“လရောင်ရည်သို့တမ်းချင်း“

manawphyulayAugust 10, 20101min834

ကိုယ့်ရင်ထဲမှာ
လတစ်စင်းသာနေမှတော့
ဧရာဝတီအကြောင်းလည်း
မဖွဲ့ချင်တော့ဘူး ၊
မာယာကော့ဗ်စကီးအကြောင်းလည်း
မပြောချင်တော့ဘူး ၊
ဘက်ခမ်းကိုလည်း
မကျောချင်တော့ဘူး ၊
ဟစ်တလာကိုလည်း
မကောချင်တော့ဘူး ၊
ရေထဲလည်း
ဝီစကီမရောချင်တော့ဘူး ၊
ဘဝရေစုန်မှာလည်း
မမျောချင်တော့ဘူး ၊
ခါးသီးမယ်ဆိုရင်တောင်
အထီးကျန်ဆန်ဆန်ပဲ
ကိုယ်ခါးသီပါရစေ ။
လမင်းရေ…
လရောင်လွှမ်းမှ
လန်းဆန်းခွင့်ရမယ့်သူ
လရောင်ဆမ်းမှ
ငြိမ်းချမ်းခွင့်ရမယ့်သူမို့
သွေးဆူတုန်းလည်းမမိုက်မဲ
သွေးခဲတုန်းလည်းမရှုပ်ပွ
လှပမှုကိုမြတ်နိုး
ဆိုးမိုက်မှုကိုရွံမုန်း
အပြုံးတွေကိုနှစ်သက်တတ်လာတာ
ရင်ထဲကလ
ပျောက်ရှသွားမှာစိုးလို့ပါ ။
လမင်းရေ…
ဆယ့်ငါးရက်မှတစ်ခါ
သာခွင့်ရတဲ့မင်းအပြုံး
တစ်သက်လုံးစာ မဖူလှုံခဲ့ရင်တောင်
မင်းရှိနေသမျှ
ကိုယ့်ဘဝ ကိုယ့်ကမ္ဘာလေးဟာ
လှပနေတယ်
အေးမြနေတယ်
တောက်ပနေတယ်
ပြီးတော့
လောက်ငနေပါတယ်ကွယ် ။
လမင်းရေ…
တကယ်တော့
မင်းရဲ့လရောင်ရည်ဟာ
ကိုယ့်ဘဝရဲ့ခွန်အား
ကိုယ့်ဘဝရဲ့ခန်းနားမှု
ကိုယ့်ဘဝရဲ့အရှင်
ကိုယ့်ဘဝရဲ့သခင်
ကိုယ့်ဘဝရဲ့ပျော်ရွှင်ရာ
ကိုယ့်ဘဝရဲ့ဖြေသာခြင်းပါပဲကွယ်…။ ။
အားပေးနှစ်သိမ့်ပေးတတ်တဲ့အစ်မမို့မို့သို့……
လင်းလက်ဟန်

4 comments

  • fatty

    August 10, 2010 at 3:39 pm

    အတော်ကောင်း တဲ့ ရေးဖွဲ့မှု့ လေးပါ။ August 27 မှာ လ နှစ်စင်း ထွက်ပါလိမ့်မယ်။ ထပ်မံရေးဖွဲ့ပြစေချင်ပါတယ်။

  • blue

    August 11, 2010 at 2:46 pm

    အဟားဟား
    လရောင်ကိုတမ်းချင်းသွား မလုပ်နဲ ့
    မကလျာကွိုင်ရှာလိမ့်မယ်။
    ကိုလရောင် ကသူ ့ယောကျာင်္းဗျ။
    မကလျာ ကကျနော့ အစ်မ။
    ကျနော့် အမဘယ်လောက်စွာတယ်ဆိုတာကျနော်ကသိနေလို ့သတိပေးတာ
    နောင်တ နောက်မှမရစေချင်ဘူး
    အဟတ်ဟတ်…

  • fatty

    August 11, 2010 at 2:55 pm

    မသိလို့ပါဗျာ …။

  • htet way

    April 11, 2012 at 4:49 pm

    အားပေးနှစ်သိမ့်ပေးတတ်တဲ့အစ်မမို့မို့သို့……
    လင်းလက်ဟန်
    “ ကိုက ကဗျာကောင်းလေးပဲဆိုပြီ ချီးကျူးတော့မလို့
    ဘယ်နှယ့် လင်းလက်ဟန်လဲ….။”

Leave a Reply