ရီးဇားဦးရယ်. . .ပင်လယ်ပြာရယ်. . .ဒီကောင်လေးရယ်. . .

alinsettMay 2, 20141min32118

 

ပင်လယ် နှင့် မိုး သို့. . .

_______

 

 

တစ်ခါက နေများ ညများသည် . . အရာရာမှုန်ဝါးဝါးဖြစ်သွားဖို့ရာကစောနေသေးသလားမသိ။

 

ပြီးပြီးပျောက်ပျောက်ဖြင့် သက်ရောက်မှုကင်းကင်း ခပ်ရှင်းရှင်းဖြစ်စေချင်သော်လည်း . . .

အခုတော့ . . .

အင်းလေ. . .

ဘယ်တတ်နိုင်မှာလဲ . . .

တဟဲဟဲ ရယ်ပြရုံကလွဲလို့. . .

 

************************************

 

အဲသည်အချိန်က ကျွန်တော် . . .17 နှစ် ။

 

ပထမဆုံးအကြိမ်အဖြစ် ရည်းစားတစ်ယောက်ထားဖို့ စိတ်ကူးယဉ်ပြီး မကြာခင် . . . မိန်းမလှလေးတစ်ယောက်နှင့် ဇာတ်လမ်းစဖြစ်ခဲ့သည် ။

 

ဆောင်းအကုန် နွေအကူး . . .ချမ်းဦးမှာလိုလို . . .

မချမ်းတော့ဘူးလိုလို ညများသည် မိုးဆိုသော ကောင်မလေးကြောင့်  နွေးထွေးသွားသလိုပင် ။

 

အဲသည်တုန်းက . . . ကျွန်တော့်ရွာကလေးဆီမှာ . . .ဘုရားပွဲဆိုပြီး ဇာတ်တွေ ပွဲလမ်းသဘင်တွေ  ချိမ့်ချိမ့်သဲသဲ ကျင်းပနေပြီ ။

 

ညနေဆို ပွဲဈေးတန်းလမ်းလျှောက်ဖို့ ့လူပျိုအပျိုတွေ  ပြင်ဆင်ကြ  ခြယ်သကြ ။

 

တစ်နေ့တာလုံး  တောင်ယာလယ်လုပ် ပင်လယ်တံငါ သမားတွေရဲ့

ဘဝ အမောတွေ . . .

အဲဒီ ပွဲဈေးတန်းထဲ လမ်းလျှောက် ဟိုသည်ငေးလိုက်ရုံနဲ့ ပြေပျောက်သွားမလိုမျိုး. . . .

 

ကျွန်တော် နဲ့ သူငယ်ချင်းတစ်စုသည်လည်း

ပွဲဈေးတန်းဆီသွားပြီး ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်ဖို့ ထွက်လာခဲ့ကြသည်။

 

အဲဒီနေ့ညချမ်းမှာ အဲဒီ ပွဲခင်းထဲ ရောက်ခဲ့ရသည့်အတွက်

အခုလို တစ်ဘဝလုံးစာအချိန်များထိ မှတ်မိနေမယ့် အဖြစ်အပျက်တွေ ဖြစ်ပျက်သွားခြင်းဖြစ်သည် ။

 

ကျွန်တော်တို့အဖွဲ့ရဲ့ ဘေးမှာ ကပ်ပါလာသော လူတစ်စုသည် . . .

ချစ်စရာကောင်းလှသော ကောင်မလေးငယ်ငယ်လေးများ

ဖြစ်နေကြောင်း သိလိုက်ရသည်နှင့်

ကျွန်တော်တို ့ စ ငမ်းပါသည် ။

 

အဲဒီကောင်မလေး သုံးယောက်ထဲမှာမှ ကျွန်တော့်အာရုံ

ကျွန်တော့် အကြည့်တို့ကို ဆွဲယူသိမ်းပိုက်သွားသူမှာ တစ်ယောက်ထဲသာ ရှိပါသည် ။

 

ကျန်သော နှစ်ယောက်ကို ကျွန်တော် စိတ်မဝင်စား ။

 

သူမ တစ်ယောက်ထဲကသာ ကျွန်တော့်အသည်းကို ဟပ်ထိုးလဲကျစေသည် ။

 

ကျွန်တော် ရင်တဒိုင်းဒိုင်းခုန်သည် ။

ခြေဖျားလက်ဖျားတွေအေးစက်  မကြုံဖူးသော

အငွေ့ ့အသက်တချို့ ကျွန်တော့်ကို လွှမ်းအုပ်လိုက်ပြီ ထင်ပါရဲ ့။

 

သူ ့သူငယ်ချင်းမလေးများ၏ အခေါ်အရ . . .

မိုး ဆိုသော နာမည်လေးကို သိလိုက်ရသည်။

 

” မိုး ”

 

အင်း တကယ့် မိုး ပါပဲ ။

နွေအကူးမှာ အေးချမ်းသွားစေမယ့်နိမိတ်တွေနဲ့ ကျွန်တော့် နှလုံးသားပေါ်  မိုးတွေရွာချသွားသလိုပဲ ။

 

ကျွန်တော် မိုးရာသီကို မကြိုက်ဘူး ။

ဒါပေမယ့် မမိုးကိုတော့ အသည်းခိုက်အောင်

ကြိုက်တယ်။

 

အဲဒီနောက်တော့ ကျွန်တော်ရဲ့ ခြေလှမ်းတွေက  မိုး ဘေးမှာ ကပ်ပါလျက်သား ။

 

မိုးတို့သူငယ်ချင်းတစ်စု သွားရာနောက် လျှောက်လိုက်မိလျက်သား ။

 

ပွဲဈေးတန်းကြီးဟာ. . .

လူတွေအင်မတန်စည်ကား

ကျပ်ညပ်နေခဲ့ ။

ကျွန်တော် ရင်ထဲမှာလည်း ကြည်နူးနေတာတွေ ရင်ခုန်နေတာတွေ

အမျိုးအမည် မသတ်မှတ်နိုင်တဲ့ ခံစားချက်တွေနဲ့ ပြည့်ကျပ်နေခဲ့ . . .

 

မိုးတို့  အာပူလျှာပူဆိုင် ထိုင်ကြတော့ ကျွန်တော်တိုု့လည်း မတွန့်မဆုတ်သော သတ္တိတို့ဖြင့် လိုက်ထိုင်ကြသည် ။

 

သူငယ်ချင်းတွေက အလိုက်သိသည်။

စကားမရှိစကားရှာပြီး လမ်းကြောင်းတွေ

ထွင်ပေးသည် ။

 

တစ်ယောက်က မေးသည် ။

 

” ဟေ့ရောင် သူရ . . . မင်း ရာသီဥတုတွေထဲမှာ ဘယ်ရာသီကို အကြိုက်ဆုံးလဲကွ ”

 

အဲဒီစကားက . . .

ကျွန်တော့်အတွက် . . .

အချစ်ဇာတ်လမ်း ဇာတ်ကွက် ရှေ့တစ်ကွက်ရွေ့ သွားစေသည်မဟုတ်လား. . .

 

” မိုး ကို အကြိုက်ဆုံး ” ဟု အားရပါးရ ကျွန်တော် ဖြေပစ်လိုက်သည် ။

 

( တကယ့် မိုးရာသီကို . . .

ကျွန်တော် လုံးဝ မကြိုက် ။ ထီးကိုင်ရမှာလည်းမကြိုက်. . .မိုးကာခြုံရတာလည်း မကြိုက် ။ စိုစိုစိစိနေရထိုင်ရ သွားလာရတာလည်း

မကြိုက် . . .

ရွှံ ့တွေ ဗွက်တွေကို မြင်လည်း မမြင်ချင် ထိလည်းမထိချင် . . .

အဲဒါကြောင့် လယ်မလုပ်ပဲ တံငါအလုပ်ကို ရွေးပစ်ခဲ့တာ ။

လယ်ထဲမှာ ရွှံ့တွေနဲ့ . . .နပမ်းလုံးနေရမှာနဲ့စာရင် ပင်လယ်ပြင်ထဲမှာ ငါးတွေ လှေတွေ သဲသောင်တွေနဲ့ နေရတာ ပိုကောင်းမယ် ဟု ယူဆသည် ။

(တကယ်တော့ တံငါအလုပ်တွင်လည်း ကျွန်တော် မပျော်ပါ ။ )

 

မိုးကို အကြိုက်ဆုံးဟူသောစကားကို ကျွန်တော်က မိုးကြားလောက်အောင် ပြောလိုက်တော့

ဘေးမှာ ထိုင်နေသော မိုးက ကျွန်တော့်ကို မျက်စောင်းလေး ဝင့်ခနဲ လှည့်ထိုးသည် ။

 

မိုး၏ မျက်စောင်းကလေးသည် ကျွန်တော့် နှလုံးသားကို  ငှက်မွေးကလေးဖြင့် တို့ထိပွတ်သပ်လိုက်သလို. . .

ကျွန်တော် ယားကျိကျိဖြစ်သွားသည် ။

 

ထို မျက်စောင်းကလေးကို ကျွန်တော် အမြဲသတိရနေတော့မည် ။

 

အဲဒီညက ပွဲခင်းထဲမှာ ဖျာချင်းဘေးကပ်လျက်ရအောင် လိုက်ထိုင်ရင်း ပြဇာတ်ကို မကြည့်ပဲ

မိုးကို ထိုင်ကြည့်ခဲ့သည် ။

 

မိုးက စကားနည်းသည် ။

သူ ့သူငယ်ချင်းမလေးများ ပွက်ပွက်ညံအောင် စကားတွေပြောနေသောလည်း

သူက နားထောင်တာ. . . များသည်။ ရယ်စရာကြားလျှင် ခပ်ပြုံးပြုံးလေးသာ ။

မိုး အရမ်း ရယ်ချင်သောအခါ ခေါင်းလေးမော့ပြီး ရယ်သည် ။ ရယ်သံလေးက တိုးတိုးငြင်ငြင်သာ. . .

 

မိုးးးး

အရမ်းလှသည် ။

ဖြူဖြူနုနု အသားလေးပေါ်က သနပ်ခါးပါးကွက်ကလေးနှင့် သိပ်လိုက်သည် ။

 

ရွှမ်းလဲ့စိုလက်နေသော မိုး၏ မျက်ဝန်းကလေးကို ပန်းချီကားတစ်ချပ်အဖြစ် ဆွဲရဦးမည် ။

 

မိုး၏ နှုတ်ခမ်း ဖူးဖူး ပန်းသွေးနီရဲကလေးကို တစ်ချက်ကြည့်မိတိုင်း . . .ကျွန်တော့်စိတ်တွေ ထိန်းမနိုင်သိမ်းမရဖြစ် ဖြစ်သွားတတ်သည် ။

 

မိုး၏ ခါးနွဲ့နွဲ ့ထက်မှာ ဝဲနေသည့်  ဖြောင့်စင်းအိစက်နေသော ဆံနွယ်လေးများကို လက်ကလေးနှင့်.  . .အသာ သပ်ကြည့်ချင်သည် ။

 

ပွဲခင်းထဲမှာ အေးစက်စက်ညရဲ့ ငြိမ်းချမ်းလှပမှုကို

မိုးကို ထိုင်ကြည့်နေခြင်းအားဖြင့် ပိုင်ဆိုင်ပါသည်။

 

တခြားဘယ်ကိုမှ မကြည့်တော့ပဲ  မိုးကိုသာ ထိုင်ကြည့်နေသော ကျွန်တော့်ကို မိုး ရိပ်မိပါသည် ။ တစ်ချက်တစ်ချက် မိုး မျက်လုံးလေး ထောင့်ကပ်ပြီး မသိမသာ ကျွန်တော့်ကို ခိုးကြည့်သည် ။

 

ကျွန်တော် မိုးကို ရီဝေဝေလေး ငေးကြည့်နေရတဲ့အဖြစ်ကလေးကိုတောင် လောကကို မေ့နိုင်ပြီး ကြည်နူးနေသည် ။

 

မိုးလင်းခါနီးတော့ မိုးတို့ ထ ပြန်ကြသည် ။

ပြန်တော့မည့် မိုးနောက်ကို ကျွန်တော် လိုက်ရမည့်တာဝန် ရှိပါသညါ ။

 

အဘယ်ကြောင့်ဆိုသော်. . .

မိုးနေထိုင်ရာ အိမ်ကလေးကို ကျွန်တော် သိရမှ ဖြစ်မည်လေ ။

 

မိုးက ပြန်ခါနီးလေးမှာ ကျွန်တော့်အသည်းကို ဆွဲယမ်းလှုပ်ခါနိုင်စွမ်းသော အမူအယာလေးတစ်ခု လုပ်ပြသွားသည် ။

 

ကျွန်တော့်ကို ဖျတ်ခနဲ လှည့်ကြည့် ကျွန်တော့်အကြည့်နဲ့အဆုံမှာ. . .

သူ ့ မျက်နှာလှလှလေးကို ချစ်စရာကောင်းလောက်အောင် ပြောင်ပြသွားသည် ။

နှာခေါင်းလေး ရှုံ ့ပြသွားသော .  .

မိုး၏ ပြောင်ချော်ချော် ဟန်လေးကို ကြည့်ပြီး ကျွန်တော် ဟာခနဲ ဖြစ်သွားသည်။

‘ အသည်းယားတယ် ‘ဆိုသော စကားလုံးကို အဲသည်တစ်ခဏမှာ ပြောပြဖို့မလွယ်သောခံစားမှုဖြင့် နားလည်သွားသည် ။

 

သေချာပါသည် ။

မိုးကို ကျွန်တော် အိပ်မက်ထဲမှာတောင် ထည့်မက်ဖြစ်တော့မည် ။

 

အိပ်မက်ထဲမှာ . . . .

မိုးကို. . . .

ကျွန်တော်  . . . .

ဖက်ထားပါမည် ။

 

ဘာစကားမှ ထူးထူးထွေထွေ ဆိုမနေပဲ. . .

ဖက်ထားရုံလေးနဲ့ ရင်ဘက်ချင်း. . .နီးသည်ထက်နီးသွားပါလိမ့်မည် ။

 

မိုး. . . .

ကျွန်တော့် လူငယ်နှလုံးသားကို

ရွှဲရွှဲစိုသွားအောင် . . . ရွာနိုင်စွမ်းသူ. . . .

 

##########################

 

ကျွန်တော့်ထက် တစ်နှစ်ကြီးသော

မိုးကို ကျွန်တော်က မမမိုးဟု ခေါ်ပြီး ကျွန်တော့်ကိုတော့ မမမိုးက

(ဝတ္ထုတွေရုပ်ရှင်တွေထဲက

အတိုင်း

ဖြစ်အောင် ကျွန်တော်က . ..အတင်းအကျပ်ခေါ်ခိုင်း၍)

မောင် ဟု ခေါ်ပါသည် ။

 

မိုး ၏ မောင် ခေါ်သံတစ်ချက်ကြားတိုင်း ကျွန်တော့်ရင်တို့ ငြိမ့်ငြိမ့်ကလေးရိုက်ခတ်သော လှိုင်းလေတို့ တိုးဝင်သလိုလို. . .

 

မိုး ရဲ့ အကြည့်တစ်ချက် အကြည့်ခံရတိုင်း ကျွန်တော် ဆုတစ်ဆု ရသလို ခံစားရသည်။

 

မိုး ကျွန်တော့်ကို ပြန်ချစ်နိုင်ခဲ့သည် ။

ကျွန်တော့် ချစ်ခင်မှုကို မိုး လက်ခံခဲ့သည်။

ကျွန်တော် နှင့်မိုး ပျော်ရွှင်စရာ အလွန်ကောင်းသော နေ့ရက်များထဲမှာ

နှစ်ယောက်သား နွေးထွေးစွာ. . .

ထို့အပြင် နီးကပ်စွာ. . .

ထို့အပြင် ရင်ခုန်စွာ . . .

 

မိုးနှင့် ကျွန်တော် နေထိုင်မှုသည် ဟိုဘက်ရွာနှင့် ဒီဘက်ရွာ ဖြစ်သည် ။

 

ညနေဆိုလျှင် မိုးနေထိုင်ရာ မကျည်းတောရွာကလေးဘက် ကျွန်တော် စက်ဘီးကလေးနင်းပြီး ထွက်ခဲ့သည် ။

 

မိုးကို ကျွန်တော့်စက်ဘီးပေါ်တင်ပြီး သယ်ဆောင်သွားရသော ခံစားမှုကို ကျွန်တော် ကြိုက်သည် ။

 

မိုးက ကျွန်တော့် ခါးကို ဖွဖွကလေးဖက်ထားပြီး ကျွန်တော့် ကျောပြင်ပေါ်

သူ ့ပါးကလေး

ထိကာ ကပ်ကာဖြင့်  တိတ်တိတ်ဆိတ်ဆိတ် လိုက်လာပါသည်။

 

ကျွန်တော်တို့ . . .

ညနေ နေဝင်ခြင်းကို ပင်လယ်ကမ်းစပ်ဘက် ထွက်ကြည့်ကြပါသည် ။

 

ပင်လယ်သည် ညနေခင်းတော်တော်များများမှာ လှိုင်းလေတို့ ပြင်းထန်၍ ဆူညံနေတတ်သည်။

 

ညနေစောင်းချိန်ဆိုလျှင်

လေ ထန်သည်။ အနောက်တောင်ဘက်မှ တိုက်သောလေ တမျိုးဆန်း၍ လှိုင်းတို့ကြမ်းရသည်။

 

ထိုညနေစောင်းချိန်မှာ တိုက်သော လေကို ကျွန်တော်တို့ ကျွန်းကလေးပေါ်မှ ဒေသခံတို ့က “ မုဆိုးမလေ ´´ ဟု ခေါ်ဝေါ်ကြသည် ။

 

အဲဒီအချိန် ထိ ပင်လယ်ထဲ

ထွက် ရှိနေလျှင်

ထို တံငါယောကျာ်း၏ ဇနီးမယားမှာ မုဆိုးမ ဖြစ်နိုင်ချေများသည် ။

 

လှိုင်းလေ ထန်သော ပင်လယ်ကြီးသည် ထိုအချိန်မှာ လုံးဝ မငြိမ်သက်ပဲ ရမ်းခါလှုပ်ရှားနေလေ့ရှိသည် ။

များသောအားဖြင့်တော့ ထိုလေတိုက်လာချိန်မျိုးတွင် ဘယ်တံငါသည်မှ ပင်လယ်ထဲမထွက်တော့ပါ။

 

ကမ်းစပ်သဲသောင်ပြင်

တလျှောက် လမ်းလျှောက်ရတာတော့ တော်တော်ကောင်းသည် ။

 

လေတဟူးဟူးဖြင့် အေးမြ ကြည်နူး. . .

စင်ရော်တွေ ဟိုမှာ ဒီမှာ အုပ်လိုက် အုပ်လိုက်. . .

 

နေလုံးကြီးက နီဝင်းဝင်း အရောင်အဆင်းဖြင့် အနောက်ဘက် ပင်လယ်ထဲ ထိုးဆင်းတော့မလိုမျိုး. . .

 

လှိုင်းချိုးချသံ ဝုန်းခနဲဝုန်းခနဲက အကြားအာရုံကို ရသခံစားမှုတစ်ခုခုပေးသည် ။

 

ဖိနပ်မပါပဲ. . .

သဲပြင်စိုစိစိပေါ် လမ်းလျှောက်ရသော

ခြေဖဝါးမှ အထိအတွေ ့. . .

 

မိုးရဲ့ လက်ကလေးကို ကိုင်ပြီး ပင်လယ်ကြီးနှင့် မိုးကို တပြိုင်တည်းကြည့်ငေးရသော အထိအတွေ ့. . .

 

ပင်လယ်လေ သန့်သန့်ထဲမှာ မိုးရဲ့ ဆံနွယ် တွေဆီက ရနေတဲ့ ခေါင်းလျှော်ရည်နံ့ မွေးမွေးကလေး. . .

 

ကျွန်တော့်အတွက်တော့  အဲသည် ညနေခင်းများသည် နတ်သားတပါးရဲ့ ချမ်းသာမှုလို ကျေနပ်ရသည် ။

 

ကျွန်တော်နှင့် မိုး ပင်လယ်ထင်းရှူးပင်ကြီးတွေအောက်မှာ  ထိုင်ကြီး တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် မထိတထိ စကြသည်။

 

မိုးကို . . . .

ရင်ဘက်ချင်း တင်းကျပ်အောင် ဖက်ထားပြီး ပင်လယ်ကြီးကို ကြည့်

ပင်လယ်လေတဟူးဟူးကို ခံယူရခြင်းသည်

ဘယ်တော့မှ မမေ့နိုင်စရာ အဖြစ်အပျက်ဖြစ်သည် ။

 

နေလုံးနီနီကြီး. . . အနောက်ဘက် ပင်လယ်ရေပြင်နှင့် ထိကပ်တော့မည့်အချိန်တွင်  မိုးနှင့်ကျွန်တော် သဲပြင်ပေါ်က လူးလဲထပြီး မပြန်ချင့်ပြန်ချင်ဖြင့် ပြန်ကြရသည်။

 

ဖြစ်နိုင်လျှင် ဤသဲသောင်ကမ်းစပ်မှာ တစ်ညလုံး နေချင်သည် ။

 

အိမ်အပြန်လမ်းတလျှောက် ကမ်းစပ်သဲသောင်ပေါ်မှ

ခရုခွံ လှလှလေးများ. . . အလုအယက်ကောက်ကြသည်။

မိုးနှင့်အတူလုကောက်ခဲ့သော ခရုခွံလှလှလေးများသည်

( ကျွန်တော့်မေမေ အတင်းအကျပ် လွှင့်ပစ် မခိုင်းခင် အချိန်ထိ ) ကျွန်တော့်ဆီမှာ အမြတ်တနိုး ရှိခဲ့သည် ။

 

မိုးနှင့် ကျွန်တော် . . . .ပင်လယ်ရေ ကမ်းစပ်တလျှောက် တွင်းကလေးများ၏ အဝမှာ  ပြူတစ်တစ် လုပ်နေကြသော ဂဏန်း နီရဲရဲလေးများ ကို အပြေးအလွှားလိုက်ဖမ်းကြသည်

သို့သော်

( ဗလိ ဟု  ကျွန်တော်တို့ ကျွန်း အခေါ် ) ထိုဂဏန်းနီရဲရဲလေးများ တစ်ကောင်ကိုမျှ ဖမ်းမမိခဲ့ပါ။

 

လူရိပ်လူချည် ကို

ရိပ်ခနဲ တွေ ့လိုက်သည်နှင့် လှစ်ခနဲ တွင်းထဲ ဝင်ပြေးတတ်သော

ထို ဂဏန်းကောင်လေးများကို လိုက်ဖမ်းရခြင်းသည် မောလည်းမော

ပျော်စရာလည်း ကောင်းသည် ။

 

ရေကျချိန်ဆိုလျှင် သောင်ခုံကြီးတွေ ထွန်းနေတတ်သောကြောင့် ကမ်းစပ်နှင့် ဝေးဝေးမှ ထိုသောင်ခုံများဆီ  လက်တွဲပြီး  လမ်းလျှောက်သည် ။

 

ထိုသဲသောင်များပေါ်မှာ

အုပ်စုလိုက် နားနေတတ်သော စင်ရော်ငှက်ကလေးများကို ငေးကြည့်ရခြင်းသည်လည်း ပျော်စရာ. . .

 

ဟိုဘက်ဆီမှာ ကမ်းမမြင်ရသော ဤပင်လယ်ပြင်ကြီး၏ ကမ်းစပ်တစ်နေရာမှာ

ကျွန်တော် ချစ်သော မိုးနှင့် အတူ ရပ်လျက်တည်ရှိရသောကြောင့်

ကျွန်တော် ကျေနပ်ပါသည် ။

 

ဤ ပင်လယ်ကြီးသည်

မိုးကို ကျွန်တော် ဘယ်လောက်ထိ တပ်မက်တွယ်တာသလဲဆိုသောမေးခွန်းကို ဖြေဖို ့  အထောက်အကူရပါသည်။

 

မိုးကို . . .

ပင်လယ်ကြီးလောက်  . . .

ကျွန်တော် ချစ်သည် ။

 

——————

 

တကယ်တော့ အတိတ်မှ ဖြစ်ပျက်ခဲ့သမျှသည်  အရိပ်များအဖြစ် လိုက်လာနေသည် ။

 

တချို ့ အရိပ်များက

မေ့မရသော အရိပ်များ

တချို့ကတော့

မနေ့အပ်သော အရိပ်များ

တချို့မှာ မေ့လိုက်သင့်သော အရိပ်များ

တချို့မှာ မေ့သင့် မေ့ချင်သော်လည်း မေ့မရနိုင်သော အရိပ်များ ဖြစ်သည် ။

 

မိုးသည် ကျွန်တော်၏

မေ့သင့်၍ မေ့မရသော အရိပ်တစ်ခု ဖြစ်သည် ။

 

ကျွန်တော့်အတွက် ရည်ရွယ်ထားသည့် မိန်းကလေးတစ်ယောက်သည် မိုး ဖြစ်လိုက်လျှင် ဘယ်လောက် ကောင်းလိုက်မလဲ ။

(အခုတော့ ဘယ်မိန်းကလေးနဲ့မှ လက်မထပ်ဖြစ်ခဲ့သေး)

 

မိုးကိုသာ  ကျွန်တော့်မေမေတို့ သဘောကျနှစ်သက်ပြီး သဘောတူကြည်ဖြူခဲ့လျှင် ဘယ်လောက်ကောင်းလိုက်မလဲ။

ကျွန်တော်သာ မိဘစကားကို မြေဝယ်မကျ နားထောင်ပြီး မလွဲမသွေ လိုက်နာတတ်သော သားတစ်ယောက် မဟုတ်ခဲ့လျှင် မိုးနှင့် ကျွန်တော်

ချစ်တိုင်းညားနိုင်ပါလိမ့်မည် ။

 

အဲသည်တုန်းက . . .

ကျွန်တော်ကလည်း သားလိမ္မာဆန်လွန်း . . .

ကျွန်တော့်မိဘတွေကလည်း မိဘဆန်လွန်း. . . .

အစွန်းတွေ အစွန်းတွေ. . .

အစွန်းများနှင့်မလွတ်လေလေ ကျွန်တော် ပိုဝေဝါး ခံစားရလေ ဖြစ်နေသည် ။

 

အချစ်ကို အဲသည်တုန်းက ကျွန်တော် သေချာမသိခဲ့။

ဒါပေမယ့် အဲသည်တုန်းက မိုးကို ကျွန်တော် လိုအပ်ပါသည် ။

 

တခြားမိန်းကလေးများနှင့် အနည်းငယ် ခြားနားသော သဘာဝဖြင့် မိုး နေသည် ။

အဲသည်တုန်းက . . .

မိုးသည် ကျွန်တော် ကြိုက်သော မိန်းမတစ်ယောက်ဖြစ်သည်မှာ သေချာခဲ့သည်​ ။

 

အဲသည်တုန်းကပေါ့. . .

 

____________

 

 

အလင်းဆက်(Gazette)

 

18 . 9 . 2010 / 22 : 30

 

( ရေးထားတာ ကြာပြီဖြစ်တဲ့ စာမူဟောင်းလေးတစ်ပုဒ်ပါ။ )

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

18 comments

  • ကေဇီ

    May 2, 2014 at 3:31 pm

    ဟယ်။
    အချစ်ဦးတွေအကြောင်း အပြိုင်ရေးနေကြပြီ။
    သများလည်း ရေးချင်တယ်။ :mrgreenn:
    .
    .

    .
    .
    .
    .
    .
    .

    အယ်။
    နာ့ အချစ်ဦးက ဘယ်ဒူပါလိမ့်?? 🙄

    • sorrow

      May 2, 2014 at 3:36 pm

      မမ အချစ်ဦး လား ..ဟိုမင်းသားအခြောက်…အဟိဟိ

      • alinsett (gazette)

        May 2, 2014 at 3:42 pm

        အိုက်မင်းတားကို
        အခြောက်လို့ မပြောပါနဲ့ဂျာ
        တူလေးဂ
        ရေပက်ရင်တော့ စိုဦးမယ်ထင်ပါတယ်
        အဟိ အဟိ

        :mrgreen:

  • sorrow

    May 2, 2014 at 3:46 pm

    အချစ်ဦးများတော့ ပြောမပြောချင်ဘူး …ကလေးနှစ်ယောက်အမေ …မေးနှစ်ထပ်နဲ့ ဘုတ်ထိုင်းကြီးဖြစ်နေလဲ ..ဖေ့ဘွတ်မှာ သူ့ပါးချိုင့်လေးမြင်လိုက်တိုင်း…ခုချိန်ထိ ရင်ဘတ်ထဲ ဖိုးသိုးဖတ်သတ်ဖြစ်ရတုန်း ….အိုဘယ့် ဝဋ်ကြွေး ….

  • Ma Ma

    May 2, 2014 at 6:26 pm

    အဲလိုနဲ့ပဲ မာမီမိုးနဲ့ ထပ်ဆုံရတာ ထင်တယ်။ :mrgreen:

  • kyeemite

    May 3, 2014 at 9:07 am

    ♪ ♬ ♭ ♮ ♯ ♪ ♫ မိုးကို….ချစ်လိုက်တာလေ♪ ♬ ♭ ♮ ♯ ♪ ♫
    ♪ ♬ ♭ ♮ ♯ ♪ ♫ ဒီ မိုးကို သိပ်ချစ်တယ်လေ….♪ ♬ ♭ ♮ ♯ ♪ ♫ မိုး ကိုချစ်လိုက်တာလေ♪ ♬ ♭ ♮ ♯ ♪ ♫
    ဒညင်းဝက်ကိုယ်စား…သီဆိုသွားသည်။ 😀

  • TNA

    May 3, 2014 at 2:25 pm

    အောင်မယ်လေး ဘာဒဲ့ ရီးစားဦးကို မြေးဦးရတာတောင်မမေ့ဘူးဆိုလားဘာလား။ ၁ရ နှစ်မှာ မိုုးနဲ့သဘောမတူဘူးဆိုတာ မိတွေရဲ့အစွန်းရောက်စိတ်မဟုတ်ပါဘူးဟယ်။ သဘာဝပါ။ ၁ရ နှစ်မှာ အိမ်ထောင်ပြုရင်ဘာလုပ်ကြမတုန်း။ လွယ်တယ်များမှတ်လို့။

  • lu lu

    May 3, 2014 at 6:55 pm

    အဲ့တုန်းကသာခွဲရမယ်ဆိုတာသိခဲ့ရင် ချစ်သူလက်
    ဆွဲပြီးပင် လယ် ကြီးထဲ ဒိုင် ဗင် ပစ်ဝင် ခဲ့ရမှာ အိမ်
    ရောက်မှ အ ဘောမတူ ဘူး ဆိုကိုသိခဲ့ ရ တော့

    ( နာသာဆိုရင် ပေါ့ )
    ရီးစားဦးဆိုတာ ချစ်တတ် လွမ်းတတ်အောင် သင် ပေး
    ခဲ့တဲ့ လက်ဦးဆရာ
    အဟဲဟဲ . . .

    • alinsett (gazette)

      May 4, 2014 at 7:34 am

      ချစ်တတ် လွမ်းတတ်အောင် သင်ပေးတဲ့ လက်ဦးဆရာ ဆိုပါလား
      အသုံးအနှုံးလေးကိုတော့ ကြိုက်သွားပြီဗျာ

      :mrgreen:

  • awra-cho

    May 15, 2014 at 1:41 pm

    အော်..မိုး..မိုး..
    အားပေးသွားပါကြောင်း…

    • alinsett (gazette)

      May 15, 2014 at 4:28 pm

      ကျနော့် ဘဝ တစိတ်တခြမ်းလေးကို
      ဖတ်ရှုခံစားပေးသွားတဲ့ အတွက်
      ကျေးဇူးပါဗျို့

  • naywoon ni

    May 16, 2014 at 2:09 am

    ကိုကိုခ အားကျလို့ ​ခေါင်​းစီ မှားဖတ်​မိပြန်​ပြီကွယ်​ ….. ရည်​းစားအူးရယ်​ ပငလယ်​ဓပြရယ်​ ဆို​တော့ ဘာပါလိမ်​့ဆိုပီးဝင်​လာတာ အဟီး ပြန်​​တော့မယ်​ လိုင်​း​လေး ​ကောင်​းတုန်​း ရွာလယ်​ လိုက်​အူးမှ
    ​ကောင်​​လေး နာ့ အ​မေ ​ပေးထားတဲ့ နာမယ်​မှာလဲ ” မိုး ” ပါသဗ​ျ

    • alinsett (gazette)

      May 16, 2014 at 7:32 am

      အဟိ ပင်လယ်ဓမြရယ်. . .တဲ့
      :mrgreen:

      အဘနီ နာမည်မှာ မိုး ပါတာလား
      🙂

Leave a Reply