” ရေးဖွဲ့ခဲ့ပါသည် ဆယ့်နှစ်လအခါမှီ “

ခင္ခApril 26, 20141min25015

” ရေးဖွဲ့ခဲ့ပါသည် ဆယ့်နှစ်လအခါမှီ “

 

ကဗျာပြခန်းအတွက် လစဉ်အခန်းဆက်အနေနဲ့ လအလိုက်ရေးစပ်ခဲ့တဲ့ ကဗျာလေးတွေကို တစ်စုတစ်စည်း ဖြစ်သွားအောင် ပြန်လည်ကာ မှတ်တမ်းလေးတစ်ခုအဖြစ် တင်ပေးလိုက်တာပါဗျ။

 

“ဇွန်လ ရောက်ပြီမို့ ´´

 

မိုးလေးက

ဖွဲကာသည်းကာ ရွာနေပါလည်း

ပျော်ကာမော်ကာ သွားလာသူဌာ

အဖြူအစိမ်း အလှတွေထိန်းလို့

ဘေးကလွယ်အိတ် ကျောမှာပိုးတသွယ်

ဒီလို ဇွန်လ ထိုကာလမှာ

အမြဲမြင်ရ ဤမြင်ကွင်းက

မရိုးနိုင်စရာ ဟိုးရှေးထဲကပါ

နယုန်လအခါ စာပြန်ပွဲသဘင်နဲ့

စံပယ် မြတ်လေး ပွင့်လှရာသီ

ဇွန်လ အခါရောက်လေပြီ။

 

ခင်ခ။

………………………………………………………………………………………………………………………………………

“ဇူလိုင်လ ရောက်ပြီမို့´´

 

မမေ့နိုင်စရာ အဖြစ်ကယ်ကြုံ

ဝမ်းနည်းစရာ သမိုင်းမှာကွာ

မဆုတ်မနစ်ဇွဲ ကြိုးစားစဲပါ

လူထုကြည်ညို သခင်အောင်ဆန်းမှာ

နယ့်ချဲ့လက်ပါး လူရမ်းကားကြောင့်

မျက်ရည်ဖြိုင်ဖြိုး ဇူလိုင်ဆယ့်ကိုး

ယနေ့ပြန်တွေး ရင်နာစရာအရေး

ကာလဝါဆို အုံမှိုင်းကပြိုမလို

မိုးဒေဝါငြိုးတယ် ပုန်းညက်ကပွင့်ညီ

မာလာကသင်းထုံ

ရဟန်းတော်များ ဝါဆိုကြသကိုး

ရောက်ပါပေါ့ ဇူလိုင်ရယ်။

 

ခင်ခ။

 

…………………………………………………………………………………………………………………………………

“ဩဂုတ်လ ရောက်ပြီမို့´´

 

 

ရေဖောင်ဖောင် ထိုလမှာဖြင့်

မြစ်ပြင်ဝယ် ရေပြင်ကျယ်လွှမ်းတာပ

ငွေသောင်မြစ်ပြည့်လွှမ်း

ရွှေမိုးရယ်က သဲကာသာရွာလှလေး

အချိန်အခါသမယ ဝါခေါင်မှာဖြင့်

မိုးအေးကာ အပြင်မထွက်ဘဲ

အိပ်ယာမှာ ကွေးချင်တော့လေး

ခတ္တာငုံ ချပ်လွှာအစုံ ကြူကာသာမွှေး

စာရေးတန်လှုပွဲကို တူနွဲကာပျော်ဖို့မနှေး

အခုရောက်တာ ဩဂုတ်လပါကွဲ့လေး။

 

ခင်ခ။

…………………………………………………………………………………………………………………………….

“စက်တင်ဘာလ ရောက်ပြီမို့´´

 

 

မြစ်အတွင်း သင်းဖြူးပါတဲ့ရေအသွင်

လှေငယ်ဆင် ပြိုင်ကာနွဲကြတယ်

ရှေးသရော အချိန်အခါဝယ်၊

ရွာတော့လည်း မစဲပါမို့

တော်သလင်းမိုး အိမ်အောက်တိုး

ရွာမဲ့ဟန်ပြင်ကာ မှိုင်းကာမှ

လင်းပရဲ့ နေအရှိန်

ပူလွန်းကာ ပုဇွန်သေပါလို့

ပူသကာ ရွာသလှည့်

လူသကာ ဖျားနာချင်ပါရဲ့

ဂရုစိုက်ပါ့ ကိုယ့်ခန္ဓာ

ပွင့်လှတဲ့ ရွှေယင်းမာ

သင်းလှတဲ့ ပန်းမဟာ

ရောက်ပါပေါ့ စက်တင်ဘာ။

 

ခင်ခ။

…………………………………………………………………………………………………………………………

“အောက်တိုဘာလ ရောက်ပြီမို့´´

 

မီးပုံးလေးတွေ စီကာရီ

ဆီးမီးရောင်စုံ ထိန်လာပြီ

ပျော်ရွှင်ကာသာ တူယှဉ်နွဲ

မြန်မာတို့ရဲ့ သီတင်းကျွတ်ပွဲ။

ဝါဆိုကာလ အစပြုလို့

ဝါတွင်းသုံးလ ဆိုကြသံဃာ

ဝါထွက်ခါ တစ်ဝါတိုးလို့

ရဟန်းသိက္ခာ တစ်ဝါထပ်တယ်

မြတ်တဲ့ကုသိုလ်မျိုး။

ဝါလကင်းလွှတ် သီတင်းကျွတ်ရင်

ရွှေလက်တွဲလို့ လက်ထပ်ချင်

ချစ်ကြသူတွေ ပြုံးလို့အစဉ်

အခါတော်ပေးသံက တလွင်လွင်

အာဝါဟ ဝိဝါဟ မင်္ဂလာပင်။

ထိုအချိန် အိုင်တော်တွင်းမှာလ

ကြာငါးမည် ငုံအာစွင့်ခါပ

ဖူးပွင့်ခါချိန်။

ဗုဒ္ဓဘာသာ မြန်မာတွေမှာဖြင့်

ဂါရဝေါစ ယှဉ်ကာပြုပါရဲ့

ကန်တော့ကြတဲ့ အစဉ်အလာတစ်ခုမို့

ကျက်သရေဖြာ ထိုကာလမှာပေါ့

မစဲပေါင်ကုသိုလ် နှိုးလှတယ်

အောက်တိုဘာလ ရောက်ပါပြီကွယ်။

 

ခင်ခ။

……………………………………………………………………

“နိုဝင်ဘာလ ရောက်ပြီမို့´´

 

ကောင်းကင်ရယ် ပြာရောင်လင်း

တိမ်များရယ် ကင်းစင်ပါလို့

နက္ခတ်တာရာ ကြယ်တွေမှာ

စုံညီကာ ထွန်းလင်းတာပ

ညချမ်းချိန် လေပြေသွေးတယ်

အေးလှကြည်သေး။

မြတ်သင်္ကန်းရဲ့ ထိပ်ခေါင်

လှုလိုက်ကြ ဘုံကထိန်

ခဝဲပွင့်ဝါစီစီ

သာကြည့်လဲ့ မြူရှင်း

အေးတဲ့ငွေနှင်း။

ရှေးအခါ ဒီအချိန်မှာကွယ်

နက္ခတ်သဘင် ပြုချိန်အခါဝယ်

ခါအချိန်မြောက်လေသွေးတယ်

ရောက်ပါပေါ့ နိုဝင်ဘာရယ်။

 

ခင်ခ။

…………………………………………………………………………….

“ဒီဇင်ဘာလ ရောက်ပြီမို့´´

 

ငွေနှင်းငယ်တဲ့ မှုန်ဝေဝေ

အာရုံတက် နေအထွက်ကယ်က

တိုးမပေါက်နိုင်ပေ၊

လမ်းပေါ်မှာ ပြေးကာသွား

လမ်းလျှောက်သူများ

ဆိုခဲ့ကြသီချင်းလေ

စောစောအိပ်လို့ စောစောထလို့

စောစော လမ်းလျှောက်ကြပါစို့။

ပျံမွှေးတဲ့ ခိုင်သဇင်

ဂမုန်းအင် ပန်တော်ဦးနဲ့

ထူးတဲ့လအခါတွင်

မိဂသီ ပုဏ္ဏာလင်းပါလို့

ရွှေဟင်္သာတာရာငွေကွန့်မြူး

နတ်တော်ဆိုစာပြန်ပွဲရယ်နဲ့

ပဏ္ဏာတင် ပိန္နဲမဟာရှင်၏

ခါသဘင်ပွဲတော်လပါဗျ၊

ခရဇ်တော်မွေးလအခါမို့

ပြုလုပ်ကြခရစ္စမတ်ပွဲရယ်

အေးလှပေါ့ဆောင်းအခါဝယ်

နွေးလှအောင် ခြုံစောင်နဲ့ကွေးရတယ်

ရောက်ပါပေါ့ ဒီဇင်ဘာရယ်။

 

ခင်ခ။

………………………………………………………………..

“ဇန်နာဝါရီလ ရောက်ပြီမို့´´

 

မှုန်ပြာလို့ ရီမှုန်မှုန်

နှင်းမြူဖုံးလို့ အအေးကပို

လပြာသို ခွါညိုပန်းရယ်သင်း

နောက်ကျပ နေအာရုံရယ်

အရှေ့ဆီက ထွက်ပေါ့နေရောင်ဝယ်

နေပူဆာလှုံကာ နွေးစေလို့

အေးလှတဲ့ဆောင်း။

ကမ္ဘာအလည်မှာ ဒီမြန်မာဆိုတာက

လွတ်လပ်တဲ့ ဒို့တိုင်းပြည်ပါဗျ

ကြွေးကြော်ကာ ဂုဏ်တင့်စေဖို့

လေးရက်နေ့ ဇန်နာဝါရီအခါမှာ

ရလာတဲ့ လွတ်လပ်ရေး

ထူးလှတဲ့လ ဆိုရချည်သေး

ရောက်ခဲ့ရ ဇန်နာဝါရီပါဗျ။

 

ခင်ခ။

———————————————————-

” ရောက်ပါပေါ့ ဖေဖော်ဝါရီ “

 

ဖေဖော်ဝါရီ တစ်ဆယ့်သုံးဟာ

ဗိုလ်ချုပ်မွေးနေ့ပါ။

ဖေဖော်ဝါရီ ဆယ့်နှစ်ရက်

ပြည်ထောင်စုနေ့တဲ့။

သမိုင်းမှတ်တိုင် ထွန်းပြောင်မည်

ထို ထို ရက်တွေသည်

မမေ့စရာနေ့ရက်များ

မှတ်ကာသွားပါလား။

ဤကာလ ဒီရာသီမှာ

ခွာညိုအလှ ပွင့်လှပြီဗျာ

ပြာသိုမှာ ဆင်ယှဉ်ခဲ့

မြင်းခင်းသဘင်ပါတဲ့၊

စည်းလုံးမှုကို အသွင်ပြ

ထမနဲထိုးတဲ့လ။

တပို့တွဲ ပေါက်လဲရယ်တဲ့အစုံစုံ

ဆက်ရက်တွေ သံစုံကျုးတယ်

မြူဝေလို့ မြူးတဲ့ရာသီ

ရောက်ပါပေါ့ ဖေဖော်ဝါရီ။

 

ခင်ခ

…………………………………………………………………………………………………………………

” ရောက်ပါပေါ့ မတ်လရာသီ “

 

ခါနွေကပြောင်း ရွက်ဝါကြွေညောင်း

မိန်ရာသီ လတပေါင်း

သရက်ဖူးတွေက အစီအရီ

ပန်းတော်ဝင် ရွှေကြာအင်းငယ်

သင်းပျံခဲ့ပြီ။

 

တောင်သူလယ်သမား ဦးကြီးများအတွက်

၂ ရက်မြတ်ကို ဂုဏ်ပြုသတ်မှတ်

ထိုနေ့မှတ်ကွယ့်၊

တပေါင်းပွဲတော် ဆင်နွဲပျော်စို့

ကျင်းပရွှေတိဂုံ မြူးလို့ပျော်ခန်း။

 

ဖက်ဆစ်ရယ်တဲ့ ရက်စက်အလီလီ

မခံနိုင်တော့ တွန်းလှန်ကြမည်

ရှည်ရှည်ဝေးဝေး မပြောလိုသည်

အနီးဆုံးရန်သူကို တိုက်ကြဖို့အတည်

စစ်ထွက်မိန့်ခွန်း မှာတမ်းချွေတာ

ဒို့ ဗိုလ်ချုပ်အောင်ဆန်းပါ။

 

တပ်မတော်သမိုင်း အစဉ်ထွန်းလာ

တော်လှန်ရေးနေ့ဟု မှည့်ခဲ့အမည်မှာ

ဒီမတ်လ၏ နှစ်ဆယ့်ခွန်ရက်မဟာ

အခုခေါ်ဆို တပ်မတော်နေ့ပါ။

 

ဥဩကယ်က လွမ်းတေးဖွဲ့ဆို

ပတ်ဝန်းကျင်က ပျင်းခြောက်ခြောက်လို

နေ့လည်နေ့ခင်း ပူလှနေအရှိန်

ရောက်ပါပေါ့ မတ်လရာသီချိန်။

 

ခင်ခ။

 

…………………………………………………………………………………………………………………

” အတာကူးဖို့ ဧပြီလရောက်ပြီမို့”

 

မွေးရနံကြိုင်ကာသင်း

ကံကော်ပန်းရနံ သင်းပျံခြင်း

သရက်ဖူးတွေက ဝေဝေစီ

သူ့ခေါင်းမှာလဲ ပန်ချင်သည်

ငါခေါင်းမှာလည်း ပန်ချင်သည်

ဝါဝါထိန်မွှေးလှပိတောက်သည်

ပွင့်လာသည့် အခါတော်အမှီ

ဥဩဌက်က သွန်သံမြည်

ရာသီကာလ ပူပြင်းလှသည်

နွေဥတုရဲ့ တန်ခူးလအခါမှီ

ထူးပို့ထူးပို့ တေးသံလွင့်လို့

မြူးစို့မြူစို့ သင်္ကြန်ပွဲသို့

မြန်မာတို့ရိုးရာ အတာရေပက်ခါ

နှစ်ဟောင်းနုတ်ဆက် နှစ်သစ်ပြောင်းတဲ့

အတာကူးဖို့ ဧပြီလရောက်ပြီမို့။

 

ခင်ခ။

 

……………………………………………………………………………………………………………………………

” မေလရောက်ပြီကွယ့်”

 

မိုးလေးရယ်က လာချင်ပြီ

ရွာမလိုဟန်ပြင် မိုးသားတိမ်လွင်

နွေပူအစွမ်းကိုအန်တုလိုချင်

ဝိသာခါယှဉ်ပြိုင်ဝန်းပါလို့

ထွန်းလှတဲ့ငွေတာရိန်ငယ်

ဗုဒ္ဓဘာသာတို့ရဲ့ထူးတဲ့လအခါ

လကဆုန်မြတ်မဟာမှာဖြင့်

ခါသဘင်ညောင်ရေသွန်းကြတယ်

ပန်းစကားပွင့်ပါတဲ့ မေလရောက်ပြီကွယ့်။

 

ခင်ခ။

……………………………………………………………………………………………………………………

 

15 comments

  • alinsett (gazette)

    April 26, 2014 at 11:27 am

    ကောင်းတယ် လေးခရေ။
    ဒီလို အခန်းဆက်ကဗျာကို တစုတစည်းတည်းတွေ ့ရတော့ တမျိုး ဆန်းသား။

    တကယ်တော့ ကဗျာပြခန်းက အခု ရပ်သွားလို့ပါ
    အရှိန်နဲ့သွားနေတုန်းက တိုင်ပင်ထားကြပါရဲ့
    လေးခ ကဗျာတွေ တစ်နှစ်ပတ်လည် ပြည့်တဲ့လမှာ
    လေးခ ကဗျာ သီးသန့်လေး စု တင်ပေးမယ် လို့. . .

    လေးခရေ
    ပြခန်းထဲမှာ ပြခဲ့သမျှထဲက
    ပုံ လုပ်ပြီးသားလေးတွေ ဒီပိုစ့်ထဲ ထည့်ချင်ရင် ပြောပါနော်

    • ခင် ခ

      April 26, 2014 at 12:06 pm

      ပုံ တွေတော့မထဲ့တော့ပါဘူးဗျာ ထဲ့လည်းမထဲ့တတ်ပါဘူး။
      အခုလိုပြောပေးတာကိုဘဲ ကျေးဇူးပါ။
      ကဗျာ ပြခန်းလေး ရပ်သွားတယ်လို့ မနေ့က ဆြာဆာမိပိုစ့်မှာဖတ်လိုက်ရတော့ လစဉ်ဖတ်ခဲ့ရတဲ့ ကဗျာပြခန်းလေးကိုဘဲ လွမ်းသလိုလိုနဲ့ စိတ်ထဲမကောင်းဖြစ်မိသွားတယ်ဗျာ။

  • Mr. MarGa

    April 26, 2014 at 11:50 am

    ပြခန်းမှာက ဆယ်လ

    နောက်ထပ် လက်ကျန် နှစ်လ

    ပေါင်း ဆယ့်နှစ်လ

    ကျနော် နာမည်တပ်ပေးမယ်

    လေးခ ရဲ့ ဆယ့်နှစ်လရာသီဖွဲ့ ကဗျာများ (ဒါမှမဟုတ်)

    ဆယ့်နှစ်လဖွဲ့ ဂဇက် တောလားးး

    • ခင် ခ

      April 26, 2014 at 12:27 pm

      ဟုတ်ပါတယ် ပြခန်းမှာ မတင်ဖြစ်ခဲ့တာက ဧပြီလ နဲ့ မေလ ကဗျာပါ။
      ဪ ကဗျာပြခန်း-၁၆ က မတ်လ ကဗျာရဲ့ ကွန်မန့်မှာ snow smile ကမေးထားတာရှိတယ်
      ” သရက်ဖူးတွေက အစီအရီ
      ပန်းတော်ဝင် ရွှေကြာအင်းငယ်
      သင်းပျံခဲ့ပြီ။”
      အဲဒီမှာ ”ပန်းတော်ဝင် ရွှေအင်ကြင်းငယ်
      သင်းပျံ့ခဲ့ပြီ” များလားလို့ မေးထားတယ်။
      မဟုတ်ပါဘူး ရွှေကြာအင်းငယ် ပါဘဲ။ အင်း အငယ်လေးတွေမှာ ကြာပန်းလေးတွေ ပွင့်တဲ့ လတပေါင်းကို တင်စားပြီး ” ပန်းတော်ဝင် ရွှေကြာအင်းငယ် သင်းပျံခဲ့ပြီ ” လို့ရေးဖွဲ့ခဲ့တာပါ။
      ” နှစ်ဆယ့်ခွန်းရက် ” မှာက ခွန်း မှာ (း) ပါသွားတာပါ အခုပြန်တင်တော့” နှစ်ဆယ့်ခွန်ရက် ” လို့ ပြင်ထားပါတယ် ထောက်ပြခဲ့သူ snow smile ရေ ကျေးဇူးပါ။

  • မဟာရာဇာ အံစာတုံး

    April 26, 2014 at 12:51 pm

    ဒီကဗျာလေးတွေကို
    ဒါ့ပုံလေးတွေနဲ့ တွဲတွဲပြီး
    ကဗျာစာအုပ်လေး ထုတ်လိုက်မယ်ဆို မိုက်မယ်နော် ဥခင်ခ ….

  • လင်း ထက်

    April 26, 2014 at 1:24 pm

    ပြက္ခဒိန်ထုတ်ပါလား…တလချင်းကိုစာမျက်နှာတရွက်နဲ.ဒီကဗျာလေးတွေကိုနောက်ခံထားပြီးတော့ပေါ့

    • ခင် ခ

      April 26, 2014 at 2:30 pm

      ကိုအံစာပြောသလို စာအုပ်လေးလည်း မထုတ်ချင်သလို
      လင်းထက် အကြံပေးသလို ပြက္ခဒိန်လည်း မလုပ်ချင်ဘူးဗျာ။
      အကြံပေးခြင်းအတွက် ကျေးဇူးပါနော်။

  • TNA

    April 26, 2014 at 2:09 pm

    ဒီလိုဖတ်လိုက်ရတော့ ပိုပြည့်စုံသွားသလိုပဲ။ ဆယ့်နှစ်လရာသီ ဦးခင်ခပေါ့။

  • Ma Ma

    April 26, 2014 at 4:31 pm

    ကိုခင်ခရေးလိုက်တာ ၁၂လ ရာသီပြည့်သွားပြီပေ့ါ။
    ဒါဆို ပြခန်းမှာ မပြလိုက်ရတာလေးတွေတောင်ပါမှာပေ့ါနော်။
    အခွင့်သင့်လို့ နောက်တစ်ကြိမ်ပြခန်းပြန်ဖွင့်ဖြစ်ရင် ကိုခင်ခဆီမှာ ရေးပြီးသားတွေ အဆင်သင့်ရှိတာမို့ တောင်းနိုင်ကြောင်း သတိပေးအုံးမှ။ 🙂

    • ခင် ခ

      April 26, 2014 at 4:53 pm

      ပြခန်းကို အဲဒီ ၁၂ လ စလုံး ရေးပြီး ပို့ပေးထားတာ ကြာခဲ့ပါပြီ။ အခု ပြခန်းခေတ္တနားတယ်ဆိုတော့ ဧပြီလ ကလည်းကုန်တော့မယ် မေလကလည်း ရောက်တော့မှာမို့ တင်လိုက်တာပါ အမ မမ ရေ။

    • ခင် ခ

      April 26, 2014 at 8:17 pm

      ကျေးဇူးတင်ကာ ဝမ်းသာမိပါတယ် နန်းတော်ရာသူရေ

  • snow smile

    April 28, 2014 at 6:43 am

    ရှင်း ပြ တာ ကျေး ဇူး ပါ ကို ခင် ခ ရေ
    က ဗျာ ကို မ ရေး တတ် ပေ မဲ့
    ဖတ် ရ တာ တော့ အ တော့ ကို ဝါ သ နာ ပါ လို ့ ပါ
    က ဗျာ ပြ ခန်း လေး ခ ဏ နား မယ် ဆို မှ
    ပို လွမ်း လာ သ လို လို

  • ကေဇီ

    April 28, 2014 at 8:06 am

    ၁၂ လ ရာသီစာလေးတွေပါ ရေးပေးပါ ကိုကြီးခ..!

    :mrgreenn:

    • ခင် ခ

      April 28, 2014 at 1:45 pm

      အဲဒီကဗျာပိုစ့်ကထဲရှင်းပြမလို့ပါ ခရီးသွားနေလို့ပါ snow smile ရေ။

      မကေဇီ ပေးတဲ့အကြံလေးမဆိုးပါဘူး အဲလိုရေးဖို့ စာပေကုန်ကြမ်းလေးတွေ စုဆောင်းကာ ဖတ်လိုက်အုံးမယ်ဗျို့။

Leave a Reply