ဝေးခဲ့ကြရ ကျနော့် မမ

မမရေ

မမ နဲ့ ကျနော် ဝေးခဲ့တာ အတော်ကြာခဲ့ပြီပဲနော် ၊ တကယ်တော့ မမ ရယ် ၊ ကျနော်က မမကို ဟိုး ငယ်စဉ်ကတည်းက စွဲလန်းခဲ့ရတာပါ ၊

မမ နဲ့ တွေ့ချင်တဲ့ စိတ်တွေဟာ ရှေးရေစက်ပေလား လို့တောင် ထင်မိပါတယ် ၊ ကျနော် ရ တန်းလောက်မှာ ကျောင်း စပြေးတတ်တယ် ၊

မမ ကြောင့် ဆိုရင် ယုံပါ့မလား မမရယ် ၊ အင်မတန် စည်းကမ်းကောင်းလှပါတယ်ဆိုတဲ့ တီတီစီ ကျောင်းကြီးမှာ ကျနော်ဟာ ကျောင်းပြေးချန်ပီယံဘွဲ့ ရခဲ့သလို

ကျောင်း နဲ့ မျက်နှာချင်းဆိုင် မြန်မာ့အသံမှာ အလုပ်လုပ်နေတဲ့ အမေ့ခမျာလည်း သားအတွက်ကြောင့် ဆရာမကြီးရုံးခန်းကို ချောင်းပေါက်မတတ်ပဲပေါ့ ၊

ဒါပေမယ့် မမကို စွဲလန်းတဲ့ ကျနော့်စိတ်တွေကို ဆရာမကြီးရဲ့  ကြိမ်လုံးက မတားဆီးနိူင်ခဲ့သလို

အမေ့ဆိုစကားတွေဟာလည်း ကျွဲပါးစောင်းတီးသလို နားဝင်မချို အပိုပါပဲလား မမရယ် ၊

မမနဲ့အတူ သင်္ကန်းကျွန်း တိုးကြောင်ကလေးဘက်တွေများ သွားရတဲ့အခါ ထမင်းဆာဖို့လည်း သတိမရ အပျော်ကြီး ပျော်ရပါတယ် မမရယ် ၊

ဒီလိုနဲ့ ကျနော် ၁ဝ တန်း အောင်ခဲ့ပြီးတဲ့အခါ မမနဲ့ ပိုနီးဖို့ ဂျီတီအိုင်ဝင်ခွင့်ဆိုတာကြီးကို အတော့်ကို ကြိုးစားပြီး ဖြေခဲ့ပါတယ် ၊

လျှပ်စစ်စွမ်းအင် အီးပီမေဂျာနဲ့ အင်းစိန်ဂျီတီအိုင် ဝင်ခွင့်ရတော့ ကျနော့်မှာ ပျော်လိုက်ရတာ မမရေ ၊

အဲဒီတုန်းက မမက မနက် ရ နာရီဆိုရင် လှည်းတန်းရောက်ပြီ ၊

ကျနော်က မမနဲ့အတူ ကျောင်းဘက်ကိုလာ ၊ ရွာမမှာ လမ်းခွဲ ၊ ညနေ ၃ခွဲဆို မမနဲ့ ရွာမမှာ ပြန်ဆုံ ၊ လှည်းတန်းအထိပေါ့ ၊

အဲဒီတုန်းက မမက သိပ်အချိန်မှန်တယ်လေ ၊ နောက်မကျအောင် ကြိုးစားရတာက ကျနော်ပေါ့ ၊

ဒီလိုနဲ့ နေ့ရက်တွေကိုဖြတ်သန်း မစ်တန်း ကျောင်းပိတ်ချိန်ဆို ကျနော်က အလွမ်းသမားပေါ့ မမရယ် ၊

ဒါပေမယ့် မမရေ  ကံကြမ္မာက ဖန်လာပြန်ပုံက ဆန်းတယ်ဗျာ ၊

ကြည်လဲ့လဲ့ မျက်ဝန်းတစ်စုံက ကျနော့်ကို ပြုစားခဲ့ပြီလေ ၊
ငယ်ကတည်းက စွဲလန်းခဲ့ရတဲ့ မမနဲ့ တဖြည်းဖြည်း ဝေးသွားခဲ့တယ် ၊

အဲဒီမျက်ဝန်း  ကြည်လဲ့လဲ့လေးက ဟိုးဘက်တစ်လမ်းက လာသူမို့ မမ နဲ့ ကျနော် ဘယ်ဆုံဖြစ်တော့မလဲနော် ၊

ဒါပေမယ့် မမကိုတော့ ကျနော် သတိရရ နေတတ်ပါတယ် ၊

ကံဇာတ်ဆရာ လှည့်စားလို့ ပျော်ဖို့ဆိုတာတွေ ဝေးသွားပြီးတဲ့နောက် မျက်ဝန်းလဲ့လဲ့ပျောက်သွားခဲ့တယ်လေ ၊

အချိုးအကွေ့များစွာကြားမှာ သာမန်လူသားကျနော်ဟာလည်း အလဲလဲ အကွဲကွဲ မမြဲခြင်းတရားတွေနဲ့အတူ အရေထူလူသား ဖြစ်လာခဲ့ပါပြီ ၊

အချစ် ဆိုတာဟာ တယ်လည်းဒုက္ခပေးလှပါလားဗျာ ၊

အခုတော့ ကျနော်ဟာ အချစ်ဆိုတာ အလကားလို့ သဘောထား အလုပ်ကြားထဲမှာပဲ စိတ်ကိုနှစ်လို့ နေတတ်သလိုသာ နေနေပါပြီ ၊

တစ်ခါ တစ်ခါတော့လည်း မတွေ့တာ ကြာတဲ့ မမကို တွေ့ချင်မိသားကလား ၊

ဒါပေမယ့်  အိမ်ကနေ ရုံးကို ကျနော် လာရာလမ်းမှာ မမမှ မရှိတာပဲလေ ၊
၄၅ ၄၈ ၁၇၄ ၁၈၈ ၂၂၆   အဲဒီနံပါတ်တွေနဲ့ပဲ မနက် ညနေ တွေ့ တွေ့နေရသမို့ မမဆီကို စိတ်ရောက်ပေမယ့် လူက ဝေးနေဆဲပါ ၊

ကြုံခဲ့ရင်တော့ဖြင့် လှည်းတန်းဘူတာမှာ မမကို လာရှာပါဦးမယ် ၊ မမ အချိန်မှန်သေးတယ်ဟုတ် ? ၊

၁ဝ တန်ကနေ ၁၀ဝ မကလို့ အဲယားကွန်းနဲ့မို့ ၄၀ဝ ပဲပေးရပေးရ မမက ကျနော့် မမပဲမဟုတ်လား ဟင် ၊

Myanmar Railways 1240

11 comments

  • black chaw

    May 30, 2014 at 2:50 pm

    အင်း…မမရောဂါ…။
    ကိုမျိုးသန့် အိပ်မက်ထဲက ရထားကြီးပေါ့။

  • Myo Thant

    May 30, 2014 at 3:01 pm

    ကျနော်က ငယ်ငယ်ကတည်းက ရထားသိပ်ကြိုက်တာ ၊
    ကံဆိုးလို့လား ကံကောင်းတာလားတော့မသိ ၊
    စက်ခေါင်းမောင်း သိပ်ဖြစ်ချင်တာ ဖြစ်မလာဘူး ၊

  • ခင် ခ

    May 30, 2014 at 3:01 pm

    အခု မမ က ဂျပန် နဲ့ပေါင်းပြီး ဘာလုပ်မယ်ဆိုလား သတင်းကြားတယ်နော်။

  • alinsett (gazette)

    May 30, 2014 at 3:05 pm

    အဲဒိ မမ က တစ်နှစ်တစ်နှစ် သိန်းပေါင်းများစွာ
    အရှုံးခံပြီး ပြေးဆွဲပေးနေရတာ ဆိုပဲ

  • Ma Ma

    May 30, 2014 at 7:38 pm

    နာမည်အလွဲသုံးစားလုပ်ထားလို့ တစ်ရာစွဲပါတယ်။ :boss:

    အိနိယ၊ ဂျပန်နဲ့ စင်္ကာပူတို့မှာတော့ ရထားကိုပဲ အဓိကအားထား အသုံးပြုနေရတာ။
    လမ်းပန်းဆက်သွယ်ရေးမှာလည်း ရထားက အဆင်အပြေဆုံးလို့ထင်တယ်။

    လူ၊ ကုန်ပစ္စည်း အများကြီးကို သယ်နိုင်တယ်။
    စရိတ်စက နည်းတယ်။
    သက်တောင့်သက်သာ စီးနင်းနိုင်တယ်။

    ကိုယ့်သဘောနဲ့ဆိုရင်တော့ အခု ကားလမ်းတွေ ကြပ်တည်းပိတ်ဆို့နေတဲ့ခေတ်မှာ သွားလာရေး အဆင်ပြေစေဖို့ မမ ကို ကြိုဆိုပါတယ်။ 🙂

    • Myo Thant

      May 31, 2014 at 12:47 pm

      တစ်ရာတော့ မလုပ်ပါနဲ့ မမရယ် ၊

      တကယ်တော့ မမဆိုတာ မမပါပဲဗျာ ၊ 🙂

  • lu lu

    May 30, 2014 at 8:06 pm

    ဪ မမ , မမ နဲ ့ဆုံရဦးမှာပေါ့
    သွားအတူတူပြန်လည်းတူတူ မမ , မရှိရင် မဖြစ်တဲ့ဘွ
    :buu:

    • Myo Thant

      May 31, 2014 at 12:49 pm

      မြစ်ကြီးနားရထားကိုလွမ်းတယ်

  • အရီးခင်

    May 31, 2014 at 2:52 am

    အာ ဟာ ဟ
    ကိုမျိုးရေ။
    စကထဲ က မမ ဘူသူဆိုတာ သိနေတယ်လေ။

    သများလဲ မမ မှ မမ ပါဘဲတော်။
    ကြည့်ပါလား။ ရွာထဲမလဲ “မမ” က အချစ်ဆုံးတွေထဲက တစ်ယောက်ပါဘဲ။
    ဒါတော့ နောက်ဇာတ်လမ်းကြုံ မှ ပြောမယ်။ :-))))

  • kyeemite

    June 2, 2014 at 2:19 pm

    ကျုပ်လည်း မမ နဲ့ နှစ်များစွာ စခန်းသွားခဲ့သေးသပေါ့..ခီများလိုပြောရရင်
    မနက်တိုင်း ကျိုက္ကလဲ့မှာ မမနဲ့တွေ့တယ်…သူနဲ့အတူ ကြို့ကုန်းထိသွား
    အဲ့ကမှ မမနဲ့လမ်းခွဲပြီးကျောင်းတော်ကြီးကိုပြေးပေါ့….
    ခုတော့ မမ နဲ့ အတူမသွားရတာကြာပေါ့..သတိတော့ရနေပါတယ်… 😀

Leave a Reply