုရင်စိုင်းတစ်ယောက်လည်း တစ်ခါပဲ ရှေ့ခန်းက စီးဖူးပါသည်။ စစ်ပြန် ကားဂိတ်မှဖြစ်သည်။ ကျောက်ချောရောက်တော့မှ ကားသမား သက်ပြင်းချသံအကျယ်ကြီး ကြားမိသဖြင့် ဘာဖြစ်သလဲဟုမေးသောအခါ ၂၁ မိုင်ကျော်ကတည်းက ဘရိတ်ပေါက်လာတာ ထိန်းမောင်းလာတာ ခုမှ စိတ်အေးရတော့တယ်ဟူသတတ်။ထိုမှပင် ကိုရင်စိုင်းလဲ အမငီးဟုသာအော်နိုင်ပြီး ခေါင်မိုးပေါ်တက်ပြေးပြီး သဘာဝလေပြေ၊ လေညှင်းများခံရင်းစီးခဲ့လေသည်။ နောင်များတွင်လည်း အရေးရှိက ခုန်ပြေးလို့ရပေသည်မလား။

တစ်ခါတုန်းကများဆို ၆ ထပ်ကွေ့ကို တက်နေရင်းနှင့် ကိုရင်စိုင်းမှာ ကားတွယ်စီးသူတစ်ယောက်ဖြစ်လေသည်။ ခေါင်မိုးပေါ်တွင်မတော့ ကုန်များပြည့်နေသဖြင့်ဖြစ်သည်။ ၂၄ မိုင်အကျော်၊ ၆ ထပ်ကွေ့ကို စတက်ပြီးမကြာမီမှာပင် ကားခေါင်းထောင်လေသဖြင့် ကိုရင်စိုင်းတို့လို နောက်တွယ်များမှာ ၆ ထပ်ကွေ့ကို လမ်းလျှောက်ပြီး ၂၁ မိုင်ရောက်အောင်ထိ တက်ခဲ့ရဖူးလေသည်။ထိုနေ့တွင်မှ တစ်လ ၃၅၀ဝ စားကိုရင်စိုင်းတစ်ယောက် ၁၅၀၀ဝ တန် School ဖိနပ်ကို ငှားစီးခဲ့သောနေ့ဖြစ်ကြောင်းလည်း အမှတ်ရမိလေသည်။

ပြောရင်းနှင့်ပင် ချစ်ဇနီးဘေးနားမှာ အိပ်နေရာက ဘယ်ရောက်သွားတယ်မသိ။ ၁၅ နှစ်အကြာမှ ပြန်ရောက်မည့် မြေအကြောင်းတွေးနေရင်းမှ စိတ်တွေလွင့်ပျံသွားလေခြင်းဖြစ်သည်။ သူမအတွက်တော့ ယခုအကြိမ်သည် ရ နှစ်အကြာတွင်မှ တစ်ခါပြန်ရောက်မည့်၊ မေမြို့သားတစ်ယောက် လိုက်လံပြသမည့် မေမြို့သာဖြစ်သည်။ ပြောမယ့်သာပြောရသည်၊ မေမြို့သားတစ်ယောက် အူလည်လည်ဖြစ်နေတော့မည်။

+++++++++++++++++++++++++++++++

၁၁၅ မိုင်တွင် ကားရပ်တော့မှ မိန်းမအားအမှတ်တရပုံရိုက်ဖြစ်တော့သည်။ ကားကြီးမှာ ကောင်းလှပါဘိ။ တရုတ်ကားအသစ်စက်စက် အစုတ်ကြီးဖြစ်သည်။ လမ်းတစ်လျှောက်ကားခုန်မခံရစေရေးအတွက် ဒုတိယခုံကိုပင် သေချာရွေးဝယ်ခဲ့ခြင်းဖြစ်လေသည်။ ထို့အတွက်ကြောင့် ချစ်ဇနီးလေးမှာ လမ်းတစ်လျှောက် အိပ်မောကျလျက်သားနှင့် ၁၁၅ မိုင်ရောက်မှပင် နှိုးရလေသည်။

ဆိုင်ကြီးမှာ အကြီးကြီးနှင့်၊ Feel ဖြစ်မည်ထင်ပါသည်။ လူတိုင်းသွားကြသည်မှာ ကိုသန့်စင်၏အခန်းသို့သာဖြစ်သည်။ သူမပျောက်သွားမည်မှာစိုးရိမ်တစ်ကြီးဖြင့် သေချာမှာနေရင်းနှင့် ကိုရင်စိုင်းလဲ အိမ်သာထဲဝင်လိုက်သည့်အခါ ရေပိုက်သာရှိပြီး ရေခွက်မရှိသည့်အတွက် ကိစ္စမပြီးနိုင်ပဲ ခပ်သုတ်သုတ်သာပြန်ထွက်လာရင်း ချိန်းဆိုထားသည့်နေရာမှ သူမအားစောင့်နေရလေသည်။တစ်မိနစ်သည်ပင်လွန်စွာကြာလေသည်။ လက်မှနာရီကို တစ်မြှောက်မြှောက်နှင့် သူမမှ ဝယ်ပေးထားသည့် XXL ဆိုသည့် အနွေးထည် ခါးတိုလေးမှာတော့ လှစ်ကနဲ၊ လှစ်ကနဲဟလျက်သား။ တော်သေးသည်ဆိုရမည်ပင်၊ ကိုရင်စိုင်းမှာ M ဆိုသည့် T-shirt ကို တစ်ခြားပြည်မှ ဝယ်လာပြီးဝတ်ထားသောကြောင့်ဖြစ်သည်။

သိပ်မကြာမီမှာပင် သူမမှ ငါးခူပြုံးလေးဖြင့် ထိုအပေါက်ဝမှ ထွက်လာသည်။ ထို့နောက်တွင်မတော့ ဝင်ထိုင်ရင်း မီနူးထဲမှ ပုန်းရည်ကြီးခေါက်ဆွဲဆိုတာကို စိတ်ဝင်စားသဖြင့်မှာစားလိုက်ရာ ခေါက်ဆွဲခြောက်ကို (စိတ်အထင်) ပဲငံပြာရည်အချိုဖြင့် ရောကြော်ထားသော ခေါက်ဆွဲခြောက်ကြော်တစ်ပွဲရောက်လာလေသည်။ အောင့်သက်သက်ဖြင့်ပင် ဟန်းနီးမွန်း ပထမဆုံးအစားအစာကို စားလိုက်လေ၏။ များမကြာမီမှာပင် ကားလဲထွက်ပြီး ကိုရင်စိုင်းတစ်ယောက်လဲ ဘေးပါတ်ဝန်းကျင်ကြည့်စရာမရှိသဖြင့် နေရင်းထိုင်ရင်း အိပ်ပျော်သွားပြီး ချစ်ဇနီးလေးအား ဖက်ထားရင်းဖြင့် အိပ်ပျော်သွားသည်မှာ ဆူဆူညံညံအသံများကြားရသည်ထိပင်။

ထိုတော့မှ ကြည့်လိုက်သည်မှာ ကိုရင်စိုင်းတို့စီးလာသည့်ကားမှာ နာရီဝက်ခန့်ရပ်နားမည်ဖြစ်ကြောင်းသိရသဖြင့်တစ်ကြောင်း၊ အဆောက်အဦးပုပုလေးများ မြင်ရသဖြင့်တစ်ကြောင်း မိတ္ထီလာသို့ရောက်ပြီအမှတ်ဖြင့် နာရီကိုကြည့်လိုက်ရာ မနက် ၅း၃ဝ ရှိပြီဖြစ်သည်။ ကိုရင်စိုင်းလဲ ဆန်နီပစ်ကပ်များ အလုအယက်လူခေါ်နေတာတွေ့သဖြင့် မသင်္ကာသဖြင့်မေးလိုက်ရာမှ မန္တလေးရောက်နေပြီဖြစ်ကြောင်းသိရလေသည်။ ကျွဲဆည်ကန်ဘာဖြစ်သွားသည်မသိဟု တွေးမိပြန်သေးသည်။ နောင်တွင်မှ သိရသည်မှာ ယခုကားဝင်းသည် မြိုု့သစ်တွင်ဖြစ်ပြီး ဘာမြို့သစ်မှန်းတော့ ခုထိ မသိခဲ့ပါ။သိပ်မကြာခင်အချိန်မှာပင် ကားသည် ကားဝင်းမှထွက်ပြီး လမ်းမကျယ်ကြီးသို့၊ ထို့နောက် နာရီစင်ရှိသော အဝိုင်းပါတ်ကြီးကိုပါတ်၊ ထို့နောက်…ကိုရင်စိုင်းလဲ အိပ်ပျော်သွားတော့လေသည်။

+++++++++++++++++++++++++++++++

အိပ်ကောင်းနေတုန်းမှ ရှေ့ခုံက ဆူညံဆူညံအသံကြောင့် ကိုရင်စိုင်းလဲ ခါးတို အနွေးထည်ကိုယ်ကြပ်လေးကို ဆွဲဆန့်လိုက်ရင်း ရှေ့ကိုကြည့်လိုက်သောအခါမှ ယာဉ်အကူ စပါယ်ယာမလေးနှင့် သင်္ကန်းဝတ် မယ်သီလရှင်တစ်ပါးတို့ အချီအချ ပြောနေကြခြင်းဖြစ်သည်။ သီလရှင်မှလဲ ပြောချင်ရာပြောနေသည်၊ စပါယ်ယာမလေးမှလဲ တစ်အင်းအင်း တစ်အားအားနှင့် ပြောချင်ရာပြောနေသည်။

ကိုရင်စိုင်းတစ်ယောက် ဘေးဘီဝဲယာကြည့်လိုက်ရာတွင်မတော့ ပြင်စာရောက်နေပြီဆိုတာ သတိထားမိလေသည်။ ထိုမယ်သီလရှင်မှာ ထိုင်ဝမ်မှသော်လည်းကောင်း၊ ဆင့်ကာပူရမှသော်လည်းကောင်းဖြစ်မည်ဟု လေသံကိုနားထောင်ရင်းဖြင့် သတိထားမိလေသည်။ ကိုရင်စိုင်းလဲ ငြိမ်ငြိမ်ထိုင်နေရင်းမှ ဆက်အိပ်မရတော့သဖြင့် ထိုသီလရှင်အား ဘာဖြစ်ပါသလဲမေးသောအခါ မေမြို့ကားဝင်းတွင် သူမသူငယ်ချင်းမှ လာကြိုမည်ဖြစ်သဖြင့် ကားဝင်းရောက်လျင် အသိပေးပါရန်ပြောခြင်းဖြစ်ကြောင်းပြောလေ၏။ ကိုရင်စိုင်းလဲ ဘုမသိ၊ ဘမသိနှင့် ယခုကားသည် ထိုကားဝင်းတွင် ရပ်ပေးမည့်အကြောင်း၊ ယခုကားမောင်းများမှာလဲ ကျွမ်းကျင်အဆင့်များဖြစ်သဖြင့် မေမြို့ကားကြီးဝင်းတွင် သေချာပေါက်ရပ်ပေးမည့်အကြောင်း၊ (ဒီ့ထက်လဲ ဆက်မှ မသွားတာနော့) ရဲရဲကြီးအာမခံပြောလိုက်မှ ထိုမယ်သီလရှင်လဲ ငြိမ်ငြိမ်လေး ပြန်ထိုင်သွားလေသည်။ စပါယ်ယာကောင်မလေးမှာတော့ ကျေးဇူးတင်မျက်ဝန်းနှင့်။ တစ်ကယ့်တစ်ကယ်တော့ ကိုရင်စိုင်းလဲ မေမြို့မှာ ကားကြီးဝင်းဘယ်မှာရှိလဲမသိပါ။

အနီးစခန်းအကျော်၊ ကျောက်တောင်သို့ရောက်သည်မှတစ်ဆင့် မြို့ပါတ်လမ်းသို့ ကားကြီးစမောင်းသည်နှင့် ကိုရင်စိုင်းလဲ မျက်လုံးကြီးပြူးထားရတော့သည်။ ဘူတာရုံအကျော် ဉာဏ်ကွဲသို့ GTC ဘေးမှ ကားဦးတည်လိုက်သည်နှင့် ကားသမားကို မျက်နှာချိုသွေးပြီး ဉာဏ်တောအဝိုင်းတွင် ရပ်ပေးပါမည့်အကြောင်း မျက်နှာချိုသွေးလိုက်သည့်တစ်ခဏ ဒီနေရာမှာ ကားရပ်ခွင့်မရှိဘူးဟု ဆောင့်ကြီးအောင့်ကြီးပြောပြီး ထိုကားအကြီးကြီးကိုပါ ရပ်ပေးလိုက်လေ၏။

အထုပ်များဆွဲပြီး ဘေးဘီကြည့်လိုက်သည့်အခါ မနက်စောစောဖွင့်သည့် TEA ဆိုင်တစ်ဆိုင်ကိုတွေ့လေ၏။ တစ်ချိန်က ကိုရင်စိုင်းတို့ အခွေငှားနေကျ ဆိုင်လေးဘေးမှာပင်။ ဝင်လိုက်သည့်အခါ ထင်သည့်အတိုင်းပင် တစ်ခမ်းမွှေးနှင့်၊ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးစစနှင့် ဆိုင်ရှင်ကိုတွေ့ရလေသည်။ချစ်ဇနီးအသစ်စက်စက်လေးအား နွားနို့စစ်စစ်နှင့်ဖျော်ထားသည့် လက်ဖက်ရည်တစ်ခွက်ကို မလိုင်ဖတ်လေးတွေဝေ့နေစေပြီး မေမြို့တွင်သာ ဆိုင်တိုင်းလိုလိုရနိုင်သော မလိုင်နံပြားတစ်ခွက်ကိုမှာပြီး နှစ်ယောက်အတူ ခရီးပန်းလာသမျှ အတိုးချစားလေ၏။

မေမြို့သည်ကား အရင်လို အေးမြဆဲ၊ စိမ်းစိုဆဲ၊ ရင်ထဲထိစိမ့်သော လက်ဖက်ရည်တစ်ခွက်ဖြင့် ဆီးကြိုနေမြဲ။


စိုင်းကွမ်းခေး
(ခေတ္တလူ့ပြည်)

၁၃-၄-၂၀၁၄

13 comments

  • ကေဇီ

    April 13, 2014 at 7:49 am

    အကြောင်းအရာတစ်ခုကို ……
    ဒီလို ခပ်ထေ့ထေ့ နဲ့ ရသမြောက်အောင်ရေးနိုင်တာ ကိုရင်စိုင်းတစ်ယောက်ပဲ မြင်ဖူးပါရဲ့။
    ဖတ်နေရင်း ရီရမလို ပြုံးရမလို စိတ်ညစ်ရမလို ဖြစ်ဖြစ်သွားတယ်။

    အဲ။ ဒီ စကားက ချီးကျူးတာနော်။

    :s:

    • ဖြူစိုင်း လူ

      April 13, 2014 at 8:45 am

      အမှန်အတိုင်းပြောတာပါ။
      စာရေးသူတစ်ယောက်အနေနဲ့ပေါ့၊ ကိုယ်ရေးချင်သလို၊ ရေးချင်တာစာတွေစီကုံးပြီးရေးတယ်ပေါ့လေ..၊ ဒီတော့ ကိုယ်ရေးတာ ဘယ်လိုပုံလဲကိုယ်မသိဘူး.. ရေးချင်စိတ်ရှိလာတဲ့အချိန် ကီးဘုတ်ပေါ်လက်တင်ပြီး ရေးချင်တာ ရေးတယ်ပေါ့..

      ဒီနေ့မှ ထူးထူးဆန်းဆန်းမှတ်ချက်ပေးခံရဖူးတယ်.. ဘာတဲ့..
      ဖတ်နေရင်း ရီရမလို ပြုံးရမလို စိတ်ညစ်ရမလို ဖြစ်ဖြစ်သွားတယ်။ ဆိုလား

      ဒါနဲ့ကျုပ်လက်တစ်လောရေးထားတာကို ခုမှ ပြန်ဖတ်ကြည့်တာ..

      ဟုတ်ပ..
      ရယ်ချင်နေရဲ့သားနဲ့ ကားပေါ်တက်ပြေးပြီး လေညှင်းခံနေတဲ့ကိုယ့်ကိုယ်ကို ပြုံးမိသလို
      ဘာမှမသိပဲ ဆရာကြီးလုပ်ပြီး
      ထိုင်ဝမ်ကလား၊ ဆင့်ကာပူရကလားမသိတဲ့ မယ်သီလရှင်ကို လေရွှီးလိုက်တာကို
      စိတ်ညစ်စရာတစ်ခုအနေနဲ့ ခံစားမိတာတွေတွေးပြီးတော့

      ဆူး

      ပြီးတော့ အမြဲတမ်းစာဖတ်နေတဲ့ စာဖတ်ပရိတ်သတ် စာရေးသူတစ်ယောက်ကို ဒီနေရာကနေပဲ ကျေးဇူးတင်ပါကြောင်း

  • snow smile

    April 13, 2014 at 9:15 am

    ပူ နေ တဲ့ အ ချိန်
    ဒီ ပို ့စ် လေး ဖတ် လိုက် ရ တာ
    ရင် ထဲ အေး သွား သ လို လို
    မ လိုင် နံ ပြား က ဘဲ
    ကိုယ့် ရှေ့ ရောက် နေ သ လို လို
    စား ချင် စမ်း ပါ ဘိ
    ( မျက် စိ ထဲ မြင် အောင် ရေး တတ် သူ )

  • Crystalline

    April 14, 2014 at 2:02 pm

    ချစ်ဇနီးလေးဆိုတာကို ပါးစပ်ဖျားကကိုမချ… :kwi: ခရီးသွားရင် ကိုယ့်အိမ်ကကားနဲ့သွားတာထက်.. အဲဒါကားကြီးတွေနဲ့သွားရတာပိုပျော်တယ်… ဒါပေမယ့် ၂ယောက်ခုံဝယ်ပြီးတစ်ယောက်တည်းထိုင်တယ်.. ကိုယ့်ဘေးသူများထိုင်တာမကြိုက်.. ဘယ်သူဖြစ်ဖြစ်… ကိုယ့်အသားနဲ့သူများအသားထိနေတာကိုမကြိုက်.. :mrgreenn:

  • black chaw

    April 14, 2014 at 8:41 pm

    ဖတ်သွားပါတယ် ကိုစိုင်း ရေ။

  • ဝင့်ပြုံးမြင့်

    April 14, 2014 at 11:20 pm

    အမြဲအားပေးနေတဲ့ သူတွေထဲ ကျမပါသေးတယ်။ ဆန်းသစ်တဲ့စကားလုံး တွေကို အားကျသလို ရေးဟန်ကလည်း ကိုယ်ပိုင်ဟန်နဲ့ ။တကယ်က ကိုစိုင်း စာရေးဆရာဖြစ်သင့်တာ။

    • ဖြူစိုင်း လူ

      April 15, 2014 at 6:48 am

      ဆရာမလဲ ကျွန်တော့်ကို ပုံမှန်စာရေးဖြစ်အောင် အားပေးနေတဲ့သူတွေထဲမှာပါပါတယ်.. ဆရာမပြောသလို စာရေးဆရာဖြစ်သင့်တယ်ဆိုတာထက် စာရေးဆရာဖြစ်ချင်ခဲ့တာပါ.. ဝမ်းစာမပြည့်သေးလို့ ဝါသနာအရပဲ အခုလိုအကြောင်းအရာလေးတွေရှိလာရင် ချရေးတာသက်သက်ပဲရှိပါတယ်..

      အခွင့်အခါသင့်ရင်တော့ ခုထိ စာရေးဆရာတစ်ယောက် ဖြစ်ချင်နေတုန်းပါပဲ ဆရာမရေ

  • kai

    April 15, 2014 at 6:18 am

    ဇတ်လမ်းထဲမှာ.. အဲဒီစုံတွဲက.. ညားခါစမှန်းအရမ်းသိသာမယ်..
    ဘေးလူတွေဘယ်လောက်.. မျက်စိနောက်မယ်မသိ..

    ဆိုတော့.. ဘေးကအမြင်နဲ့..ဇတ်လမ်းလေးဆက်ရေးပေးလိုက်မယ်.။
    မိုဒမ်ပေါ့..

    ==
    တစ်ခမ်းမွှေး(ကိုရင်စိုင်းအဆို) သမားကတွေးသည်မှာ..

    “ဟာရေး..ဒီကန်ကလေးဘယ်းက.. မိန်းမ,မလာဒယ်မသိ..
    ဂျိရတာ.. ဂိုးပြေးလားဒါထင်ဒယ်..။”

    “ဒီကန်းမလေးဂို.. ဒရုတ်ပြီဒဲတော့.. သွားမားရောင်းဇားလောက်ပါဘူး..
    နားနို့ဘဲ…ရေရောဒဲ့ပြီး မားလိုင်အတု..အိမ်ဒါသုံးဇက်ကူတွေများများနဲ့.. ရောင်းလိုက်ဒေါ့မယ်..”. ဟူသတတ်..။ :mrgreen:

  • padonmar

    April 15, 2014 at 9:03 pm

    ကိုစိုင်းဆီက စကားလုံးအသစ်အမြဲရတယ်။
    ကိုသန့်စင်ရဲ့ အခန်းတဲ့။

  • kyeemite

    April 28, 2014 at 2:27 pm

    မေမြို့ကိုကျုပ်လည်းမရောက်တာကြာပေါ့ဗျာ…သတိရတယ်..
    ကျုပ်တို့ငယ်ငယ်ကတော့ ရထားစီးတာများတယ်…သက်သာလို့…
    တစ်ခါတော့ မေမြို့ကအဆင်း တပ်က ကားကြုံနဲ့လိုက်လာတာ
    ခြောက်ထပ်ကွေ့အောက်ဖက်ရောက်တော့ ဘရိတ်ပေါက်သွားပြီး
    မထိန်းနိုင်တော့ပဲ ကားသမားက ကွေ့တစ်ခုမရောက်ခင် တောင်နံရံကို ဝင်တိုက်လိုက်ပါရော..
    နို့မို့ဆို ရှေ့ကွေ့မှာ ချောက်ထဲကျတော့မှာ….
    ခြေထောက်ဒဏ်ရာရလို့ ဆေးရုံတစ်ပတ်လောက်တက်လိုက်ရတယ်…မှတ်မှတ်ရရပါပဲ

  • alinsett (gazette)

    May 6, 2014 at 10:15 am

    ရသ စာတမ်းလေး ကို..
    ဖတ်ရှု ခံစားသွားပါတယ်လို ့….

  • TNA

    May 6, 2014 at 7:43 pm

    မလိုင်ကတော့ ဆြာခေါင့်ပိုစ့်ဖတ်ပြီးကတဲက ဘယ်ရောက်ရောက်စားတာ့ဘူးရယ်။ မေမြို့ကတော့ ခုပြော ခုသွားချင်တဲ့ အမြဲလွမ်းနေရတဲ့ မြို့လေးပေါ့

  • Ma Ma

    May 6, 2014 at 9:49 pm

    ဒီခေတ်ကြီးမှာ ကိုသန့်စင်ရဲ့အခန်းကတော့ ခေတ်မီဖွံ့ဖြိုးတိုးတက်လာတာ အမှန်အကန်ပဲ။
    Feel မှာဆိုရင် လေယာဉ်ကွင်းရောက်နေသလားလို့တောင်ထင်ရတယ်။
    ဘိုထိုင်နဲ့မို့ ၁၁၅မိုင် ရောက်ရင် ဝိ်တ်လျှော့ရတာ ဓမ္မတာ ဖြစ်နေပြီ။
    ဒါပေမယ့် တစ်ခေါက်နဲ့တစ်ခေါက် သိသိသာသာစုတ်ပြတ်လာတယ်။
    သုံးစွဲသူတွေကို ပညာပေးဖို့ကောင်းတယ်။
    ကိုယ်ပိုင်ပစ္စည်းလို ရိုရိုသေသေနဲ့ စနစ်တကျ သုံးတတ်အောင်။ 🙁

    ကိုယ်ရောက်ဖူးတဲ့ ရိပ်သာမှာဆိုရင် လိုက်နာနိုင်အောင်/ သုံးစွဲတတ်အောင် အသိပေး/သတိပေးစာတွေ သူ့နေရာနဲ့သူ ကပ်ထားတယ်။

Leave a Reply