ဝှက်ထားတဲ့ လက်သည်း-သော်ဇင်(လွိုင်ကော်)

မြို့မှာဖြစ်သွားတဲ့ ကိစ္စကြီးက ဟိုးလေးတကျော်ကျော်ဆိုတော့ ခုချိန်မှာ ပါပါရာဇီတွေ ကျွန်တော့်နောက် လိုက်နေကြတာ မဆန်းပါဘူး။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်က ဒီနိုင်ငံမှာ နာမည်တစ်ခုအနေနဲ့ကျော်ကြားနေတော့ ခုဖြစ်တဲ့ကိစ္စကို လူတိုင်းသိချင်ကြမှာလည်း သေချာတယ်။ လောလောဆယ်တော့ ကျွန်တော့်အကြောင်း ကောလဟလက ဟိုဂျာနယ်မှာတစ်မျိုး၊ ဒီစာစောင်တစ်မျိုးနဲ့ အခြေအမြစ်မရှိတဲ့သတင်းတွေ အမျိုးမျိုးရေးနေကြတာကိုတွေ့ရတယ်။ ထားပါ။ ဒါကိုတော့ ကျွန်တော်ပြန်ဖြေရှင်းဖို့မရှိဘူး။ မဟုတ်တဲ့ကိစ္စကို အလုပ်ရှုပ်ခံပြီး ဟိုမေးသည်မြန်းနဲ့ဖြေရှင်းဖို့လည်း မလိုဘူးလို့ထင်တယ်လေ။ ဒါပေမယ့် အိမ်ကိုတော့ ဖုန်းတွေတဂွမ်ဂွမ်လာနေကြတယ်။

ကျွန်တော် ဟမ်းဖုန်းနံပါတ်ကိုတောင် ဘယ်ကဘယ်လိုသိကြတယ်မပြောတတ်ဘူး။ ဆက်လာလိုက်ကြတာစုံလို။ ဒါကြောင့် ခုဖုန်းကိုပိတ်ထားလိုက်တယ်။ အိမ်ဖုန်းကိုတော့ ချာတိတ်လေးတစ်ကောင်ကိုပဲကိုင်ခိုင်းပြီး ဘာမေးမေး မသိဘူး၊ ဖြေခွင့်မရှိပါဘူးဆိုတဲ့စကားနဲ့ ဘူးတစ်လုံးခံခိုင်းထားလိုက်တယ်။ ဒီတော့ ပြီးသွားလားဆို မပြီးသေးဘူး။ ဂျာနယ်အစုံစုံက စူပါမင်းသား ကျော်ကျော်လတ်နဲ့ဆက်သွယ်ရာမှာ ဖုန်းပိတ်ထားပါတယ်ဆိုတဲ့အကြောင်းကို သတင်းတစ်ပုဒ်ဖြစ်အောင် ရေးနေကြသေးတာကို အံ့ဩရတယ်။ ဒီတော့ ကျွန်တော် သေချာမှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချပြီး အတင်းကို သတင်းလုပ်ပြောနေကြတဲ့ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ ကိစ္စကို ဖွင့်ချမယ်လို့ ကြေငြာလိုက်တယ်။

ဒါဟာ ကျွန်တော်ဆိုတဲ့ ကျော်ကျော်လတ်ရဲ့ လူသိရှင်ကြားထပ်မံကျော်ကြားအောင် လုပ်လိုက်တဲ့ လုပ်ဇာတ်တစ်ရပ်လို့ တစ်ချို့က ထင်နေကြတယ်။ ပေါ်ပေါ်ထင်ထင်လည်း ထည့်ရေးလာကြတယ်။ ထင်ကြေးတွေနဲ့ ရမ်းသုတ်နေကြတဲ့ ဂျာနယ်လစ်တွေကလည်း အမျိုးမျိုးအဖုံဖုံ ဝေဖန်သုံးသပ်ကြလို့ ။ ခုတလော သတင်းမီဒီယာလောကမှာ ရေပန်းအစားအဆုံး သတင်းတစ်ပုဒ်အနေနဲ့ စူပါမင်းသား ကျော်ကျော်လတ်ရဲ့ အတွင်းရေးတစ်ချို့ ဖောက်ချတော့မည် ဆိုတဲ့ သတင်းဟာ ဟော့ဖြစ်နေပါတော့တယ်။

(၁)

ပထမဆုံး ရင်ဆိုင်လိုက်ရတာကတော့ မေဇော်ဖြူ ရဲ့ တုံ့ပြန်မှုပါပဲ။ ဟမ်းဖုန်းပိတ်ပြီး အိမ်ဖုန်းကို ချာတိတ်တစ်ယောက်ကို လူလွှဲကိုင်ခိုင်းထားတာတောင် မေဇော်ဖြူက အိမ်အထိပေါက်ချလာပြီး စကားစလာပါတော့တယ်။ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် မီဒီယာနဲ့တွေ့ဆုံပြီး အားလုံးသိချင်နေကြတဲ့အကြောင်းတွေ ဖွင့်ချမယ်တော့မယ်လို့ ပြောလိုက်တာနဲ့ မေဇော်ဖြူ ကျွန်တော့်ဆီကို ရောက်ကိုရောက်လာမယ်ဆိုတာ။ ခုတော့ ထင်ထားတာထက်ကို မေဇော်ဖြူရောက်လာပုံက မြန်ဆန်လွန်းနေပါတယ်။ ကျွန်တော့်အိမ်ထဲကို ယခုရက်ပိုင်းအတွင်း ပြင်ပသူစိမ်းလူအဝင်ခံတဲ့အထဲမှာ မေဇော်ဖြူဟာ ပထမဆုံး လူသား မိန်းမသားတစ်ဦးပါ။ ဖျတ်လတ် တက်ကြွနေတဲ့ မေဇော်ဖြူဆိုတဲ့ မိန်းမတစ်ယောက်ဟာ ခုတော့ ကျွန်တော့်ရှေ့မှာ တစ်စုံတစ်ခုကြောင့် စိတ်အနှောင့် အယှက်ဖြစ်နေရပြီး စိုးရိမ်သောကတွေပြည့်နေတဲ့ မိန်းမသား တစ်ယောက် ဖြစ်နေပါတယ်။ ကျွန်တော်က ဆက်တီမှာ ထိုင်ပြီး မေဇော်ဖြူကို စိုက်ကြည့်နေလိုက်ပါတယ်။ မေဇော်ဖြူက ကျွန်တော့်ကို ပြန်စိုက်ကြည့်မနေပါဘူး။ သူမရဲ့ ဆလင်းဘတ်အိတ်ကလေးဖွင့်ပြီး ဆေးပြားဖြူဖြူလေး နှစ်ပြားလောက် ထုတ်ယူပြီး နှင်းဆီရောင် နှုတ်ခမ်းနှစ်လွှာကြားထဲ ပစ်ထည့်လိုက်တယ်။ ပြီးတော့ ဆက်တီစားပွဲပေါ်က ရေသန့်ဗူးကိုယူပြီး ရေခွက်ထဲတောင်မထည့်တော့ပဲ တစ်ခါတည်းမော့ချလိုက်တယ်။

ကျွန်တော်က မေဇော်ဖြူ ဘာပြောမလဲဆိုတာကိုပဲ နားထောင်ပေးရုံဆိုတော့ စပြီးတော့ ဘာစကားမှမပြောဘူး။ မေဇော်ဖြူကလည်း အဲဒါကိုသိနေပုံရပါတယ်။ သူမ ကျွန်တော့်ကို စကားပြောဖို့ စကားအစရှာမရတာလည်း ဖြစ်နေပုံရပါတယ်။ ခုတော့ စောစောက ဆေးနှစ်ပြားကြောင့် ထင်တယ် မေဇော်ဖြူ စကားစပြောပါတယ်။

“ကျော်လတ် ဘာလို့ မီဒီယာတွေနဲ့ထိပ်တိုက်တွေ့ဖို့ ဆုံးဖြတ်ခဲ့တာလဲ၊ ဒါမဖြစ်သင့်ဘူးနော်။ ခု အပြင်မှာ ကျော်လတ်သတင်းတွေက ပွနေပြီ၊ အစက မေဇော် မသိသလိုနေလိုက်ဖို့ပဲ။

ခုတော့ ကျော်လတ်က အထုတ်တွေဖြည်ချတော့မယ်ဆိုတဲ့စကားကို ပြောချလိုက်တော့ မေဇော် နေလို့မရတော့ဘူး။ ကျော်လတ် မီဒီယာတွေနဲ့တွေ့စရာကိုမလိုဘူးလို့ မေဇော် ထင်တယ်“

“ဘာလဲ မေဇော်၊  ကျော်လတ်ဖွင့်ချမယ့်အကြောင်းတွေထဲမှာ မေဇော့်အကြောင်း တစ်စိတ်တစ်ဒေသ ပါသွားမှာ စိုးရိမ်နေတာလား။ “

“ကျော်လတ်“

“ခဏနေဦး ကျော်လတ် စကားမဆုံးသေးဘူး။ မေဇော် မစိုးရိမ်ဘူးလို့တော့ မပြောနဲ့၊ မစိုးရိမ်ရင် ခု ဒီကို မေဇော် ရောက်လာစရာ အကြောင်းမရှိဘူး။ ပြီးတော့ မေဇော်ဖြူဆိုတဲ့ အကယ်ဒမီမင်းသမီး တစ်ယောက် နောက်ကလိုက်နေမယ့် ပါပါရာဇီတွေကို မျက်နာလွှဲပြီး ကျော်လတ်အိမ်ကို ပြောင်ပြောင်တင်းတင်းလည်း ဝင်လာရဲမှာမဟုတ်ဘူး။ ကျော်လတ် မျှော်လင့်နေပြီးသား မေဇော် ကျော်လတ်ဆီ့ကိုရောက်ကိုရောက်လာမယ်ဆိုတာ“

မေဇော်ဖြူ မျက်ဝန်းတွေ ချက်ချင်းတင်းမာသွားတယ်။ ကျွန်တော့်ကိုကြည့်နေပုံက ကျားနာခဲခဲတော့မယ် ဟန်မျိုးနဲ့။ ဖြစ်သင့်ပါတယ်။ လူတွေဟာအနာပေါ်ဒုတ်ကျရင် နာတတ်စမြဲပဲဆိုတာ ကျွန်တော်ကောင်းကောင်းကြီးသိနေခဲ့တာပဲလေ။

“ဒါဆို မေဇော် မထွက်ထွက်လာအောင် ကျော်လတ်က မီဒီယာတွေကြားကို ခေါ်လိုက်တာလား၊ မေဇော် ထင်မထားဘူး၊ ကျော်ကျော်လတ်ဆိုတဲ့ မင်းသားတစ်ယောက်မှာ ဒီလိုကောက်ကျစ်တဲ့ စိတ်ဓါတ်မျိုးရှိနေလိမ့်မယ်လို့ပေါ့လေ။ ထားပါ။ ခု ကျော်လတ်ဖွင့်ချမယ်ဆိုတဲ့ကိစ္စကို မေဇော်လာတားတာမဟုတ်ဘူးနော်။ စိုးရိမ်နေခဲ့တာတော့မှန်တယ်။ ဒါပေမယ့် ကျော်လတ်သိထားဖို့က လူတိုင်း ကိုယ့် ဝှက်ဖဲနဲ့ ကိုယ်အနိုင်တိုက်ဖို့ တစ်ယောက်ကိုတစ်ယောက် ကျားချောင်း ချောင်းနေကြတယ်ဆိုတာပဲ။ ဟင်း ဟင်း ကျော်လတ် သဘောပေါက်မှာပါနော်။ ကဲ အဲဒါလာပြောတာ Good Luck ကျော်လတ်“

မေဇော်ဖြူထွက်သွားတော့ ကျွန်တော် အဲဒီနေရာမှာ ရပ်နေမိတုန်းပဲ။ မိန်းမတွေအဆိပ်သိပ်ပြင်းတယ်လို့ လူတစ်ယောက် ပြောဖူးတာအမှတ်ရတယ်။ ဝှက်ဖဲ။ မေဇော်ဖြူပြောတဲ့ ဝှက်ဖဲတွေ ကျွန်တော့်ဆီမှာ တစ်ချပ်မကရှိနေတယ်။ လူတစ်ယောက် ကိုယ့်သိက္ခာနဲ့အရှက်တရားကို ထိပါးစော်ကားခြင်းခံရပြီဆိုရင်  အဲဒီအရာတွေကို ကာကွယ်ဖို့အတွက် လုပ်သင့်တာတော့ လုပ်ရပါလိမ့်မယ်။

ကမာ္ဘမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားကို မေဇော်ဖြူ မေ့နေလို့ ကျွန်တော်က ခုအစဖော်ပေးလိုက်ရတဲ့သဘောပါ။ ကျွန်တော် ဧည့်ခန်းထဲက ထွက်မယ်အပြုမှာ ချာတိတ်တစ်ယောက် အနားကိုရောက်လာပြီး စာတစ်စောင်ပေးတယ်။ ခြံတံခါးပိတ်ခါနီး မေဇော်ဖြူပေးသွားတာတဲ့။ စာကိုဖွင့်ဖတ်လိုက်တော့ တိုတိုလေးပါ။

“ကျော်လတ်

အကြောင်းကြောင်းတွေကြောင့် အကျိုးဖြစ်လာရတာတဲ့။ ခုဆက်ဖြစ်လာမယ့်အကျိုးတွေကို ရင်ဆိုင်ဖို့ အသင့်ရှိတယ်ဆို ဝှက်ဖဲကိုယ်ဆီ ထုတ်လိုက်ကြတာပေါ့။

မေဇော်“

(၂)

တကယ်တော့ တောတွင်းစွန့်စားခန်း အက်ရှင် ဇာတ်ကားတစ်ကားပါ။ အဲဒီဇာတ်ကားက ရင်ထိတ်စရာလည်းကောင်း၊ ရင်ခုန်စရာလည်းကောင်းပြီး သည်းထိတ်ရင်ဖိုစွန့်စားရိုက်ကူးခဲ့ ရတဲ့ ဇာတ်ကားလည်းဖြစ်တယ်။ မြင့်မားတဲ့ တောင်ကမ်းပါးယံတွေကို စတီးကြိုးတွေ တွယ်တန်းပြီး တက်လိုက်ဆင်းလိုက်လုပ်ရတဲ့ ဇာတ်ဝင်ခန်းတွေလည်းပါတယ်။ နောက်ပြီးတော့ ဒီဇာတ်ကားကို မြန်မာနိုင်ငံအနှံ့ပြဲပြဲစင်အောင်  အကုန်အကျခံပတ်ရိုက်ခဲ့ရတဲ့အတွက် အမှတ်တရလည်း ရှိနေတယ်။ တစ်ချို့ဇာတ်ဝင်ခန်းတွေဖြစ်တဲ့ တောင်ကျရေတွေ ကျလာတဲ့အခန်းတွေဆို ကချင်ပြည်နယ် ဖားကန့်မြို့က ကျောက်စိမ်းတွင်းတွေဘက်ကို သွားရိုက်ခဲ့ရတာပါ။

အဲဒီတုန်းက မမုံ၊ မက်လင်ချောင်၊ ကရင်ချောင်ဆိုတဲ့ရွာတွေဘက်မှာ တစ်လလောက်ကြာအောင် ရေမဆေးကျောက်ရှာသမားနဲ့တူအောင် လေ့လာသရုပ်ဆောင်ခဲ့ရတာ။ အဲဒီဘက်က ဇာတ်ဝင်ခန်းတွေပြီးတော့ လွိုင်ကော်ဘက်ကိုရောက်တယ်။ အမှန်က လွိုင်ကော်ဆိုတာထက် ကယားပြည်နယ်ထဲမှာရှိတဲ့ ခရိုင်မြို့ငယ် ရှားတောမြို့ဘက်ကိုသွားရိုက်ခဲ့တာ။ တကယ့်ကိုခေါင်ခိုက်တဲ့နေရာပေါ့။ ကားလမ်း ဆိုင်ကယ်လမ်း မပေါက်တဲ့ရွာတွေဘက်ကို စက်အဖွဲ့တွေ မငြီးမငြူနဲ့ရောက်အောင်သွားပြီး ရိုက်ခဲ့ရတာ။

ရိုက်ဆို ပရိုဂျူဆာကလည်း အကုန်အကျခံခဲ့တာကိုး။ ပြောရရင် ဒီဇာတ်ကား တော်တော်လေးအောင်မြင်သွားတယ်။ ရိုက်နေစဉ်မှာနဲ့ ရိုက်ပြီးတဲ့အချိန်မှာရော တော်တော်လေး နာမည်ထွက်ပြီး လူပြောသူပြောများနေခဲ့တာပေါ့။ တစ်ချို့ ဝေဖန်ရေးဆရာတွေက ဒီလောက်အကုန်အကျခံပြီးရိုက်တဲ့ ဇာတ်ကား မြန်မာပြည်မှာမရှိသေးဘူးဆိုတာမျိုး၊ နောက် ရိုက်ကူးရေးအဖွဲ့တွေ တော်ရုံတန်ရုံမသွားတဲ့ နယ်ဘက်ကိုသွားရိုက်တာ နာမည်ကြီးချင်လို့ဆိုတာမျိုး၊ ဝတ္ထုနဲ့ဇာတ်ညွှန်းကလည်း ခုမှတက်လာတဲ့ နာမည်မရသေးတဲ့ စာရေးဆရာဖြစ်နေလို့ဆိုတာမျိုး စသဖြင့် ပြောစရာတွေများခဲ့တာပေါ့။

ထားပါ။ ခု ဒီဇာတ်ကား ၂၀၁၂ခုနှစ်အကယ်ဒမီစာရင်းအမီ ရုံတင်ရက်ရသွားတယ်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့အခြားမြို့ကြီးတော်တော်များများမှာလည်း ရုံတင်ပြီးသွားပြီ။ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်သွားခဲ့တယ်။ ပြီးတော့ အကယ်ဒမီစာရင်းမှာ အမျိုးသားဇာတ်ဆောင်ဆုနဲ့အမျိုးသမီးဇာတ်ဆောင်ဆုက တစ်ပြေးနေတယ်။ ကျန်တာတော့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ရယ် အကောင်းဆုံးဒါရိုက်တာဆုရယ် အကောင်းဆုံးဇာတ်ကားဆုရယ် အကုန်လုံးရနိုင်တယ်ပေါ့။

ဒီအထိလည်း ပြဿနာမရှိသေးပဲ ပြီးခဲ့တဲ့ တစ်လလောက်ကမှ ဇာတ်ကားသွားရိုက်တဲ့ ရှားတောမြို့ဘက်က မြို့ခံတွေဆီက ကြားလာရတဲ့စကားတစ်ခွန်းကြောင့် အဓိက ဇာတ်ကောင်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ ကျွန်တော့်ကို တိုက်ရိုက်ကြီးထိခိုက်လာတော့တာပဲ။

ဒီမှာ မေဇော်ဖြူဆိုတဲ့ အကယ်ဒမီမင်းသမီးတစ်လက်က ကျွန်တော့်စကားတစ်ခွန်းကို မီဒီယာတွေဆီကနေတဆင့် ကြားလိုက်ရုံလေးနဲ့ ဆတ်ခနဲဖြစ်သွားပြီး ကျွန်တော့်ကိုလာတွေ့သွားပြီး စာလာပေးသွားတယ်။

ဒီစာကလည်း ဝှက်ဖဲဖြစ်လာနိုင်တာကို မေဇော်ဖြူ တကယ်မသိတာလား။ မသိချင်ယောင်ဆောင်သွားတာလား။ ကျွန်တော် လောလောဆယ် နည်းနည်းတော့ ဇဝေဇဝါဖြစ်သွားမိ ပါတယ်။

(၃)

ဓါတ်ပုံတွေတဖျတ်ဖျတ်ရိုက်နေကြတာကို ကျွန်တော်မရှောင်နိုင်ဘူး။ ဆလိုက်မီးကြီးလေးလုံးလောက်က ကျွန်တော့်ကိုပဲ တိုက်ရိုက်ကြီးထိုးချထားတော့ တခြားမြင်ကွင်းတွေကို သဲသဲကွဲကွဲမမြင်ရဘူး။ ဒီကြားထဲ တိုးဝှေ့ဖက်တွယ်လာတဲ့ လူတွေကလည်းများ၊ လက်ဆွဲနုတ်ဆက်တဲ့ လူတွေကလည်း များတော့ မည်သူမည်ဝါဖြစ်တယ်ဆိုတာတောင် ကျွန်တော်မသိတော့ဘူး။ တစ်ချို့က ကျွန်တော့် ပါးကိုရွှတ်ခနဲ နမ်းသွားသေးတာ။ ဒီမှာ ကျွန်တော်တစ်ခု သတိထားမိလိုက်တယ်။ ကျွန်တော့်ပါးပြင်ကို နမ်းသွားတဲ့ တစ်စုံတစ်ယောက်သော သူရဲ့ရနံ့။ ကျွန်တော်လိုက်ကြည့်တော့ မတွေ့ဘူး။ တစ်ယောက် တစ်ဖက်ဆီဆွဲလွဲ နေကြတာတော့ ဘယ်သူဆိုတာလည်း မသိလိုက်ဘူး။ ထူးဆန်းတာကတော့ အနမ်းပဲ။

“ကွန်ဂရက်ကျူလေးရှင်း ကျော်လတ်“

မေဇော်။ မေဇော်က လှလှကြီးပြုံးနေတယ်။ ပြီးတော့ ကျွန်တော့်လက်ကို သေချာဆုပ်ကိုင်ပြီး နှုတ်ဆက်နေတယ်။ ပြီးတော့ ပါးကို နမ်းတယ်။ ကျွန်တော်အံ့ဩသွားတယ်။ အနမ်း။ ဒါက မေဇော်ဖြူ ရဲ့အနမ်း။

ဒါဆို စောစောက အနမ်းကရော။ ကျွန်တော် ဝေ့ဝဲကြည့်တော့ လူတွေက ထိုင်လိုက်ထလိုက်၊ ပြေးလိုက်လွှားလိုက်နဲ့။ တစ်ချို့က Recorder လေးတွေကိုကိုင်ပြီး ကျွန်တော်ကို မေးခွန်းအချို့ရအောင်မေးနေကြတယ်။ ကျွန်တော်ဘာပြန်ဖြေမိမှန်းမသိအောင် တစ်ယောက်သော သူကိုရှာတယ်။ ဟုတ်တယ်။ ဒီကွင်းကြီးထဲမှာ စောစောက အနမ်းပိုင်ရှင် တစ်နေရာရာမှာရှိနေတယ်။

“ကွန်ဂရက်ကျူလေးရှင်းပါအစ်ကို တစ်ခုလောက်မေးလို့ရမလား“

“ဟုတ်ကဲ့ မေးပါ“

ကျွန်တော် ရှေ့က အင်တာဗျူးဝါလေးကို မကြည့်ပဲ ဟိုလှည့် ဒီလှည့်ရှာနေမိပြန်ရော။ မေဇော်ဖြူ ဘယ်နားရောက် သွားမှန်းတောင် မသိတော့ဘူး။

“အကယ်ဒမီရလိမ့်မယ်လို့ အစ်ကိုမျှော်မှန်းခဲ့သလားရှင့်“

“ဘယ်လိုပြောမလဲ မျှော်တော့လည်းမမျှော်လင့်ရဲဘူးဗျ။ ရင်တော့ခုန်တာပေါ့။ ခုတော့ ပျော်ရဲသွားပါပြီ“

“ပြောရရင် ဒီနှစ်က ထူးခြားတဲ့နှစ်ပေါ့နော် အစ်ကိုအနေနဲ့အကောင်းအဆိုး ဒွန်တွဲတဲ့နှစ်လို့လည်းပြောလို့ရတယ်။ ခုအကယ်ဒမီပွဲမတိုင်ခင်က အစ်ကိုပြောထားတဲ့အတိုင်း ဖွင့်ချမယ်ဆိုတဲ့အကြောင်းကရော အပြောင်းအလဲရှိပါသလား သိချင်ပါတယ်။ ဘာလို့လဲဆိုတော့ မူလပြောထားတဲ့အချိန်မတိုင်ခင် အကယ်ဒမီပွဲကဖြစ်လာတော့လေ၊ “

“ဟင်“

ကျွန်တော့်ရှေ့က အင်တာဗျူးဝါမိန်းကလေးကို လှည့်အကြည့်မှာပဲ အကယ်ဒမီစင်မြင့်ထက်ကို ဖိတ်ခေါ်နေတဲ့အသံကိုကြားလိုက်ရတော့ ကျွန်တော့်ကို ဘယ်သူတွန်းပို့မှန်းမသိပဲ စင်မြင့်ဆီ ကျွန်တော့်ခြေလှမ်းတွေ လှမ်းသွားလိုက်မိတယ်။ နောက်ပြန်လှည့်ကြည့်တဲ့အခါ စောစောက အင်တာဗျုးဝါမိန်းကလေးမရှိတော့ဘူး။ ဒါပေမယ့် စူးတောက်စွာကြည့်နေတဲ့ မေဇော်ဖြူရဲ့ မျက်ဝန်းတွေကိုတော့ တွေ့ဖြစ်အောင်ကျွန်တော် တွေ့လိုက်မိသေးတယ်။ ဒီမိန်းမ ကျွန်တော့်ကို မနာလိုဖြစ်နေတယ်ဆိုတာ အဲဒီမျက်ဝန်းတွေကြည့်တာနဲ့ကျွန်တော်သိနေတယ်။ ကျွန်တော့်ခြေလှမ်းတွေ တစ်လှမ်းချင်းလှမ်းပြီး စင်မြင့်ထက်ကို တက်လိုက်တယ်။ ပရိသတ်ဖက်ကို မျက်နာမူလိုက်တော့ လက်ခုပ်ကို မတီးချင်  တီးချင်နဲ့တီးနေတဲ့ မေဖြူဇော်..။

(၄)

ဒီညဟာ ကြယ်တွေ စုံလင်နေသလို ကျွန်တော့်ဘဝရဲ့ မှတ်တိုင်ညလေး တစ်ညဆိုရင်လည်းမမှားဘူး။ အကယ်ဒမီညနဲ့ ဆယ်ရက်သာခွာပြီး အကယ်ဒမီရတဲ့အထိမ်းအမှတ်အနေနဲ့ အနုပညာလောကသားတွေနဲ့ ညစာစားပွဲလေးတစ်ခုကို ခုမှလုပ်ဖြစ်တယ်။ ပြီးတော့ ထူးထူးခြားခြားအစီအစဉ်လေးတစ်ရပ်ကို ကျွန်တော် ဒီနေ့ကိုရွှေ့ထားတယ်။ ဒါမှ ကျွန်တော့်ဝှက်ဖဲကို ထုတ်ပြလို့ရမှာပါ။ဒါကြောင့် ဒီနေ့ညမှာ မီဒီယာတွေကိုပါ ဖိတ်ကြားထားတဲ့အတွက် ကျွန်တော့်ပွဲဟာ တော်တော်လေး စည်ကားနေပါတယ်။ သတင်းထောက်တွေက သူတို့အတွက်သတ်မှတ်ပေးထားတဲ့နေရာများမှာ နေရာယူထားပြီး တစ်ချို့ ဓါတ်ပုံသတင်းသမားတွေကတော့ ဟိုတယ်အဝင်ဝမှာ ကျွန်တော့်ပွဲကိုတက်ရောက်လာမယ့် အနုပညာလောကသားတွေကိုစောင့်နေကြပါတယ်။ နာမည်ကြီးစူပါမော်ဒယ်၊ မင်းသမီး၊ မင်းသား လာသမျှမလွှတ်ရအောင် တဖျတ်ဖျတ်ရိုက်ယူနေကြတာကိုလည်း တွေ့နေရတယ်။ ဟိုတယ်စင်ဝင်အောက် ကားတစ်စီးဆိုက်လာလိုက် မင်းသမီးဖြစ်ဖြစ် မင်းသားဖြစ်ဖြစ်ဆင်းလာလိုက်နဲ့ ပွဲက စတင်နေပြီ။ ကျွန်တော်က လာသမျှလူတွေကို ပြုံးပြနုတ်ဆက်နေရတော့ ပါးစောင်တွေတောင်ညောင်းလာရော။ တစ်ချို့ကတော့ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူကြသလို တစ်ချို့က ဟန်ဆောင်ပြုံးပြီး လက်ဆွဲနုတ်ဆက်တာ ကျွန်တော်သိတယ်။

အစီအစဉ်က ည ၈နာရီမှာစမယ်။ အစားအသောက်တွေကို ဘူဖေးစနစ်နဲ့တည်ခင်းထားတာဆိုတော့ ကြိုက်တာယူ ကြိုက်တာစားပြီး ပျော်ပျော်ပါးပါး စကားလက်ဆုံကြနိုင်တယ်။  ဒီတော့ ကျွန်တော်ကလည်း ဟိုမင်းသားနဲ့ပြောလိုက် ဟိုမင်းသမီးနဲ့ပြောလိုက် ရယ်လိုက်မောလိုက်ပေါ့။ ဒီမှာ အခမ်းအနားမှူးအဖြစ် ဒီညတာဝန်ယူထားတဲ့ ဦးမခ က စတင်ကြေငြာတယ်။

သတင်းထောက်တွေလှုပ်လှုပ်ခတ်ခတ် နေရာပြန်ယူကြပြီ။ အားလုံးရဲ့မျက်ဝန်းတွေ ကျွန်တော့်ဆီမှ ကျရောက်လာကြတယ်။ စင်မြင့်ထက်ကို တက်ပြီး မိုက်ကို ကျွန်တော် နှုတ်ခမ်းနဲ့ ခပ်စွေစွေအနေအထားဖြစ်အောင် ရွှေ့လိုက်တယ်။ ဓါတ်ပုံတွေ တဖျက်ဖျက်စရိုက်ကြပြီ။

“ဟုတ်ကဲ့ ကြွရောက်လာတဲ့ ဧည့်သည်တော်များနဲ့ ဂုဏ်သရည်ရှိလူကြီးမင်းများ မင်္ဂလာပါ။ ဒီကနေ့ည ကျွန်တော့်ရဲ့ ပွဲလေးကိုကြွရောက် ချီးမြှင့်ပေးတဲ့အတွက် ဝမ်းမြှောက်ဂုဏ်ယူမိပါတယ်။ ပြီးတော့ ဒီနေ့ညမှာ ကျွန်တော်မူလက ကြေငြာထားတဲ့အတိုင်း မီဒီယာတွေကို မေးမြန်းခွင့်ပြုမှာဖြစ်ပါတယ်။ ခုချိန်ကစပြီး ကျွန်တော့်ကိုမေးမြန်းချင်တာများ စတင်မေးမြန်းလို့ရပါပြီ “

သတင်းထောက်တွေက ကျွန်တော့်ရဲ့ စကားအဆုံးမှာပဲ သူ့ထက်ငါအလုအယက် မေးဖို့ပြင်ကြချိန်မှာ အသံတစ်သံ ထွက်ပေါ်လာတယ်။

“ကျေးဇူးပြုပြီးတော့ လေးစားအပ်တဲ့ စာနယ်ဇင်းမီဒီယာမှအစ်ကိုအစ်မများကို တစ်ခုလောက်တောင်းပန်ချင်ပါတယ်။ ကျွန်မ အကယ်ဒမီကျော်ကျော်လတ်ကို စတင်ပြီး အစ်ကိုအစ်မတွေကိုယ်စားဗျူးပေးမှာဖြစ်ပါတယ်။ တစ်ခုသေချာတာကတော့ ကျွန်မမေးတဲ့မေးခွန်းတွေဟာ ဒီပွဲတက်ရောက်လာတဲ့ အစ်ကိုအစ်မတွေသိချင်နေကြတဲ့ အဖြေတွေအတွက်လည်း အံကိုက်ဖြစ်နေမှာပါလို့ ရဲဝံ့စွာပြောလိုပါတယ်။ ဟုတ်ကဲ့ ကျွန်မ မေဇော်ဖြူပါ“

(၅)

ဒီမိန်းမ တော်တော် သတိ္တရှိတာပဲ။ မကြည့်ချင်ပဲ တီဗွီအစီအစဉ်တစ်ခုကနေ ပြန်လွှင့်နေတဲ့ ကျွန်တော့်ရဲ့ အကယ်ဒမီဂုဏ်ပြုညစာစားပွဲ မှတ်တမ်း ဗီဒီယိုကို ကြည့်နေရတယ် ။ မနေ့ညက တော်တော်နဲ့ ကျွန်တော်အိပ်မပျော်ခဲ့ဘူး။ ဟိုတယ်ကနေ ဘယ်လိုပြန်လာမိမှန်းမသိပဲ အိမ်ကိုပြန်ရောက်လာတယ်။ မေဇော်ဖြူ ဆိုတဲ့ မိန်းမ မေးတဲ့ မေးခွန်းတွေ ကျွန်တော်ပြန်ဖြေဖြစ်နေခဲ့တာ ဘာကြောင့်လဲ။ တီဗွီမှာလာနေတဲ့ အကယ်ဒမီကျော်ကျော်လတ် သတင်းမှတ်တမ်းကိုကြည့်ရတာ ကျွန်တော့်ကိုယ်တိုင်မှဟုတ်ပါလေစ လို့သံသယတွေဝင်လာတဲ့အထိ။

“အကယ်ဒမီရပြီးမကြာသေးတဲ့ အချိန်အတောအတွင်းမှာ ဒီမေးခွန်းကိုမေးရတဲ့အတွက် စိတ်တော့မရှိပါနဲ့ ခုချိန်ကစပြီး ကျော်လတ်လို့ပဲခေါ်ခွင့်ပြုပါ ရှင်နဲ့ မေဇော် ဘယ်အတိုင်းအတာထိပတ်သက်ခဲ့ဖူးတယ်ဆိုတာ ဒီက မီဒီယာအသိုင်း အဝိုင်းကလည်း သိနေကြတာပဲ“

မေဇော်ဖြူ့စကားကို ကျွန်တော်က အသိအမှတ်ပြုသလိုနဲ့ ပြုံးပြလိုက်တယ်။ ဒီအချိန်မှာ အပြုံးတစ်ချက်မှ ပျက်လို့မဖြစ်ဘူး။ ကြည့်နေကြတဲ့ မျက်ဝန်းပေါင်း တစ်ထောင်နဲ့ စွင့်နေကြတဲ့ နားပေါင်းတစ်ထောင်မက ရှိနေတယ်။ သတင်းဓါတ်ပုံသမားတွေနဲ့ သတင်းထောက် တော်တော်များများက ကျွန်တော်နဲ့မေဇော်ဖြူအပေါ်မှာ အာရုံတွေ စူးနစ်ထားလိုက်ကြပြီ။ ဒီပွဲက သူတို့အတွက်ထူးခြားနေတာကို။ နာမည်ကြီးအကယ်ဒမီ မင်းသမီးတလက်က အင်တာဗျူးဖို့ စူပါမင်းသားကျော်ကျော်လတ်ရဲ့ပွဲကိုတက်ရောက်တယ်ဆိုတာ သတင်းလောကသားတွေအတွက်တော့ ရွှေသတင်း ငွေသတင်းပဲလေ။ နောက်တစ်ခုက ကတ္တီပါလမ်းခွဲပြီးတာ မကြာသေးတဲ့ ထိပ်တန်းသရုပ်ဆောင်နှစ်ဦးရဲ့ ငယ်ကျိုး ငယ်နာတွေလည်း ပေါ်လာနိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ပါကြမှာပေါ့။ ပြီးတော့ အကောင်းဆုံး ဇာတ်ကားဆုရရှိသွားတဲ့ ဇာတ်ကားရိုက်ကွင်း တည်နေရာတစ်ခုက မီးတစ်စကလည်း ဒီအချိန်မှာ ဖြည်းဖြည်းချင်း တောက်လောင်နေခဲ့တာကိုး။ အများပြည်သူတွေကလည်း ရုပ်လုံးရုပ်ထည်မပေါ်သေးတဲ့ အမူတစ်ခုရဲ့ တရားခံဟာ သူတို့ချစ်တဲ့ မင်းသားတစ်လက်၊ မင်းသမီးတစ်လက်နဲ့ ပတ်သက်လေမလားဆိုတဲ့ သို့လော သို့လောအတွေး တွေနဲ့ စိတ်ဝင်တစားရှိနေကြတယ်။

“ကျော်လတ်ကို နယ်ရိုက်ကွင်းတစ်ခုဖြစ်တဲ့ ရှားတောရိုက်ကွင်းဘက်က ပြောဆိုနေတဲ့ ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး အရင်မေးပါရစေ“

ဒီမိန်းမ ဒီမေးခွန်းကို တမင်ရွေးချယ်ခဲ့ပုံရတယ်။ ကျွန်တော်ပုံက မြင်ကွင်းထဲမှာ စိတ်လှုပ်ရှားမှုတော့ရှိမနေဘူး။

“ဆေးကိုလဲရွာသူ အဲမိုစေး ဆိုတဲ့ မိန်းကလေးသေဆုံးမှုဟာ မတော်တဆမဟုတ်ပဲ နောက်ကွယ်မှာတစ်စုံတစ်ခုသော ပယောကပါနေလိမ့်မယ်လို့ ပြောနေကြတဲ့အပေါ်မှာ ကျော်လတ်ရဲ့ နာမည်ကို ထည့်ပြောနေတဲ့ ကိစ္စကို ဘယ်လိုပြော ချင်ပါသလဲ“

မေဇော်ဖြူဆိုတဲ့မိန်းမ မေးတဲ့ မေးခွန်းအဆုံးမှာ အမည်နာမတစ်ခုပါသွားတယ်။ အဲမိုစေးဆိုတဲ့ မိန်းကလေးရဲ့နာမည်ကို မေဇော်ဖြူ ဘာလို့ထုတ်ပြောလိုက်ရတာလဲ။ ဒီနာမည်က ကျွန်တော့်အတွက်ရော မေဇော်ဖြု့အတွက်ပါ အရေးကြီးတယ်။

အဲမိုစေး။

အသားဖြူဖြူ၊ ပိန်ပိန်သွယ်သွယ်နဲ့ချစ်စရာကောင်းတဲ့ မိန်းကလေး။

(၆)

“ဘာမှမပြောချင်ပါဘူး။ အဲမိုစေးဆိုတဲ့မိန်းကလေးကို ကျွန်တော်သိထားတာက ကျွန်တော့်ရဲ့ ပရိသတ်တစ်ယောက် အနေနဲ့ပါ“

တမင်ပဲ ကျွန်တော်ဆိုတဲ့ နာမ်စားကို ကျွန်တော်သုံးပစ်လိုက်တယ်။ ဇင်ယော်တောင်ပံမျက်ခုံးနှစ်ခုပင့်သက် သွားတာကို တွေ့လိုက်မိသေးတယ်။ နှုတ်ခမ်းတစ်ဖက်စွန်းကို ရွဲ့ကွေးပြီး မေဇော်ဖြူပြုံးလိုက်တာကိုတွေ့ရတယ်။

“အဲဒီထက်မပိုခဲ့ဘူးလို့ပြောချင်တာလား ကျော်လတ်။ မေဇော့်မှာ အခိုင်အလုံသိထားတဲ့အကြောင်းတွေရှိနေတယ်နော်။ ပြီးတော့ အဲမိုစေးကို မေဇော်နဲ့မိတ်ဆက်မပေးမဖြစ်လို့ မိတ်ဆက်ပေးလာတာလဲ ကျော်လတ်ကိုယ်တိုင်ပဲမဟုတ်ဘူးလား“

လုပ်ပြီ။ မေဇော်ဖြူ ဒီနေ့ သိပ်သတိ္တတွေရှိ နေပါလား။ ကျွန်တော်လုပ်မယ့် အကွက်တွေကို မြင်သွားလို့ ဒီကနေ့ လူသိရှင် ကြားရှင်းမယ်ဆိုတဲ့ သဘောမျိုးနဲ့ မေဇော်ဖြူ ကျွန်တော့်ဆီ ရောက်လာရတာပဲ။ ကျွန်တော် စင်မြင့်ပေါ်ကနေဆင်း လိုက်တယ်။ ခန်းမကြီးက တိတ်ဆိတ်သွားတယ်။ အပ်ကျသံတောင်မကြားရသလောက်ပဲ။ ဖွင့်ထားတဲ့ သီချင်းသံတွေလည်း တိတ်ဆိတ်သွားတယ်။ ကျွန်တော်ဘာပြန်ဖြေမလဲဆိုတဲ့ သိချင်စိတ်တွေနဲ့ ငြိမ်သက်လို့။

“ဟုတ်တယ် အတင်းလိုက်ကပ်နေတဲ့ မင်းကို ကျွန်တော်ခွာချချင်လို့“

မေဇော်ဖြူ ကျွန်တော့်စကားကိုကြားတော့ ဟက်ခနဲ ရယ်တယ်။ ပြီးတော့ လူတွေကို ဝေ့ကြည့်လိုက်သေးတယ်။

“ကျော်လတ် စကားကက မသိရင် မေဇော်ဖြူဆိုတဲ့ မင်းသမီးတစ်ယောက်ရဲ့ အရှက်သိက္ခာကို စော်ကားလိုက်တာပဲ။ အားလုံးပဲတောင်းပန်ပါတယ်ရှင်။ နားနဲ့မနာ ဖဝါးနဲ့နာပေးပါ။

လောကမှ မိန်းမတစ်ယောက် ယောကျာ်းတစ်ယောက်ကို အတင်းတွယ်ကပ်နေရပြီဆိုရင် အဲဒီမိန်းမမှာရှိနေတဲ့ အများကြားခေါင်းမဖော်ဝံ့တဲ့အကြောင်းတွေကြောင့်ပဲဖြစ်လိမ့်မယ် ဆိုတာ ကျော်လတ် နားမလည်ဘူးထင်တယ်။ မေဇော်ဘာလို့ အတင်းလိုက်ကပ်နေရသလဲဆိုတာ ကျော်လတ်ကို စိတ်မချလို့မဟုတ်ဘူး။ ဟော ဒီဗိုက်ထဲက ကလေးလေး အဖေနာမည်မဲ့မှာစိုးလို့“

“ဟာ“

လူတိုင်း ပါးစပ်အဟောင်းသားနဲ့ မေဇော်ဖြူရဲ့ ဝမ်းဗိုက်ကို ကြည့်ကြတယ်။ ဒီမိန်းမ တော်တော်အရှက်မဲ့နေပြီပဲ။

“အင်းလေ ကျော်လတ်က အဲမိုစေးမှ အဲမိုစေးဖြစ်နေတာကို။ ရိုက်ကွင်းတစ်ခုလုံးမရိပ်မိခဲ့တဲ့ ကိစ္စတစ်ခုကို မေဇော်သိထားတာ ကျော်လတ်အတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်နေမှာပေါ့။ ကျော်လတ် မေဇော့်ကို အကွက်တစ်ခုဆင်ထားတာလဲ အဲမိုစေး မသေခင်ညက  အဲမိုစေးနဲ့ စကားခဏလေးပြောလိုက်ရတာနဲ့ မေဇော်သိလိုက်ရ တယ်။ ထားပါ။ ဒါတွေကအရေးမကြီးပါဘူး။ အရေးကြီးတာက ကျော်လတ် ဖွင့်ချမယ်ဆိုတဲ့အကြောင်းတွေက အမှန်တရားတစ်ခုမှမပါဘူးဆိုတာ မေဇော်လာပြောပြတာပဲ“

အားလုံးလှုပ်ခတ်ကုန်ပြီ။ မေဇော်ဖြူ့ကိုလည်း အမိအရ ဓါတ်ပုံတွေထပ်ရိုက်ကြပြန်တယ်။ ကျွန်တော် ဘာမှမပြောနိုင်ပဲ ဘာလို့ ဆွံ့အနေရတာလဲ။ ဒီမှာ မြင်ကွင်းတွေက ခန်းမကြီးရဲ့ နံရံတစ်ခုကို ရောက်သွားတယ်။ အားလုံးက အဲဒီနံရံကြီးကိုကြည့်ပြီး ဟင်ခနဲ ဟာခနဲဖြစ်ကုန်တယ်။

နံရံထက်မှာ ပရိုဂျက်တာနဲ့ထိုးပြထားတဲ့ ပုံရိပ်တွေက ကြည်လင်ပြတ်သားလွန်းအားကြီးတယ်။ အဲမိုစေးနဲ့ ကျွန်တော် နမ်းရှုံ့နေကြပုံတွေ။ ရေပူစမ်းတစ်ခုမှာ ဝတ်လစ်စလစ်နဲ့ ဖက်လှယ်တကင်း ပူးကပ်နေကြတာတွေ၊ ပုံတွေမှအများကြီးပဲ။

“ပိတ်လိုက်စမ်း၊“

ကျွန်တော်အော်သံကြီးကြားတော့ ကျွန်တော့်အိမ်က ချာတိတ်တွေက ပရိုဂျက်တာရှိရာဆီ ပြေးလွှားကုန်ကြတယ်။

“ဘယ့်နှယ့်လဲ ကျော်လတ်။ ဒီပုံတွေ မေဇော်ရအောင် တော်တော်ကြိုးစားယူလိုက်ရတယ်။ ကိုယ့်အပေါ်သစ္စာမရှိတဲ့ ယောကျာ်း တစ်ယောက်ရဲ့ နောက်မိန်းမတစ်ယောက်နဲ့ ဖြစ်ချင်တိုင်း ဖြစ်နေတာကို မေဇော် စိတ်ခိုင်အောင်ထားပြီး ရိုက်ယူခဲ့ရတာ။ ပရိသတ်များရှင်။ ခုပုံတွေရိုက်ယူတဲ့ရက်မှာပဲ အဲမိုစေးဟာ အသက်သေဆုံးခဲ့ရတာပါ။“

“ဟာ“

(၇)

တီဗွီကိုပိတ်ပစ်လိုက်တယ်။ ကျွန်တော် ဆက်တီကထထွက်ခဲ့တော့ ညက သန်းခေါင်အချိန်တိတိ။

“မမ မလုပ်ပါနဲ့နော် အဲဒီဗီဒီယိုဖိုင်ကို ဖျက်ပေးပါနော် ညီမတောင်းပန်ပါတယ်“

မေဇော်ဖြူလှလှပပလေးပြုံးနေတယ်။ မန်မိုကဒ်ကလေးကို ကင်မရာထဲက လစ်ခနဲဆွဲနုတ်ယူပြီး ကျွန်တော့်ဘက်ကိုလှည့် ကြည့်တယ်။

“သိပ်ပြီးလုံခြုံလှတယ်လို့မထင်နဲ့။ လောကမှ ဆိတ်ကွယ်ရာဆိုတာမရှိဘူး ကျော်လတ်။ မိန်းမဆိုတာကို လျော့မတွက်နဲ့။ အချစ်နဲ့ပတ်သက်လာရင် မိန်းမတွေ ရဲရင့်လာတဲ့အခါ ကျော်လတ်တို့ ယောကျာ်းတွေ မိန်းမတွေကို မမီဘူး။ ခု မေဇော်ဗိုက်ထဲမှာ ကလေးရှိနေပြီ။ ပြီးတော့ အဲမိုစေးဆီမှာရော။ မရှိလာနိုင်ဘူးလို့ ပြောလို့မရဘူး။ “

“မေဇော် ဘာဖြစ်ချင်တာလဲ“

“ရှင်းရှင်းလေးပဲလေ အဲမိုစေးနဲ့ မေဇော် ဘယ်သူ့ကိုရွေးမလဲ ကျော်လတ်တစ်ယောက်ကိုရွေး။ တစ်ခုပြောမယ်နော် မေဇော်မှာ ကိုယ်ဝန်ရှိလို့တော့ လာမငဲ့နဲ့။ ပြီးတော့ တစ်ယောက်မှမရွေးဘူးလို့လည်း လာမလုပ်နဲ့။ အရှက်နဲ့သိက္ခာအတွက် မေဇော် ခုချိန်မှာ ဘာနဲ့မဆိုလဲမှာနော်။ “

အဲမိုစေးက ငိုနေတယ်။ တုန်လှုပ်နေတယ်။ မေဇော်ဖြူက အေးအေးဆေးဆေးနဲ့စကားလုံးတွေတစ်လုံးချင်းပြောတယ်။

“အိုကေလေ တစ်ယောက်ဆိုတော့ တစ်ယောက်ကိုရွေးရမှာပေါ့။ မင်းခိုးရိုက်ထားတဲ့ ဗီဒီယိုဖိုင်ကို မင်းဖျက်ပေးပါ။ ဒါက အဲမိုစေးအတွက်“

“နိုး နိုး အဲမိုစေးအတွက်လို့ ကျော်လတ်မပြောပါနဲ့ ကျော်လတ်အတွက်မပါရင် ကျော်လတ်က ဘယ်တုန်းက ပူပန်ဖူးလို့လဲ“

ကျွန်တော် အဲမိုစေး ဆီလျှောက်သွားလိုက်တယ်။ အဲမိုစေးက ကမ်းပါးယံအစွန်းမှာ။ အောက်ဘက်မှာ ရှားတောမြို့ကိုမြင်နေရတယ်။ ဒီနေရာကလမ်းအကွေ့လေးဖြစ်နေသလို မတ်လည်းစောက်တယ်။

“အဲမိုစေး“

အဲမိုစေးက ကျွန်တော့်ကိုမော့ကြည့်တယ်။ ကျွန်တော်က ပြုံးပြလိုက်ပြီး

“အဲမိုစေးကို့ကိုယုံတယ်မလား“

အဲမိုစေးက ခေါင်းငြိမ့်တယ်။ အဲမိုစေးရဲ့ပခုံးနှစ်ဖက်ကိုဆွဲမပြီး မေဇော်ဖြူ့အနားကိုခေါ်လာမိတယ်။ ကျွန်တော်က မေဇော့်ဖြူကို

“မေဇော် အမှန်အကန်ဆုံးဖြစ်စေချင်ရင် မန်မိုရီကဒ်ကို အဲမိုစေးကိုပေးခဲ့လိုက်ပါ။ ကျော်လတ်တစ်ခုခုကို သေချာဆုံးဖြတ်ချက်ပေးပါ့မယ်။“

“အိုကေလေ မေဇော် မိန်းမသားချင်း ကိုယ်ချင်းစာပါတယ်။ ကျော်လတ်ဘယ်သူ့ကိုရွေးရွေး ကျေနပ်လိုက်မှာက မေဇော်ပါပဲ။ ရော့ ညီမ။ “

အဲဒီအချိန်မှာ လစ်ခနဲ ကျွန်တော့်လှုပ်ရှားလိုက်တာက မြန်ဆန်လွန်းလို့ မေဇော်ဖြူ တောင် အံ့ဩနေတယ်။ မျက်လုံးကြီးပြူးနေတယ်။ ဒါပေမယ့် အဲဒီမျက်လုံးတွေဟာ အကယ်ဒမီမင်းသမီးတစ်လက်ရဲ့ အကယ်ဒမီရှော့ သရုပ်ဆောင်မှုတွေဆိုတာ ကျွန်တော်သတိတစ်ချက်လွတ်သွားတယ်။ ကျွန်တော်ဖန်တီးထားတာက မေဇော်ဖြူနဲ့ အဲမိုစေး စကားများတဲ့အခါ မေဇော်ဖြူက ချောက်ကမ်းပါးစွန်းကနေ အဲမိုစေးကို ဒေါသတကြီးတွန်းချလိုက်တာ။ ခု ကျွန်တော်တွန်းချလိုက်တာ အဲမိုစေး။

(၈)

သတင်းဂျာနယ်တွေမှာ ကျွန်တော်သတင်းတွေ ပလူပျံနေတယ်။ ပြီးတော့ မေဇော်ဖြူ သတင်း။ ဓါတ်ပုံတွေ ဝေဝေဆာဆာနဲ့ အကယ်ဒမီမင်းသမီး တစ်လက်ရဲ့အမေး စူပါမင်းသားတစ်လက်ရဲ့ အဖြေဆိုပြီး ရေးထားကြတာများ ဂျာနယ် ခေါင်းကြီးပိုင်းတွေမှာ။

ပြီးတော့ အင်တာနက် Website တွေမှာရော Facebook တွေမှာပါ ကျော်ကျော်လတ် ဆိုတဲ့ ကျွန်တော်သတင်းတွေပွနေတယ်။

မေဇော်ဖြူထိုးပြခဲ့တဲ့ ဝတ်လစ်စလစ်ဓါတ်ပုံတွေအပြင် ဗွီဒီယိုင်ဖိုင်တစ်ခုကလည်း Sharing လုပ်ကြသူပေါင်း များစွာ။ မေဇော်ဖြူကို ကျွန်တော်တစ်ခုချီးကျုးချင်တယ်။

တောင်ကမ်းပါးစွန်းက မြင်ကွင်းကို ကင်မရာမန်းတစ်ယောက်ကို ငှားပြီး ဘယ်အချိန်ကမှတ်တမ်းတင်ခိုင်းခဲ့သလဲဆိုတာ ကျွန်တော်မသိလိုက်တာပဲ။

ဒီမှာ မေဇော်ဖြူ ရဲ့ Page ကို ကျွန်တော်တွေ့ရတယ်။ Like ပေါင်း 3568750 နဲ့ comment ပေါင်း 3056 ခု။

 

(၉)

“ မိန်းမတွေမှာ ဝှက်ထားတဲ့လက်သည်းတွေအများကြီးရှိတယ်

တစ်ခါတစ်ရံမှာ ကိုယ့်အရှက်နဲ့သိက္ခာကိုချနင်းပြီး ထုတ်သုံးရတဲ့လက်သည်းက ပိုချွန်မြရတယ်။”

ကျွန်တော် မေဇော်ဖြူ့ Status ကို Like တစ်ချက် နှိပ်လိုက်တယ်။

 

(၁၀)

အောင်မြင်ကျော်ကြားလူသိများခဲ့ပါတယ်။

သို့ပေမယ့်

နာမည်ဆိုးတွေနှင့်သာ။

 

(၁၁)

ကျွန်တော့် Status ကိုနောက်ဆုံးကြည့်လိုက်ပြီး ကွန်ပျူတာကိုပိတ်ချလိုက်တယ်။

 

 

 

သော်ဇင်(လွိုင်ကော်)

 

 

 

 

 

8 comments

  • padonmar

    April 20, 2014 at 8:48 pm

    တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။
    ကိုယ်ကျင်လည်ခဲ့တဲ့နေရာတွေကို အကွက်ကျကျထည့်သုံးနိုင်တာချီးကျူးပါတယ်။
    တခုပဲ ကျော်ကျော်လတ်က ဘာကို ဖွင့်ချပြီး မေဇော်ကို အနိုင်ယူချင်ခဲ့တာလဲ မသိရဘူး။
    နောက်ပြီး လူသတ်မှုကို အင်တာဗျူးမှာ ဖွင့်ပြပြီးတာတောင် သူက အိမ်မှာ ကွန်ပျူတာနဲ့ ဒီအကြောင်း ပြန်ကြည့်နေနိုင်သေးလား။
    အဖမ်း မခံရဘူးလား။
    အရေးကောင်းသလောက် ဇာတ်အိမ် မလိုက်နို်င်သေးတာလို့ ဝေဖန်ရင် စိတ်မဆိုးပါနဲ့နော်.

  • alinsett (gazette)

    April 20, 2014 at 9:09 pm

    အဆော်ကျိုး…အဆိုးကျော်ပေါ့…
    xxxxxxxxxxxxxxxxxxxxxxxxx

    ကိုသော်ဇင်ရေ…
    မတွေ ့ရတာ ကြာနေသလိုပဲ…

    🙂

  • lu lu

    April 20, 2014 at 9:38 pm

    ဇာတ်လမ်းက အရမ်းစိတ်ဝင်စားဖို ့ကောင်းပါတယ်
    ရေးပြဖို ့မေ့ကျန် ခဲ့တာလား လို ့မေးချင် ပါတယ် တခိူ ့နေရာ
    မှာသိပ်နားမလည်လိုက်ဘူး
    စိတ်မဆိုးပါနဲ ့နော်

  • ကွန်​ပျူတာ ထိုင်​သုံးပြီးအဖမ်​းခံဖို့​စောင်​့​နေတဲ့သ​ဘောပါ ဟုတ်​ကဲ့ဖတ်​ရှု​ပေးတဲ့အတွက်​​ကျေးဇူးပါဗျာ ကျွန်​​တော်​ပြန်​​ရေးကြည်​့ပါဦးမယ်​ 🙂 🙂 🙂

  • ကေဇီ

    April 21, 2014 at 12:05 pm

    အတော် ဖတ်လို့ကောင်းတယ်။
    တင်မြင့် ဝတ္ထုတွေကို သွား သတိရတယ်။

  • Ma Ma

    April 21, 2014 at 1:57 pm

    ပါပါရာဇီလို့ ပြောလိုက်တာနဲ့တင် ဒိုင်ယာနာကို သတိရမိတယ်။
    မြန်မာပြည်မှာလည်း ပါပါရာဇီထက်ဆိုးတဲ့ သတင်းမဟုတ်တဲ့ အတင်းတွေ ရေးနေတာတွေက ပိုပြီးတောင် စိတ်ပျက်စရာကောင်းနေသေးတော့တယ်။
    ဒုတိယအပိုင်းက မင်းသားအနေနဲ့ ရွာထဲက အလက်ဆင်းကိုတောင် မြင်ယောင်မိတယ်။ 🙂

  • Mr. MarGa

    April 23, 2014 at 2:10 pm

    အင်း………………………

    ကျားနာခဲ ခဲခဲ့သလိုပေါ့လေ
    အစ်ကိုက အကွက်နည်းနည်းပဲ လှစ်ပြထားပေမယ့်
    ကျနော်က အဲဒီပြကွက်တွေရဲ့ အရင်ကျမယ့် အဖြစ်အပျက်တွေကို မှန်းဆကြည့်နေမိတယ်။ :mrgreenn:

Leave a Reply