အဘ ခွင့်လွှတ်ပါ အဘ

moonpoemMay 27, 20141min18515

အရင် တစ်ပတ်က အုပ်စုနဲ ့ပုဂံ၊ပုပ္ပါးဘက် Tour သွားခဲ့ပါသေးတယ်။
အုပ်စုနဲ ့သွားတဲ့အခါ ကိုယ်ရှင်းပြတာကို စိတ်ဝင်တစားနဲ ့နားထောင်ပြီး မေးမြန်းတဲ့သူတွေရှိသလို ပတ်ဝန်းကျင်ကို ငေးကြည့်ပြီး ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေပြီး တစ်ရေးနိုးမှ သိချင်တာကို ပြန်မေးသူ စသဖြင့် အမျိုးမျိုးရှိကြပါတယ်။ထူးထူးခြားခြား အနေနဲ ့ဒီအုပ်စုထဲမှာ အင်္ဂလိပ်လို စကားထထပြောတတ်တဲ့ဂျပန်အဘိုးကြီးတစ်ဦး ပါပါတယ်။

သူအင်္ဂလိပ်လိုပြောတာကလည်း သိပ်ပြီး ရိုးစင်းတော့ မခက်ခဲလှပါဘူး။
သူက ဝက်အစ်စ်ရွာနိမ်းဆိုရင်ကျွန်မကလည်း ရွာနိမ်းအစ် ညောင်ပင်သာ။ သူက ဘဲရီးနိုက်စ်ဆိုရင်ကျွန်မကလည်း အိုးရက်စ်ဆိုတာမျိုးနဲ ့အိုကေနေကြတယ် ဆိုပါတော့။

ဒီလိုနဲ ့ပုပ္ပါးဘက်ရောက်တော့ ပုပ္ပါးနတ်တောင်အကြောင်း အဘဘိုးမင်းခေါင်ရဲ ့အကြောင်းတွေကိုကျွန်မ ပြောပြရှင်းလင်းပါတယ်။မနေ ့က ပုဂံမှာသွားခဲ့တဲ့ စေတီပုထိုးတွေ၊ မြတ်စွာဘုရားရဲ ့ရုပ်ပွားတော်တွေကို ဖူးမြင်ခဲ့ရပေမယ့် ဒီပုပ္ပါးဘက်မှာတော့ အနည်းငယ် ကွဲပြားတဲ့အကြောင်းကိုပါ။

ဘုရားရှင်ရဲ ့ရုပ်ပွားတော်ဆိုရင် သင်္ကန်းဝတ်ထားပြီး လက်တော်က တရားဒေသနာဟောတော်မူပုံ၊ တရားအားထုတ်နေပုံတွေဖြစ်ကြပြီး အခု ဒီပုပါ္ပးမှာ ရှိတဲ့ အဘဘိုးမင်းခေါင်ရဲ ့ရုပ်ထုဟာ ဆိုရင်တော့ သာမန်လူတွေဝတ်တဲ့ တိုက်ပုံ၊ ပုဆိုးဝတ်ထားပြီး ရေနွေးကြမ်း သောက်နေပုံ၊ တင်ပျဉ်ခွေထိုင်ပုံ၊ ခြေချိတ်ထိုင်ပုံတွေနဲ ့ကွဲပြားမှုကို လေ့လာလို ့ရတယ်ဆိုပြီး ကျွန်မ အေးအေးဆေးဆေး ရှင်းပြနေပါတယ်။

အခြားသော အကြောင်းအရာတွေ ရှင်းပြပြီး နောက်မှာတော့ လှေကားထစ်ပေါင်း ၇၀ဝ ကျော်ရှိတဲ့ပုပ္ပါးနတ်တောင်ကို ကျွန်မတို ့တတွေ တက်ခဲ့ကြပါတယ်။ကျွန်မတို ့သွားလို ့ တစ်ဝက်လောက်မှာတော့တော်တော်များများက ဖလက်ပြပြီး နားကုန်ကြပါပြီ။ လူအများကြီး နားလို ့ကျယ်တဲ့နေရာ မဟုတ်တာကြောင့် ကျွန်မက ရှေ ့နား နည်းနည်း ဆက်သွားပြီးရင် လှေကားတစ်ချိုးမှာစောင့်နေမယ့် အကြောင်းမှာခဲ့ပြီး ဆက်တက်ခဲ့လိုက်ပါတယ်။

တက်တုန်းခဏမှာပဲ အင်္ဂလိပ်လို သိပ်ပြောချင်သော ဧည့်သည်ဂျပန်အဘိုးကြီးက လှမ်းခေါ်ပါတယ်။ရွှေ……. ပလိစ် ကမ်း ဟီးရား(Please Come Here)တဲ့။ ကျွန်မလည်း အိုးရက်စ်ဆိုပြီး သူလှမ်းခေါ်တဲ့ နားနေဆောင်ကိုကြည့်လိုက်တော့ အမယ်..သူက ဟုတ်နေတာ။ ဘုရားဂေါပကအဖွဲ ့ဝင် အဘတွေ စကားစုပြီးထိုင်ပြောနေတဲ့ ရေနွေးကြမ်းဝိုင်းနား ထိုင်ပြီး ရယ်လို ့မောလို ့။ ကျွန်မလည်း ရောက်သွားရောမေးလိုက်ပုံက ရွှေ… ဟူးအစ်စ် ဘိုးမင်းခေါင်တဲ့။ကျွန်မလည်း ရုတ်တရတ်တော့ ကြောင်သွားတယ်။ ပြီးမှ သူက ဆက် ပြောတာ အမောကိုဆို ့ရောပဲ။ နင်ခုနက ကားပေါ်မှာ ရှင်းတယ်လေ ဒီတောင်ရောက်ရင် ရေနွေးကြမ်းခွက် ကိုင်ထားတာ ဘိုးမင်းခေါင်ဆို ဒီမှာ ရေနွေးကြမ်းခွက် ကိုင်ပြီး သောက်နေကြတာ ၄ယောက်တောင် ဘယ်သူက ဘိုးမင်းခေါင်တုန်းတဲ့။

ဟိုက် ရှာလပတ်ရည်။ ဒီတစ်ခါတော့ ကျွန်မလည်း အိုးမရက်စ်တော့ဘူး။အိုး…နိုး….
ဆိုပြီး သူ ့ ကို ခေါ်ထုတ်လာခဲ့ရတယ်။တော်ကြာ ဟိုက ဘဘများက ရေနွေးကြမ်းခွက်တွေနဲ ့ကောက်ပေါက်မှ သေဦးမယ်။ဘယ်နှယ့်တော် ရှင်းတုန်းက သေချာနားမထောင် ဟိုကြည့်ဒီကြည့်လုပ်နေပြီး ခုမှ လူကို ပြေးပေါက်မှားအောင် လုပ်တဲ့လူကြီး ကျွန်မဖြင့် စိတ်တိုမိတာတအားပါပဲ။

ဒါလည်း မပြီးသေးဘူးနော်။တောင်ပေါ်မှာ ဘုရားဖူးပြီး အပြန် အောက်ပြန်ဆင်းလာတော့ ဘုရားစောင်းတန်းမှာ တင်ပျဉ်ခွေပြီး နားနေတဲ့ မြန်မာအဘိုးတွေ တွေ ့ရပြန်တယ်။ဒီတစ်ခါလည်း ဟိုဂျပန်ကိုယ်တော်ချောက ကွက်ကြည့်ကွက်ကြည့်လုပ်နေလို ့ကိုယ့်အန ္တရာယ်ကိုယ် ကြိုရှောင်တဲ့အနေနဲ ့ သူ ့ကို ကိုယ့်နားခေါ်ထား မျောက်တွေ အစာကျွေးခိုင်းပြီး အောက်ထိ အတူတွဲခေါ်ခဲ့တယ်။အေးရော။

15 comments

  • အရီးခင်

    May 27, 2014 at 11:56 pm

    လကဗျာ
    ရီလိုက်ရတာ။
    ဖတ်ရတာ စိတ်ရွှင်လန်းပါ၏။
    ကျေးဇူးပါ။
    အေကြောင်းအရာ တွေ ကို ပျော်ရွှင်တတ်တဲ့ စိတ် နဲ့ ကြည့်တတ်တာ အရမ်းကောင်းတယ်။
    အဲ့ဒီလိုမျိုး လူတိုင်းမှာမရှိတတ်ဘူး။
    :-)))

  • naywoon ni

    May 28, 2014 at 12:16 am

    အဲ့လိုသာ​ပြောရရင်​ဖြင်​့ မြန်​ပြည်​တစ်​လွှား ဘိုးမင်​း​ခေါင်​​တွေများမှ များ ဟားဟားဟား 😛

  • nozomi

    May 28, 2014 at 12:31 am

    နောက်ဆို မောင်ကောင်းထိုက် ဝယ်မဖတ်တော့ဘူး
    လကဗျာကိုပဲ စောင့်ဖက် အဲ အဲ လကဗျာ ရေးတာကို စောင့်ဖတ်တော့မယ်
    ဒီ လို ဟာသ ဉာဏ်မျိုး ဆိုတာက လုပ်ယူူလို့ ရတာ မဟုတ်
    မွေးရာပါ အရည်အချင်းပဲ
    လေးစား အားကျမိပါတယ်

  • JackSkellington

    May 28, 2014 at 5:50 am

    လမ်း မှာ ကျွဲ တွေ ဘာတွေ တွေ့ရင် တောင် နတ် နဲ့ မှားပြီး သွား နှုတ် ဆက် နေဦးမယ်နော်…
    ကြိုပြီး သတိ ပေးထားလိုက်ပါဦး အဲ့ဒီ ဂျပန် အဘကြီး ကို… း)

  • lu lu

    May 28, 2014 at 6:35 am

    ကောင်းတယ်ဗျို ့မနက် ထထချင်းဒီလို စာမျိုးဖတ်
    လိုက် ရတာ လူ ကိုလန်းဆန်း ပျော်ရွှင် သွားတာပဲ
    လကဗျာ ရေ ဆက် လျှောက် ဆက် လျှောက်
    နောက်ကလိုက် လာမယ် အားပေးမို ့
    :mrgreen:

  • ဦးကျောက်ခဲ

    May 28, 2014 at 7:57 am

    ရေးလည်း ရေးတတ်ပါပေ့ ၊ ဟာသဉာဏ်လည်း ရွှင်ပါပေ့ moonpoem ရယ်…
    လောကကို ပေါ့ပေါ့ပါးပါးမြင်တတ်တာ အသက်ရှည်သတဲ့…
    အဲသည့်ဂျပန်ကြီး ၃ရမင်းနတ်နဲ့တွေ့ရင် ဘယ်လိုပြောမယ်မသိ… ဟီ ဟိ
    😀

  • kyeemite

    May 28, 2014 at 8:35 am

    ပျော်ပျော်နေ သေးခဲ..အဲလေ..သေခဲတဲ့
    တွေ့ကြုံရတဲ့ အခက်အခဲပေါ် ဟာသဉာဏ်လေးနဲ့တွေးနိုင်တာ သဘောကျသဗျာ
    😀

  • black chaw

    May 28, 2014 at 9:40 am

    ဟာသဉာဏ် အပြည့်ရှိသော ကလေးမလေးပါ တကား…။
    😀

  • ရွှေတိုက်စိုး

    May 28, 2014 at 11:15 am

    အော် တော်သေးတာပေါ့… ရေနွေးခွက်ကိုင်တာ ဘိုးမင်းခေါင် လို.ပြောလို.. ပန်းစည်းကိုင်ထားရင် ပုပ္ပားမယ်တော်လို.များ ပြောလိုက်မိလို.ကတော့.. အဲဒီက ပန်းရောင်းတဲ့ကောင်မလေးတွေ အကုန် လိုက်မေးနေတော့မှာ… ဟဟဟဟဟဟဟ…

  • TNA

    May 28, 2014 at 11:38 am

    လူရွှင်တော်လုပ်ပါဆိုနေ

  • Wow

    May 28, 2014 at 1:28 pm

    အင်းနားသတ်တီဆဲဗင်း အောက်တားသတ်တီဆဲဗင်းအကုန်သာပြောပြလိုက် ဘယ်နတ်လိုက်ရှာရမှန်းမသိ ဖစ်တွားမယ် :mrgreen:

  • Ma Ei

    May 28, 2014 at 4:31 pm

    🙂
    …သူက ဝက်အစ်စ်ရွာနိမ်းဆိုရင်ကျွန်မကလည်း ရွာနိမ်းအစ် ညောင်ပင်သာ….
    ကြည့်စမ်း…ရုပ်တည်ကလေးနဲ့ ရီစရာ ရေးတတ်လိုက်တာ မထင်ရဘူးနော်… 🙂

  • moonpoem

    May 28, 2014 at 5:36 pm

    သများကို အရှူံးခံပြီး စာအုပ်ထုတ်ပေးမယ့်သူရှိရင် စာအုပ်ထုတ်ချင်ပါရဲ့ အဟီး:-D

  • padonmar

    May 29, 2014 at 11:51 pm

    ဖွဘုတ်မှာ တခါရီ၊
    ရွာထဲမှာ နောက်တခါရီ သွားပါတယ်။

Leave a Reply