ဒီနေ့ ကျွန်တော်တို့ဒေသကို က.ည.န ရောက်လာတော့ ယာဉ်မောင်းလိုင်စင် ရမရ ကျွန်တော့်ဘကြီးဆီ သွားမေးရင်းနဲ့။ အနော် အမှတ်တမဲ့ အာမေဋိတ်တစ်ခုရွတ်မိသွားတယ်။ ကျွန်တော့်ဘကြီးကလည်း မရသေးဘူးရှင်းပြတော့ ကျွန်တော်က “ဟုတ်ပြီ ဟုတ်ပြီ” ဆိုပြီး လေ။ အဲဒီမှာ ကျွန်တော့်ဘကြီးက “အောင်မာ မင်းက ဟုတ်ပြီ ဟုတ်ပြီနဲ့ မင်းစကားပြောပုံက သောက်ချိုးကိုမပြေဘူး”။(မှတ်ချက်-ကျွန်တော့်ဘကြီးကလည်း စိတ်ဆတ်တာကလည်း တစ်ကြောင်းပေါ့) ကျွန်တော်လည်း အပြန်မှာ စဉ်းစားရင်း အောင့်သက်သက်ဖြစ်သွားတယ်။ ကျွန်တော်လည်း စိတ်ထဲမှာ သရိုးသရီဖြစ်လွန်းလို့ စာပေရေချမ်းစင်က ပြည်သူ့နီတိကို ရှာဖတ်ကြည့်တယ်။ အဲဒီအသုံးအနှုန်းတွေ မသုံးဖို့ ညွန်ကြားထားတာလည်း မရှိ။

 

နောက်ပြီး ကျွန်တော်မန်းလေးကို ရောက်တော့ ကျွန်တော့်ဘကြီး သွားဆရာဝန်ဆီကိုသွားတယ်။ ပြောရမယ်ဆိုရင် အဲဒီသွားဆရာဝန်နဲ့ကလည်း အမျိုးမကင်းပါဘူး။ အိမ်ရှင်ပီပီ ဖျော်ရည်လေးဘာလေး ဧည့်ခံတော့ ကျွန်တော်ကလည်း ဂျာနယ်ပေါ်က ဆောင်းပါးကို စိတ်ဝင်တစားဖတ်နေတုန်း ဖျော်ရည်လာကမ်းတော့ ကျွန်တော်ကလည်း လက်တစ်ဖက်တည်း နဲ့ ယူမိလိုက်တယ်။ အဲဒီမှာ ကျွန်တော့်ဘကြီးက“မင်းလူလိုမသိဘူးလား။ သူများက တရိုတသေ ပေးချိန်မှာ လက်နှစ်ဖက်နဲ့ယူလေ ယဉ်ကျေးမှုကိုမရှိဘူး”။ သူပြောပြီးမှ ကျွန်တော်စဉ်းစားလိုက်တယ်။ ကျွန်တော့်ကို ဖျော်ရည်လာကမ်းတဲ့  အဒေါ်ကလည်း တစ်ဖက်တည်းလာကမ်းလို့ ကျွန်တော်လည်း တစ်ဖက်တည်းယူလိုက်တယ်။ ဒါတော့ မလွန်ဘူးလို့ ထင်မိပါတယ်။ ဒါပေမယ့် ကျွန်တော်သိတာက ထမင်းစားရင် တပြတ်ပြတ်နဲ့ အသံမထွက်အောင်မစားနဲ့၊ ဟင်းချိုသောက်ရင် တရှုးရှုး နဲ့ အသံမထွက်နဲ့၊ ထမင်းစားရင်း ဇွန်းနဲ့ ဇလုံမခေါက်ကောင်းဘူး၊ စလောင်းဖုံး နှစ်ချပ်ကို လင်ကွင်းမတီးကောင်းဘူး ဘာညာပေါ့ဗျာ။ အဲဒါတွေ လုပ်ရင် အဆင့်အတန်း ရှိရှိ မနေတတ်တဲ့သူ ဆိုပြီး ကျွန်တော်တို့ မြန်မာ့ လူ့အဖွဲ့ အစည်းမှာ သတ်မှတ်ခြင်းခံရတယ်လို့ သိရပါတယ်။

 

အဲဒီတော့ ကျွန်တော်ထင်တယ်။ အိမ်မှာ ထိန်းချုပ်တာတွေ များလာတော့ အပြင်ရောက်လို့ သူငယ်ချင်းတွေနဲ့တွေ့ရင် ယောက်ျားလေး အများစုက ဆဲတတ်လာတယ်။ ပိုဆိုးတာက အခု Dota Games တွေ ခေတ်စားတဲ့ အချိန်ဆိုပိုဆိုး ဖိုမ ကိစ္စတွေ ရောထည့်ပြီး တစ်တစ်ခွခွကို ဆဲတတ်လာတော့တယ်။ မိန်းကလေး အများစုဆိုရင် ကျွန်တော်တို့ လက်ထက်အထိ ပေါပေါပဲပဲ အချစ်ဝတ္ထုတွေ ဖတ်တတ်လာတယ်(အခုခေတ်ဆိုရင်တော့ Korea Drama Series တွေကြည့်တတ်လာတယ်။နဂိုကထက်ပိုပြီး ပဲများတတ်လာတယ်။ တချို့ဆိုရင် ဗရုတ်ကျကျ ကျောင်းသားဟာသကားတွေပါသေး)။

 

နောက်ဆုံးတစ်ခု ကျွန်တော်သိချင်တဲ့ အသုံးအနှုန်းတစ်ခုက ဝတ္ထုတိုင်းလိုလိုမှာ မိန်းကလေးက သူ့ရဲ့နာမည်ကို စာဖတ်သူ ပရိတ်သတ် မသိခင်မှာ “သူမ” ဆိုပြီး နာမ်စား ထည့်သုံးပါတယ်။ တစ်ခါတစ်ရံမှာ အဲဒီအသုံးအနှုန်းကို တချို့က စာစီစာရိုက်ပဲမှားလို့လား။ ဒါမှ မဟုတ်စာရေးဆရာက တမင်ပဲ စတန့်ထွင်ပြီး ထည့်သလားတော့မသိ။ အဲဒီ “သူမ” အသုံးအနှုန်းက နေရာတိုင်းမှာသုံးလို့ရတဲ့ အနေအထားဖြစ်နေတယ်။ ဆိုပါတော့ ဥပမာ-“လူကြီး သူမ” ဆိုပါတော့။ တချို့ ဝတ္ထုကျတော့ “သူမသည် လူကြီးသူမ စကားကို လုံးဝနားမထောင်ပါ” ပေါ့ဗျာ။ စကားလုံး တွေက ထပ်ကုန်တော့ ကျွန်တော်တို့တောင် ဖတ်ရတာ ဝတ္ထုအရသာပျက်သွားသလိုပဲ။ ပြီးတော့ နာမ်စားကို စကားတစ်ခုရဲ့ နောက်ဆုံးကိုလည်း ပို့ပစ်လိုက်တာရှိသေးတယ်။ ဥပမာ- “အတ္တကြီးလွန်းသည့် သူမ၊ အငြိုးကြီးလွန်းသည့် သူမ” ဆိုပြီးတော့ပေါ့။ နောက်ပြီး ရသစာပေမဟုတ်ဘဲနဲ့ ဝတ္ထုရဲ့ စာလုံး အဆုံးသတ်မှာ “ချစ်ခြင်းများစွာဖြင့် သူ” ဆိုပြီး နာမ်စားလား နာမည်လား မသဲကွဲရှာပါဘူး။(ပေါပေါပဲပဲ အချစ်ဝတ္ထုတွေ ဖတ်ဖူးတုန်းက တွေ့မိတာလေးတွေပါ)။

 

P.S အခု ကျွန်တော်ရေးတဲ့ ပို့စ်က သိလွန်းတတ်လွန်း၍ မဟုတ်။ ခံစားမိတာလေးတွေ မျက်စိရှေ့မှာ မြင်မိတာလေးတွေ နားနဲ့ ဆတ်ဆတ်ကြားမိတာလေးတွေကို ရေးခြင်းသာဖြစ်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးး

အားလုံးကို လေးစားတဲ့

Paing Lay

About Paing Lay

Paing Lay has written 20 post in this Website..

သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် စီပွားရှာနေရသော်လည်း ရင်ထဲက အနုပညာ ပိုးမသေသောသူ။ တစ်နည်းပြောရလျှင် အနုပညာ လောကတွင် ကျင်လည် လိုသူ။