” စမ်းချောင်းရေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်”

 

နေရာသည်က ညစဉ်အလွန်စည်ကားသော ဘီယာနှင့်အကင်ဆိုင်တစ်ခုတွင်ဖြစ်လေသည်။

” လေးလေး ထီလေးအားပေးပါအုံး ”

” လေးလေး ထီလေးအားပေးပါအုံး ”

” လေးလေး ထီလေးအားပေးပါအုံး ”

” လေးလေး ထီလေးအားပေးပါအုံး ”

” လေးလေး ထီလေးအားပေးပါအုံး ”

ကလေးတစ်ယောက် လွယ်အိတ်ဟောင်းလေးကို စလွယ်သိုင်းလွယ်ရင် လက်ထဲမှာအောင်ဘာလေထီစောင် တွဲများကိုင်ကာ ကျွန်တော်တို့ဝိုင်းဖွဲ့ထိုင်နေသည် ဘေးတွင် ရေရွတ်နေခြင်းဖြစ်လေသည်

” လေးလေး ထီလေးအားပေးပါအုံး ”

” ဟာကွာ ဒီမှာလူကြီးတွေ စကားပြောနေတာ မင်းကတစ်မှောက် သွား သွား အခြားနေရာ သွားရောင်းခြေကွာ”

” ဆယ်စောင်တွဲတစ်ခုလောက်ဖြစ်ဖြစ် အားပေးပါလား လေးလေးရာ”

” ဒီကောင် ပြေနေတာ နားမပါဘူးလား ဒီမှာစကားပြောနေတယ် အခြားနေရာသွားရောင်းဆိုတာ”

ဒါနဲ့ ကလေးလည်း မျက်နှာငယ်လေးနဲ့ ကျွန်တော်တို့စားပွဲဝိုင်းက ထွက်သွားတော့

“ကိုအောင်ကလည်း သူလည်း ရောင်းချင်လို့ပြောတဲ့ဉ္စာကို”

“ရောင်းချင်လို့ပြောတာ လက်ခံပါတယ် ဒါပေမယ့် ဒီမှာက စီးပွားရေးအကြောင်း ပြောဆိုနေတာလေဗျာ”

“သူလည်း စီးပွားရေးအတွက် လာရောင်းတာမဟုတ်ဘူးလားဗျာ”

“သူတို့စီးပွာရှာတာ ထောင်ဂဏန်းလောက်ပါဗျာ ကြီးပွားမဲ့ဟာမှမဟုတ်တာ ဒီမှာက သောင်းနဲ့သိန်းနဲ့ချီပြီး ရမယ့်ကိစ္စပြောနေတာ ခင်ဗျနဲ့ပြောရတာနဲ့တင် ခုနစကားဘယ်ရောက်သွားမှန်းမသိဘူး”…………… ဆိုပြီး ခုနပြောလက်စ မြေအရောင်းအ၀ယ်ကိစ္စကို ကျွန်တော်မိတ်ဆွေတွေ ဆက်ပြောကြငြင်းနေတဲ့အချိန်မှာ ကျွန်တော်ကတော့ ခုနကလေးဘယ်များရောက်သွားလည်း ဟိုဟိုဒီဒီကြည့်မိတော့ ဆိုင်ရဲ့ထောင့်တစ်ခုက စားသောက်သူဧည့်သည်မရှိတဲ့ စားပွဲနားမှ မတ်တပ်ရပ်လျှက် ဆိုင်ထဲနောက်ဝင်လာမည့် ဧည့်သည်အသစ်ကို မျှော်လင့်သည်ဟန်အကြည့်နဲ့ လမ်းမဆီငေးနေတာတွေ့လိုက်ရင်ဘဲ

” ကျွန်တော်ဟိုဘက်ခဏသွားအုံးမယ်” ဆိုကာ ခုနကလေးရပ်နေတဲ့ စားပွဲနားကို ဘီယာခွက်ကိုင်ရင်း ရွှေ့ခဲ့ကာ

“ချာတိတ် အခုထီဘယ်နှစ်တွဲ ရောင်းပြီးပြီလဲ”

“ငါးတွဲဘဲ ရောင်းရသေးတယ်ဗျ လေးလေးရော အားပေးပါအုံးလား”

“အေး ငါအားပေးမလို့ဒီရွှေ့လာတာ မင်းကြိုက်တဲ့ ဆယ်စောင်တွဲ နှစ်တွဲရွှေးလိုက်ကွာ”

“ဘယ်နံပါတ်ဖြစ်ဖြစ် ရလားလေးလေး”

“ရတယ်ဘယ်နံပါတ်ဖြစ်ဖြစ် ဒါနဲ့ ဆယ်စောင်တွဲတစ်တွဲဘယ်လောက်တုန်းကွ”

“၃၃၀၀ ပါလေးလေး”

“ဟ ဆိုင်တွေမှာ ၃၀၀၀ ပါကွ မင်းက ဘာလို့ ၃၃၀၀ ဖြစ်ရတာလဲ”

“ဟုတ်ပါတယ်လေးလေး ဆိုင်ကြီးတွေမှာက တစ်တွဲ ၃၀၀၀ပါ အဲဒီကနေ ကျွန်တော်တို့က ၃၀၀၀ နဲ့ယူပြီး အခုလို ၃၃၀၀ နဲ့လိုက်ရောင်းရတော့ ပိုတဲ့ ၃၀၀ က ကျွန်တော်တို့ရတာပါ”

“သြော် အဲလိုလား ဒါနဲ့ ညဖက်က ဒီဘီယာဆိုင်တွေလိုက်ရောင်းတာတော့ဟုတ်ပါပြီ နေ့ခင်းကျတော့ ဘယ်မှာ သွားရောင်းသလဲ”

“နေ့ခင်း အရင်လတွေက ရေခဲချောင်းလိုက်ရောင်းတယ် အခုကျောင်းပြန်ဖွင့်တော့ နေ့ခင်းကျောင်းတက်ရလို့ ဈေးမရောင်းဖြစ်ဘူးဗျ မနက်တော့ ကျောင်းမုန့်ဈေးတန်းမှာ အမေနဲပအတူ ကြာဇံကြော်သုတ် ခေါက်ဆွဲကြော် သုတ်ကူရောင်းတယ်လေ”

“ဒါဆို မင်းက တယ်အလုပ်လုပ်တာကို မိဘကိုလည်းကူညီတော့ လိမ္မာတာပေါ့ လေးလေးကိုပြောပြပါလား မင်းတစ်နေ့တာ လုပ်ရတာတွေကို”

“ဟုတ်ပြောပြပေးပါ့အခု လေးလေးအမည်နဲ့ ဖုန်းနံပါတ်လေးပြောပေးပါလား ကျွန်တော်စာအုပ်ထဲမှတ်မလို့”

ဆိုတာနဲ့ အမည် ခင်ခ ဖုန်းနံပါတ်က ၄xxxxxxxx လို့ရွတ်ပေးလိုက်တော့ ထီမှတ်တမ်းစာအုပ်လေးထဲ မှတ်ရေးလေရဲ့ ပြီးတော့ သိန်း ၁၅၀၀ ဆုကြီးပေါက်ပါစေ ဆိုပြီးထီလက်မှတ်လေး လက်နှစ်ဖက်နဲ့ပေးလေရဲ့

“ဟုတ်ပါပြီ ထီပေါက်ရင်အကြောင်းကြားနော် မုန့်ဖိုးပေးမယ် ပြောတာပြောရတယ် ထီကောတိုက်ရဲ့လား”

“တိုက်ပါတယ် လေးလေးရ အဲဒါကြောင့် ဖုန်းနံပါတ်ရေးယူထားတာလေ ကျွန်တော်ဆီမှာ သိန် ၅၀ ဆုတစ်ခါ ၁ သိန်းဆု နှစ်ခါ ပေါက်ဖူးတယ် သိန်း ၅၀ ဆုပေါက်တဲ့ ဦးကြီးကဆို ကျွန်တော်ကို မုန့်ဖိုးဆိုပြီး ၂ သိန်းပေးသွားလို့ အဲဒါလေးရင်းပြီး ကျောင်းမှာ အမေဈေးထွက်နိုင်တာပေါ့ဗျာ”

“ကဲ ဒါဆို ဆိုစမ်းပါအုံးမင်းရဲ့ တစ်နေ့သာအလုပ်တွေ မင်းတစ်ခုခုစားပါလား ကြိုက်တာမှာလေး လေးလေး ကျွေးပါ့မယ်”

“ကျေးဇူးတင်ပါတယ်လေးလေးရယ် မစားတော့ပါဘူး အိမ်ပြန်ရောက်မှဘဲစားတော့မယ် အမေက ပြောတယ် ၀မ်းဆိုတာ အချိန်မတိုင်မှီ အကျင့်မလုပ်နဲ့ ဒုက္ခပေးတတ်တယ်တဲ့”

သူတို့ဘ၀ သူတို့ဝင်ငွေ သူတို့အခြေအနေနဲ့ နေတတ်သုံးတတ်အောင် ချင့်ချိန်စေတဲ့ ဘ၀အသိ၏ ဆုံးမစကား ပါလားလို့ တွေးမိသွားတယ် ပြီးတော့သူစက်ပြောတဲ့စကားကို နားစွင့်လိုက်တယ်

” လေးလေးက မနက် ၄နာရီခွဲဆို အမေနဲ့ အမက အိပ်ယာကထပြီး မနက်ဈေးရောင်းဖို့ ကြော်ရချက်ရ စီစဉ်ကြတာပေါ့ အဲဒါဆို ခဏနေ ကျွန်တော်လည်းနိုးလာပြီး ကျွန်တော်ကတော့ မျက်နှာသစ် စာကျက်တာပေါ့ မနက် ၇ နာရီခွဲလောက်ဆို ရေးချိုးကျောင်းအ၀တ်အစားလဲပြီး အမေနဲ့အတူကျောင်းသွားပြီး ဈေးရောင်းဖို့ ခင်းပေးကာအမေနဲ့နှစ်ယောက်ဈေးရောင်းရတာပေါ့”

“အဲလိုကျောင်းမှာ မင်းဈေးရောင်းတော့ သူငယ်ချင်းတွေနဲ့ မရှက်ဖူးလား”

“အား လေးလေးကလည်း မရှက်ပါဘူး သူများပစ္စည်းခိုးတာမှမဟုတ်တာ သူငယ်ချင်းတွေကတောင် ဖိုးသခွား ကြာဇံသုတ်စားမယ်ဆိုပြီး လာလာပြီးအားပေးကြသေးတယ် တစ်ချို့ဆို ကူတောင်ပုဂံဆေးပေးကြသေး တာဗျ”

” အင်း ဆက်ပါအုံး”

” ကျောင်းတက်ခေါင်းလောင်းမထိုးခင် ကုန်တဲ့အခါ သိမ်းစဲပြီးအမေပြန်တယ် တစ်ခါတလေ မကုန်သေးရင်တော့ ကျောင်းတက်ခေါင်းလောင်းထိုးရင် ကျွန်တော်က အတန်းထဲကိုပြေးပေါ့ အမေကတော့ ၁၀နာရီ၁၅ မုန့်စား ဆင်းချိန်ကို အမေကျန်တာဆက်ရောင်းပြီးမှပြန်တယ်လေ၊ ညနေကျောင်းဆင်းရင် ကျောင်းလွယ်အိတ် အိမ်မှာ ချ အိမ်စာပါရင် ခဏလုပ်ပြီး ညနေ ၆ နာရီဆို ဒီစားသောက်ဆိုင်တန်းကို အခုလို ထီလာရောင်းဖို့ ထီဆိုင်မှာ ထီလက်မှတ်ဝင်ယူပြီး လိုက်ရောင်းပေါ့ဗျာ”

“ခုန မင်း အမ ရှိတယ်ပြောတယ် သူကရော မင်းနဲ့အတူတူကျောင်းမတက်ဘူးလာ”

” မိန်းခလေးက စာဖတ်တတ်ရင် ပေါင်းနုတ်မြှောက်စားရရင် တော်ပြီဆိုပြီး ၅ တန်းအောင်ပြီးကျောင်းဆက် မတက်တော့ဘူးလေ သူက မနက် ၇ နာရီဆို စက်ဘီးနဲ့ ဆပ်ပြာစက်ရုံသွားတယ်ဗျ”

“မင်းတို့ မိသားစု ၃ ယောက်ဘဲပေါ့ အဖေကရော”

“အဖေက ကျွန်တော် ၄ တန်းထဲက ဖားကန့်မှာ အလုပ်သွားလုပ်တာ ခုထိပြန်မလားဘူးဗျ”

” အခု မင်းက ဘယ်နှစ်တန်းလဲ”

” ၆ တန်း တက်နေတာပါ”

အဲဒီအချိန်မှာဘဲ ဆိုင်ထဲကို စားသောက်မည့်သူ လေးငါးယောက်လောက်ရောက်လာပြီး စားပွဲမှာထိုင်တာလှမ်း တွေ့တော့

” လေးလေး ကျွန်တော်သွားရောင်းလိုက်အုံးမယ်”

ဆိုပြီး နုတ်ဆက်ကာထွက်သွားတာကို လှမ်းကြည့်ရင်း ခုနကျွန်တော့်မိတ်ဆွေ ပြောတဲ့စကားထဲက “သူတို့စီးပွာ ရှာတာ ထောင်ဂဏန်းလောက်ပါဗျာ” ဆိုပေမယ့်လည်း သူတို့အတွက်တော့ ထို ထောင်ဂဏန်းလောက် ရှာတာ ပင် နဖူးကချွေး ခြေမကျမတတ်မို့ သူ့အခြေနေ သူ့စွမ်းဆောင်ရည်အရ ဘ၀ကို အရှုံးမပေး ရှိသမျှအားမာန် အပြည့်နဲ့ စွမ်းဆောင်နေသူတွေပင် ဖြစ်ပေတော့သတည်း လို့သာကောက်ချက်ချရင်း

မြစ်ပြင်ကျယ်လည်း သူလှိုင်းယက်နှင့် သိုင်းကွက်နှင့်

စမ်ချောင်းရေလည်း သူ့ချောင်းရေနှင့်လောင်းလှေနှင့်…………..ဟုသာ ငယ်ငယ်တုန်းက ကျက်ဖူးသော ကဗျာတစ်ပိုဒ်ကို ရေရွတ်မိရင်း ဘီယာတစ်တမော့ မော့မိလေတော့သည်။

 

 

ခင်ခ။

 

 

 

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..