ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂

ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၁

ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု

 

…………………………………

တကယ်တမ်းကျတော့ နည်းနည်း နောက်ကျနေပြီ။ နယ်မှာက ဆရာသိပ်မများတော့ အချိန်တွေက ပြည့်နေပြီလေ။ ကျွန်မက အချိန်တွေတောင်းတဲ့အခါမှာ တော်တော်လေး ဒုက္ခရောက်ပါတယ်။ ဆရာတွေက သင်လည်းသင်ချင်၊ အချိန်ကလည်း မရှိ၊ ကျွန်မရော ဆရာမရောက နားပူနားဆာလုပ်တော့ နောက်ဆုံး မရမက အချိန်ရှာပေးပါတယ်။ ညဘက်အချိန်တွေပဲ ရတော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မလည်း ရတဲ့အချိန်တွေနဲ့ပဲ သင်ရပါတယ်။

မတ်လ (၂၇) ရက်နေ့မှာ ကျူရှင်စပါတယ်။ ကျောင်းပိတ်ချိန်ဆိုတော့ အဆင်ပြေပါတယ်။ နေ့လည်ဘက်တွေ သင်ကြတာပေါ့။ တစ်ဘာသာကို တစ်ချိန် တစ်နာရီ နှုန်းနဲ့ တစ်ပတ်ကို (၄) ချိန်သင်တယ်။ ခြောက်ဘာသာဆိုတော့ (၂၄) ချိန်ပေါ့။

မြန်မာစာဆရာနာမည်က ဦးသန်းထွန်း တဲ့။ ဆရာကြီးက အခု မင်းသန်းထိုက် (ဒေးဒရဲ) ဆိုတဲ့ ကလောင်နဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ဆောင်းပါးတွေ ရေးနေပါတယ်။ 7Days မှာတော့ အများဆုံးရေးတယ်။ ဆရာကြီးက တကယ်ကို စာသင်ကောင်းတာပါ။ ကျွန်မတို့မြို့ရဲ့ တစ်ဦးတည်းသော မြန်မာစာဆရာလည်း ဖြစ်ပါတယ်။ ဆရာကြီးက စာရှင်းပြရင် စာပြန်ကျက်စရာတောင် မလိုပါဘူး။ (ကျွန်မကိုယ်တိုင်ကပဲ မြန်မာစာကို စိတ်ဝင်စားလို့လားတော့ မသိဘူး။) ကဗျာဆိုလည်း ကဗျာမူရင်းကိုပဲ ကျက်တယ်။ ဆရာကြီးရှင်းပြပြီးရင် အဲဒီကဗျာကို ကိုယ့်ဘာသာ စကားပြေပြန်ရေးလို့ ရပြီ။ ရေသည်ပြဇာတ်လည်း ဒီလိုပဲ။ မူရင်းတွေကိုပဲ အလွတ်ကျက်တယ်။ စကားစပ်က တစ်ထိုင်တည်းအလွတ်ရသွားတာ။ စကားပြေရှင်းပြရင် ပိုတောင်ကောင်းသေး။ နောက်ခံသမိုင်းတွေ၊ ဇာတ်လမ်းတွေက စပြီး ရှင်းပြတာဆိုတော့ အတော်လေး ဗဟုသုတရတယ်။ ဖြေပုံဖြေနည်းတွေလည်း ပြောပြတယ်။ သဒ္ဒါကတော့ ပြောမနေနဲ့။ ကြွားတာမဟုတ်ဘူး။ အမှတ်ပြည့်ပဲ။ တစ်ခါတစ်ခါ စာရှင်းပြနေရင်းကနေ ဆရာကြီးငယ်ငယ်က စာပေလောကထဲရောက်ခဲ့တဲ့အကြောင်းတွေ၊ စာရေးဆရာတွေရဲ့ အကြောင်းတွေ၊ အရေးအခင်းကာလက အကြောင်းတွေနဲ့ အကြောင်းစုံကို ရောက်သွားရော။ ကျွန်မနဲ့ ဆရာကြီးနဲ့ စကားကောင်းနေပြီဆိုရင် ကျွန်မ သူငယ်ချင်း (၂) ယောက်က စာမသင်ရလို့ ကြိတ်ပျော်ရင်ပျော်၊ မဟုတ်ရင် အိပ်ငိုက်ရော။ ဆယ်တန်းနှစ်တစ်နှစ်လုံး စာသင်ချိန်မှာ တစ်ခါမှအိပ်မငိုက်ဖူးတဲ့ ဘာသာက မြန်မာစာပဲ။ ကျွန်မ မြန်မာစာကို စိတ်ဝင်စားတာ ဆရာကြီးကျေးဇူးတွေကြောင့်ပါ။

အင်္ဂလိပ်စာကို သင်တာကတော့ အငြိမ်းစားဆရာမကြီး။ ဆရာမကြီးက အပြင်မှာ သိပ်မသင်ဘူး။ ကျွန်မအိမ်နဲ့မှ (၂) ဝိုင်းပဲ သင်တယ်။ ဆရာမက စာအရမ်းတော်တယ်။ သင်တာ အကွက်စေ့တယ်။ ဒါပေမယ့် ဆရာမကြီး၊ အပျိုကြီးဆိုတော့ စာဆိုစာပဲ သင်တာ။ ကျွန်မကတော့ စာသင်ရင် အိပ်ငိုက်ပြီ။ ကျွန်မ အိပ်ငိုက်နေလို့လည်း အိပ်ချင်ပြေအောင် စိတ်ကို မပြောင်းပေးဘူး။ တစ်နာရီလုံး စာပဲသင်တာဆိုတော့ အတော်လေးတော့ ပျင်းဖို့ကောင်းတယ်။ ဒါပေမယ့် မအိပ်ချင်တဲ့အချိန်ဆိုရင်တော့ ခေါင်းထဲကို စာတွေအကုန်ဝင်တယ်။ သင်ရတဲ့အချိန်က ညနေကျောင်းဆင်းချိန် (၄) နာရီခွဲကနေ (၅) နာရီခွဲဆိုတော့ အစာအိမ်နဲ့ ရန်ဖြစ်ရတဲ့အချိန်ပေါ့။ တစ်ခါတစ်ခါ ကျောင်းပြန်နောက်ကျရင် စာတန်းသင်ရတယ်။ အဲဒီအချိန်ဆို ကျွန်မက ဗိုက်ဆာလို့ စာထဲကို စိတ်မဝင်စားနိုင်ဘူး။ ကျောင်းပြန်စောလို့ ထမင်းစားပြီးချိန်ဆိုရင်လည်း ဗိုက်တင်းပြီး အိပ်ငိုက်တယ်။ နောက် ကျွန်မတို့နယ်မှာက အင်္ဂလိပ်စာ အခြေခံနည်းကြတယ်။ ကြောက်လည်း ကြောက်ကြတယ်။ အဲဒီမှာမှ အင်္ဂလိပ်လိုရေးထားတဲ့ စာပုဒ်အရှည်ကြီးတွေကို သင်ရတော့ ပျင်းတာပေါ့။ မှတ်မှတ်ရရ ဆယ်တန်းမှာ Travel in Southeast Asia (1) နဲ့ (2) ဆိုတာ သင်ရတယ်။ အာဆီယံနိုင်ငံတွေအကြောင်း သင်ရတာ။ အဲဒါတွေသင်တိုင်း ဘယ်လိုမှ မှတ်လို့မရဘူး။ ကိုယ်လည်း သွားရတာမဟုတ်၊ နာမည်တွေကလည်း ခက်လိုက်တာ၊ ဘယ်နိုင်ငံမှာ ဘာတွေထင်ရှားတယ်၊ ဘာတွေပေါတယ် ဆိုပြီး မှတ်ရတာ၊ လုံးဝကို မရဘူး။ ပထမတစ်ခေါက်သင်တယ်၊ အိပ်ငိုက်တယ်။ စာမရဘူး။ ဆရာမက ကျွန်မ နားမလည်မှန်းသိလို့ နောက်တစ်ခေါက် ပြန်သင်ပေးတယ်။ ထပ်ငိုက်တယ်။ နောက်ဆုံး အဲဒီနှစ်ပုဒ်ကို ကျော်ကိုပစ်လိုက်တယ်။ လုံးဝကို မကြည့်တော့ဘူး။ အေးရော။ အင်္ဂလိပ်စာကို ဘယ်လောက်လေ့လာခဲ့လဲဆိုရင် Essay နဲ့ Letter တွေကိုတောင် စာမေးပွဲကြီးဖြေမယ့်ညမှ မေးခွန်းဟောင်းအဖြေတွေကို ထိုင်ဖတ်တာ။ တစ်နှစ်လုံး ဟုတ်တိပတ်တိ ဘာမှ မလုပ်ခဲ့ဘူး။ တော်သေးတာပေါ့။ အောင်လာလို့။

သင်္ချာဆရာကြီးကတော့ နည်းနည်းကြောက်ရတယ်။ ဘော်ဒါဖွင့်ထားတာဆိုတော့ ကျောင်းသားတွေကို နိုင်အောင်ထိန်းရင်းနဲ့ ရုပ်တည်ကြီးဖြစ်နေတာ။ စိတ်လည်းကြီးတယ်။ အော်လည်းအော်တယ်။ ကျွန်မနဲ့ အတူတူသင်တဲ့ သူငယ်ချင်းဆို ဆရာကြီးအော်ရင် သူဘာမှ ဆက်တွက်လို့ မရတော့ဘူး။ ချွေးစေးတွေထွက်ပြီး တုန်နေတာ။ ကျွန်မလည်း ကြောက်တာပဲ။ ဘာလို့လည်းဆိုတော့ ကျွန်မက အရမ်းလျှမ်းတတ်တယ်လေ။ ကိန်းဂဏန်းတွေဆို ပိုဆိုးသေး။ အမြဲတမ်း နှစ်ခါလောက်ပြန်စစ်တာတောင် အမှားက ပါချင်သေးတယ်။ ကျွန်မကိုတော့ ဆရာကြီးက မအော်ပါဘူး။ ဒါပေမယ့် အော်တာထက်ဆိုးတဲ့ စကားတစ်ခွန်းတော့ အမြဲပြောတယ်။လျှမ်းရင် ဂုဏ်ထူးမထွက်ဘူးတဲ့။ အဲဒီစကားက ကျွန်မကို အော်တာထက်တောင် ပိုကြောက်စေပါတယ်။ ဒါပေမယ့် နှစ်လယ်လောက်သာ ရောက်လာတယ်။ ကျွန်မက လျှမ်းတုန်းပဲ။ နောက်ဆုံး ကျွန်မ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ ကျွန်မ ကျောင်းတက်တဲ့တစ်လျှောက်မှာ အရိုက်ခံရတယ်ဆိုတာ ရှားပါတယ်။ အခု အိမ်မှာ စာသင်တော့လည်း ကြိမ်လုံးမဆောင်ထားရပါဘူး။ ဒါပေမယ့် ကျွန်မ တုတ်တစ်ချောင်းရှာလိုက်တယ်။ ပြီးတော့ ဆရာကြီးကို ပြောလိုက်တယ်။ နောက်တစ်ခေါက် သမီးလျှမ်းရင် သမီးကို ရိုက်ပါလို့။ ဆရာကြီး အံ့ဩသွားပြီး ကျွန်မကို ချီးကျူးချင်တဲ့ပုံကို အတိုင်းသားတွေ့လိုက်ရပါတယ်။ တကယ်တော့ ကျွန်မ ချီးမွမ်းခံချင်လို့ အဲဒီလိုလုုပ်တာ မဟုတ်ပါဘူး။ ပါးစပ်က သတိပေးလာတာ နှစ်ဝက်ရောက်နေပြီ။ ကျွန်မက ပြင်လို့မရဘူးလေ။ အဲဒါကြောင့် အသားနာရင် မှတ်မလားဆိုပြီး အဲဒီလို လုပ်လိုက်တာ။ အဲဒါကြောင့်လားတော့ မသိဘူး။ နောက်ပိုင်း သိပ်မလျှမ်းတော့ဘူး။ ငါ ဘယ်တုန်းက ဘယ်လိုမှားလို့ ဘယ်လိုအရိုက်ခံလိုက်ရတယ် ဆိုပြီး မှတ်သွားတာ။ စာမေးပွဲအောင်တော့ (၈၁) မှတ်နဲ့ ဂုဏ်ထူးကပ်ထွက်တယ်။ အရိုက်မခံရရင် ထွက်ပါ့မလားတောင် မသိဘူး။

ဓာတုဗေဒက ဆရာတစ်ယောက်သင်တာ။ ကျွန်မ အကြောက်ဆုံးဘာသာပဲ။ လက်တွေ့မမြင်ရတဲ့အရာတွေကို စိတ်ကူးနဲ့ပုံဖော်ပြီး သင်ရတာ။ ကျွန်မ တော်ရုံနဲ့ နားမလည်ဘူး။ ဒါပေမယ့် ဆရာကြီးစာသင်တဲ့နည်းက ကျွန်မကို ရှင်းရှင်းလင်းလင်း နားလည်သွားစေတယ်။ ဆရာကြီးအတွက်က စာသင်ဘောကြီးကြီးတစ်ချပ် လိုတယ်။ သူက အခန်းသစ်တစ်ခန်းကို သင်တော့မယ်ဆိုရင် စာသင်ဘောနဲ့အပြည့် တစ်ခန်းလုံးစာ concept တွေကို ရှင်းတာ။ အချိတ်အဆက်မိမိနဲ့ သဘောပေါက်သွားအောင်ကို ပြောတာ။ ပထမနေ့မှာ အဲဒါတွေကို နားလည်သွားရင် အဲဒီတစ်ခန်းလုံးစာ စာကျက်ဖို့က သိပ်မခက်တော့ဘူး။ ဆရာကြီးက လူကတော်လျက်သားနဲ့ အရက်က ဖျက်နေတာကတော့ နှမြောစရာကောင်းတယ်။ စာသင်ချိန်မှာတော့ မသောက်ပါဘူး။ စာသင်ပြီးလို့ ညဘက်အိမ်ပြန်ပြီဆိုရင် အသားကုန်သောက်တာ။ ဒါပေမယ့် ကျွန်မတို့ကတော့ ပညာဂုဏ်ကို လေးစားပြီးသားပဲလေ။ ဓာတုဗေဒမှာ ကျွန်မက အစပိုင်းအခန်းတွေ နားလည်တယ်။ နောက်ပိုင်းအခန်းတွေက ဓာတ်ပေါင်း formula တွေကို အလွတ်ကျက်တော့မှ ရှုပ်ကုန်တာ။ ဘာနဲ့ ဘာနဲ့ပေါင်း၊ ဓာတ်ပြု၊ ဘာထွက် ဆိုတာတွေကို ဘာမှလက်တွေ့မသိဘဲ အလွတ်မှတ်ရတာလေ။ ရောကုန်ရော။ ပြီးတော့ ဆရာကြီးက စာမေးပွဲလုံးဝ မစစ်ဘူး။ အဲဒီတော့ ကျောင်းသားတွေက အဲဒီဘာသာကို စာအကြွေးထားကြတယ်။ မကြည့်တာကြာတော့ မေ့၊ မေ့ကုန်တော့ နားမလည် နဲ့ သံသရာလည်ပြီး ဆရာကြီးစာသင်တာ မကောင်းဘူးဆိုပြီး ဖြစ်တာ။ တစ်ခြားဆရာတွေကျတော့ စာမေးပွဲအောင်ဖို့ပဲ သင်တာလေ။ အလွယ်နည်းတွေ၊ ဆိုလို့ကောင်းမယ့်လင်္ကာတွေနဲ့ ကွက်ကွက်လေးတွေ သင်တာဆိုတော့ သဘောကျကြတယ်။ ဒါပေမယ့် ဂုဏ်ထူးထွက်ဖို့ မဖြစ်နိုင်ဘူး။ မှတ်မိသေးတယ်။ စာမေးပွဲဖြေခါနီးတော့ ဆရာကြီးက နေ့လည်ဘက်အားတိုင်း ကျွန်မကို စာဝင်သင်တာ။ သူ့မှာ အချိန်ပိုမရှိလိုက်နဲ့၊ ရှိပြီဆိုတာနဲ့ ကျွန်မကို သင်ဖို့ပဲ စဉ်းစားနေတာ။ အမှန်တော့ ကျွန်မက နေ့လည်ဘက်ဆို အိပ်တာ။ ညဘက် ဉာဉ့်နက်တဲ့အထိ စာကျက်ပြီးရင် နေ့ခင်းဘက် အိပ်တာ။ ဆရာကြီးက အိမ်ရောက်လာတော့ အိပ်နေရင်းနဲ့ ထသင်ရရော။ ကျွန်မလေ စာသင်ရင်းနဲ့ ငိုက်တဲ့အဆင့်တောင်ကျော်ပြီး အိပ်ပျော်တာ။ အဲဒီနေ့က ပြန်တော့ ဆရာကြီးက ပြောတယ်။ နောက်နေ့ သမီးအိပ်ချိန်နဲ့ လွတ်ပြီး အားတဲ့အချိန်တွေ ဆရာ့ကို ပြောပါတဲ့။ အဲဒီလို သင်လို့လားမသိဘူး။ အဲဒီဓာတုဗေဒကို တော်တော်လေး ရတယ်။ စာမေးပွဲမှာ (၂) မှတ်ဖိုးပဲ မရတာ။ ဒါပေမယ့် မမလျှမ်းဆိုတော့ (၉၈) မှတ်ဖိုးမှာ (၈၇) မှတ်ပဲ တင်တယ်။ နှမြောလိုက်တာ ပြောမနေပါနဲ့။

ရူပဗေဒကတော့ ကိုးတန်းနှစ်က ပြောင်းတက်တဲ့ကျူရှင်က ဆရာမသင်တာ။ ကျွန်မ သင်ဖူးပြီးသားဆိုတော့ ပြောစရာမလိုဘူးပေါ့။ စာမေးပွဲအစစ်ဆုံးဆရာမလို့တောင် ပြောရမယ်။ အခန်း (၁) ပြီးရင် အခန်း (၁) ကို စစ်တယ်။ အခန်း (၂) ပြီးရင် အခန်း (၂) ကို စစ်တယ်။ ပြီးရင် (၁) နဲ့ (၂) ကို ပေါင်းစစ်တယ်။ အဲဒီလိုနဲ့ စာမေးပွဲပေါင်းများစွာကို ဖြေရတာ။ ကျွန်မတိုကို ကြည့်လိုက်ရင် တစ်ချိန်လုံး ရူပဗေဒဖြေနေတာချည်းပဲ။ တစ်ခြားဆရာတွေက စိတ်တောင်ဆိုးတယ်။ တစ်ဘာသာတည်း ဂုဏ်ထူးထွက်ပြီး တစ်ခြားဘာသာကျလည်း ကျတာပဲလို့တောင် ပြောတာ။ ဒါပေမယ့် ဆရာမကတော့ လုံးဝအလျှော့မပေးဘူး။ နောက်ပိုင်းလတွေဆို နေ့လည်ဘက်အချိန်ပိုတွေခေါ်တယ်။ သူမှန်းထားတဲ့ ကျောင်းသားတွေကို ညဘက်တွေမှာ ဂိုက်ပြန်လုပ်ပေးတယ်။ ပိုက်ဆံမယူဘဲ ခေါ်သင်တာ။ အဲဒီလိုတွေ စေတနာထားပြီး သင်ပေးလို့ ကျွန်မတို့နှစ်မှာ ရူပဗေဒ ဂုဏ်ထူးထွက်တဲ့ (၅) ယောက်စလုံးက ဆရာမတပည့်တွေချည်းပဲ။ ကျွန်မအတွက်ကလည်း (၆) ဘာသာမှာ ရူပဗေဒက အမှတ်အများဆုံး ရခဲ့တယ်။ မြန်မာစာပြီးရင် ကျွန်မအကြိုက်ဆုံးဘာသာပါ။

နောက်ဆုံးဘာသာကတော့ ဘိုင်အို ထိုင်ငို။ သင်တဲ့ဆရာမက ဓာတုဗေဒသင်တဲ့ဆရာရဲ့ မိန်းမ။ တစ်ခါတစ်ခါလည်း ဆရာမရဲ့ မိန်းမသားဘဝအကြောင်းတွေကို နားထောင်ရတယ်။ ဆရာမက ဘိုင်အိုတစ်အုပ်လုံးကို အလွတ်ကို ရနေတာ။ သူ့ကို ဘယ်လောက်ပဲ အမြန်ဆိုပြဆိုပြ အမှားကို ချက်ချင်းထောက်ပြနိုင်တယ်။ ပုံတွေဆွဲပြပြီးရှင်းတော့ နားလည်လွယ်တယ်။ တစ်ခုပဲ၊ ကျွန်မရဲ့ အိပ်ငိုက်တဲ့ပြဿနာ။ ဆရာမလာတဲ့အချိန်က ည (၈) နာရီခွဲဆိုတော့ လူက အိပ်ချင်နေပြီလေ။ မီးကလည်း မမှန်တော့ တစ်ခါတစ်ခါ ဖယောင်းတိုင်နဲ့ သင်ရတာ။ အသားကုန် အိပ်ငိုက်တယ်။ ဆရာမကလည်း အထာနပ်ပါတယ်။ ကျွန်မ အိပ်ငိုက်ရင် စကားပြောပေးတယ်။ အာရုံပြောင်းပေးတယ်။ အဲဒီလိုဆိုရင် စကားများတဲ့ ကျွန်မက မျက်လုံးကျယ်ပြီး ဖောင်သာဝေအောင် လိုက်ပြောတာ။ ကျွန်မ အိပ်ငိုက်ပြေပြီဆိုပြီး စာပြန်သင်ရင် ပြန်ငိုက်ပြန်ရော။ အခုထက်ထိ ဆရာမက သူ့ကျောင်းသားတွေကို ပြောတယ်တဲ့။ ကျွန်မက လူကတော်သလောက် အရည်တောက်တောက်ကျအောင်ကို ပျင်းတာတဲ့။ အိပ်ငိုက်လို့ စကားပြောပေးရင် ယုန်နားရွက်ထောင်သလိုပဲ စကားတွေလိုက်ပြောတာ၊ စာပြန်သင်ရင် ပြန်ငိုက်ရောတဲ့။ ကျွန်မမှာ အငယ်တွေဆီက ပြန်ကြားရတော့ ရယ်လိုက်ရတာ ပြောမနေနဲ့။ ကျွန်မက ဘယ်ဘာသာမှ အထူးထုတ်မကိုင်ဘူး။ ဒါပေမယ့် ဘိုင်အိုကိုတော့ အထူးထုတ်ဝယ်ထားရတယ်။ အိပ်ငိုက်လို့ လွတ်သွားတဲ့စာတွေကို ပြန်ကြည့်ဖို့လေ။ ပြီးတော့ ဆရာမ ပုံဆွဲတော်သလောက် ကျွန်မက တစ်ပုံမှကို မဆွဲတတ်တာ။ သူ့အိမ်ကိုခေါ်ပြီး လေ့ကျင့်ပေးလည်း မရဘူး။ စာပဲ ဖိကျက်တယ်။ မေ့လိုက် ကျက်လိုက်၊ ကျက်ရင်းနဲ့မေ့လိုက်၊ မေ့ရင်းနဲ့ ကျက်လိုက်နဲ့၊ နောက်ဆုံး အိမ်သာထဲကိုတောင် ဘိုင်အိုစာအုပ်ယူသွားရတဲ့ ဘဝ။ အိပ်နေရင်းနဲ့ စဉ်းစားလို့မရရင်တောင် ချက်ချင်း စာအုပ်ပြန်ကြည့်မိတဲ့အဖြစ်။ ဆရာဝန်မလုပ်ပါဘူးလို့ ဆုံးဖြတ်ထားလျက်နဲ့ ဘိုင်အိုတွေ ကျက်နေရတဲ့ ကျွန်မကတော့ ကိုယ့်ကိုကိုယ်ဘာမှန်းတောင် မသိခဲ့ပါဘူးရှင်။

24 comments

  • Mr. MarGa

    May 20, 2014 at 1:03 pm

    ဘိုင်အို တဲ့
    အဟိ
    ဘိုင်အိုသင်တဲ့ဆရာက ပုံမဆွဲတတ်ဘူးဆို ယုံကြမလား မသိ 🙂

  • TNA

    May 20, 2014 at 3:14 pm

    ဆယ်တန်းအတွေ့အကြုံလေးကတော့ဖတ်ရတာကောင်းလိုက်တာ။ စိတ်ဝင်စားဖို့ကောင်းတယ်။ တဘာသာချင်းအသေးစိတ်မှတ်မိနေတာတော်လိုက်တာ။ ဒို့တွေများ ခုနေဘာလဲဆိုတာမမှတ်မိတော့ဘူးရယ်။ ဒါ့ထက် ဘိုင်အိုချာမ ပုံမဆွဲတတ်ဘူးဟုတ်လား။ အဲ့ဒါတော့ ဆန်းဘာ့ဟယ်။ ကလေးတွေကိုဘိုစာသင်လဲဟင်

  • alinsett (gazette)

    May 20, 2014 at 3:14 pm

    ဆရာမကြီး အပျိုးကြီးတစ်ယောက်နဲ ့..နာလည်း.ချာတင်ဖူးတယ်..
    တု ့ကို..နာတို ့သူငယ်ချင်းတစ်စု…မြေပဲယို ဝယ်ကျွေးဖူးတယ်..
    ချာမ …ဒါ လန်ဒန်က မြေပဲယို လို ့… စိတ်ထဲကပြောပြီး..ကျွေးကြတာပေါ့ဟာ..
    ဟီဟိ

    :mrgreen:

  • naywoon ni

    May 20, 2014 at 4:15 pm

    မသိချင်​​ယောင်​​ဆောင်​ပီး တစ်​ခု​လောက်​​မေးချင်​တယ်​ ။ စိတ်​​တော့မဆိုးနဲ့ကြို​ပြောထားပီးသား​နော်​ ။ ကျူရှင်​ဆရာ​တွေ အသင်​အပြ​ကောင်​းတယ်​ဆို​တော့ ​ကျောင်​းက ဆရာ​တွေက ကျူရှင်​ဆရာ​တွေလို အသင်​အပြ မ​ကောင်​းဘူး​ပေါ့​နော်​ ။ အဲ့လိုလား ??? လစာ စားပီး အပို​တွေဖြစ်​​နေသလားလို့ပါ ။ အပြင်​မှာ ကျူရှင်​​တွေ ဝိုင်​း​တွေ ​ခေတ်​စားလာတာက ​ကျောင်​းကဆရာ​တွေ ဆရာမ​တွေရဲ့ ဂုဏ်​သိက္ခာ ကျဆင်​းလာတာပဲ။ သူတို့သင်​တာနဲ့ လုံ​လောက်​ရင်​ ဘယ်​သူ​တွေ အပင်​ပန်​းခံပီး ကျူရှင်​​တွေ ဝိုင်​း​တွေ တက်​ကျမလဲ ။ တစ်​ခု​တော့လဲ ​ကောင်​းပါတယ်​ ။ နို့မို့ဆို ခု အပြင်​မှာသင်​​နေကြတဲ့သူ​တွေ ပုံမှန်​ဝင်​​ငွေ​တွေရတဲ့ အလုပ်​​တွေရှိလာတာ​ပေါ့ ။ သင်​ညာတတ်​ အလုပ်​လက်​မဲ့​တွေ မဖြစ်​​တော့ဘူး​ပေါ့ ။

    • အင်း . . . ကျောင်းက ဆရာတိုင်းကို မဆိုလိုပေမယ့် အတော်များများက နားလည်အောင် မရှင်းပြနိုင်ကြဘူး. . . မှတ်စုစာအုပ်ကို ခေါ်ပေးတာ . . . စာတွေပဲ ကူးခိုင်းတာ . . . အိမ်စာတွေ ပေးလိုက်တာ . . . အဲဒီလို မျိုးတွေပေါ့နော် . . . ကျောင်းက ဆရာတွေကို အားနာပေမယ့် ကျူရှင်မတက်ဘဲ မနေရဲတာတော့ အမှန်ပဲ . . .

    • ROssI

      May 20, 2014 at 5:59 pm

      တခုလောက် ဝင်ပြောပါရဇီဗျာ …
      ကျူရှင်ဆိုတာ… အလွတ်ကျက် ပညာရေးစနစ် နဲ့ ဈေးကွက်စီးပွားရေး ပေါင်းမွေးလာတဲ့ကလေးဗျ..
      ကျူရှင်ဆရာတွေ ဆိုတာကလည်း သူတို့ ဘဝမှာ ဆရာ ဆရာမ ဘဝကို ဖြတ်သန်းလာတဲ့သူတွေများပါတယ်..
      အဆိုးရ အလုပ် (ပုံမှန်ဝင်ငွေရတဲ့အလုပ်) ကိုထွက်ပြီး ပေါက်ချင်ပေါက် မပေါက်ချင် ဂွမ်း ဆိုပြီး
      စိန်ခေါ်မှု ပိုမြင့်တဲ့ ကျူရှင်ဆြာ ဘဝကို ခံယူခဲ့သူတွေပါ …။ (ကိုယ်ပိုင် အရည်အချင်း ကို အားကိုးလို့ပေါ့)
      သည်နေရာမှာ ကိုယ်ပိုင် အရည်အချင်းဆိုတာက … စာရှင်းပြတဲ့ နေရာ …ကျက်ရလွယ်အောင်
      ဟာသဖြစ်စေ ပုံတိုပတ်စ ဖြစ်စေ ပုံဆွဲပြီးဖြစ်စေ ပြောတတ်တဲ့ လူမျိုး ဆရာမျိုး လို့ ပြောချင်တာပါ

      ဆက်ရရင် အဆိုးရ ကျောင်းတွေမှာ သင်တဲ့ ဆရာတွေရဲ့ အရည်အချင်းနဲ့ ကျောင်းသားတွေ
      ရွေးချယ် နိုင်မှု က အကန့်အသတ်တခု ရှိသဗျ…
      သုတ္တန်တခုဆိုပါတော့
      ခုမှ အထက်တန်း သင်ဖို့ စရောက်လာတဲ့ ဆြာမလေး ..သူ့ဘာသာရပ်မှာ သူ့ကို အခန်းမပေးလို့ဖြစ်မလား..
      ပေးပြန်တော့လည်း အတွေ့အကြုံပိုင်း အားနည်းချက်အရ စိတ်ကျေနပ်စရာမကောင်း..
      သူသင်တဲ့အခန်းတွေ က ကလေးတွေမယ်.. အဲ့သည့်ဘာသာ သင်တဲ့ အခြား အကောင်းဆုံး ဆရာဆီမှာ
      ကျူရှင်သွားသင်သပေါ့ဗျာ..

      နောက်တခု ..
      သည်နေရာမှာ နည်းနည်း ရိုင်းရင် ခွင့်လွှတ်ပါ ကြောင်အစာ ခွေးလု စားတယ် ဆိုတဲ့ စကားတခွန်းပေါ့ …
      လူရွှင်တော် အသိုင်းအဝိုင်းက မင်းသားတွေ လူပြက်လုပ်ကြတဲ့အပေါ်မှာ သုံးသပ်တဲ့ စကားပါ…
      ဟုတ်တယ်.. မွန်မွန်ကလည်း ၁ဝတန်း ဆိုလို့ပါ (တခြားအတန်းငယ်တွေမှာ ရှားပါတယ်..)
      တက္ကသီလာမှာ သက်ဆိုင်ရာဘာသာရပ် ကို ထုံးလိုချေ ရေလိုနှောက်ပြီး ..ဆရာကျ တော်ကီကြွယ်တဲ့
      ဆြာတွေ … အလုပ်ထွက် – ဆယ်တန်း ကလေးတွေ ကို ကျူရှင် အနေနဲ့ စာဝင်သင်တယ် ဆိုတဲ့ ဖြစ်စဉ်ပါ
      (မစ်ဒယ် ဝိတ်နဲ့ ဟဲဗီးဝိတ် ယှဉ်ထိုးခိုင်းတဲ့ ဈေးကွက်ပါဗျာ..)
      ဘယ့်နှယ့်ဗျာ ..သာမန် အထက်တန်းပြ ဆြာ/ဆြာမ တယောက်က ဘယ်မှာ သူရို့ကို ယှဉ်နိုင်လိမ့်မတုန်း…
      သူရို့ကတော့ ..ပိုလွယ်တဲ့ အတန်း ကို ပို ပိုင်ပိုင်နိုင်နိုင်ရှိပြီး … ပို ကောင်းတဲ့ ရလာဒ် ထွက်အောင် သင်နိုင်ကြမယ်မဟုတ်လား..

      ပြောပါတယ် အလတ်ကျွတ်စ် ပညာရေးနဲ့ ဇီးဂွက်စီးပွားရေးပါဆို …။
      အလတ်ကျွတ်စ် ကို ပြင်လိုက်ရင် ဒါမိုးတွေ အတော် ခက်သွားမယ့်သဘော…
      ဆရာက ကျောင်းမှာ ခေါင်းစဉ်ပဲ ချပေးမယ် ..တပည့်က ..စာကြည့်တိုက်မှာ ရှာ ..
      စာအုပ်တွေ ကို ကိုးကား.. ဝီကီကို မှီငြမ်း ..နဲ့ ..ကိုယ်ပိုင် စာတပုဒ်ဖြစ်အောင် လုပ် ဆိုတဲ့ ခေတ်ကျရင် ဆိုပါတော့
      ခုဟာက ဖွင့်-ဆို-ရှင်း..ကောင်းတဲ့လူက စားရစမြဲ ဖြစ်မယ့် ကိန်း ဆိုတော့လည်း ……။

      ဝေးတော့ ဝေးသေးပါတယ်ဗျာ…

      မြင်သမျှ ပြောပါသည်…
      ခင်တဲ့
      ဂီ

      • naywoon ni

        May 20, 2014 at 6:38 pm

        ဂီ​ပြောသလိုဆို ပညာ​ရေး စနစ်​နိမ်​့​နေတာထက်​ သင်​ကြား​ရေးစနစ်​ နိမ်​့ကျ​နေတယ်​လို့ ယူဆမိပါ​ကြောင်​း

      • အစိုးရအလုပ်ကို တိုက်ခိုက်သလို ဖြစ်မှာစိုးလို့ မပြောဘဲနေမို့.. ဟိ.. ခု ပြောတော့မယ်နော်..

        အနော် အစိုးရအလုပ်ကို ဘာလို့မလုပ်တာလဲဆိုတော့ အာမခံချက်ရှိလို့ မလုပ်တာ.. (ရူးသွားပလား မသိဘူးနော်)
        ဆိုလိုတာက အစိုးရအလုပ်တစ်ခုကို ဘယ်လိုနည်းနဲ့မဆို ရသွားသည်ဖြစ်စေ… အလုပ်မပြုတ်တော့မှာတော့ သေချာတယ် (အခုတော့ ပုဂ္ဂလိက ပေးလိုက်တဲ့ အလုပ်တွေမှာတော့ နည်းနည်း စိုးရိမ်ရတယ်ပေါ့).. ဆိုတော့ သူ ဘယ်လိုပဲ အလုပ်လုပ်နေသည်ဖြစ်စေ လခရမြဲရမယ်၊ တစ်နိုင်ငံလုံး လစာတိုးရင် တိုးမယ်.. ရာထူးတိုး ဆိုတာမျိုးကလည်း အခြေအနေ အချိန်အခါ နဲ့ ဆိုင်တယ်ဆိုတော့ တိုးတက်ရာ တိုးတက်ကြောင်းကို စိတ်ရှိလက်ရှိ ကြိုးစားဖို့ အခွင့်အလမ်းနည်းတယ်.. ဆရာမတွေလည်း ဒီလိုပဲပေါ့.. စာသင်ကောင်းသည် ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အလုပ်မပြုတ်သလို လစာလည်း ရနေမှာပဲလေ.. စနစ်ကိုက မှားနေတာ…

        နောက်တစ်ခုက အရည်အချင်းပေါ့… ကိုဂီပြောတဲ့ စုတုပြု ကိစ္စ ကြုံဖူးတယ်.. (ပို့စ်ထဲမှာ ရေးဖူးပါတယ်) ကိုးတန်းတုန်းက စာစီစာကုံးရေးတာ.. မြတ်ဆရာခေါင်းစဉ်နဲ့ ၉ မျက်နှာတဲ့.. စာအုပ်တွေရှာ၊ မှီငြမ်းပြီး ကိုယ့်စိတ်ကူးနဲ့ ကိုယ်ပြန်ရေးပြီး စာမူတင်တယ်.. ဒုတိယတော့ ရပါရဲ့.. သိပ်မကြာဘူး.. ဆရာမက စာမူတစ်ခု လာပေးတယ်.. ဒါလည်း တော်တော်ကောင်းတယ်၊ ဖတ်ကြည့်တဲ့… ကြည့်လိုက်တော့ စာစီစာကုံးတစ်အုပ်ထဲကနေ အပုဒ်လိုက် ကူးချထားတာ.. တစ်လုံးတောင် မလွဲဘူး..ဆရာမက မသိဘဲနဲ့ ကောင်းတယ် လုပ်နေတာ…

        နည်းနည်းရိုင်းတဲ့ စကားနဲ့ ပတ်သက်ပြီး မနေ့ကတင် ကြုံလိုက်တာ… ဆယ်တန်းညီမလေးက ကျူရှင်ချိန်တွေမမှန်တော့ မေးကြည့်မိတယ်… ဘိုင်အိုဆရာက ဆေးခန်းထိုင်နေရတဲ့ ဆရာဝန်ဆိုတော့ သူအားတဲ့အချိန်တွေကို အဆင်ပြေသလို လာသင်ပေးနေလို့ အချိန်မမှန်သေးတာတဲ့.. ဆရာဝန်တွေလည်း အပိုဝင်ငွေရှာနေကြပြီလို့ ပြောပြတာ.. :mrgreen:

  • nozomi

    May 20, 2014 at 4:48 pm

    ဖတ်ရင်းနဲ့ ၁ဝ တန်း ကျောင်းသားဘဝ ကိုလဲ သတိရတယ်
    ကျောင်းက ဆရာ/မ တွေလဲ သတိရတယ်
    သူငယ်ချင်းတွေလဲ သတိရတယ်
    အဟဲ ရည်းစားဟောင်းလေးလဲ သတိရတယ်

  • lu lu

    May 20, 2014 at 7:02 pm

    သတိရလို ့
    ဆယ်တန်းမှာ physics သင် တဲ့ဆရာက ငယ်ငယ်လေး အရမ်းချောတာ ( ကျူရှင် မှာ )
    သင်္ချာ လည်းသင် တယ် မန်းလေးက ဆရာနေရဲ တဲ့
    အခုတော့ မိန်းမရသွားပြီ ဆရာ့ကျေးဇူးကြောင့် လုလု
    က physics ကိုနားလည် ခဲ့တယ် အရမ်းကြိုက်တဲ့
    ဘာသာရပ်ဖြစ်ခဲ့တယ် ဆရာကစာသင် လည်းအရမ်း
    တော်တယ် ကျောင်းအမှတ်တရ တွေက တွေးမိတိုင်း
    လွမ်းရပါတယ်
    😆

  • ကေဇီ

    May 20, 2014 at 7:12 pm

    အဟီးဟီးး
    အမွန်လေး ရေးတတ်လိုက်တာ။

    အမက ဘယ်လောက် သျှန်းသလဲ ဆို ဆရာမတွေက ရှမ်းမလို့ ခေါ်တာ။
    စာမေးပွဲခန်းက ထွက်ရင် ဖြေနိုင်လားမမေးဘူးးး
    ဘာ မေ့ခဲ့တုန်း လို့ မေးတာ။ :mrgreenn:
    မြန်မာစာမှာ ၅ မှတ်တန်တစ်ပုဒ်လုံး မျောက်စိလျှန်းပြီး ကျန်ခဲ့တာ ဂန်ဒူးမပါဘူးးး
    သင်္ချာက ၁၀၀၊ ခုတော့ ဂဏန်းပေါင်းရင် လက် ၁ဝ ချောင်းမလောက်လို့ ခြေချောင်းတွေပါထောင်နေရပြီ။

    :mrgreen:

    • အောင်မြတ်လေး..
      သချင်္ာ ၁၀ဝ တဲ့.. ဘယ်လိုဖြေခဲ့တုန်းဟင်င်..အားကျလိုက်တာ..

      မီးရောပဲ ရှမ်းမ နာမည်တွင်တယ်..
      စာမေးပွဲသွားဖြေရင် လျှမ်းခဲ့မယ်သိလား လို့ ပြောပြီး သွားဖြေတာ…
      ဟိ..ဒါမယ်.. မမဂျီးလိုတော့ ၅ မှတ်တန်တစ်ပုဒ်လုံးကြီး မကျန်ခဲ့ဖူးဘူး.. အိုညိက သာသွားပြီ 🙂

  • ဆယ် တန်း ဆို တာ လွန်ခဲ့ သော နှစ် ပေါင်း သုံး ဆယ် ကျော် ကျော်

    ကျ နော် တို ့ ငယ် ငယ် က တော့ တကယ် ကို ဘဝ ရဲ့ အတား အဆီး ကြီး တစ် ခု ပါ ဘဲ

    အကြိမ် ကြိမ် ဖြေ ပြီး မ အောင် သူ တွေ လဲ အများ ကြီး

    ဆယ် တန်း မ အောင် လို့ သတ် သေ သူ တောင် ရှိ ပါ ရှဲု့

    အ ခု တော့ အဲ လောက် မ ခက ်တော့

    • နှစ်ပေါင်း သုံးဆယ်ကျော်ဆိုတာ အနော့်အသက်ထက်တောင် ကြီးနေသေးတယ်.. 🙂
      အဲဒီတုန်းက အကြောင်းလေးတွေလည်း သိချင်သား..

      အခုကတော့ ၈ နှစ်စာ မေးခွန်းဟောင်းတွေက အတော်လေးတောင် ထပ်နေတော့ မေးခွန်းအထာက သိနေပြီ..အောင်တာလောက်ကတော့ သိပ်မပူရတော့ဘူး.. အခြေခံပါတဲ့သူတွေအတွက်ပေါ့လေ..

  • snow smile

    May 21, 2014 at 7:27 am

    မွန် မွန် လေးတ ကယ် ရေး တတ် တယ်
    ဆရာကို ရိုက် ပါ ဆို ပြီး တုတ် ယူ ပေး သ တဲ့ လား
    ဆယ် တန်း အ မှတ် တ ရ တွေ များ ကြ တယ် နော်

    • အန်တီစနိုးရဲ့ စာကိုဖတ်ပြီးမှ ရေးချင်စိတ်ပေါ်လာတာ.. 🙂

      ဆယ်တန်းကတော့ သမီးအတွက် တကယ့်အမှတ်တရပဲ… အကုန်လုံးနီးပါးကို မှတ်မိနေတာ..
      လွန်ခဲ့တဲ့ ၉ နှစ်ဆိုတော့ သိပ်လည်း မကြာသေးဘူးလေ.. :mrgreen:

  • black chaw

    May 22, 2014 at 11:16 am

    အပေါ်က ဟိုလူကြီး မန့်ထားခဲ့သလိုပဲ
    ကျွန်တော်လည်း ဆယ်တန်းကျောင်းသားဘဝကို သတိရသွားပါတယ်…။
    အထက်တန်းကျောင်းသားဘဝမှာ
    ထားခဲ့ဘူးတဲ့ ရည်းဇား လေးငါးခြောက်ယောက်လောက်ကိုလည်း
    ပြန်လွမ်းသွားပါတယ်…။
    :mrgreen:

    • ကွကိုယ် ရည်းစားဟောင်းဒေကို သတိရနေပီး အနော့်စာကို လွှဲချတာတော့ ဟုတ်ပါဝူးနော်.. :mrgreen:

Leave a Reply