လမ်းလား…လူလား….ကားလား…. ( ရွှေကူမေနှင်း )

မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်တူ ပြည်တွင်းစစ် ပေါ်လာသကဲ့သို့ ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ်လာခြင်းနှင့်အတူ ယာဉ်တိမ်းမှောက်မှုများ ပေါ်လာခဲ့သည်ကိုအားလုံး ဝန်ခံကြရပါလိမ့်မည်။ ယခုအခါ တိမ်းမှောက်မှုများတွင် လူစီးယာဉ်အကြီးစားများပါလာပြီး နေရာတွင်သေဆုံးမှုများလာရာ အကြောင်းအရင်းကို မေးခွန်းထုတ်လာကြရသည်။
လမ်းကြောင့်…..ဟု ပထမအဖြေထုတ် ခဲ့ကြ၏။
ဤအဖြေကို မှားသည်ဟု ပြော၍မရပါ။
ဤလမ်းပေါ်လာမှ ဤပြဿနာတွေက များလာခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာ အသုံးပြုခဲ့သော ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-မော်လမြိုင်လမ်း၊ ရန်ကုန်-တောင်ငူလမ်း စသည်တို့တွင် ယာဉ်တိမ်းမှောက်မှု အနည်းအကျဉ်းသာ ရှိခဲ့သည်။ လမ်း၌အပြစ်မရှိကြောင်း သေချာသည်။
ကျွန်မသည် ပြည်ပနိုင်ငံ လေး၊ ငါးနိုင်ငံသို့ ရောက်ဖူးပါသည်။ လွန်ခဲ့သော နှစ် ၄ဝ ကလည်း ရောက်ဖူးသည်။ မနေ့တစ်နေ့ကလည်း ရောက်ခဲ့သေးသည်။ မည်သည့်နိုင်ငံမှာမှ ရန်ကုန်-နေပြည်တော် လမ်းကဲ့သို့ “ကွန်ကရစ်” ခင်း လမ်းမတွေ့ခဲ့ရပါ။ ရွှေလီရှိ လမ်းဖြူးဖြူးအကြောင်း မေးကြည့်၏။ ဦးစွာ မြေသား ခိုင်မာအောင် ကွန်ကရစ် ထူထူချသည်။ ၎င်းအအပေါ်မှာ ကျောက်သား (မုပလ္လင် လမ်းခင်းကျောက်မျိုး) ထပ်ချသည်။ ၎င်းအပေါ်မှာမှ နိုင်လွန်ကတ္တရာကို ရှစ်လက်မတင်သည်ဟု သိရသည်။ ဤမျှ ခိုင်မာကျစ်လျစ်သဖြင့် လမ်းသည်မည်သည့်ယာဉ်ကို ဖြစ်စေ စိန်ခေါ်နိုင်လေသည်။
မိမိတို့ပြည်တွင်း၌ လမ်းခင်းမှုကိုလည်း အကြိမ်ကြိမ်မြင်ခဲ့ဖူး၏။ ၁၉၉ဝ ရွေးကောက်ပွဲကာလ၌ ကျွန်မသည် မိမိတာဝန်ယူထားသော တိုက်ကြီးမြို့နယ်သို့ အကြိမ်ကြိမ်သွားရောက်ခဲ့ရာ ရန်ကုန်-ပြည်လမ်း ပြန်ခင်းချိန်ကို လက်တွေ့မြင်ခဲ့ရ၏။ ရန်ကုန်-ပြည်လမ်းမကြီးကို ပြန်ခင်းခဲ့သည်မှာ ယခုဆိုနှစ်ပေါင်း အစိတ်(၂၅ နှစ်) ရှိခဲ့ပြီ။ ပေါက်ခြင်း ပြဲခြင်း မရှိ။ တိမ်းစောင်းခြင်းမရှိ။ ထိုစဉ်က လမ်းခင်းမြင်ကွင်းတွင် သဲမရှိ ဘိလပ်မြေမရှိ။ ကျောက်ပုံများနှင့် ကတ္တရာတိုင်ကီများ မီးနှင့်အရည်ကျိုနေသော မြင်ကွင်းကိုသာတွေ့ခဲ့ရပါသည်။
လွန်ခဲ့သည့် ၁၅ နှစ်ကလည်း ကျွန်မတို့ ရပ်ကွက်အနီး နာနတ်တောလမ်းမကို ခင်းခဲ့ရာ လုပ်ငန်းအဆင့်ဆင့်ကို နေ့စဉ်မြင်တွေ့ခဲ့ရ၏။ နာနတ်တောလမ်းမှာ မူလက (ဂဝံ) ကျောက်ခင်းပြီး ဖြစ်သည်။ သူတို့ ပြန်ခင်းသောအခါ အဆိုပါဂဝံပေါ်၌ မုပလ္လင်ကျောက်ကြီးများကို စီသည်။ ၎င်းကိုကြိတ်ပြီး ကျောက်မှုန်များ (မုပလ္လင်ကျောက်) ကို ကတ္တရာနှင့် ရောပြီး ထပ်သည်။ ၎င်းအပေါ်မှာမှ နိုင်လွန်ကတ္တရာကို ခြောက်လက်မခန့်တင်သည်။ ချောမွေ့ ကျစ်လျစ်ခိုင်သဖြင့် ယနေ့အထိ ချိုင့်ကျင်းမပေါက်သေးပါ။
ကျွန်မတစ်သက်တာတွင် ဘိလပ်မြေ ကွန်ကရစ်လမ်းခင်းကို တာမွေတွင် စတင်မြင်ဖူးခဲ့၏။ ထိုသို့ခင်းနေစဉ် လမ်းဘေးသစ်ပင်များ၊ အိမ်များ ဖုန်ထူပြီး ဖွေးနေလေသည်။ နောက်ပိုင်း ‘လမ်းတစ်ခြမ်းခင်း’ ခေတ်ပေါ်လာခဲ့၏။ လမ်းများကို ကွန်ကရစ်စတင်ခင်း ဖြစ်သည်။ နောက်တော့ လမ်းဧရိယာချဲ့ရန်ဆိုပြီး လမ်းဘေးဝဲယာ ကွန်ကရစ်နယ်တွေ ဖြစ်လာသည်။ အလုံမှ သန်လျင်တံတားသို့ ကွန်ကရစ်ခင်းသည်။ ယခုဘုရင့်နောင်လမ်းမကြီးကို ခင်းနေပြန်သည်။ ခေတ်မမီဟု ပြောလျှင်လည်း ခံရပါမည်။ ကျွန်မသည် ကွန်ကရစ်ဖြင့် လမ်းခင်းခြင်းကို မယုံကြည်နိုင်ပါ။ ရှေးကကဲ့သို့ ကတ္တရာလမ်းကိုသာ တတ်နိုင်သမျှ ပိုင်းပြီးခင်းချင် ပါသည်။ ရန်ကုန်-နေပြည်တော်လမ်းရှည်လမ်းကျယ်ကြီးကို ကွန်ကရစ်ခင်းပြီးကတည်းက ယာဉ်တိမ်းမှောက်မှုများ ဆက်တိုက်ဖြစ်သည်ကို ကြားရသောအခါ ပဲခူး ကတ္တရာခင်းလမ်းမှာတော့ မဖြစ်ပါလား ဟူသောအတွေးကို မတွေးဘဲမနေနိုင်ခဲ့ပါ။ ၂၀၁၂ ခုနှစ် အမေရိကန် သမ္မတအိုဘားမား လာစဉ် ထောက်ပံ့ငွေများပေးခဲ့ရာ ရန်ကုန်-နေပြည်တော် လမ်းခင်းမည်ဟု သတင်းသဲ့သဲ့ ကြားခဲ့ရသေးသည်။
‘လမ်းတောင် ပြီးအောင် မခင်းနိုင်သေးပါ’ ဟု တာဝန်ရှိသူများက ဝန်ခံပြောကြောင်းလည်း သတိရ၏။ ယခုတော့ ပြီးအောင်ခင်းတာကိုလည်း မတွေ့ရ။ တိမ်းမှောက်မှုများက ရင်နာဖွယ်။ (မပြီးသေးရင် လမ်းမဖွင့်နဲ့ဦးပေါ့… ဟု အပြစ်တင်သံများလည်း ကြားရသည်။)
ဤတွင် လွယ်ဂျယ်-ဗန်းမော်လမ်း အကြောင်း တင်ပြချင်ပါသည်။ လွယ်ဂျယ်-ဗန်းမော်လမ်းမှာ ကတ္တရာ ဖြစ်သည်။ ယခုတရုတ်သို့ ကုန်ထုတ်လမ်းအဖြစ် အသုံးပြုလို၍ ၎င်းတို့ပင် အကုန်အကျခံကာ အမာခံနိုင်ရန် (သစ်လုံးတင် ၁ဝ ဘီးကားကြီးများအတွက် ရည်ရွယ်ပြီး) ခင်းပေးခဲ့သည်။ ကွန်ကရစ်မဟုတ်ပါ။ နိုင်လွန်ကတ္တရာလည်း မဟုတ်ပါ။ (ဤမျှလောက် စေတနာမရှိ၊ အကုန်မခံ။) ယခုလမ်းကား မာလည်း မာသည်။ အကုန်အကျလည်း နည်းသည်။ ‘ပြောင်းဖူးစေ့လမ်း’ ဟု အမည်ရ၏။ ရုတ်တရက်ကြည့်လျှင် ပြောင်းဖူးစေ့လေးများနှယ် မြင်ရ၍ ဖြစ်သည်။ အနီးရှိ ကျောက်တောင်မှ မိုင်းခွဲရယူပြီး ၎င်းကျောက်များကို မျက်နှာပြင်ညီအောင်စီပြီး ကြားမှာ သဲနည်းနည်း ညှပ်၍ ငြိမ်အောင်လုပ်ထားခြင်း ဖြစ်၏။ အတော်ဉာဏ်သွားသောသူများအဖြစ် ချီးကျူးထိုက်ပါပေသည်။ သူတို့သည် အန္တရာယ်များသော ကွန်ကရစ်ကို လုံးဝမသုံးပါ။
ဤမျှ ရှည်ရှည်ဝေးဝေးပြောနေခြင်းသည် ရန်ကုန်-နေပြည်တော်ယာဉ် မှောက်မှုအကြောင်းရင်း၌ ‘လမ်း၏အပြစ်’ ပါဝင်နေကြောင်း သာဓက ဆောင်ခြင်းဖြစ်၏။
လူ၏ အပြစ်လည်း ပါပါသည်။
မောင်းသူများဘက်က လမ်းအပြစ်ကို ပြောနေစဉ် တာဝန်ရှိသူများဘက်ကမူ မောင်းသူများကို အပြစ်ပုံချနေသည်။ မြန်မြန်မောင်း၍ ဖြစ်ခြင်းဟု အဖြေထုတ်သည်။ မောင်လင်း၏ ကာတွန်းတစ်ခု၌ ‘အမြန်လမ်းမှာ မြန်မြန်မမောင်းနဲ့၊ မှန်မှန်မောင်း’ ဟု သရော်ထားသည်။ လမ်းဘေး သတိပေး ဆိုင်းဘုတ်များမှာလည်း ‘မိုင် ၆ဝ ထက်မပိုရ’ ဟု ရေးထားသည်။ အမြန်လမ်းပေါ်ခါစတွင် မိတ်တွေတစ်ယောက်က ‘မောင်းလို့ကောင်းလိုက်တာ၊ ကီလို ၁၀ဝ ကျော် မောင်းလို့ရတယ်’ ဟု ဝမ်းသာအားရ ပြောပြဖူးသည်။ မောင်းသူများက မြန်မြန်မောင်းရခြင်းကို ဂုဏ်ယူချင်ပုံရသည်။ ယုံကြည်တာလည်း ပါမည်။ နိုင်ငံတကာမှ ဟိုင်းဝေးများကို နမူနာယူခြင်းလည်း ဖြစ်နိုင်သည်။ သို့သော်….ဒါက မြန်မာပြည်….ဟု သတိရသင့်၏။
လူတွေ မထုတ်သေးသော အဖြေတစ်ခုလည်း ရှိပါသည်။ ၎င်းမှာ ကားအမျိုးအစားဖြစ်၏။ ကျွန်မတို့ မိသားစုသည် မန္တလေးသွားတိုင်း ကားလက်မှတ်ဝယ်လျှင် ‘စကားနီးယားထွက်တဲ့ အခေါက်ပေးပါ’ ဟု တောင်းဆိုလေ့ရှိ၏။ ဒါက ကြီးကျယ်ခြင်းမဟုတ်။ စိတ်ချချင်၍ ဖြစ်ပါသည်။ ကိုယ်က သိပ်နားလည်၍တော့ မဟုတ်ပါ။ ဆွီဒင်နိုင်ငံထုတ် စကားနီးယားကားသစ်ကြီးများ ပေါ်လာသောအခါ စပ်စပ်စုစုနှင့် ၎င်းကားအမျိုးအစားအကြောင်း ဖတ်ခဲ့သည်။ ထူးခြားချက်များကို တွေ့ခဲ့သည်။ ထိုင်ခုံသုံးခုံသာ တန်းချထားသဖြင့် ကျယ်ကျယ်ပြန့်ပြန့် ထိုင်ရခြင်းကို သဘောကျသည့်အပြင် အင်ဂျင်အစိတ်အပိုင်းများ၏ ထူးခြားသောစနစ်များကို သဘောကျခြင်းဖြစ်၏။ ဥပမာ-လမ်းကွေ့ရောက်လျှင် အလိုအလျောက်အရှိန် လျှော့ထိန်းခြင်းဆိုတာမျိုးဖြစ်၏။ ကျွန်မမှတ်မိသရွေ့ စကားနီးယားကြီးများ တိမ်းမှောက်သည်ကို မကြားရသေးပါ။ (ကျွန်မ မသိလိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုုင်ပါ၏။)
နောက်တစ်ခုသတိရသည်။
လွန်ခဲ့သော ဆောင်းရာသီတွင် ကျွန်မတို့ မိတ်ဆွေတစ်စု တောင်ကြီးမှရန်ကုန်သို့ ကားဖြင့် ပြန်ဖူးသည်။ ကားက ညနေမှ ထွက်မည်။ ကျွန်မတို့က ဆီဆိုင်မှလာပြီး တောင်ကြီးသို့ နေ့ခင်းကတည်းက ရောက်နေသည်။ ကလေးတွေက တောင်ကြီးဈေးမှာ ဆင်းကျန်ရစ်၏။ ကျွန်မတို့ လူကြီးများက ကားတွင်းထဲမှာ နားချင်၍ဆိုပြီး ကွင်းထဲနားခဲ့သည်။ ညနေခင်းတွင် ကားဂိတ်မျိုးစုံ ကားကြီးတွေ ကွင်းထဲ ဝင်လာကြ၏။ ကားတွေက ‘စကားနီးယား’ များလို့ပင် အမြင့်ကြီးတွေ ဖြစ်သည်။ တောင်ကြီးကိုလည်း စကားနီးယားတွေ ဆွဲကြတာပဲလား ဟု စပ်စုချင်၍ အနီးကပ်ကြည့်ရာ ‘SCANIA’ ဆိုသောစာတန်း ရေးထားသည်ကို မမြင်ရပါ။ မေးကြည့်တော့မှ ‘တရုတ်ကဝင်တာ’ ဟု ဖြေကြ၏။ သူတို့ကား အလွန်အတု ခိုးတော်ကြသည်။ တူအောင် ‘အတု’ လုပ်ကြသည်ကို ခံနေကျမို့ သိပါ၏။ ပုံစံကို အတုခိုးပြီး အထဲက စက်မှာ ‘တစ်ရက်စုတ်’ ဖြစ်နေကြောင်း အားလုံးသိကြသည်။ ကင်မရာ၊ နာရီ၊ ရေဒီယို၊ တီဗွီပျက်တာကိစ္စမရှိ။ ကားပုံစံကိုတုပြီး စက်၏စနစ်ကို အဆင့်မီမလုပ်နိုင်သောအခါ ကျွန်မတို့လူမျိုး၊ ခရီးသည်တွေ ဘုမသိ၊ ဘမသိနှင့် သေခဲ့ကြရပြီ။ မေလ ၁၂ ရက်၌ ဖြစ်ပျက်ခဲ့သော ကားမှား ကားသစ်၊ တရုတ်နိုင်ငံထုတ်ဟု ယာဉ်မောင်း ကိုထွန်းခန့်စိုး ကိုယ်တိုင်ဖွင့်ဟခဲ့သည်။
(စံတော်ချိန် ၁၆-၅-၂၀၁၄-စာ ၁၃…)
အဖြေတွေ အမျိုးမျိုး စဉ်းစားမိကြပါပြီ။ ပြီးခဲ့သည်ကို ဘာမျှ မတတ်နိုင်။ နောက်ထပ်မဖြစ်အောင် ဘာလုပ်ကြမည်နည်း…။

 

8

16 comments

  • ကထူးဆန်း

    May 22, 2014 at 11:16 am

    ပထမ လမ်းဟောင်းကော လမ်းသစ်ကော သွားဖူးသူ အနေနဲ့ လမ်းသစ်ကို ကြိုဆိုပါတယ် ။

    နောက် ပထမဆုံးလုပ်သင့်တဲ့ အလုပ်က အမြန်လမ်း ကို အဝေးပြေးလမ်းလို့ နံမည်ပြောင်းသင့်တယ်လို့ အကြံပြုလိုပါသည်။

    လမ်းဟောင်းမှာ ဘာလို့ accident ကြီးကြီးမားမား မဖြစ်လဲ ဆိုတော့ အဓိက က ကားလမ်းက ဖြောင့်ဖြောင့် သိပ်မရှိလို့ ကားသမားများသိပ် အိပ်မငိုက် ဘူးလို့ထင်ပါတယ် ။ နောက် အမြဲသတိရှိနေရပါတယ် ။ လူတွေ စက်ဘီး နွားလှည်း ထော်လာဂျီ ဆိုင်ကယ် စတာတွေက လည်း မကြာမကြာ ရှိနေ ။ မျက်နှာခြင်းဆိုင်လာတဲ့ ကားကလည်း ရှိနေတော့ သိပ် အိပ်ငိုက်ချိန်မရသလို သတိလက်လွတ် ဖြစ်ချိန် မရှိသလိုဘဲ ။ အမြန်နုန်းကတော့ မောင်းတဲ့ သူတွေက တော့ ၁၀ဝ ကျော် မောင်းကြတာ လဲ ရှိပါတယ် ။ဒါပေမဲ့ ဘတ်စ်ကားကြီးတွေက တော့ လမ်းဟောင်းမှာ တစ်ရာ အလွန်ဆုံးမောင်းတယ်လို့ထင်ပါတယ် ။

    လမ်းသစ်ဘက်ကြည့်ရင် ၁၀ဝ အောက်ထစ်မောင်းတယ်လို့ ယူဆ ပါတယ် ။ ဘတ်စ်ကားကြီးတွေကို ၈ဝ ဘဲ မောင်းဖို့ ကန့်သတ်ထားတယ် လို့ သတင်းမှာဖတ်ရပေမဲ့ ဘယ်ဘတ်စ်ကားမှ ၈ဝ မမောင်းကြဘူး ။ အားလုံး အထက်မှာ ချည်းဘဲ ။ နောက် လမ်းက ဖြောင့် လူ က မရှိဆိုတော့ အလွယ်တစ်ကူ အိပ်ငိုက်နိုင်ပါတယ် ။
    နောက် လမ်းသစ်မှာက ကားတွေက အဲယားကွန်း နဲ့မောင်းလာနိုင်တော့ လုံပြီး အရှိန် တက်လို့ တက်မှန်းမသိဖြစ်ကြပါတယ် ။ ကျွန်တော်လည်း သတိမထားမိဘဲ အရှိန်တက်သွားတာတွေ မကြာခဏဖြစ်ပါတယ် ။ ဒါတောင် ကျွန်တော်နဲ့ သွားသူကအမြဲ တစေ အရှိ်န်ကို သတိပေး သတိထားပြီး မကျော်အောင် မောင်းခိုင်းသူပါ ။

    အမြန်လမ်းဆိုပြီး အမြန်မမောင်းရတော့ လူတွေက အပြစ်တင်ကြပါတယ် ။ အဲ့ဒီ့တော့ အကောင်းဆုံးက အဝေးပြေးလမ်းလို့ဘဲ နံမည်ပြောင်းစေချင်ပါတယ် ။

    နောက်ကား .. ကျွန်တော်တို့ မှာ အစိုးရ ရဲ့ ပေါ်လစီကြောင့် သူများ စီးပြီးသားကားဟောင်းကို ကားသစ်မှတ်ပြီး စီးနေရတဲ့ပြဿ နာ .. သူများဆီ ၁ဝ နှစ်လောက်မောင်းပြီး ဘာဖြစ်ထားမှန်းမသိတဲ့ ကားတွေကို ကားသစ်ထင်ပြီး မောင်းနေရတော့ ကားတွေမှာလည်းပြဿ နာ ရှိပါတယ် ။

    ဒါပေမဲ့ဘာဘဲပြောပြော လူ က လမ်းကိုရော ကားကိုရော ထိန်းချုပ်နုိုင်တာမို့ လူက အဓိက လို့ဘဲ ကျွန်တော်တော့ အမြဲယူဆတယ် ။ ဒါကြောင့် လူက ဖြစ်ခဲ့ ရင်တော့ ပိုးစိုးပက်စက် မဖြစ်အောင် ကိုယ်ထိန်းနိုင်တဲ့ အရှိန်ကို လျော့ချမောင်းနှင် ကြခြင်းအားဖြင့် အန္တရယ် ကင်းတဲ့ လမ်းဖြစ်နိုင်ပါတယ် ။

    ပထမဆုံးပြောခဲ့သလိုဘဲ အခု လမ်းသစ်ကြောင့် ကားမောင်းရတာ လူ တိရစ္ဆာန်တွေရဲ့ ဖိအား အများကြီးသက်သာပြီး သက်တောင့်သက်တာ မောင်းနှင်နိုင်တဲ့ အတွက် ကြိုဆိုပါတယ် ။
    စကားအတင်းစပ်ပြောရရင် ကျွန်တော်တို့ ခရီးသွားရင် အများအားဖြင့် ကီလို ၈ဝ ဝန်းကျင်ဘဲမောင်းပါတယ်။ အချိန်တစ်နာရီ နှစ်နာရီစောရောက်ဖို့ ငရဲ ကို မြန်မြန်ရောက်သွားမှာ စိုးလို့ပါ .. တော်ကြာ ဂွဇွတ်ကနေ မကျွှတ်မှာ စိုးလို့ .. :hee:

    • ကထူးဆန်း

      May 22, 2014 at 11:34 am

      မေးခွန်းကို အဖြေမပေးမိလို့ ။နောက်ထပ် မဖြစ်အောင် ဘာလုပ်ကြမည်နည်း ဆိုတာကျွန်တော့်အမြင်ဖြေရရင် ..
      ၁။ အမြန်လမ်းကို အဝေးပြေးလမ်းဟု အမည်ပြောင်းပါ ။
      ၂။. ကားကြီး ၈ဝ ကီလို ကားလေး ၁၀ဝ ကီလို မောင်းနှင်မှုကို စည်းကမ်း ပြင်းထန်စွာ တင်းကြပ်ပါ။
      ၃။ မထင်မှတ်သော နေရာများတွင် မကြာခဏ စစ်ဆေးပါ ။ အရက်သောက်ထားမထား ဘူဖောင်းမှုတ်ခိုင်းပါ ။ တိုင်းတာပါ ။ သောက်ထားလျှင်တစ်သိန်းထက်မနည်းသော ဒါင်္ဏရိုက်ပါ ။ ကားမောင်းခွင့် လိုင်စင် တစ်လ ပိတ်သိမ်းပါ ။ ခရီးသည်ယာဥင်္ဖြစ်လျှင် ထိုထက်ပိုသော ဒါဏ်ရိုက်ပါ ။
      ၄။ အရှိန်မြင့်တက်နိုင်သော နေရာများ အန္တရယ်ရှိနိုင်သော နေရာများတွင် ကင်မရာသေ များတပ်ဆင်ထားပါ ။ ကင်မရာ တပ်ထားကြောင်းလည်း အသိပေးပါ ။ အရှိန်ပိုလျှင် ဓါတ်ပုံရိုက်ပါ ။ ပြင်းထန်သောဒါဏ်ကြေး ရိုက်ပါ ။
      ၅။အမြန်လမ်းတစ်လျောက်တွင် အရက်ဘီယာ ရောင်းချမှု့ကို တားမြစ်ပါ ။ ရောင်းသူကို ပြင်းထန်သော ဒါဏ်ရိုက်ပါ ။
      ၆။ ခရီးသည်ယာဉ်များ တွင် ကား၏ ချို့ယွင်းချက်ကြောင့်ဖြစ်ခဲ့ပါလျှင် ကားလိုင်းအားပြင်းထန်သော ဒါင်္ဏရိုက်ပါ ။

      ပြင်းထန် တာတွေ များသွားပြီ .. :kwi:

      • ကြောင်ဝတုတ်

        May 22, 2014 at 4:19 pm

        မတော်လို့ဗျာ… ကိုယ့်ကားကိုယ်မောင်းရင်းမီးထတောက်လို့ဖြစ်ရင်ရော…
        ဘယ်သူ့ကို ပြင်းထန်စွာအရေးယူရမလဲဟင်…

        ခင်မင်လျက်-
        ဖက်ဖက်ကက်

        • kai

          May 22, 2014 at 5:05 pm

          ကားကို ကိုယ်ကအရေးယူပေါ့…။
          အဲဒါမှ.. အာမခံကနေ.. လျှော်ကြေးရမှာလေ…။
          အာမခံကစစ်လိမ့်မယ်..
          ဒီကား.. ဘယ်သူပြင်သလည်း.. ကားကုမ္ပဏီကြီးမှာပြင်တာလား.. ကားနားမလယ်တဲ့..လူတယောက်ယောက်က..ကလိတာလး…။ ကားပြင်လိုင်စင်ရှိသလား..စသဖြင့်ပေ့ါ..။ :mrgreen:

        • Mလုလင်

          May 22, 2014 at 5:33 pm

          ဒီမှာ တော့ အဲ့ဒါ ယာဉ်မောင်း ပေါ့လျော့ တာ ဗျ။ စက်ပစ္စည်း ဆိုတာ လူက ကျိန်းသေ စစ်ဆေး ဂရုစိုက် ရမှာ မလား . . . ။

  • black chaw

    May 22, 2014 at 11:21 am

    ဒီဆောင်းပါးကို သတင်းစာထဲပါလို့ ဖတ်ခဲ့ပြီးပါပြီ…။
    လမ်းကြောင့်…လူကြောင့်…ဆိုတဲ့ အတွေးရိုးရိုးတွေထက်…
    တရုပ်လုပ် ကားတွေကြောင့် ဆိုတဲ့ အတွေးသစ်ကို တွေးပြထားတယ်
    လို့ထင်ပါတယ်…။
    ဆိုတော့…တရုတ်တွေက…ကားတွေနဲ့လည်း မြန်မာတွေကို
    ဒုက္ခပေးနေပြီတဲ့လား…။
    :mrgreen:

  • naywoon ni

    May 22, 2014 at 12:53 pm

    အဓိက​တော့ လူသာပဓာန လို့​ပြောရမလား ။ လူဆိုတဲ့​နေရာမှာ
    ၁။ လမ်​းခင်​းတဲ့ သူ
    ၂။ အရည်​အ​သွေးမမှီတဲ့ ကား​တွေတင်​သွင်​းလာတဲ့သူ
    ၃။ ဒီလိုလမ်​းမှာ ဒီလို ​မောင်​းရင်​အန္တာရာယ်​ ဖြစ်​နိုင်​တယ်​လို့ မဆင်​ခြင်​နိုင်​တဲ့ ဆင်​ခြင်​နိုင်​စွမ်​းအားမရှိတဲ့ယာဉ်​​မောင်​းရယ်​
    ၄။ အန္တာရာယ်​ကို ကြိုမသိလိုက်​တဲ့ ခရီးသည်​ရယ်​ ( သူက​တော့ အပြစ်​မရှိပါဘူး ။ အန္တာရာယ်​ကို ကြိုသိတဲ့ အကြားအမြင်​ရ​နေရင်​ ဘယ်​သူကစီးမှာလဲ​နော့ ) တစ်​ချို့ ကိုယ်​ အ​ရေးကြီးတာပဲသိပီး ဇွတ်​လိုက်​ချင်​ကြတယ်​ ။
    ဆက်​​ပြောရရင်​ မုန်​့လုံးစက္ကူကပ်​ဖြစ်​​တော့မယ်​ ။ ​နောက်​ဆုံး​တော့ လက်​ညိုးက အ​ပေါ်ကိုပဲ ထိုးရမှာပဲ ။ မိုးနတ်​မင်​း အသုံးမကျလို့ ဖြစ်​တာ ​ပေါ့

  • ကေဇီ

    May 22, 2014 at 3:59 pm

    လမ်းးး၊
    လူ၊
    ကားးးး

  • kai

    May 22, 2014 at 4:11 pm

    ယူအက်စ်ဖရီးဝေးတွေအကုန်.. အင်း.. အကုန်လို့တောင်ပြောရမယ်.. ကွန်ခရစ်ခင်းတာပါ…။
    ကွန်ခရစ်မှာမှ.. အစင်းအစင်းတွေလုပ်ထားသေး..။ အင်မတန်ကြမ်းပုံရပါတယ်..။

    ကယ်လီဖိုးနီးယားမှာ.. ကားကို ၇၀..တချို့နေရာ ၆၅မိုင်ထက်ပိုမောင်းရင်..ဖမ်းပါတယ်..။
    ဖမ်းပုံဖမ်းနည်းမျိုးစုံမှာ.. တချို့က.. ကုန်းအဆင်းးရဲကားကပုန်းပြီး.. ရေဒါနဲ့ထောက်တယ်..
    တချို့ကတော့.. ရဲကားက.. မိုင်၈၅လောက်နဲ့မောင်းပြီး.. သူလိုက်မမှီတဲ့..သူကျော်ရခက်တဲ့ကားအကုန်ဖမ်းတယ်..။ အောင်မယ်..
    ရဲသားက…ရဲကားပေါ်ကနေ.. ဥဩကလေး..တတီတီဆွဲပြီး.. လက်ညိုးထိုးပြသွားတာ..။
    စေင်းပြီးတစင်း.. ကွိပဲ..။
    သာမန်အားဖြင့်.. တခါမိ.. ဒေါ်လှ ၃-၄ရာ ( သတ်မှတ်မိုင်ကို ကျော်တဲ့မိုင်အပေါ်မူတည်ပြီးတွက်.. ဒဏ်ကြေးချပါတယ်..။)
    တချျု့ိကတော့.. ချော့ပါ(ဟယ်လီကော့ပတာ)နဲ့.. လေထဲကနေဖမ်းတယ်..။

    မူးပြီးမောင်းရင်လား..
    မိလို့ကတော့.. မသက်သာဘူးသာမှတ်ပေတော့လို့တောင် ပြောရမလိုပါပဲ..။ ငွေက.. ၃-၄ထောင်လောက်ပေမယ့်.. တော်တော့်ကို ဒုက္ခရောက်အောင်စနစ်တကျကို.. ဒုက္ခပေးတာပါ..။
    အဲဒီအပြစ်…တသက်လုံး.. ဖျက်လို့မရအောင်.. မှတ်တမ်းထဲထည့်ရေးထားတယ်..။
    အာမခံကြေး.. တက်ပါတယ်..။
    တက်တာမှ.. ၂ခါလောက်မိဖူးတဲ့သူဆို.. တလ ဒေါ်လာ၁ထောင်ကျော်ပေးရတဲ့သူတောင်မြင်ဖူးတယ်.။
    သူ့ခမြာ.. ကားပေါ်တက်မောင်းမယ်ဆိုရင်.. ရဲစခန်းနဲ့ချိပ်ထားတဲ့.. လေပြွန်မှုတ်တာထက်..လေမှုတ်ပြီး.. ခဏထိုင်နေရသေး..။ ရဲစခန်းက.. အိုကေမီးစိမ်းပေးမှ.. ကားကစက်နိုး..မောင်းလို့ရအောင်.. လုပ်ထားတာ..

    ခြုံပြောရရင်.. ဖရီးဝေးမှာ.. လူသေတာ..လူတွေကြောင့်သာဖြစ်ပါကြောင်း..။
    အကုန်.. ပြင်းပြင်းထန်ထန်.. စည်းကမ်းထုတ်..အရေးယူလိုက်ရင်.. ြိမ်ကျသွားမယ်ထင်ကြောင်း.. :mrgreen:

  • TNA

    May 22, 2014 at 5:11 pm

    လမ်း လူ ကား ဘယ်ဟာရယ်လို့တော့ မပြောတတ်ပေမဲ့ ကုသိုလ်တော့ အတော်ရသား။ တလမ်းလုံးဘုရားတရားနဲ့စီးလာရလို့

  • lu lu

    May 22, 2014 at 6:30 pm

    လောလောဆယ် မပြင် နိုင် သေးခင် နာမည် ပြောင်းပေးထားသင့်တယ်
    အမြန်လမ်း အစား ပြန်မလာ လမ်း ဟူ၍
    😆

  • အိမ်လွမ်းသူ

    May 22, 2014 at 9:01 pm

    အဲဒီလမ်းကြောင့် လူကြောင့် လို့ြငြင်းနေ ကြတာကြီး တော်တော်နားကြားမြင့်ကတ်နေတာကြာပြီ အဲဒီလမ်းက လူကလုပ်တာ မဟုတ်လို့ နတ်ကဖန်စဉ်းထားတာလဲ မဟုတ်ပဲနဲ့။ ဘာတွေပဲ ပြောပြော နစ်ခုလုံးက လူကလုပ်တာကြီးပဲ။။ အကောင်းဆုံးက လမ်းဖောက်တဲ့ လူကလဲ ကိုယ့် အိတ်ထဲကြီးပဲ ထည့်ဖို့မစဉ်းစားနဲ့ မောင်းတဲ့သူကလဲ ပရမ်းပတာ မမောင်းနဲ့ ဒါဆိုရင် ပြီးပြီ

  • alinsett (gazette)

    May 23, 2014 at 12:28 pm

    နောက်မဖြစ်အောင်
    ဒီလိုတွေ လုပ်ထားတယ်
    ဟိုလိုတွေ ပြင်ဆင်ထားတယ်
    ထားတယ်
    ထားတယ်
    ထားတယ်

    အပြောပဲ. . . .

    :mrgreen:

    လမ်းးခင်းသူတွေ ပြောလိမ့်မယ်
    မောင်တဲ့လူတွေကြောင့်. .
    မောင်းတဲ့လူတွေကပြောလိမ့်မယ် လမ်းကြောင့်
    . . . .

    စီးတဲ့သူတွေကတော့ ပြောနေတယ်
    သေပါပြီ. . . .
    မသေကောင်းမပျောက်ကောင်းးးး

  • Crystalline

    May 23, 2014 at 3:18 pm

    ကွန်ဂရစ်လမ်းတောင် စလစ်ဖြစ်လို့ဆိုတော့ ကတ်တရာဆိုရင်တော့ ဂျွမ်းပါပစ်လောက်တယ်.. :mrgreenn: အမြန်လမ်းကို အခေါက်ပေါင်းများစွာသွားဖူးတယ်.. သတ်မှတ်မိုင်နှုန်းအတိုင်းနဲ့အခြေအနေလိုက်မောင်းတဲ့ကိုယ်တွေကို ကျော်တက်သွားကြတာကြီးပဲ.. အဲဒီ ကားကြီးတွေအပါ… ကားငယ်တွေဆို. မျက်စေ့ရှေ့တင်ပျောက်သွားရော.. ခါးပတ်တွေဘာတွေပတ်ထားတာလည်းမတွေ့မိဘူး..

  • Mr. MarGa

    May 23, 2014 at 6:36 pm

    လမ်း၊ လူ၊ ကား
    တကယ်တမ်းတော့ အကြောင်းတွေပေါင်းလို့ အကျိုးဖြစ်လာတယ်ပြောရမယ်
    စကားမစပ် ဖွဘုတ်မှာ ကနေ့ တွေ့မိတာလေး မ. လာတယ်ဗျာ
    ဒါလဲ အကြောင်းကြောင်းတွေထဲက အကြောင်းတစ်ခုလို့ ပြောလို့ရမလားမသိ

    https://www.facebook.com/saikyaw.moe.961/posts/1480670962166344

Leave a Reply