အားကိုးရာ

kogyi mindJune 8, 20141min27113

အမျိုးအနွယ်ဟူသည်အဘယ်နည်း၊ မည်သည်ကို အမျိုးအနွယ်ဟု ခေါ်ပါသနည်း၊

အသားအရောင်၊ ဘာသာစကား၊ ယဉ်ကျေးမှု မတူသည်ကို ခေါ်ပါသလား၊ သို့တည်းမဟုတ် ဘာသာမတူကွာခြားခြင်းကို အမျိုးအနွယ်ဇာတ်မတူဟု ယူဆပါသလား၊

ဟိုးရှေးယခင်ကတည်းက အမျိုးအနွယ်အလိုက် ပေါင်းသင်းလက်ထက်ခြင်းကိုအစဉ်တစိုက်လက်ခံကျင့်သုံးလာကြသည်။

ထိုအမျိုးတို့မှာ

၁) ခတ္တိယ ခေါ် မင်းမျိုး၊

၂) ဗြာဟ္မဏ ခေါ် ပုဏ္ဏားမျိုး၊

၃) ဝေဿ      ခေါ် ကုန်သည်မျိုး၊

၄) သုဒ္ဒ ခေါ် သူဆင်းရဲမျိုး ဟူ၍ အမျိုးလေးပါးခွဲခြားထားပါသည်။

 

ကာလရွေ့လျောလာသည့်မျက်မှောက်ခတ်တွင် အစိုးရအုပ်ချုပ်သူများကို ခတ္တိယဟု ခေါ်နိုင်ပါသည်။ ကျောင်းဆရာ၊ ပရော်ဖက်ဆာ၊ ပညာရှင်များကို ဗြာဟ္မဏဟုခေါ်နိုင်ပါသည်။ သူဋ္ဌေး၊ သူကြွယ်ကြီးများကို ကုန်သည်ဟု ခေါ်နိုင်ပါသည်။ ဝန်ထမ်းများနှင့် လက်လုပ်လက်စားများကို သုဒ္ဒ ဟုခေါ်နိုင်ပါသည်။

ထိုကဲ့သို့ခွဲခြားထားခြင်းသည် တသမတ်တည်း အတည်ဖြစ်နေမည်ဟု မိမိအနေဖြင့်လက်မခံလိုပါ။ အိမ်ထောင်ရေးအဆင်ပြေစေရန်နှင့် ပေါင်းသင်းဆက်ဆံရေးအဆင်ပြေစေရန်  ဝေါဟာရအနေဖြင့် လက်ခံကျင့်သုံးလာရာမှ လူတန်းစားခွဲခြားခြင်းအဖြစ်ရောက်လာသည်ဟု ယူဆမိပါသည်။ လက်မခံလိုက စာရှုသူသဘောပါ၊

အဘယ့်ကြောင့်ဆိုသော် ကံအခြေအနေပေါ်မူတည်ပြီး ဆင်းရဲသားမှ ကုန်သည်ဖြစ်လာနိုင်သလို ပုဏ္ဏားမျိုးမှ ဖွားသောသတို့သားလည်း မင်း (ဘုရင်) ဖြစ်နိုင်ပါသည်။

ထို့ကြောင့် အမျိုးမြတ်သည်၊ နိမ့်သည် ဆိုသည့် အယူကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးမှ ရှုတ်ချခဲ့ခြင်းဖြစ်ပါသည်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တိုင် လူတန်းစားခွဲခြားမှုနှင့် နှိမ့်ချဆက်ဆံမှုကို လိုလားတော်မမူခဲ့ပဲ ထိုသူပြုကျင့်သော ကောင်းမှု၊ မကောင်းမှုကို မူတည်ပြီး ချီးမွမ်းသင့်၊ မသင့်ကိုသာ အလေးအနက်ထားပြီး ဆုံးမတော်မူပါသည်။

ယုတ်မာသူသည် ယုတ်သောပတ်ဝန်းကျင်တွင် ပျော်မွေ့ပြီး သူတော်ကောင်းသည် လူကောင်းပတ်ဝန်းကျင်၌သာ ပျော်မွေ့မြဲမို့ သူတော်ကောင်းသည် ဆက်ကောင်းနေဖို့ရန်နှင့် သူယုတ်မာသည် မိမိကိုယ်ကို သိသည့်အခိုက် သူတော်ကောင်းဖြစ်အောင် ကြိုးစားရန်သာဖြစ်သည်။ ထိုအတွက် မကောင်းသောပတ်ဝန်းကျင်တွင် ပျော်မွေ့လိုသူအား သတိဝင်အောင်၊ အတွေးအခေါ်နိမ့်ကျနေသူအား အသိဉာဏ်မြင့်မားလာအောင် ဆုံးမခြင်း၊ ဟောပြောခြင်းသည်သာ အကောင်းဆုံးသောနည်းလမ်းဖြစ်သည်ဟု ယုံကြည်ပါသည်။

 

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းကားသော တိုင်းပြည်ဖြစ်သည်၊ တရားဓမ္မနှင့် ထိတ်တန်းကိုယ်ကျင့်တရားများကိုလိုလားနှစ်ခြိုက်စွာ လိုက်နာကျင့်သုံးတတ်စေရန် ဟောပြောညွှန်ပြနိုင်သည့် ရဟန်းသံဃာတော်များလည်း အလွန်များပါသည်။ ထိုကဲ့သို့ လွန်စွာအားကိုးလောက်ဖွယ်အနှစ်သာရနှင့် ပြည့်စုံနေသော်လည်း လိုက်နာကျင့်သုံးသူလျော့နည်းလာခြင်းသည် မည်သူ့တွင်တာဝန်ရှိသနည်း။ အကွပ်မဲ့ကြမ်းပရမ်းပတာဖြစ်သကဲ့သို့ ကိုယ်အဘယ်မျှ နစ်နာသည်ကို မသိရှာပဲ လမ်းလွဲလိုက်ခြင်းသည် စင်စစ် မသိမှုကြောင့် မိုက်မဲပါသည်ဟု ဆိုလျှင် မှားမည်မထင်ပါ။

ထိုကဲ့သို့ မသိ၍ မိုက်မဲချင်သော သူတို့ကို သိအောင် အသိဉာဏ်ဖွင့်ပေးသည့်နည်းလမ်းကို မသုံးပဲ စည်းကမ်းထုတ်ခြင်းကဲ့သို့ နည်းလမ်းကိုသုံးခြင်းသည် လွန်စွာမှားသည်ဟု ထင်ပါသည်။ ဘာကြောင့်မှန်းမသိပဲ ထိုစည်းကမ်းကို ကြောက်သဖြင့် ငြိမ်နေရသော သူတို့ကိုလည်း စိတ်ချစရာအကြောင်းမရှိ၊ ရေရှည်အတွက်လည်းအားကိုးလောက်စရာမမြင်၊

ထိုစည်းကမ်းကို ချိုးဖောက်ဖို့ နည်းလမ်းသိလျှင် ချိုးဖောက်ဖို့ဝန်လေးမည်မဟုတ်ပါ၊ ကြာလာလျှင် ထိုစည်းကမ်းကို မိမိတို့အခွင့်အရေးအား နှိပ်ကွပ်ထားသည်ဟု နာကြည်းပြီး ပေါက်ကွဲထွက်လာနိုင်သည်ကိုလည်း သတိပြုစေချင်ပါသည်။ လူဆိုသည်မှာ မိမိတို့နှင့်သာသက်ဆိုင်သော လွတ်လပ်ခွင့်အား လူတတ်ကြီးလုပ်ပြီး အထက်စီးမှ ချုပ်ချယ်ကန့်သတ်ခြင်းကို တယ်မကြိုက်ချင်ကြ။ ဥပမာ အသိစိတ်ဓါတ်ဖြင့်စာကျက်မည့်ကျောင်းသားကို စာကျက်ရမည်ဟု အမိန့်ထုတ်လျှင် ရည်ရွယ်ချက်ကောင်းသော်လည်း ထိုကျောင်းသားအဖို့ အောင့်သက်သက်ဖြစ်ရသကဲ့သို့တည်း။ စာမကျက်ချင်သောကျောင်းသားကိုစာကျက်ချင်အောင် ဆွဲဆောင်စည်းရုံးသောနည်းက အမိန့်ထုတ်၍ စာကျက်ခိုင်းခြင်းထက် ခရီးရောက်နိုင်ပေသည်။

 

မျိုးစောင့်ဥပဒေနှင့် လူမျိုးခြားမုန်းတီးရေးတရားများကို မနှစ်မြို့သဖြင့် ထိုသူတို့အား အမျိုးသားသစ္စာဖောက်ဟုလည်းကောင်း၊ ဘာသာခြားဘက်ကို အားပေးသည်ဟုလည်းကောင်း စွပ်စွဲခြင်းငှာ မထိုက်၊ ဆိုလိုသည်မှာ မိမိတို့ကိုယ်ပိုင်အသိဉာဏ်ဖြင့် စောင့်ထိန်းနိုင်စွမ်းအားရှိနေခြင်းအား သူတို့မလုပ်ရင် မဖြစ်တော့သယောင် အထက်စီးမှ စည်းကမ်းချက်ထုတ်ခြင်းကို မည်သူမှ လက်မခံလိုကြ။

 

ကိုယ်နှစ်သက်သူနှင့် အိမ်ထောင်ပြုခွင့်ရှိသည်ဟူသော လွန်စွာအထက်တန်းကျသော အတွေးအခေါ်ကို ပိုင်ဆိုင်သည့် မြန်မာလူမျိုးတို့အဖို့ မျိုးစောင့်ဥပဒေလိုမျိုးသည် စိုးရိမ်ဖွယ်စည်းကမ်းတစ်ခုဖြစ်လာနိုင်ပါသည်။ စိတ်ဆန္ဒကို အရင်းခံသည့်လူသားအချင်းချင်းပေါင်းစပ်မှုကို စည်းကမ်းဖြင့် ကွပ်ညှပ်ဖို့ထက် မိမိတို့ဘဝ၏ သင့်တော်ရာကို ဆင်ခြင်တုံတရားရှိစွာ ရွေးချယ်တတ်ဖို့ သင်ကြားခြင်းသည်သာ အကောင်းဆုံးသော မျိုးစောင့်လုပ်ငန်းဟု ထင်ပါသည်။

 

ယခုမူထိုကဲ့သို့ မဟုတ်ပဲ မွတ်စလင်လူမျိုးများကို ပစ်မှတ်သဖွယ်သဘောထားပြီး ရန်သူလုပ်နေခြင်းသည် နှစ်ဘက်အုပ်စုကို စိတ်မသက်မသာဖြစ်စေရုံသာမက ရန်မီးပွားကိုမွှေးနေသကဲ့သို့ ဖြစ်နေပါသည်။

 

ပွင့်လင်းလာသော မီဒီယာ၏ကျေးဇူးကြောင့်အရှေ့အလယ်ပိုင်းမှ မွတ်စလင်ဘာသာဝင်တို့၏ လက်တုန့်ပြန်မှုများသည် မြင်ရကြားရသူတို့ကို ချောက်ခြားသွားစေခဲ့သည်။ သို့အတွက်ကြောင့် အိမ်ဘေးနားတွင်ရှိနေသော တသက်လုံးအတူယှဉ်တွဲနေလာခဲ့သည့် မွတ်စလင်အိမ်နီးချင်းကို ထိုသူတို့ကဲ့သို့ တတန်းတစားတည်းမမှတ်သင့်ပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ဘာသာသည် ကျောက်ခဲဖြင့်ပေါက်သတ်ခြင်း၊ လည်ပင်းလှီးခြင်း၊ မိမိတို့ဘာသာပြန့်ပွားအောင် မည်သည့်နည်းနှင့်မဆို စည်းရုံးခြင်းသည် မွန်မြတ်သည်ဟု သွန်သင်ထားသော်လည်း ထိုကဲ့သို့ မဖြစ်မနေလုပ်ရမည်ဟု မပါရှိပါ။ ဆိုလိုသည်မှာ အခွင့်အရေးရလျှင် လုပ်လိုက လုပ်နိုင်သော်လည်း မလုပ်ရလျှင် ဒီအတိုင်းနေလည်း အပြစ်မရှိပါဟု ဆိုလိုပါသည်။ ဥပမာ မြွေသည် အဆိပ်ရှိသဖြင့် အကုန်လုံးကို လိုက်လံသတ်ဖြတ်စရာမလိုပါ၊ မိမိကိုယ်ကို မြွေမကိုက်အောင်ကာကွယ်ထားလျှင်သော်လည်းကောင်း၊ ထိုမြွေအား အဆိပ်ကို အသုံးပြုခွင့်မရစေရန်လည်းကောင်း ကန့်သတ်တားဆီးထားလျှင် စိုးရိမ်စရာမရှိတော့ချေ။

မိမိတို့ ဗုဒ္ဓဘာသာဝင်များအဖို့လည်း သမထဘာဝနာပွားများခြင်း၊ ဝိပဿ      နာကမ္မဋ္ဌာန်းစီးဖြန်းခြင်းသည် အကောင်းတကာ့၊ အကောင်းဆုံးဟု ဘုရားရှင်ဆုံးမထားသော်လည်း အားမထုတ်နိုင်ပါက ငါးပါးသီလ လောက်ဖြင့်လည်း နေနိုင်သည့် သဘောဖြစ်ပါသည်။

အရှေ့အလယ်ပိုင်းဒေသသည် မွတ်စလင်တိုင်းပြည်ဖြစ်သည့်အားလျော်စွာ ထင်သလိုလုပ်ခွင့်ရှိနေသည့်အတိုင်း ကြမ်းတမ်းရက်စက်စွာ ပြုမူနေသည်ကို ဗုဒ္ဓဘာသာအများစုရှိပြီး ရဟန်းသံဃာ ၄ သိန်းခန့် စောင့်ရှောက်နေသည့် မြန်မာနိုင်ငံအတွင်းရှိ မွတ်စလင်များက အတုယူလုပ်လိမ့်မည်ဟု ထင်ပြီး အပြင်းအထန် နှိပ်ကွပ်ရန် ကြိုးစားခြင်းသည် မဖြစ်သေးသည့် အရေးအခင်းအား မဖြစ်ဖြစ်အောင် ဆွ သကဲ့သို့ အန္တရာယ်များလှပါသည်။

 

ပြည်တွင်းရှိမွတ်စလင်များသည် ငါတို့အား ဗုဒ္ဓဘာသာဝင်များက မတရားငြင်းဆဲနေသည်ဟု ယူဆလျှင်သော်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်များက မွတ်စလင်များသည် ငါတို့အလစ်၌ လည်ပင်းကိုလှီးလိမ့်မည်ဟု လည်းကောင်း အပြင်းအထန်ယုံကြည်လာသောတစ်နေ့ တစ်တိုင်းပြည်လုံးပြာကျရန်သာရှိတော့သည်။

 

ထိုကဲ့သို့သောအဖြစ်မျိုးကိုရှောင်လွှဲရန်နည်းလမ်းမှာ ရန်မီးပွားစေမည့် အပြုအမူ၊ အပြောအဆိုများကို ရှောင်ကြဉ်ပြီး မြန်မာနိုင်ငံတွင်ရှိနေသည့် ဥပဒေ ကို အားကိုးလောက်စရာအဖြစ်သို့ရောက်အောင် ကြိုးစားရန်သာရှိပါသည်။

 

မြန်မာတွေဆင်းရဲလို့ ဘာသာခြားများ အနိုင်ကျင့်ခြင်းကို ခံရလျှင် မြန်မာတွေ ချမ်းသာအောင် လုပ်ဖို့ နည်းလမ်းရှာရန်သာဖြစ်သည်။
မြန်မာမိန်းကလေးများက ဘာသာခြားများကို အထင်ကြီးပြီးလက်ထက်နေကြလျှင် မြန်မာအမျိုးသားများကိုယ်တိုင် အားကိုးလောက်စရာအဆင့်ရောက်အောင် ကြိုးစားရန်သာဖြစ်သည်။
ဗုဒ္ဓဘာသာအခြေံအားနည်းသောကြောင့် ဘာသာပြောင်းကြလျှင် အခြေခံကောင်းအောင် ရဟန်း၊ သံဃာတော်များက စီမံကိန်းများချပြီး နည်းလမ်းတစ်မျိုးဖြင့် ဟောပြောရန်သာဖြစ်ပါသည်။
မြန်မာလူမျိုးအဖြစ်ကို ဂုဏ်နိမ့်သည်ဟု ထင်လာကြလျှင် အစဉ်အလာကောင်းခဲ့သော မြန်မာတို့၏ ကောင်းမြတ်သော အရည်အချင်းများကို အားကျလာအောင်ဟောပြောစည်းရုံးခြင်းအလုပ်ကို များများလုပ်ရန်သာဖြစ်ပါသည်။

သေသေချာချာပြောလိုသည်မှာ ဘာသာခြားများ၏ စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရုံဖြင့် မြန်မာတို့ချမ်းသာလာမည်မဟုတ်၊
ဘာသာခြားမုန်းတီးရေးတရားများဟောနေရုံဖြင့် မြန်မာတို့၏ ကိုယ့်ကျင့်တရားများ တိုးတက်လာမည်မဟုတ် ဟူ၍သာ။

13 comments

  • ကေဇီ

    June 8, 2014 at 10:06 am

    Thank you Bro.
    I will be back. 🙂

  • black chaw

    June 8, 2014 at 10:42 am

    ကျေးဇူး ပါ ကိုကြီးမိုင်းရေ…။
    အေးအေးဆေးဆေး ဖတ်ပြီးမှ နောက်တစ်ကြိမ်ပြန်လာခဲ့ပါ့မယ်ဗျာ…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။

  • ဦးကြောင်ကြီး

    June 8, 2014 at 12:06 pm

    အမျိူ းလေးပါးဆိုတာ တကယ်ရှိသဗျ ။ ခေတ်ပြောင်းသွားလို့သာ မရှိတော့ ထင်ရပေမဲ့ စစ်စစ်ပေါက်ပေါက် တွေးကြည့်လျင် နေရာဒိုင်းမှာ အဲဒီသဘောချည်းပဲ။ အမြင့်ဆုံး ကမာ္ဘ့နိုင်ငံရေးမှာတောင် ယူအက်စ်သည် မင်းမျိုး၊ အီးယူသည် မူးမတ်များ အစ္စရေးသည် စစ်သူကြီး၊ အရှေ့အလယ်ဗိုင်း ရေနံသဌေးတွေသည် သူဌေးမျို း ဂျပန်၊ကိုရီးယား၊ စင်ကာပူ၊ ဘရာဇီး ကုန်သည်မျိုး၊ မြန်တျန့်အပါဝင် ကျန်နိုင်ငံများကတော့ နင်းပြား ဆင်းရဲသားတွေပေါ့ဗျာ။ ကိုယ့်ပတ်ဝန်းကျင်မှာ အလုပ်မှာ ဒီလိုပဲ မြင်လို့ရသယ်။ ဂဇက်ရွာထဲမှာတောင် သဂျီးဇုတ်ရှိဒယ်၊ မူးမတ်လို့ ပေါလို့ရဒဲ့ ဖတ်ရွဲ့အဖွဲ့ ရှိလယ်။ ကုန်သည် ဆိုနိုင်တဲ့ အလှူ ခံတွေရှိသယ်၊ ဘေးထိုင်ဘိုင်ကျ ဘုတောတဲ့ အဖျက်သမား တရုတ်သဗုံ ကြေးမုံဂျီးလို ကူမြူ နစ်ကေဒါဒွေရှိတယ်၊ သူများယောင်လိုက်ယောင် သူများဆဲလိုက်ဆဲ ဝေလေလေ ရွာသားတွေရှိယယ်။

  • မိမိ အတွင် း စိ တ်က ယုံ ကြည် မူ့ ခိုင် မာ လျင်

    မည့် သည့် အကြောင်းနှင့် မျှ ပြောင်းလဲ ရ န် မ ရှိ

  • kai

    June 8, 2014 at 3:59 pm

    အောက်ကလင့်ခ်ကကူးယူတာပါဗျို့…

    https://www.facebook.com/mgthitsarnotes?hc_location=timeline

    ========
    သီတဂူဆရာတော်ကြီးရဲ့မျက်စိခွဲစိတ်ကုသမှုအောင်မြင်ပြီးစီး

    သီတဂူဆရာတော်ကြီးသည် ညာဘက်မျက်လုံး အနီးအဝေး မမြင်သည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သည်။ ၂၀၁၃ နိုဝင်ဘာလ ၂၄ရက်နေ့က နီပေါလ်နိုင်ငံ လုမ္ဗိနီဒေသ ဗုဒ္ဓဘာသာအမွေနှစ်များ ထိမ်းသိန်းစောင့်ရှောက်ရေးအတွက် အကြိုညှိနှိုင်းအစည်းဝေးကြွခဲ့သည်။ အပူချိန် ၄ဝအထိရှိသည့် လုမ္ဗိနီဒေသ ဖိနပ်မစီးရသတ်မှတ်ထားသော နေရာများတွင် ဖိနပ်မစီးဘဲ တော်တော်ကြာ လမ်းလျှောက်ခဲ့ပြီး ဟိုတယ်အပြန် ရေချိုးလိုက်သောအခါ ဘယ်ဘက်မျက်စိပါ အလင်းမရ ဖြစ်ခဲ့သည်။

    ထို့နောက်တွင် နီပေါလ်နိုင်ငံမှ ဩစတေးလျနိုင်ငံသို့ သီတဂူသံဃာများနှင့်အတူ သိမ်သမုတ်ပွဲ ကြွခဲ့သည်။

    ဩစတေးလျမှ အင်္ဂလန်နိုင်ငံသို့ အစည်းအဝေးတစ်ခု တက်ရောက်ရန် ရောက်ရှိနေခိုက် အင်္ဂလန်နိုင်ငံရှိ တပည့်များဖြစ်ကြသည့် ဒေါက်တာသိန်းမြင့်၊ ဒေါက်တာကိုကို၊ ဒေါက်တာကျော်မြင့်ဦး တို့နှင့် မျက်စိကိစ္စ တိုင်ပင် ဖြစ်ခဲ့သည်။
    တပည့်ဆရာဝန်များ၏ အကြံပေးချက်အရ စစ်ကိုင်းသီတဂူအာယုဒါန ဆေးရုံတော်ကြီးတွင် လုပ်အားပေးခဲ့ဖူးသော တန်ဇားနီးယားနိုင်ငံဖွား၊ ပါကစ္စတန်နိုင်ငံသား ဆေးရုံပိုင်ရှင်ဖြစ်သော DR. Sheraz Daya နှင့်ပြသဖြစ်ခဲ့သည်။ ကြုံတုန်းကြုံခိုက် အခြေနေလည်းပေးသဖြင့် ခွဲစိတ်ကုသသွားပါရန် အကြံပြုကြသည့်အတိုင်း ဆရာတော်ဘုရားမှ ၄-၆-၂၀၁၄ တွင် မျက်စိနှစ်ဖက်လုံး ခွဲစိတ်ကုသမှု ခံယူတော်မူခဲ့သည်။

    ယခုအခါ မျက်မှန်မပါဘဲ အဝေးကြည့်ကို ကောင်းစွာမြင်နိုင်သည်။ အနီးကြည့်ကိုတော့ နောက်နှစ်ရက်တွင် ကောင်းစွာမြင်နိုင်မည်။
    ကုန်ကျစရိတ် စတာလင်ပေါင် (၁၀၀၀၀) တစ်သောင်းကျော် အားလုံးကိုလည်း ထိုဆေးရုံပိုင်ရှင် ဆရာဝန်ကြီးမှ လှူဒါန်းခဲ့သည်။
    ဆရာတော်ကြီးသည် ယခုအခါ ကျန်းမာရေးရော မျက်လုံးနှစ်ဖက်ပါ ကျန်းကျန်းမာမာရှိပါကြောင်း စိတ်ပူကြသည့် တပည့်များအား အသိပေးပါသည်။

    Credit : သီတဂူစတား

    ဆေးရုံပိုင်ရှင် ဒေါက်တာ Sheraz Daya နှင့်ဆရာတော်ကြီး
    သီတဂူစတား
    >>>>>
    နောက်ဆက်တွဲသတင်း
    ———————–
    ဆက်လက်စုံစမ်းကြည့်တဲ့အခါ အဆိုပါ ဒေါက်တာ Sheraz Daya ဟာ အစ်စလမ်ဘာသာဝင် မွတ်စလင်တစ်ယောက်ဖြစ်ပြီး ယခုနှစ် ၂၀၁၄မှာ ဂုဏ်ထူးဆောင် ဗြိတိန်မွတ်စလင်ဆုအတွက် ဇကာတင်စာရင်းထဲထိ ပါဝင်ခဲ့သူဖြစ်ကြောင်း ခိုင်လုံစွာ စုံစမ်းသိရှိရပါတယ်။

    ဂုဏ်ထူးဆောင် ဗြိတိန်မွတ်စလင်ဆု ၂၀၁၄ စာရင်း ကို ကြည့်ရှုဖို့ လင့် >>>http://www.thediversityawards.info/britishmuslim/archive-2014/

  • ဦးဦးပါလေရာ

    June 8, 2014 at 4:46 pm

    .မျိုးစောင့်ဥပဒေဆိုတာကတော့ သေသေချာချာမလေ့လာရသေးလို့-
    .ပြီးတော့ ဟိုးတစ်လောက ဘုန်းကြီးတွေဆွဲတဲ့ ဥပဒေနဲ့
    .အခု လွှတ်တော်က အစိုးရအဖွဲ့ဆီ လက်ဖျားနဲ့မထိ (ဘာစော်နံမှန်းနမ်းတောင်မကြည့်)ပဲ
    . ဘော်လီဘောပြန်ပုတ်တဲ့ဥပဒေကြမ်းနဲ့လဲ မတူဘူးလို့ဆိုပါတယ်-
    .ဒါကြောင့် အဲဒါလေးကို ထည့်မပြောသေးပဲ …………

    .ကျုပ်တို့ဗုဒ္ဓဘာသာမှာတော့
    .လူကို ဘယ်လိုဗိုက်ကမွေးတယ်ဆိုတာနဲ့မခွဲပဲ
    .ဘယ်လိုအကျင့်သီလရှိတယ် ဆိုတာနဲ့ပဲ ခွဲခြားပါတယ်…

    .လက်ရှိမှာ တစ်စုံတစ်ယောက်ကြောင့်နစ်နာရသူရှိရင် နစ်နာအောင်ပြုသူကိုသာ ပုဂ္ဂိုလ်အလိုက် တစ်ဦးချင်းအလိုက် အပြစ်ဆို .အပြစ်ပေးရမှာဖြစ်ပါတယ်။ အဲဒါသာလျှင် တရားလမ်းကြောင်းဖြစ်ပါတယ်။
    .အဲသလို မလုပ်နိုင်သေးဘူးလား – မဖြစ်မနေ (မဖြစ်မနေ) လုပ်နိုင်အောင်လုပ်ရမှာဖြစ်ပါတယ်။
    .အဲသည်နေရာမှာ ဝိုင်းဝန်းကူညီ စည်းလုံးညီညွတ်ကြရမှာ၊ ရဲရင့်တက်ကြွကြရမှာဖြစ်ပါတယ်။
    .ကြွက်မနိုင်- ကျီ မီးနဲ့ရှို့တယ်ဆိုတာ မျိုးကတော့
    .အရည်အချင်းမရှိ အသုံးမကျသူတွေရဲ့ ရမ်းကားမှု့မျိုးဖြစ်ပါတယ်…။

    .နောက်ဆုံးပြောရရင်-
    .လူဆိုတာ လျှောက်ခွဲရင်သာ တစ်ရာ့တစ်မျိုး မဆုံးစတမ်းဖြစ်နေတာ
    .တကယ်စေ့စေ့ တွေးကြည့်ရင်
    .တစ်မျိုးပဲ ရှိတယ်…
    .လူဆိုတာ-
    .ကမ္ဘာပေါ်က သက်ရှိမျိုးစိတ်များစွာတွေထဲက လူ လူမျိုး ဖြစ်တယ်….။
    .အစားကြီးတဲ့ အသုံးအဖြုံးကြီးတဲ့ ရန်လိုတဲ့ အဖျက်စွမ်းအားကြီးတဲ့ အန္တရယ်များသော မျိုးစိတ်တစ်ခုသာဖြစ်တယ်။
    .အချင်းချင်း လှည့်ကိုက်ရင်းနဲ့ဖြစ်ဖြစ်
    .တခြား ……
    .ကမ္ဘာကြီးပူလာတာတို့ ၊ .သံလိုက်စက်ကွင်းအားပျော့သွားတာတို့၊ ရေချိုရှားပါးလာတာတို့၊ လောင်စာမလောက်ငှတော့တာတို့၊ ရေပူရေအေးစီးကြောင်း ပြောင်းသွားတာတို့ ….
    .ဘာတို့…..ညာတို့……. တွေကြောင့်ဖြစ်ဖြစ်

    .အဲသည် လူ လူမျိုး လေး ပျောက်မသွားအောင်လဲ စဉ်းစားကြပါစေကြောင်း…….

  • အရီးခင်

    June 9, 2014 at 1:27 am

    {ဘာသာခြားမုန်းတီးရေးတရားများဟောနေရုံဖြင့် မြန်မာတို့၏ ကိုယ့်ကျင့်တရားများ တိုးတက်လာမည်မဟုတ် ဟူ၍သာ။}
    အဲဒါလေး အတော်သဘောကျပါတယ်။
    ဘာသာရေး မှာ ငရဲကြီးမှာစိုးလို့ သီလစောင့်နေရတာထက် ကိုယ့် ကိုယ်ကျင့်တရား အတွက် စောင့်ထိန်းသင့်တာစောင့်ထိန်း တာက ပိုပြီး ခိုင်မြဲ တည်ကြည်ပါတယ်။
    ဗုဒ္ဓဘာသာမှာတော့ သံသရာပြတ်လမ်းလုပ်မှသာ ဘုရားစကားနားထောင်တယ်ခေါ်နိုင်မလားဘဲ။
    မဟုတ်ဘဲ သံသရာရှည်လမ်း လိုက်နေမိရင်လဲ ဘာသာရေး ကို ခုတုံး လုပ်မနေသင့်ဘူး။
    ဘယ်သူ့ကိုဖြစ်ဖြစ် မုဒိတာမထားနိုင်ဘဲ ဒေါသစိတ်သင့်နေမှတော့ သံသရာပါတ်နေမှာမို့ ဒေါသစိတ်နဲ့ ဘာသာရေးလုပ်နေသူတွေ ဟာ တကယ်တော့ ဘာသာကို စော်ကားနေသူတွေလို့ တောင်ပြောနိုင်မလားဘဲ။
    ရွာထဲ ဝင်လာပြီး ပြန်မတွက်ဘဲ စာတွေ ဆက်တင်နေလို့ ကျေးဇူးပါရှင့်။
    ကိုကြီးမိုင်း စာတွေ မပြတ်ဆက်ဖတ်နေရမယ်လို့ မျှော်လင့်ပါတယ်။ :-)))

  • alinsett (gazette)

    June 9, 2014 at 7:01 am

    ကိုဂျီးမိုင်းရဲ့ သဘောကို ဖတ်မိပြီး ပြုံးမိတယ်ဗျ
    သဘောထားမျှမျှတတနဲ့ မြင်တတ် တွေးတတ်တာလေးလည်း အားကျမိပါတယ်။
    ကျွန်တော်တော့ . . .
    ဒီလူမျိုးရေး ဘာသာရေး ကိစ္စတွေကို
    အကြမ်းမဖက်သောနည်းတွေနဲ့ ပြီးသွားစေချင်တာပါပဲ။
    ငြိမ်းချမ်းရေးဆိုတာ တစ်ယောက်ချင်းစီက စပြီး တစ်စုတဖွဲ့အထိ
    ပေါင်းစည်းဖော်ဆောင်မှ ရမှာမို့ . . .
    အားလုံးသော အတူနေပြည်သူတွေ. . .
    ဒီလို သဘောထားမျှတသင့်လျော်တဲ့အတွေးတွေ ရစေချင်ပါတယ်

  • kyeemite

    June 9, 2014 at 10:35 am

    “သေသေချာချာပြောလိုသည်မှာ ဘာသာခြားများ၏ စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရုံဖြင့် မြန်မာတို့ချမ်းသာလာမည်မဟုတ်၊
    ဘာသာခြားမုန်းတီးရေးတရားများဟောနေရုံဖြင့် မြန်မာတို့၏ ကိုယ့်ကျင့်တရားများ တိုးတက်လာမည်မဟုတ် ဟူ၍သာ။”

    kogyi mind ရဲ့ နောက်ဆုံးနိဂုံး ချုပ်လေးကအမှန်တရားပါ
    မိမိတို့ဘာသာ တိုးတက်ပြန့်ပွားအောင်လုပ်
    မိမိဘာသာသာသနာကို အထင်ကြီးလေးစားလာအောင်လုပ်
    ရဟန်းသံဃာထုကို အထင်အမြင်သေးစေအောင်ပြုမူကျင့်ကြံနေသူ ရဟန်းယောင်များကိုအရေးယူ
    နဂိုမူလကပင် လူတန်းစားမခွဲ မေတ္တာထားတတ်သောအကျင့်ကောင်းကို ကိုယ်တိုင်လည်းကျင့်
    ပြည်သူတွေကိုလည်း ဟောပြောညွှန်ပြ..ဒီလိုလုပ်ရမှာပါ
    ယုံကြည်မှုနဲ့ ထိန်းသိမ်းကြရမှာကို
    ဥပဒေနဲ့ ထိန်းဖို့လုပ်တာတော့…အင်း…တလွဲလို့ပဲ ကျုပ်ယူဆပါတယ်

  • Mr. MarGa

    June 9, 2014 at 12:52 pm

    သဘူတောပါတယ်။
    အမုန်းတရား အကြောက်တရားတွေနဲ့ ဆက်သွားနေရင် ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး
    ဘယ်အရာမဆို တစ်ဖက်စွန်းကိုရောက်သွားရင် ပျက်စီးဖို့ လမ်းစပါပဲ
    ဘာသာခြား မုန်းတီးရေး တရားဟောနေမယ့်အစား ကိုယ့်လူမျိုးတွေကို ဒီထက်သာအောင် ဘယ်လိုလုပ်ပေးနိုင်မလဲ ဘယ်လို အသိတွေပေးနိုင်မလဲ ဆိုတာကို ပိုတွေးသင့်တယ်လို့ မြင်ပါကြောင်း
    သူများကို ထိုင်ကြည့် အပြစ်ပြောနေမယ့်အစား ကိုယ်တိုုင်က သူတို့ထက်မသာတောင် သူတို့လိုဖြစ်အောင်ပဲဖြစ်ဖြစ် လိုက် လုပ်လိုက်တာ ပိုကောင်းတယ်လို့ မြင်ပါကြောင်းး

    ဆိုတော့ အပြောကိုလျှော့ကာ အလုပ်နဲ့ သက်သေပြဖို့က ပိုအရေးကြီးတယ် လို့သာ….

  • ကေဇီ

    June 10, 2014 at 1:42 pm

    ခေတ် အဆက်ဆက် အကြောက်တရားနဲ့ ထိန်းချုပ်လာခဲ့တာဆိုတော့
    လွတ်ပြီ ထင်ရင် သူများထက် ပိုလွတ်တတ်သလို
    အကြောက်တရားနဲ့ ထိန်းတာသာ မြဲတယ်လို့ အတွေးမျိုးရှိသရွေ့ လွတ်လပ်မျှတ လုံခြုံတဲ့ နိုင်ငံမဖြစ်နိုင်ဘူး ထင်ပါရဲ့။

    :hint:

  • black chaw

    June 10, 2014 at 1:59 pm

    တစ်စိုက်မတ်မတ် တဖြေးဖြေးချင်း ယူရမယ့်အရာတွေမှာ
    မြန်မာတွေက အားနည်းပါတယ်…။ (ကျွန်တော်က ရှေ့ဆုံးကပေါ့…။)
    အခု မျိုးစောင့်ဥပဒေ ဆိုတာ ဥပဒေတစ်ခုပြဌာန်းပြီး
    ထိန်းသိမ်းရမယ့်အရာတွေ မဟုတ်ဘူးလို့ထင်ပါတယ်…။
    ကိုယ့် နီးစပ်ရာ အသိုင်းအဝိုင်းထဲမှာ တစ်စိုက်မတ်မတ် တဖြေးဖြေးချင်း
    လုပ်ယူလို့ ရနိုင်တဲ့ အရာမျိုးတွေလို့ ထင်မိပါတယ်ဗျာ…။

  • Paing Lay

    June 10, 2014 at 2:30 pm

    အနော်တို့ဆီက သာကီဝင်အမျိုးအနွယ်တွေက အခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့ လက်ငင်းအကျိုးကို လိုချင်ရင်တစ်မျိုး မလိုချင်ရင်တစ်မျိုးနဲ့ တယ်ခက်ပါလားညော် :buu:

Leave a Reply