နောက်ကျောကို လက်ဝါးနဲ့ ရိုက်လွှတ်လိုက်တဲ့ သရဲမ

 

ပြီးခဲ့တဲ့ သင်္ကြန်ပိတ်ရက်အတွင်း ရွာကို ပြန်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ သရဲမ က နောက်ကျောကို လက်နဲ့ ရိုက်လွှတ်လိုက်တဲ့ အဖြစ်ကို ကြုံခဲ့ရတာပဲ။

ကျုပ်ကို ရိုက်လွှတ်လိုက်တာ မဟုတ်ဘူးနော်။ ကျုပ်လုပ်ရင် ပြန်ပြီး လုပ်ပစ်လိုက်မှာပေါ့။ သရဲမ ဆိုတော့ကာ နပန်းဖတ်လုံးရင်တောင် ဟောဒီကောင်ကြီးက အနိုင်ရမှာပဲ … ထင် .. ပါ .. တယ် …။ :mrgreenn:

ဖြစ်ပုံက ဒီလိုဗျ။

ရွာက ကျုပ် ဘော်ဒါ တစ်ယောက်ပေါ့ဗျာ။ သူက သူ့မိန်းမနဲ့ ရွှေစက်တော်၊ ပုဂံညောင်ဦးကို ခရီးသွားခဲ့တယ်။ သူ့အဖေလည်း အပါအဝင်ဆိုတော့ကာ စုစုပေါင်း သားအမိ သားအဖ သုံးယောက်ပေါ့ဗျာ။ ဂျစ်ကားလေးနဲ့ ခရီးထွက်ကြတာပါ။ သူ့အဖေနဲ့ သူနဲ့က တစ်ယောက်တစ်လှည့် ကားမောင်းပေါ့။ အဲ့ဒီ ရွှေစက်တော်၊ ပုဂံညောင်ဦး ဆိုတာကလည်း ကျုပ်တို့နယ်နဲ့ သိပ်မဝေးလှဘူးရယ်။ ဒါနဲ့ ရွှေစက်တော်ကို အရင်သွား ဖူး၊ ပြီးတော့မှ ပုဂံညောင်ဦးကို ခရီးဆက်ကြတယ်။ ပုဂံမှာ တစ်ညအိပ်ပြီး နောက်နေ့ကျ ပြန်လာကြတယ်။ သူတို့ တာထိပ် ကို ရောက်တဲ့အချိန်ကျတော့ မှောင်ရီပျိုးနေပြီ။

(တာထိပ် ဆိုတာ ကျုပ်တို့ ရွာကနေ သွားရင် မကွေး – ရေနံချောင်း ကတ္တရာ လမ်းမပေါ် ရောက်တဲ့ နေရာကို ဆိုလိုတာပါ၊ ကတ္တရာလမ်းထိပ်ပေါ့။ ရွာကလူတွေက ကတ္တရာလမ်းကို တာလမ်း ဆိုပြီး ခေါ်ကြလေတော့ တာလမ်းထိပ်၊ တာထိပ် ဆိုပြီး ဖြစ်သွားတာပေါ့ဗျာ။)

အဲ့ဒီ တာထိပ်ကနေ ရွာကို ရောက်ဖို့ဆိုရင် ၁ နာရီကျော်ကျော် မောင်းရပါသေးတယ်။ တောလမ်းပေါ့ဗျာ။ တောလမ်းဆိုပေမယ့်လည်း သစ်ပင်ကြီးတွေနဲ့ အုံ့ဆိုင်းနေတဲ့ တောလမ်းမျိုးတော့ မဟုတ်ဘူးပေါ့။ ရွာတွေရဲ့ အနီးအပါးကလွဲရင် ကျန်တဲ့ လမ်းတစ်လျှောက်မှာ လူသွားလူလာ ပြတ်လပ်ပြီး ခြောက်ကပ်ကပ်နိုင်လှတဲ့ တောလမ်းပေါ့။ လမ်းဘေးဝဲယာမှာ မန်ကျည်းပင်ကြီးအချို့ ရှိတာကလွဲပြီး ကျန်တာကတော့ ခြုံပုတ်တွေက များပါတယ်။

တာထိပ်မှာ ရှိတဲ့ ဈေးဆိုင်တန်းမှာ ခဏတစ်ပါး နားကြပြီး ရွာဘက်ကို ထွက်လာကြတော့ နေက ဝင်သွားပါပြီ။ ဒီလို တာထိပ်ကနေ ကားမောင်းလာလိုက်တာ လမ်းခုလတ် အရောက်မှာတော့ ကားရှေ့မီးက မလင်းတော့ဘူး ဖြစ်သွားတယ်။ ဒါနဲ့ပဲ ပါလာတဲ့ ဓါတ်မီးတွေ ထုတ်ပြီး ကားမီးသီးပြင်ဖို့အတွက် သားအဖနှစ်ယောက် ကားအောက် ဆင်းကြရတော့တာပေါ့။

မှောင်တယ်ဆိုပေမယ့် အလင်းရောင် ဖြိုးဖြိုးဖျဖျလေးတော့ ရှိနေပါသေးတယ်။ ရွာအဆိုအရ နွားရိုင်းသွင်းချိန် အကျော်လောက်ပေါ့ဗျာ။ ခပ်ဖျဖျ အလင်းရောင်နဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အနီးအနားမှာ မန်ကျည်းပင်ကြီး တစ်ပင်ကို တွေ့ရပါတယ်။ အဲ့ဒီ မန်ကျည်းပင်အောက်မှာတော့ ခရီးသွားတွေ ထိုင်နားလို့ရအောင် ထားထားတဲ့ ခုတင်တစ်လုံးနဲ့ ရေအိုးစင် ရှိတယ်။

ကျုပ်ဘော်ဒါ မိန်းမ ကတော့ ကားပေါ်က မဆင်းပါဘူး။ သူက ကားပေါ်မှာပဲ ကျန်ခဲ့တယ်။ သားအဖ နှစ်ယောက်ကတော့ ကားရှေ့က မီးသီးကို ပြုပြင်နေကြလေရဲ့။ သူတို့တွေ ဒီလို မီးလုံးတွေ ပြင်နေကြတုန်း ကျုပ်ဘော်ဒါ မိန်းမ က သူ့ယောက်ကျားကို လှမ်းပြောတယ်။

“ဟဲ့ … ငါ့ကို ဘာလို့ လာရိုက်တာတုန်း။ သူ့ဟာသူ မီးသီးပျက်တာ ငါနဲ့ ဘာဆိုင်လို့တုန်း”

ဒီလိုလည်း လှမ်းပြောလိုက်ရော ကျုပ်ဘော်ဒါလည်း ကြောင်သွားတာပေါ့။ ဘာတုန်းဟ ပေါ့။ ဒါနဲ့ပဲ ပြန်ပြောလိုက်ပါတယ်။

“ဟာ … နင်ကလည်း ငါက ဒီမှာ မီးပြင်နေတာ၊ နင်နဲ့ အဝေးကြီး။ ငါက ဘာဖြစ်လို့ နင့်ကို ရိုက်ရမှာတုန်းဟ”

ဒါနဲ့ပဲ သူ့မိန်းမလည်း တစ်ခုခုနဲ့ ခိုက်မိသွားတာ နေမှာပါဆိုပြီး နေရာရွှေ့ထိုင်လိုက်တယ်။ ခဏနေတော့ မီးလုံးလည်း ကောင်းသွားပြီမို့ ရွာကို ခရီးဆက်ခဲ့ကြတယ်ပေါ့။ ဒီအကြောင်းကလည်း မေ့မေ့ပျောက်ပျောက်ပါပဲ။

ဒီလိုနဲ့ နောက်နေ့ကျတော့ ကျုပ်ဘော်ဒါ မိန်းမက သူ့ယောက်ကျားကို ပြောတယ်။

မ – “ငါ့ နောက်ကျောနဲ့ ရင်ဘတ်တွေ တော်တော် ပူနေတယ်ဟာ။ ဘယ်လို ဖြစ်တာလည်း မသိဘူး”

ကျား – “နင်ကလည်း နေက ဒီလောက်ပူနေတာ။ ပူတာ မဆန်းပါဘူး။ ငါတောင် ပူလွန်းအိုက်လွန်းလို့ အင်္ကျီချွတ်ထားတာ မတွေ့ဘူးလား”

မ – “ငါက အဲ့ဒီလိုကြီး ပူတာ မဟုတ်ဘူးဟ။ ငါ့ရင်ဘတ်နဲ့ နောက်ကျောတင် ကွက်ပြီး ပူနေတာ။ ရေချိုးလည်း ပူတာက ပူနေတာပဲဟ။ နေရထိုင်ရတာလည်း သိပ်မကောင်းဘူး”

ကျား – “ဒါဆိုလည်း ဆေး အရင်သောက်ကြည့်ဟာ။ ဒါမှ မသက်သာရင်လည်း တစ်ခုခု လုပ်ရမှာပေါ့”

ယောက်ကျားရဲ့ အဆိုအရ သူ့မိန်းမလည်း ဆေးသောက်တယ်။ ဒါပေမယ့် နောက်နေ့ကျပြန်တော့ မသက်သာလာတဲ့အပြင် ပိုတောင် ဆိုးလာသေးတယ်။ ဒီအကြောင်းကို ကျုပ်ဘော်ဒါရဲ့ အမေက မေးတော့မှ လမ်းမှာ ဒီလိုဒီလိုတွေတော့ ဖြစ်ခဲ့တယ်ဆိုပြီး ပြောပြလိုက်တယ်။ ဒါနဲ့ သူ့အမေလည်း ပယောဂ လား၊ ဘာလားဆိုတာ သေချာအောင်လို့ ဆိုပြီး ရွာရဲ့ အရှေ့ပိုင်းက ဆရာပေါက် ဆီကို သွားကြတာပေါ့။ အဲ့ဒီလို သွားကြတော့ ဆရာပေါက် အိမ်နား အရောက်မှာ စီးလာတဲ့ ဆိုင်ကယ်က စက်ထိုးပြီး စက်သွားပါလေရော။ ဒါနဲ့ ပြန်ပြီး မနည်းနိုးယူခဲ့ရတယ်။ အိမ်ပေါက်ဝနား ရောက်တော့ ထိပ်ပြီး ထိုးရပ်သွားပြန်ရော။ ရော် … အရေးထဲ ဒီဆိုင်ကယ်ကလည်း တစ်မှောင့်။

ဒါနဲ့ပဲ ဆိုင်ကယ်ကို ဆရာပေါက် အိမ်ပေါက်ဝမှာပဲ ရပ်ခဲ့ပြီး ဆရာပေါက်ဆီ လာခဲ့သည်ပေါ့ ခင်ဗျာ။ ဆရာပေါက် လည်း ဆရာပီပီ ဟိုလုပ်ဒီလုပ် လုပ်ပြီး သူ့ရှေ့တော်မှောက် ရောက်လို့နေတဲ့ ကျုပ်ဘော်ဒါ မိန်းမကို ကြည့်လိုက်သည်ပေါ့။ ပြီးတော့ ဆေးသောက်မလား ဆိုပြီး မေးတယ်။ ဒီအခါ မိန်းမ က ခေါင်းခါပြတယ်။ မသောက်ဘူးပေါ့။ ဒါနဲ့ပဲ ဆေးမတိုက်တော့ပဲ ဆရာတို့ ထုံးစံအရ ဟိုလုပ်ဒီလုပ်၊ ဟိုမေးဒီမေး မေးတော့တာပေါ့ဗျာ။

ဆရာပေါက်က မိန်းမကို မေးနေရင်းနဲ့ စကားနားမထောင်ချင်တဲ့ ပုံစံ ပေါက်လာတော့ ဧရာဝဏ်ဆင်နင်း ဆိုလား ဘာဆိုလားပဲ ပြောလိုက်တာ။ အောင်မလေးဗျာ … ကျုပ်ဘော်ဒါ မိန်းမ က သူ့ဂုတ်ကို တစ်ခုခုက တက်နင်းလိုက်သလိုပဲ ခေါင်းကြီး ငိုက်ချသွားပါလေရော။ ပြီးတော့ ဆရာပေါက်က လက်ပြန်ကြိုးတုပ်ခိုင်းလိုက်တာ မိန်းမလက်ကြီးနှစ်ဖက်က တစ်ဖြည်းဖြည်း နောက်ကျောပေါ်ရောက်သွားပြီး ကြိုးတုပ်ထားတဲ့ ပုံစံကြီး ဖြစ်သွားပါလေရော။ နောက်တော့ ဆရာပေါက်က မေးတယ်။ နင် ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘာဖြစ်လို့ ဒီလို လုပ်ရတာလဲ ဆိုပြီး မေးတာပေါ့။

ဒီလိုလည်း ဆရာပေါက်က မေးရော …။ ဟိုက ဘာမှ ပြန်မဖြေဘူး။ ကြောက်ကြောက် လန့်လန့်နဲ့ ဆရာပေါက်ကို ပြန်ကြည့်တယ်။ ဒီတော့ ဆရာပေါက်ကလည်း နင့်ကို ဘာမှ မလုပ်ဘူး။ ငါက သိချင်လို့ ခေါ်မေးတာ။ ဖြေပါ .. ဆိုပြီး ပြောတယ်။ ဒီတော့မှ ဟိုကလည်း ပြန်ဖြေသဗျ။

သူက ကားပျက်တဲ့နေရာနားက မန်ကျည်းပင်မှာ နေတာ ဆိုတဲ့ အကြောင်း။ သူစိမ်းတစ်ရံမို့ နောက်ကျောကို ရိုက်လိုက်တာ ဆိုတဲ့အကြောင်း။ အရင်က ဒီလို မလုပ်ခဲ့ဖူးပါကြောင်း။ အခုဟာက ပထမဆုံး လုပ်တာ ဖြစ်တယ်ဆိုတဲ့ အကြောင်း ပြောပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက ကျုပ်ဘော်ဒါ မိန်းမက ကျုပ်တို့ ရွာဘက်က မဟုတ်ပါဘူး။ မြို့သူ ဖြစ်ပါတယ်။ သူ့နောက်ကျော ရိုက်လွှတ်လိုက်တဲ့ သရဲကလည်း သရဲမ ပါ။

ဒါနဲ့ပဲ ဆရာပေါက်က သရဲမ ကို ပြောတယ်။ နင့် လုပ်ထားတာတွေ နင်ပြန်ယူသွား။ နောက်အခါ ဘယ်သူ့ကိုမှ ဒုက္ခ မပေးနဲ့ ဆိုပြီး ပြန်လွှတ်လိုက်ပါလေရော။ သရဲမ လည်း ထွက်သွားရော။ ကျုပ်ဘော်ဒါ မိန်းကလည်း ကြောင်တောင်တောင်နဲ့ သူ့ယောက်ကျားကို ကြည့်လိုက်တယ်။ ပြီးတော့ ပြောသေးတယ်။

“ပြန်ရအောင်လေ …” တဲ့။

ဒီအခါ ကျုပ်ဘော်ဒါ က နင် ဘယ်လိုနေသေးလဲ မေးလိုက်တော့ ငါ ကောင်းသွားပြီတဲ့။ နင် ရင်ဘတ်တွေ ကျောတွေ ပူနေသေးလား မေးတော့လည်း မပူတော့ဘူး ….. တဲ့။ ဒါနဲ့ပဲ ဆရာပေါက် အိမ်က ပြန်သွားကြသည်ပေါ့။

သူတို့လည်း ပြန်ရော အလာတုန်းက ဂဂျီဂဂျောင် ဖြစ်နေတဲ့ ဆိုင်ကယ် က ရှောကနဲ .. ဝူးကနဲ နေအောင် ကောင်းနေပြန်တော့တယ်။ နောက်တော့မှ ဆရာပေါက်ကြီးက ကျုပ်ကို ပြန်ပြောပြတာက ကျုပ်ဘော်ဒါ မိန်းမ ကလည်း ပညာသည် ပဲ တဲ့ခင်ဗျ။ ဒါကြောင့်ပဲ သူ့ဆီအလာ သူ့အိမ်နား ရောက်ခါနီးမှာ စီးလာတဲ့ ဆိုင်ကယ်က ထဖောက်တာပေါ့တဲ့။ ဟောအခု .. ပြန်သွားတော့ မတွေ့ဘူးလား။ ရှောကနဲပဲတဲ့။ ပြီးတော့လည်း … သူတိုက်တဲ့ဆေး သောက်လိုက်ရင် ပညာတွေ ပျောက်ကုန်မှာမို့ မသောက်တာတဲ့။ ဒါနဲ့ပဲ ကျုပ်ကလည်း အတွန့်တက်ပြီး မေးတယ်။ အာ … ဆရာပေါက်ကလည်း သူ့မိန်းမ က ပညာသည်ဆို ဟိုသရဲမ က ဘယ်လိုလုပ် ရိုက်နိုင်မှာတုန်း … ပေါ့။

ကျုပ်က ဒီလိုလည်း အတွန့်တက်ပြီး မေးလိုက်ရော ဆရာပေါက်က ပြောပြတယ်။ ဒီလိုကွ၊ သရဲတစ္ဆေ၊ စုန်း၊ ကဝေ၊ ဇော်ကနီ၊ ဇော်ကနက် ဆိုလား ဘာဆိုလားပဲ၊ သူရွက်ပြတာတွေက အများသား။ အဲ့ဒါတွေက တစ်ဂိုဏ်းတည်း ဆိုပဲ။ ဒီတော့ သူမသာ ကိုယ်အသုဘ ပေါ့ဗျာ။ လျှင်သူ စားကြေးပေါ့။ သရဲမ ကတောင် ရိုက်လွှတ်တာ ခံရတယ်ဆိုတော့ကာ ပညာသည် ဆိုပေမယ့် သိပ်ပြီး လောက်လောက်လားလား မဟုတ်တဲ့ ပညာသည်ထဲကပဲ ဖြစ်ပါလိမ့်မယ်။ နည်းနည်းပါးပါး သင်ထားတဲ့ ပညာသည်မျိုး ဖြစ်မှာပေါ့လေ။

ပြီးတော့ ကျုပ်က ထပ်မေးလိုက်သေးတယ်။ ဆရာပေါက်ကလည်း သရဲမ ကို ခေါ်တယ်ဆိုတော့ … သရဲမ က ဒီကနေ ဆိုင်ကယ်၊ ကားတွေနဲ့ သွားရင်တောင် တစ်နာရီနီးပါး မောင်းရတဲ့ နေရာမှာ ရှိနေတာ။ ဒီလို ခေါ်တော့ သရဲမ က ဘယ်လိုလုပ် လာမတုန်းပေါ့။ မြန်မြန်ရောက်အောင် ဆိုင်ကယ်လည်း မရှိ၊ ကားလည်း မရှိ၊ ဆိုင်ကယ် အကြုံလိုက်မယ်ဆိုရင်တောင်မှ တော်တော် စောင့်ရဦးမယ်။ လမ်းလျှောက်ပြီး လာမယ်ဆိုလည်း အဝေးကြီးပဲ။ ခြေညောင်းမှာပေါ့လို့ … ဆိုပြီး ခပ်ပြုံးပြုံးနဲ့ မေးလိုက်တော့ … ဆရာပေါက်က ပြောတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီစကြာဝဠာကြီးထဲမှာ ရှိနေသမျှ ခေါ်လိုက်ရင် လာရတယ်ကွ၊ အမိန့်အရ လာရတာဆိုတော့ အတားအဆီးမရှိ၊ နယ်ပယ်မရှိ … ခေါ်ရာကို ချက်ချင်း ရောက်လာတာပေါ့ကွာ .. ဆိုပြီး ပြောလိုက်ပါတော့တယ် ခင်ဗျာ။

ကဲ …. ဒါကတော့ဖြင့် ရွာပြန်တုန်း ကြုံခဲ့ရတဲ့ သရဲမ နောက်ကျောရိုက်လွှတ်လိုက်တဲ့ အကြောင်းပါပဲ။

တောရွာအရပ်ဒေသမှာ ဒီလို အဖြစ်တွေက ပေါလှပါတယ်။ မရှိဘူးလို့ တစ်ထစ်ချ ပြောလို့မရဘူးဗျ။ ရွာမှာ သတ္တိ သိပ်ကောင်းတဲ့လူတွေ ရှိပါတယ်။ သူတို့ကလည်း သရဲဆိုတာ မယုံဘူးကွလို့ ပြောပြီး သတ္တိကောင်းနေကြတာ မဟုတ်ပါဘူး။ ပင်ကိုဗီဇ မကြောက်ကြတာပါ။ သူတို့လည်း သရဲတွေနဲ့ ကြုံဖူးကြတယ်။ ဒါပေမယ့် သတ္တိကောင်းတဲ့လူတွေ ဆိုတော့ကာ အေးဆေးပဲပေါ့။ တစ်ခါတုန်းက မကြောက်တတ်တဲ့ လူကြီးတစ်ယောက် မနက်စော ဝေသီဝေလင်းကြီး သူ့ယာခင်းကို သွားတာ လမ်းမှာ သရဲကြီးတစ်ကောင်က လမ်းဖြတ်ကူးပြလို့ မောင်းလာတဲ့ လှည်းကိုတောင် ရပ်ပေးလိုက်သေးတယ်။ သရဲကျော်သွားမှ သူ့ဟာသူ ထပ်မောင်းသွားတယ်ဆိုပဲ။

နောက်များ ကြုံကြိုက်ခဲ့ရင် ဒီလို အဖြစ်တွေကို ထပ်ပြီးရေးပါဦးမယ်။ ပြီးတော့လည်း သရဲက ဝင်ပူးပြီး သူ့အတွက် တရားနာပေးဖို့ အကြောင်း ပြောတာလည်း ကြုံခဲ့ရပါသေးတယ်။ နောက်တော့ ရေးမယ်ဗျာ။ ခုတော့ စာလည်း အတော်ရှည်သွားပြီ။ လက်လည်း အတော်ညောင်းသွားပြီ။ ခုလို ဖတ်ရှုသွားတာကို ကျေးဇူးပါပဲ။

ရေးသူ – မဟာရာဇာ အံစာတုံး

(http://www.facebook.com/anzartone)

21 comments

  • TNA

    April 24, 2014 at 10:55 pm

    ကြောက်စရာကြီးဟယ်။ ညကြီးမှဖတ်မိတယ်။ တကယ်ကြီးလား။ အရင်တုန်းကတော့ကြားဖူးတယ်။ ခုထိရှိသေးတယ်လား။

    • မဟာရာဇာ အံစာတုံး

      April 24, 2014 at 11:09 pm

      တောရွာတွေမှာက ရှိတယ်ဗျ ….
      မကြာခဏ ဆိုသလို ကြုံရတာပဲ ….
      ပိုဆိုးတာက ရွာထဲက စုန်းတွေပဲ …. (မန်းဂဇက်ရွာ ဟုတ်ဘူးနော်) :mrgreenn:

      သရဲကမှ သူ့နေရာရောက်မှ လုပ်သေးတယ် …
      စုန်းတွေကတော့ မကျေနပ်ရင် တွယ်တော့တာပဲ …
      ကျုပ်တို့ရွာမှာတော့ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်လောက်က ဆရာတွေ ရောက်လာပြီး ဆေးတိုက် ပညာချွတ် လုပ်သွားလို့မို့ သရဲမွေးတဲ့လူတွေ၊ အချို့ ပညာသည်တွေ လျှော့သွားကုန်တာ …
      ဒါမယ့် … ခုထိလည်း ရှိသေးတယ် …
      စုန်းတွေများ ဘယ်လောက်ဆိုးလိုက်သလဲဆိုရင် ဘုန်းကြီးကိုတောင် ဒုက္ခပေးသဗျ …

      တလောကပဲ ….
      ရွာ့အရှေ့ကျောင်းက ဘုန်းကြီးဆိုရင် ဆေးစွမ်းနဲ့ အန်လိုက်တာ ဆံပင်ချည်တွေ အထွေးလိုက် ထွက်လာတယ် ….
      ကျောင်းအသစ် ဆောက်တာကို မကျေနပ်လို့ လုပ်လိုက်တာလို့ ကြားတာပဲ …

      သရဲတွေကတော့ သူ့နယ်နဲ့ သူ ခြောက်လှန့်ကြတာပါ …
      ရွာ့အရှေ့တောင်ဘက်က သရက်ပင်ဆို နေ့ခင်းတောင် တစ်ယောက်စ နှစ်ယောက်စ မသွားရဲကြဘူး …
      တစ်ခါကဆိုရင် ဟိုဘက် ရွာကို ဖွန်သွားကြောင်တဲ့ ကျနော့် အကိုတစ်ယောက် သူ့ဘော်ဒါနဲ့ ပြန်လာတာ အဲ့ဒီသရက်ပင်နားကလည်း ဖြတ်ရော … သူ့ကို သရဲကြီးက ဆွဲပြီး မလိုက်ပါလေရော …
      ဟိုကတော့ စလိုက်တာ နေမှာပါ။ သူကတော့ဖြင့် တစ်ပတ်လောက် ဖျားသွားတယ် …
      ပြောရရင်တော့ အများကြီးပဲ … ကျုပ် ကိုယ်တွေ့တွေတောင် ရှိသေးတယ် …
      ကျုပ်လည်း လူလေး နည်းနည်းကြီးလာတော့ မယုံဘူး။ မကြောက်ဘူးဆိုပြီး ဖြစ်နေတုန်း … စပြီး ခြောက်လှန့်ခံရတော့မှ … တကယ်ရှိကြောင်း ယုံသွားတာပဲ …
      ဟီးးးးး ရေးရင်း ကြက်သီးတောင် ထလာပီ …. တော်ပီနော် .. နောက်မှပဲ ဆက်ရေးတော့မယ် .. :mrgreenn:

      • TNA

        April 25, 2014 at 11:46 am

        ရေးပါအုံးထပ်ပြီးတော့။

  • alinsett (gazette)

    April 25, 2014 at 7:34 am

    အင်းးးးဒီလိုအဖြစ်မျိုး ကြုံဖူးသူတွေတောင်
    ကိုယ်တိုင်မတွေ ့ဖူးသေး

    ငါတော်တော် အတွေ ့အကြုံနည်းသေးတာပဲဟ ဟ ဟ ဟ

    :mrgreen:

  • lu lu

    April 25, 2014 at 7:50 am

    လူကြီးတွေပြောပြတာတွေ တော့ကြားဖူးနားဝ
    ရှိခဲ့တယ် အပြင် မှာတော့ မကြုံဖူးဘူး
    ကြုံလည်းမကြုံ ချင် ပါဘူး ကြောက်ဒယ်

    • မဟာရာဇာ အံစာတုံး

      April 26, 2014 at 10:26 am

      @ အောင်မဲလင်း

      ဒီလို အတွေ့အကြုံတွေ ရချင်ရင်
      ငါ့ကို ဆည်းကပ်ကွဲ … ကိုးကွယ်ကွဲ့ …
      ကျားဒလား အောင်မဲလင်း …

      @ လုလု

      မကြုံချင်ရင် ကိုယ်နဲ့စိမ်းနဲ့ နယ်မြေတွေသွားရင်
      ကြည့်သွားပေါ့ ….

  • ကေဇီ

    April 25, 2014 at 8:15 am

    ငင်။
    နာ့ လည်း အဲဒီ အတွေ့အကြုံမရှိသေးဘူးးး။
    ပညာသည် အချင်းချင်းမှ ပညာပြတာထင်ပါတယ်။

    တော်ပြီအေ။
    နိတို့ ဆွေပြမျိုးပြသွားရင် လိုက် ရှုပ်မလို့ဟာ။
    အံစရာက အကြံကြီးတယ်။ ဂလိုပြောထားတော့ နာ သိတ္တိခဲက နိတို့ နယ်ဘယ်လိုက်ရဲတော့မလဲလို့။
    :hint:

    • မဟာရာဇာ အံစာတုံး

      April 26, 2014 at 10:32 am

      @ ဂျီးဒေါ်ခိုင်

      အို …
      အကြံ မကြီးရပါဘူး …
      လိုက်ချင်ရင် ခေါ်မှာပေါ့ …
      အဲ့ဒီ မန်ကျည်းပင်ကြီးတော့ ရှိတယ် …
      ဒါမယ့် … ကိစန မရှိလောက်ပါဘူးရယ် … :mrgreenn:

      @ ဥမိုက်စ်

      😀 😀 😀

  • kyeemite

    April 25, 2014 at 8:50 am

    အံ့ဩကုန်နိုင်ဘွယ်..ကဲမယုံချင်နေ…ပလို့..ဂျိ 😀 :loll:

  • surmi

    April 25, 2014 at 9:00 am

    ဟ အကောင်
    ဒါမျိုးတွေကြပ်ကြပ်ရေးနေ
    ကောင်မလေးက ရွာကိုမလိုက်ရဲဘူးဆိုဘယ့်နယ်လုပ်မတုန်း
    :mrgreen:

  • Wow

    April 25, 2014 at 10:06 am

    အမွန်ရေ အံစရာတို့ ရွာလိုက်ပီး အိုက်သရဲ မိအောင်ဖမ်းလာခဲ့ ပီးရင် ဒဂျီးကို ပြန်ရောင်းမယ် :mrgreen:

  • မိုး မင်းသား

    April 25, 2014 at 10:23 am

    နောက်တခါရွာပြန်ရင်လက်တို ့လိုက်ပါညီငယ်အံစာ

    လိုက်ချင်လို ့ဆိုတာထက်ရောက်ဖူးချင်လို ့ပါ

  • Crystalline

    April 25, 2014 at 10:23 am

    မွန်မွန်လေးရေ… အဲ့ရွာကိုသွားဖို့တော့ လုံးလုံးကိုမစဉ်းစားတော့နဲ့… :mrgreenn:

  • Ma Ma

    April 25, 2014 at 10:51 am

    သူဂျီးနဲ့ ဆြာခေါင် ရေးတာကို စောင့်ဖတ်ရမယ်။ :kwi:

  • Mr. MarGa

    April 25, 2014 at 12:22 pm

    ဖတ်သာဖတ်တာ ကြောက်မလာသလိုလို :mrgreen:

  • kai

    April 25, 2014 at 3:29 pm

    ဘယ်လိုပဲ ဖြစ်ဖြစ် ဒီစကြာဝဠာကြီးထဲမှာ ရှိနေသမျှ ခေါ်လိုက်ရင် လာရတယ်ကွ၊ အမိန့်အရ လာရတာဆိုတော့ အတားအဆီးမရှိ၊ နယ်ပယ်မရှိ … ခေါ်ရာကို ချက်ချင်း ရောက်လာတာပေါ့ကွာ .. ဆိုပြီး ပြောလိုက်ပါတော့တယ် ခင်ဗျာ။

    တောက်စ်..
    နာဆာသာဖျက်ပြီး.. .. ဆရာပေါက်(ကျုပ်တို့..မန္တလာဆရာပေါက်မဟုတ်) လက်အပ်လိုက်ရင်…
    အင်္ဂါဂြိုက်တက်မွှေနေတဲ့.. ကျူရီယပ်စ်တီကို မီးရှို့ပစ်လို့ရသည်ကတမုံ့.. :mrgreen:

    ဒီအမေရိကန်ကောင်တွေ.. ဆရာပေါက်မတွေ့တာ.. နာသကွာ…
    တောက်စ်…တောက်စ်… တောက်စ်.. :buu:

  • Paing Lay

    April 25, 2014 at 7:30 pm

    တော်သေးသပေါ့ဂျာ နောက်ကျောကိုပဲ ရိုက်လွှတ်လိုက်လို့ နာရင်းတွေတွေ ပိတ်အုပ်လိုက်လို့ကတော့ :mrgreen:

  • ခင် ခ

    April 25, 2014 at 9:57 pm

    ရွာကို အလည်လိုက်လိုသူများ ကြောက်အားပိုအောင် လုပ်တာတော့ ဟုတ်လောက်ပါဘူးနော် ပိုစ့်ရေးဆရာရေ။

  • ဒါမျိုးတွေကမယုံလို့မရပါဘူး ကိုယ့်အမျိုးတွေထဲမှာတင်ကိုယ်တွေ့အပူးအကပ်ခံရဖူးတာတွေရှိတာကြောင့်ပါ။
    ဖတ်လို့ကောင်းတယ်ဗျို့

  • ခြောက် မျက် နှာ ဒီ ဇာတ်လ မ်း တွေ ကို ရင် တွန်း ဖျစ် မောင် မျုးိ မင်း ဆီ သွားေ ရာင်း လို်က ် စမ်း ဘာ

    မ င်္ဂ လာေ ဆာင် စ ရ ိတ ်ရ လာ မယ်

  • ဦးကြောင်ကြီး

    April 28, 2014 at 7:57 am

    ဟုတ်မဟုတ်သိယအောင် သာဂျီးသာမီး သံစဉ်ခိုင်မ်လေးကို ခေါ်ပေးစမ်းပါဗျာ…စိမ်ပြေးဒန်းဆော့ချဉ်ရို့

Leave a Reply