ဂေါက်တယ်လို့မှတ်မှာလား(၅)-သင်္ကြန်ပိတ်ရက်ရှည်/အလကားပေးမလား

padonmarApril 14, 20141min69760

ကို်ယ်ဂေါက်တာတွေ အားရပါးရရေးပြီးလို့ နောက်ထပ် ဂေါက်စီးရီးမရေးတော့ဘူးလို့ စဉ်းစားထားပေမယ့် သင်္ကြန်ပိတ်ရက် မတိုင်မီ ပြောရဆိုရ ငြင်းရတာတွေ ရှိလာတော့ ကိုယ့်ရွာထဲ ရင်ဖွင့်ချင်လာပါတယ်။
သင်္ကြန်ပိတ်ရက် ၁ဝရက် ဆိုတာနဲ့ ပတ်သက်လို့ပါ။
ရှေးရှေးကလည်း သင်္ကြန်အကြောင်းပြောတိုင်း ငြင်းခဲ့ကြရပါတယ်။
မြန်မာ့ရိုးရာ သင်္ကြန်ဆိုတာကို အများပျော်ကြရွှင်ကြတာဆိုတော့ ပျော်စရာပွဲတော်အဖြစ် လက်ခံပါတယ်။
ဒါပေမယ့် နဂို အကြို ၊အကျ ၊အကြတ်၊အတက်၊နှစ်ဆန်း ၁ရက် ပေါင်း၅ရက် လောက် ပိတ်ကြ၊ရေကစားကြရရင် တော်သင့်ပြီလို့ မြင်ပါတယ်။
၅ရက်လောက်ဆို နယ်ဝေးမှာ အလုပ်လုပ်ရတဲ့ အလုပ်သမားလေးတွေအဖို့ အနားရရုံပါပဲ။ ၁ဝရက်တောင်ပိတ်တော့ အလုပ်မရှိပဲ အိမ်ရဲ့အဝေးမှာ နေရစားရတာလည်း ခက်၊အိမ်ကိုလည်း ပြန်ချင်တာကြောင့် အိမ်ပြန်ခရီးတွေ ဖြစ်လာပါတယ်။
အဲသလို နေရပ်ပြန်တွေ စုပြုံများတော့ ကားဂိတ်တွေလည်း စီစဉ်ရခက်ပါတော့တယ်။ ကြိုရောင်းရင်လည်း မှောင်ခိုလက်မှတ်ရောင်းသလိုဖြစ်မယ်။
(အမှန်တော့ ငွေကြိုယူထားပြီး ခရီးသည် မှတ်ပုံတင်နဲ့လက်ခံရင် မှောင်ခို ကိစ္စဖြေရှင်းလို့ရလောက်ပါတယ်။အခုတော့ ကားဂိတ်တွေ လုပ်ပုံက သင်္ကြန်မတိုင်မီ တပတ်လောက်မှ လက်မှတ်စရောင်းပြီး မနက် ၃နာရီ သွားတန်းစီရတယ်တဲ့။ လွယ်တာကို ခက်အောင် လုပ်နေကြသလို ဖြစ်နေပါပြီ။)
အဲတော့ အလုပ်သမားတွေခမျာ ဧပြီလဆန်းကတည်းက ပြန်ဖို့ပြင်၊တချို့လည်း အလုပ်ကပါထွက်၊ပြန်လာမှ အလုပ်ပြန်လျှောက်တော့မယ်တဲ့။
သင်္ကြန်ပြီးပြန်လာတော့လည်း ကားလက်မှတ်ခက်လို့ ဧပြီလကုန်မှ ရန်ကုန်ပြန်ရောက်ပါတယ်။
အစိုးရဌာနတွေကလည်း ပိတ်ရက် မတိုင်မီ တပတ်မှာ အလုပ်ကောင်းကောင်းမလုပ်တော့ပါဘူး။
ပျော်ပွဲရွှင်ပွဲတွေရှိလို့ အလုပ်တွေမလုပ်နိုင်ပါတဲ့။
နိုင်ငံခြားကုန်သွယ်မှု ဘဏ်တွေက ဧပြီ၁၁ရက်မှာ နေ့လည် ၁၂နာရီထိပဲ အလုပ်လုပ်မယ်တဲ့။အဲဒါကြောင့် ငွေအရောင်းအဝယ်ကို အဲဒီနေ့မှ မလုပ်ပါနဲ့တဲ့။
နေပြည်တော်ခေတ်ကဆို ဒီ့ထက်ပိုဆိုးခဲ့ပါတယ်။ တပတ်လောက်ကြို ပြီး အလုပ်မလုပ်ကြတော့ပါဘူး။
အခု တရက်ပဲဆိုတော့ တော်ပါသေးလို့တောင် ပြောရမလို။
နိုင်ငံခြားသားတွေကိုတော့ ဒီဧပြီလ ၁လလုံးကို အလုပ်လုပ်ချိန်အဖြစ်ထည့် မတွက်ထားပါနဲ့။ဒါကိုရှောင်ပြီး ကုန်ကြမ်းပို့ ကုန်ချောယူတွေ လုပ်ကြပါလို့ ကြေညာထားရပါတယ်။သူတို့ကြားကာစတော့ အတော်အံဩကြပါတယ်။(ကြားဖူးသလောက်တော့ တရုတ်ပြည်ရဲ့ နှစ်သစ်ကူးပိတ်ရက်ကလည်း အဲသလိုအရှည်ကြီးပဲလို့ ကြားဖူးပါတယ်။ဒါကြေင့် လမ်းတွေတောင် ပိတ်ကုန်အောင် နယ်ပြန်ကြတဲ့ ဇာတ်လမ်းတွေ တွေ့ရတာဖြစ်မှာပေါ့။ဟုတ်မဟုတ် ကိုရင်မောင်တို့ ရဲစည်တို့ မေးရမယ်)
ဆိပ်ကမ်းတွေ၊ဂိုဒေါင်တွေမှာလည်း ကုန်ထမ်းတဲ့ အလုပ်သမားတွေ ရှားသွားလို့ အလုပ်တွေ ဖင့်နှေးကုန်တယ်။ အလုပ်သမားခ၊ကားခတွေ ၂၀%-၅၀% တက်ကုန်တယ်။စားရိတ်တွေ တက်ကုန်တယ်။
ပိတ်ရက်ရှည်တော့ လစားဝန်ထမ်းတွေ၊ကိုယ်ပိုင်အလုပ်ရှင်ရှိတဲ့ နေ့စားအလုပ်သမားတွေအတွက်က ကိစ္စမရှိပေမယ့် ကုန်ထမ်းတဲ့ အလုပ်သမား၊ဆောက်လုပ်ရေးအလုပ်သမားတွေအတွက် နေ့စဉ်ဝင်ငွေမရှိတော့ဘူး။ ဒီအတွက်လည်း သိပ်မပူကြပါဘူး။ယောကျင်္ားတွေက မဏ္ဍပ်တွေမှာ လှည့်ပြီးသောက်စားနေကြတယ်။မိ်န်းမနဲ့ ကလေးတွေက စတုဒီသာကြွေးတာကိုလိုက်စားကြတယ်။
သင်္ကြန်တွင်းတော့ စားစရာမပြတ်ပေမယ့် သင်္ကြန်အလွန် အလှူတွေ မရှိကြတော့တဲ့အချိန် အလုပ်တွေကလည်း မဖွင့်သေးဆိုရင် အဲဒီ ကုန်ထမ်းသမားတွေ၊ဆောက်လုပ်ရေးအလုပ်သမားတွေ ငတ်ဖို့ပါပဲ။
ဒီအကြောင်းကို မိတ်ဆွေ တယောက်နဲ့ ကျမအငြင်းအခုန် ဖြစ်ရပါသေးတယ်။
သူက သူ့ရဲ့ နေ့စားအလုပ်သမားတွေကို သင်္ကြန်ပိတ်ရက်ဆိုရင် ငွေပိုပေး၊ဆန်ပေးပြီး အလုပ်ပိတ်လိုက်ပါတယ်။
ကျမကတော့ ဘယ်တော့မှ အဲသလို အလုပ်မလုပ်ပဲ ရတဲ့ အပိုငွေ မပေးပါဘူး။ကျမရဲ့ လစားဝန်ထမ်းတွေက အကုန်နေရပ်မပြန်ပါဘူး။ပြန်ချင်တဲ့သူတွေ ပေးပြန်သလို မပြန်ပဲ ကျန်တဲ့သူတွေနဲ့ အလုပ်ဖွင့်ချိန်မှာ မလုပ်နိုင်တဲ့ ပြုပြင်ထိန်းသိမ်းရေး အလုပ်တွေလုပ်ဖို့ စီစဉ်ပါတယ်။ အလုပ်ဖွင့်ချိန်လို မနားမနေလုပ်ရတာ မဟုတ်ပဲ နားနားနေနေ ပေါ့ပေါ့ပါးပါးလုပ်ရပါတယ်။ နေပူရင် နားပြီး မုန့်လုပ်ဆောင်း၊သာကူလိုမျိုးတွေကြွေးဖို့ စီစဉ်ပါတယ်။
နေ့စားအလုပ်သမားတွေကိုလည်း အလုပ်လုပ်ချင် လာဆင်းခိုင်းပြီး လုပ်အားခပေးပါတယ်။သင်္ကြန်အတက်နေ့တရက် ကားစီစဉ်ပေးပြီး လျှောက်လည်ခွင့်ပေးပါတယ်။နှစ်ဆန်း ၁ရက်တော့ ပရိတ်ရွတ် အလှူလုပ်ဖို့ စီစဉ်ခိုင်းလိုက်ပါတယ်။ အလုပ်ဆင်းတဲ့ ဝန်ထမ်းတွေကို အပိုဆုလည်း သင်္ကြန်ပြီးရင် ဆုချပေးပါတယ်။ အလုပ်မလုပ်သူကတော့ ဘာခံစားခွင့်မှမရပါဘူး။
ကျမသဘောကတော့ No pain No gain ပါ။ အလုပ်လုပ်မှ ထိုက်သင့်တဲ့ လုပ်အားခ ခံစားရပါမယ်။မလုပ်ပဲ သနားလို့ ပေးတဲ့ ငွေကို ယူရင် အပျင်းရောဂါ စွဲသွားပါတယ်။ ယုန်ရဖူးတဲ့ လယ်သမား ကန်သင်းရိုးမှာပဲ ထိုင်စောင့်ပြီး လယ်မထွန်တော့သလို ဖြစ်တတ်ပါတယ်။
နာဂစ်ဖြစ်ချိန်မှာနိုင်ငံတကာက အကူအညီတွေ ရနေတော့ နာဂစ်ဒဏ်ခံရတဲ့နေရာ တောပိုင်းကလူတွေ အလုပ်မလုပ်ကြတော့ပဲ ထောက်ပံ့ကူညီတာကိုပဲ ထိုင်ယူနေကြတော့တယ်လို့ အဲဒီအရပ်က လူတွေ ပြောကြပါတယ်။
ကျမတို့ တိုင်းပြည်ဟာ တိုးတက်ဖို့ အဝေးကြီးလိုပါသေးတယ်။
အိန္ဒိယ လွတ်လပ်ရေးရပြီးခါစက ဟော်တယ်ကြီးတွေမှာတောင် အာလူးဟင်းပဲ ဝယ်စားလို့ရတယ်။ ဈေးကြီးတဲ့ဟင်းတွေကို ပိုက်ဆံတတ်နိုင်သော်လည်း ဝယ်စားခွင့်မပေးဘူးလို့ ဖတ်ဖူးပါတယ်။မချမ်းသာခင် သည်းခံအလုပ်လုပ်ကြရပါတယ်။
သူများတိုင်းပြည်လို ချမ်းသာချင် တိုးတက်ချင်ရင် သူများထက် နှစ်ဆ ကြိုးစားနိုင်မှ တော်ကာကျပါလိမ့်မယ်။
အခုလို အလုပ်လုပ်ချင်တဲ့သူတောင် လုပ်ခွင့်မရအောင် ပိတ်ရက်ရှည်ကြီး ပေးတာကတော့ မတိုးတက်အောင် တမင်လုပ်တာပဲလို့ ပြောချင်ပါတယ်။
နောက်ပြီး အလုပ်မလုပ်ပဲ ခံစားခွင့်တွေ ပေးတာတော့ လူပျင်းတွေ မဖြစ်ဖြစ်အောင် တွန်းပို့တာပဲလို့ ဂေါက်တောက်တောက် တွေးမိပါတယ်။

(သင်္ကြန်ပိတ်ရက်ရှည်မှ တရားစခန်းဝင်လို့ရတယ်။ဘုရားဖူးခရီးထွက်လို့ရတယ်လို့ ပြောကြပါတယ်။အမှန်တော့ တရားစခန်းဝင်တာ တကယ် အားထုတ်ချင်ရင် အများမဝင်တဲ့ ကြားရက်တွေက ပိုမို တိတ်ဆိတ်လို့ သမာဓိရလွယ်ပါတယ်။ ခရီးထွက်တာလည်း မိမိအစီအစဉ်နဲ့ သွားရင် လူတွေ တိုးကြိတ်မနေရတဲ့အတွက် ပိုအဆင်ပြေပါတယ်။အခုတော့ ပိတ်ရက်ရှည်မှာ အားနေတဲ့အတူတူဆိုပြီး တရားစခန်းဝင်ကြ၊ဘုရားဖူးခရီးထွက်ကြတာဟာ လုပ်သင့်တာကို လုပ်သင့်ချိန်မှာ စိတ်ပါလက်ပါလုပ်တာ မဟုတ်ပဲ အားလို့ မလုပ်ချင်ချင်လုပ်ချင်ချင် လုပ်ဆိုတာမျိုးဖြစ်နေပါတယ်။အဲဒီလို ရောရိရောရာ သင်္ကြန်ယောဂီတချိုု့ကြောင့်လည်း တရားအားထုတ်ခြင်းဆိုတဲ့ ကောင်းမြတ်တဲ့အလုပ်ကို ရောကောသောကော အထင်သေးခံရတာဖြစ်ပါတယ်။မယုံရင် လုံမလေးရဲ့ပို့စ်တခုမှာကြည့်ကြပါ။)

အောက်ကစာကတော့ ဆြာမင်းဒင်ရဲ့ စာဖြစ်ပါတယ်။ကိုယ်ပြောချင်တာထက် စာရေးဆရာပီပီ ရှင်းအောင်ရေးပြထားတာမို့ ကိုးကားလိုက်ပါတယ်။
Credit to Min Din

ဆြာဒင်၏ ပိတောက်ပွင့်ချိန်စစ်တမ်း။

၁။ တန်ခူးမည်မွတ်၊ဖက်ဆွတ်ရေတိုးသည့် သင်္ကြန်အခါသမယမို့ ပိတောက်တို့ပွင့်ကြသည်။ယင်းကာလတွင် မဟာဗမာအများစုသည် အားလပ်ရက်ရှည်ကြီးဖြင့် ဇရက်မင်း စည်းစိမ်၊စာကလေးမင်းစည်းစိမ်၊လဒမင်းစည်းစိမ်တို့ကို အသီးသီးအသက၊အသက၊ခံစားတော်မူလျက်ရှိကြကုန်၏။ ဘီယာရေချိုး၊ အရက်မီးလှုံ၊ အမြည်း တောင်လိုပုံလျက်ရှိကြ၏။နှစ်ခါနာသော မိအေးနှင့်တင်စားခဲ့လေသော ဗမာပြည်ကား လှည်းသားငါးရာနှင့် ပမာပြုအပ်သည့် စစ်ဝါဒီစံနစ်ဆိုးကြီးဖြင့် နောက်ထပ်နှစ်ကြိမ်ကြုံရဆဲ၊မကျော်မဖြတ်နိုင်သေးလင့်ကစား ပြည့်တန်ဆာမျက်နှာပေးဖြင့် ပိတောက်ပန်းတို့ဝေအောင်ပန်လျက် ခေါင်းကလေး မော့နေဆဲပင်တည်း။

၂။ ဆြာဒင်သည် ပိတောက်ပွင့်တို့ကို မြင်လေတို်င်း မဆီမဆိုင် ကျဆုံးခဲ့လေပြီးသော အမျိုးသားခေါင်းဆောင်ကြီး၏ မိန့်ခွန်းတစ်ခုကို ငုတ်တုတ်ထိုင်ရင်း သတိရမိသည်။”သူများနိုင်ငံတွေက ခြေလှမ်းတလှမ်းလှမ်းနိုင်ရင် ကျုပ်တို့ဗမာပြည်က လေးငါးဆယ်လှမ်းတန်သည် လှမ်းနိုင်မှ”ဟူ၏။ယခုမူ အီဂျစ်၊အင်္ဂလန်နှင့် အမေရိကန်တို့ပင် ပျော်မြူးခြင်းအရာ၌ ဆြာဒင်တို့လူမျိုး၏ခြေလှမ်းကျဲကျဲတို့ကို လိုက်မမှီကြ လေကုန်။

၃။ ဒီမိုကရေစီအငွေ့နှင့် ရင်ဆိုင်တွေ့ချိန်တွင် ဗမာတို့ဖင်ထိုင်မေ့နေပြီလော။ဆြာဒင်နေထိုင်သော ထိုင်းနိုင်ငံဖူးခက်ကျွန်းတွင်မူ သင်္ကြန် အခါပျော်မြူးခွင့် တစ်ရက်တည်းသာရှိလျက် စက်ရုံကြီးငယ်အရပ်ရပ်တွင် လုပ်ငန်းခွင်ကိုယ်စီဝင်လျက်ရှိကြ၏။ စည်ပင်ဖွံ့ဖြိုးနေသော ဥရောပနိုင်ငံများတွင်လည်း အားလပ်ရက်အရှည်ဆုံးကာလမှာ ရက်သတ္တတစ်ပါမျှသာ ဟုဆြာဒင်ကြားဖူးနား ဝရှိမိသည်။တစ်လကိုးသီတင်းနားရက်တို့ကား လုပ်သက်ခွင့်အားလပ်ရက်များဖြစ်၍ အလှည့်ကျအနားယူကြသည်ဟု ဆိုကြပါ၏

၄။ဗမာ့နှစ်ဦးကာလတွင် ဆြာဒင်တို့၏ခြေလှမ်းတို့ကို လေးလေးနက်နက် ပြန်လည်ဆန်းစစ်သင့်သည်။အခြားနိုင်ငံတို့ လေးငါးဆယ်လှမ်း လှမ်းနေကြချိန်တွင် ဆြာဒင်တို့ရှေ့ခရီးကို ခြေလှမ်းမည်မျှလှမ်းနေနိုင်ကြပါသနည်း။ အလှူအတန်းပြုလျက် တရား ရိပ်သာတို့တွင် အေးငြိမ်းမှုရှာဖွေနေ ကြသူများကိုကား ခြွင်းချက်စာရင်းတို့လျက် ဆြာဒင်သာဓုခေါ်ပါ၏။သို့သော် အပျော်လွန်နေသော ဗမာပြည်သူ မိအေး၏ခြေလှမ်းတို့သည်ကား အဝှာခန်းဆီသို့ ဦးတည်နေလေရာ ထည့်သွင်းရေတွက်စကောင်းမည်မဟုတ်ချေ။ ထန်းချက်ခဲခွေးလျက်သကဲ့သို့လုံးပါးပါးနေရသောဆြာဒင့်တို့၏ဘဝသည် ဤအားလပ်ရက်ရှည်ကြီးကို ခံစားသင့်ပါသလော။

၅။ သဗ္ဗေသတ္တာ၊ကမ္မသကာဆိုသော်ငြား လူမတန်ကံချလျက် သေသော်မှတည့် ဪ ..ကောင်း၏ ဟူသော ညည်းသံများကြားမှပင် နေညိုညိုမြနန္ဒာမှာ တူးပို့သံညံလျက်ရှိနေခြင်းကို ဆြာဒင်ရင်လေးလှ၏။ တခေတ်တခါကပဏ္ဍာဆက်တိုင်းပြည်အဆင့်သာရှိသည့် ယိုးဒယားတွင် မျက်နှာငယ်စွာရောက်ရှိနေသော အနုံညာတဆြာဒင်အနေဖြင့် နှစ်သစ်တွင် သတိတရားဖြင့် ပျော်ကြရန်အလို့ငှာ ဖူးခက်မြို့အန်မခန်အရပ်ရှိအခန်းငယ်အတွင်းမှနေ၍ ဤပိတောက်စစ်တမ်းကိုရေးမိချေ၏။ချမ်းသာကိုယ်စိတ်မြဲကြပါစေကုန်သတည်း။

ဒါလေးလည်း သူများဝေါပေါ်က မလာတာ

Credit to
စိတ် ထင် ရာလုပ်မယ့်သူ
April 12
မြန်မာမှာ သင်္ကြန်ကျပြီ။တရုတ်မှ ပြည်သူတို့ ပျော်ကြသည်။မြန်မာမှာ ရိုးရာသင်္ကြန် ရှိတယ်။တရုတ်မှာ ရိုးရာသင်္ကြန် မရှိဘူး။မြန်မာမှာ ရေပြွတ် မထုတ်နိုင်ဘူး။တရုတ်က ရေပြွတ် ထုတ်ရောင်းပေးတယ်မြန်မာက ရေပန့် မထုတ်နိုင်ဘူး။တရုတ်က ရေပန့်ထုတ်ရောင်းပေးတယ်။မြန်မာက ပိတောက်ကို ချစ်တယ်။တရုတ်က ပိတောက်ကို မသိဘူး။မြန်မာက ပိတောက်တု မထုတ်နိုင်ဘူး။တရုတ်က ပိတောက်တု ထုတ်ရောင်းပေးတယ်။မြန်မာက ရေလုံဖုန်းအိတ် မထုတ်နိုင်ဘူး။တရုတ်က ရေလုံဖုန်းအိတ် ထုတ်ရောင်းပေးတယ်။မြန်မာက ဈေးပေါတဲ့ ရေစိုခံ မိတ်ကပ် မထုတ်နိုင်ဘူး။တရုတ်က သင်္ကြန်အတွက် ရေစိုခံ မိတ်ကပ် ဈေးပေါပေါနဲ့ ထုတ်ပေးတယ်။မြန်မာက ဆံပင် အရောင်ဆိုးဆေး မထုတ်နိုင်ဘူး။တရုတ်က ဆံပင်ကာလာ အမျိုးမျိုးထုတ်ပေးတယ်။မြန်မာက ရာဘာ မျက်နှာဖုံး မထုတ်နိုင်ဘူး။တရုတ်က ရာဘာမျက်နှာဖုံး ထုတ်ပေးတယ်။မြန်မာ ဆေးခန်းတွေက မကျွမ်းကျင်ဘူး။တရုတ်ဆေးခန်းတွေက လာဖွင့်ပြီး ကုသကြတယ်။မြန်မာတွေက သင်္ကြန်မှာ အလုပ်မလုပ်ကြဘူး။တရုတ်တွေက မြန်မာကို ပစ္စည်း ပို့ဖို့ အလုပ်လုပ်နေကြတယ်။မြန်မာတွေက သင်္ကြန်မှာ ပိုက်ဆံကုန်တယ်။တရုတ်တွေက သင်္ကြန်ကြောင့် ပိုက်ဆံရတယ်။မြန်မာတွေက သင်္ကြန်မှာ ပျော်သည်။တရုတ်တွေက သင်္ကြန်ကြောင့် ပိုပျော်သည်။မြန်မာမှာ သင်္ကြန်ကျပြီ။တရုတ်မှ ပြည်သူတို့ ပျော်ကြသည်။

60 comments

  • padonmar

    March 16, 2015 at 9:59 pm

    ဦးကြောင်ရေ
    အန်တီ့မုန်းတာနဲ့ စကားနိုင်ရပြီးရော မငြင်းပါနဲ့။
    အန်တီက ကိုယ့် အလုပ်တခုထဲ အောင်မြင်ရေး၊အမြတ်ရရေးအတွက် ပြောတာ မဟုတ်ပါ။
    တနိုင်ငံလုံးအတွက် ပြောနေတာပါ။အလုပ်တခုထဲက ၁ဝရက်ပိတ်ပိတ် တလပိတ်ပိတ် မထောင်းတာပေမယ့် တနိုင်ငံလုံး ၁ဝရက်ပိတ်တာ (အကြို စောပြန်တာ၊နောက်ချန်ပြန်လာတာတွေပါဆို တလလုံးနီးပါး )တပြည်လုံး အလုပ်မဖြစ်တော့ပါ။
    ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာကို ကိုးကားပါမယ်။
    စကားလုံးအတိအကျတော့ ဖြစ်ချင်မှဖြစ်မယ်။
    လွတ်လပ်ရေးရပြီးရင်လည်း ကျုုပ်တို့ အတော့်ကို ပြဲအောင်အလုပ်လုပ်မှ တန်ကာကျလိမ့်မယ် တဲ့။
    အခု အနားယူရမယ့် ကာလ ဟုတ်ကိုမဟုတ်သေးဘူး။
    အလုပ်သမားလည်း ထမင်းစားတဲ့ ဗိုက်နဲ့ပါ။
    သူစားဖို့အတွက် သူလုပ်မှရမယ်ဆိုတဲ့ စိတ်ရှိရပါမယ်။ထမင်းနပ်မှန်ဖို့နောက်မှာ ဝတ်ဖို့နေဖို့ သားသမီးပညာရေး၊ကျန်းမာရေး စတာတွေအတွက် အလုပ်လုပ်ချင်တဲ့ ဆန္ဒရှိရပါမယ်။

    • ဦးကြောင်ကြီး

      March 17, 2015 at 10:53 am

      တူလေး သို့မီဟုပ် ရမ်သူ ကြိုက်ရာရွေးနိုင်ပါဒရယ်… အနော်ဂဒေါ့ အာတီဒုံဂျီးကို အဒေါ်ရင်းတျောက်လို ခြစ်ပါလယ်။ ရမ်သူ ဖြစ်ရလျင်ဒေါ့ တသပ်လုံး လူပြိုလေးဗွနဲ့ အာတီဒုံဂျီး မဟုတ်တရုတ် လုပ်ရပ်တွေကို ဖေါ်ထုပ်ယမှာဗဲစ်… ငါကွ။

  • Swal Taw Ywet

    March 9, 2017 at 2:50 am

    ပြန်တင်ပါတယ်ဗျို့။
    ခု ၂၀၁၇
    လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ပြင်ဆင်ထားခဲ့ ပြီးသား။
    ရွာသားဖြစ်ရတာ ဂုဏ်ယူမိပါကြောင်းးးး.
    FB ပေါ် ပြန် Share ပေးကြစေခလို.
    With respect,
    Swal Taw Ywet.

  • kai

    March 9, 2017 at 3:10 pm

    ဒီကိစ္စရှေ့ပြန်ရောက်လာတာ.. အောက်က ပုံမှာပါတဲ့စာကြောင့်လို့ ယူဆရမှာဖြစ်ပါတယ်…။
    နောက်.. ကစွယ်တော်ရွက်.. က… ဒီပို့စ်ကို.. ရှေ့ပြန်ဆွဲတင်ပေးလိုက်တာပါ..။

    ရှေ့က…ကော်မန့်တွေ ပြန်ဖတ်ကြည့်ချင်ရင်…
    http://myanmargazette.net/196058/comment-page-1#comments

  • ခင်ခ

    March 10, 2017 at 2:22 pm

    ငါးနဲ့ ငါးနဲ့ ပေါင်းရင် တစ်ဆယ်ရတာပေါ့။
    တစ်ဆယ်ထဲက ငါးပြန်နုတ်ရင် ငါးကျန်တယ်လေ။
    အဖြေ ငါး ရဖို့က ငါးကို တစ်ဆယ်ထဲက နုတ်ရမှာပေါ့။
    ငါးကို တစ်ဆယ်ထဲကမနုတ်ဘဲ ငါးနှစ်ခုပေါင်းရင် တစ်ဆယ်ပြန်ဖြစ်မယ်လေ။
    ဪ တစ်ဆယ်ဖြစ်ချင်တာလား ငါးနှစ်ခု ပြန်ပေါင်းပေါ့။
    ဟင် ငါး ဘဲကျန်ချင်တာလား ဒါဆို တစ်ဆယ်ထဲက ငါးနုတ်လိုက်လေ။
    မင်းကလည်းရှင်းရျင်းမပြောဘူး ငါး အဖြေကျန်ချင်တာလား တစ်ဆယ်အဖြေအတိုင်း ထားမှာလား။
    အေးဒါဆို ဒီလိုတွက်
    ငါးနဲ့ ငါးနဲ့ ပေါင်းရင် တစ်ဆယ်ရတာပေါ့။
    တစ်ဆယ်ထဲက ငါးပြန်နုတ်ရင် ငါးကျန်တယ်လေ။
    အဖြေ ငါး ရဖို့က ငါးကို တစ်ဆယ်ထဲက နုတ်ရမှာပေါ့။
    ငါးကို တစ်ဆယ်ထဲကမနုတ်ဘဲ ငါးနှစ်ခုပေါင်းရင် တစ်ဆယ်ပြန်ဖြစ်မယ်လေ။
    ဪ တစ်ဆယ်ဖြစ်ချင်တာလား ငါးနှစ်ခု ပြန်ပေါင်းပေါ့။
    ဒီကနေ့ ဆယ်တန်းတွေ သချင်္ာခက်လို့တဲ့ ဟုတ်မှာပေါ့ ဒါလေးတောင် ဖြောင့်အောင်သေချာ မတွက်တတ်ကြဘူး ဒီလောက်ရှင်းရှင်းလေးကို မောပါ့ဟယ်။
    (10.3.2017)

Leave a Reply