လူဆိုး၊ လူမိုက်ကြီး ရဲ့ သမီးလေး ဖတ်ဖို့ – Ask me why :-)

မြစပဲရိုးJune 11, 20141min33436

proud

ဒီနေ့ အင်မတန်ခင်မင်ရတဲ့ လူဆိုးကြီး လူမိုက်ကြီး တစ်ယောက် ဆီက မွှေးပြန့်တဲ့ သတင်း ရနံ့ လေး ရခဲ့တယ်။

သူ့သမီးလေးအတွက် ဝမ်းသာဂုဏ်ယူမှု တွေနဲ့ ဖုံးနေမဲ့ မျက်နှာ ပြုံးပြုံးကြီး ကို ချက်ခြင်း ပြေးမြင်လိုက်တာ။

ကိုယ်ဆီကိုတောင် သူ့ ရဲ့ ကြည်နူးပျော်ရွှင်မှု တွေ ကူးလာတာမို့ ဖခင်ကြီးရဲ့ ပီတိတွေက အင်အားပါဝါဘယ်လောက်ကြီးလဲ ဆိုတာ သူ့သမီးလေး ကို ပြလိုက်ချင်ရဲ့။

၁ဝတန်းကို ဘာသာစုံ ဂုဏ်ထူး နဲ့ အောင်သူဆိုတာ လက်ချိုး ရေလို့ ရတဲ့ အထဲ ပါခဲ့တဲ့ သူ့သမီးလေး ကို ရွာ့အရီး ကလဲ ဂုဏ်ယူကြောင်း ပြောလိုက်ချင်ရဲ့။

ဒါနဲ့ဘဲ ဒီစာစု ဖြစ်ခဲ့ပါတယ်။

 

တနင်္ဂနွေနေ့က ခရိုနီသူငယ်ချင်းတစ်ယောက် ရဲ့ သူ့သားလေး ဂုဏ်ထူး တစ်ခုဘဲ ပါလို့ စိတ်ပျက်လက်ပျက် ညည်းသံကြားခဲ့တယ်။

ဆရာစုံ ကျူရှင်စုံ ဂိုက်စုံ ဝိုင်းစုံ နဲ့ ရံ ပေးထားလဲ ကလေးရဲ့ လိုချင်မှု နဲ့ ဝီရိယ အားစိုက်မှု မပါရင် မပါသလို အောင်မြင်မှု အနည်းအများ ကွာသွားတာ မြင်လိုက်ရခြင်းပေါ့။

အသေအချာလောင်းကြေးထပ် ပြောရဲ တယ်။

မိတ်ဆွေ လူဆိုးကြီး မှာ သူ့သမီးလေးအတွက် ပညာရေး ကို ခရိုနီသူငယ်ချင်းလောက် အကုန်အကျ များများ မခံနိုင်ခဲ့တာကို။

နောက်ထပ်လောင်းကြေး တစ်ခုလဲ ထပ်ရဲ တယ်။

မိတ်ဆွေကြီး က သူ့သမီးလေးနဲ့ စကားတွေ ပြောနေခဲ့ချိန်တွေ ကို ခရိုနီသူငယ်ချင်းထက် ပိုပြီး များများ အကုန်ခံပြီး သုံးခဲ့တာကိုလေ။

 

သားသမီးလေးတွေကို ပျိုးထောင်မှုနည်းမှန်တဲ့ မိတ်ဆွေကြီး ကို အားကျလို့ မဆုံးပါဘူး။

ဒီလို ဖခင်ကောင်း လူဆိုးကြီး မိတ်ဆွေ ရထားလို့ အတော်လေးလဲ ဂုဏ်ယူမိတယ်။

နောက်ပိုင် နီးစပ်ရာတွေ ကိုလဲ ကြွားနေမဲ့ ကိုယ့်ကိုယ်ကို ကို မြင်လိုက်မိသေး။

အမှန်တော့ ကြွားတာ မဟုတ်ပါဘူး နော။

ဝီရိယ အားစိုက်ထုတ်ပြီး လိုရာကို ရောက်အောင်သွားနိုင် ခဲ့တဲ့ သမီးလေး အတွက် နောက်က အင်ဂျင်ထပ်တပ်ပေးလိုက်တာပါ။

မှတ်တိုင်လှလှလေး တစ်ခု သမီးဘဝ မှာ မြင့်မြင့်လေး စိုက်ထူလိုက်နိုင်ပြီ။

ဒါပေမဲ့ ပန်းတိုင် မရောက်သေးဘူး။

သမီး ဘဝ မှာ ထပ်ပြီး စိုက်ရမဲ့ မိုင်တိုင် တွေ အများကြီး ရှေ့မှာ ရှိနေတယ်။

အဲဒီ ကြားအချိန်တွေမှာ သတိ ဝီရိယ ဉာဏ် ကို ပိုပြီး အင်အား စိုက်ထုတ် နိုင်ဖို့ အင်ဂျင်ပေါ့။

အဲဒီ အင်ဂျင်က အရှိန်ပိုမြှင့် နိုင်ဖို့ပါ။ ဖိအားမဟုတ် တာကိုလဲ သဘောပေါက်စေချင်တယ်။

 

ပြောသာပြောရပါတယ်။

သမီး ဖေဖေ လူဆိုးကြီး က အရီး ထက် ပိုပြီး သိတာပေါ့။

ဒီလို အဖေမျိုး ကို အဖေ တော်ခွင့် ရလိုက်တာ သမီး အင်မတန် ကံကောင်းပါတယ်။

သေချာတာပေါ့။ “ကံ” လေ။

ဘယ်လို အဖေ၊ ဘယ်လို အမေကိုု လိုချင်တယ် လို့ သမီး ရွေးခွင့်မှ မရခဲ့တာလေ။

သဘောက မိဘ ရွေးချယ်မှု ဆိုတာ သမီး စိုက်ထုတ်လို့ ရနိုင်တဲ့ “ဝီရိယ” ရဲ့ ဘောင်က လွတ် နေခဲ့တာလေ။

ဒီဘဝ ထဲမှာတော့ သမီး လုပ်လို့ မရခဲ့ဘူး။

(အရင် ဘဝ တွေ ရှေးရေစက် တွေ မော်တာ တွေ ဆိုတာကိုတော့ ချန်ခဲ့ကြစို့)

အင်္ဂလိပ် စကားတစ်စု ရှိတယ်။

If at first you don’t succeed, blame your parents. တဲ့။

သမီး က အောင်မြင်တော့ ဒါနဲ့ ပြောင်းပြန် ဖေဖေ နဲ့ မေမေ ကို ပထမဆုံး ကျေးဇူးတင် သင့်သပေါ့။

(

တိုးတိုးလေးတော့ ပြောလိုက်မယ် – လူဆိုးကြီး မကြားစေနဲ့၊

“တကယ်တော့ သားသမီး ကို အောင်မြင်အောင် လုပ်ပေးရမှာ မိဘ တာဝန်ဘဲ ကိုး။ ကျေးဇူး ဆိုတာ တင်ချင်လဲတင်၊ မတင်လဲ နေပေါ့။ ရပါ့။

ဒါပေမဲ့ စိတ်ဓာတ်ရေးရာ မြင့်မား သူတွေ ကတော့ သူတစ်ပါး ကျေးဇူး ကို သိတတ်ကြ၊ အလေးထားတတ် ကြပါတယ်။

ကိုယ့်ကို ငယ်ကထဲ က ကျွေးမွေး သုတ်သင် အနွံအတာခံပေးခဲ့ တဲ့ မိဘ ကျေးဇူး ကတော့ တိုင်းမရ တာမို့ ပိုပြီး သိတတ်ကြ၊ အလေးထားတတ်ကြရင်တော့ မင်္ဂတစ်ပါးဘဲပေါ့”

)

 

သမီး တဖြေးဖြေး တွေ့လာပါလိမ့်မယ်။

တစ်ခါ တစ်ခါ “ဉာဏ်” နဲ့ “ဝီရိယ” ပါတိုင်းလဲ ကံ မပါရင် လိုရာ မဖြစ်တဲ့ အဖြစ်တွေ။

ဒါပေမဲ့ ဘယ်လိုအခါဖြစ်ဖြစ် “ဉာဏ်” နဲ့ “ဝီရိယ” – သူတို့ ကို လျှော့မပြစ်လိုက်လေနဲ့။

“ကံ” ဆိုတာကလဲ သူတို့ ၂ခု ရှိမှ ပိုကောင်းနေသလားဘဲ။

ရှုပ်သွားပြီလား။  :-)))

သမီး ဖေဖေ လူဆိုးကြီး ဆက်ရှင်းပေးလိမ့်မယ်။

 

သမီး လေး ဆက်ပြီး စိုက်သွားမဲ့ မိုင်တိုင် လှလှ လေး တွေ ကို အရီး တို့အားလုံး စိတ်ဝင်စားစွာ မျှော်လင့်ချက်ကြီးစွာ ဆက်ကြည့်နေမယ်။

အရီး တို့ အားလုံး မြင်ရအောင်လို့ မြင့်သည်ထက် ပိုပြီး မြင့်မြင့် စိုက်ပေးပါနော်။

စာလုံးလဲ ကြီးပါစေ။

ကြည့်သူတွေထဲ မျက်မှန်ချစ်သူ တွေ အိုကြီးအိုမတွေ အများကြီးမို့ပါ။

 

အရီးတို့ ရဲ့ ဂုဏ်ယူဝင့်ကြွားရဖို့ ကြိုးစားအားထုတ် ခဲ့တဲ့ သမီးလေး ပိုပြီး အောင်မြင်ပါစေ။

လိုရာပန်းတိုင် ကို အောင်မြင်ချောမွေ့စွာ ရောက်ပါစေ။

ပညာအရောင် နဲ့ တစ်သက်လုံး တောက်ပနေပါစေ။

ချစ်ခြင်းတရား နဲ့ ပြုစု ပျိုးထောင်ခဲ့တဲ့ မိဘ ရဲ့ ကျေးဇူး မေတ္တာကို ရိုသေစွာ သိတတ် နားလည်နိုင်သူ ဖြစ်ပါစေ။

အရီးတို့ သမီးအတွက် ဒါထက်ပိုပြီး ဂုဏ်ယူဝင့်ကြွား ရပါစေ။

 

ချစ်ခင်ဂုဏ်ယူဝင့်ကြွားစွာဖြင့်

သမီး ဖေဖေ စင်းဒရဲလား လူဆိုးကြီး ရဲ့ ခင်မင်ရသော

အရီးခင်မုတ်ဆိတ်

မန်းဂဇက်ရွာ :-)))

 

36 comments

  • Ma Ma

    June 12, 2014 at 8:10 am

    ထူးချွန်လိမ္မာတဲ့ သမီးလေးရော
    ထူးချွန်လိမ္မာတဲ့ သမီးကလေး မွေးထုတ်နိုင်တဲ့ ဘရာသာမိုက်မောင်နှံရော
    ထူးချွန်လိမ္မာတဲ့ သမီးကလေးကို အကောင်းဆုံးလက်ဆောင်ပေးလိုက်နိုင်တဲ့ သွေးသောက်ညီအမကိုရော ကွန်ဂရက်ကျူ လေးရှင်းပါ….

    ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားတော့
    နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏….. လို့ ဆိုသလို
    ဂျူနီယာမိုက်ကလေးကိုလည်း မမမိုက် (မလိမ္မာတာ မဟုတ်) ခြေရာနင်းနိုင်အောင် ကြိုးစားပါလို့….. 🙂

  • ခင် ခ

    June 12, 2014 at 8:15 am

    မိဘအရှိန်အဝါကြောင့် သားသမီးတွေ မျက်နှာမငယ်ရဘူးဆိုရင် ထိုမိဘကို သားသမီးများ ကျေးဇူးတင်ထိုက်သလို သားသမီးကြောင့် မိဘမျက်နှာပန်းလှ ဂုဏ်ယူရတဲ့အခါလည်း ထိုသားသမီးကို ကျေးဇူးတင်လိုက်ပါ။ သူ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု သင့်တယ်မဟုတ်လား။

  • kyeemite

    June 12, 2014 at 8:46 am

    ဘာပြောရမှန်းတောင်မသိဘူးဗျာ…
    သမီးကို တစ်စုံတစ်ဦး ကွန်ဂရက်ကျူလေးရှင်းလုပ်တိုင်း ကျုပ်လူဆိုးကြီး မျက်ရည်ဝိုင်းတယ်ဗျ..
    အရီးမုတ်ဆိတ် ရေးသားဂုဏ်ပြုတဲ့ ဒီစာစုလေး ဖတ်ပြီးတော့လည်း လူမိုက်ကြီးကျုပ် မျက်ရည်ဝိုင်းပြန်တာပဲ
    ကျုပ်အမှန်အတိုင်း ဝန်ခံရရင်…ကျုပ်ဘဝမှာ တစ်ခါမှ အခုလောက်ဂုဏ်မတက်ဖူးခဲ့ပါဘူးဗျာ(ငိုသံဖြင့်)
    ကျုပ် RIT ဝင်တုန်းကတောင် ဒီလောက်ကြီးမ ပျော်ခဲ့ပါဘူး…ကျေးဇူအထူးပါ အရီးမုတ်ဆိတ်ရေ…
    ကျုပ် FB မှာ ကြွားလွန်းလို့ တစ်ရွာလုံး (အရီးခင်မှအပ) သိကြ၊ ဂုဏ်ပြုကြပြီးပါပြီ..

    • Novy

      June 12, 2014 at 10:02 am

      အရီးခင်ရဲ့စာစုကို ဖတ်ပြီ ဦးမိုက်နဲ့ သမီးလေးကို ထက်ပြီးဂုဏ်ယူမိပါတယ်
      မနိုလည်း နောင်၆နှစ်လောက်ကြရင် ဦးမိုက်လိုမျိုး ဂုဏ်ယူချင်စမ်းပါဘိတော်

    • အရီးခင်

      June 13, 2014 at 2:01 am

      ကကြီးမိုက် ရယ်
      ရှင်ပြောမှ ကျုပ်တောင် ငိုချင်သွားတယ်။
      အဖေ့ကို သတိရလိုက်လို့။
      ကကြီးမိုက် RIT ဝင်တော့ ကကြီးမိုက် အဖေ ဘယ်လောက် ဂုဏ်တက်လိုက်မယ် ဆိုတာ မှန်းလို့ ရပြီပေါ့။
      အဖေ ကို ပျော်ရွှင်အောင် ထားနိုင်ခဲ့တဲ့ သား ကို သူ့သား သမီးတွေ က ပြန်ပြီး စိတ်ချမ်းသာအောင် ထားနေတာ အဆန်းတော့ မဟုတ်ပါဘူးရှင့်။

  • Mr. MarGa

    June 12, 2014 at 10:25 am

    fb မှာတစ်ခါ
    ဖုန်းဆက်ပြီး တစ်ခါ congratulate လုပ်ပြီးပြီဗျ အဟိ
    အခုတလောပိုင်းမှာ ဦးမိုက်ကတော့ ခြေနဲ့ မြေကြီးတောင် ထိပါ့မလားမသိဘူး….
    တကယ် ကို မုဒိတာပွားပြီး ဝမ်းသာမိကြောင်း ထပ်ပြောပါတယ်ဗျာ

  • ချစ်တဲ့အရီးရေ..
    လုံမကို အားပေးနေသလိုတောင် ခံစားရပါတယ်..

    အူးမိုက်သမီးလေးအတွက်လည်း ကိုယ့်ညီမလေးတစ်ယောက် အောင်မြင်သလိုကို ခံစားပျော်ရွှင်မိခဲ့တာပါ… ဘယ်လောက်ပျော်နေလိမ့်မလဲဆိုပြီး တွေးကြည့်မိရင် မျက်ရည်ပါ ဝိုင်းမိတယ်… ရှေ့ဆက်ပြိး ဒီထက်မက အောင်မြင်ပါစေ ညီမလေး.. အူးမိုက်ရဲ့ သားလေးလည်း အားကျပြီး ပိုကြိုးစားနေပြီထင်တယ်..

  • ဦးကြောင်ကြီး

    June 12, 2014 at 11:12 am

    ဦးမိုက်ကိုလည်း မိဗယင်းတျောက်လို ခြစ်ခင်လေးစား ရမိဗာပီဂေါ…

  • kai

    June 12, 2014 at 11:31 am

    ဂုဏ်ယူပါတယ်..
    ဒို့ရွာကနေ ..
    အကောင်းဆုံးတွေ
    သိမ်းကြုံးယူခဲ့..။ :mrgreen:

  • kyeemite

    June 12, 2014 at 1:16 pm

    အရီးမုတ်ဆိတ် သမီးကိုဂုဏ်ပြုပေးတဲ့ပို့မှာ ဝိုင်းဝန်းအားပေးကြကုန်သော..
    MAUNG, မမ၊ ကိုခ၊ အိမ်လွမ်းသူ၊ ကိုရင်မာဃ၊ ကိုကြောင်၊ သဂျီးမင်းတို့
    အားလုံးကိုကျေးဇူးပါဗျ…
    မနိုဗွီ နောင်၆နှစ်လောက်ကြရင် ကျုပ်လိုမျိုး ဂုဏ်ယူရမှာ အသေအချာပါလို့…
    အားလုံးကိုလေးစားခင်မင်စွာဖြင့်…
    ပုံ/
    လူဆိုး၊ လူမိုက်ကြီး။
    (အရီးမုတ်ဆိတ် လုပ်တော့မှ နာမည်အသစ်ရတော့တယ်) 😀

  • naywoon ni

    June 12, 2014 at 1:18 pm

    သဘာဝ​လောကကြီးက အလွဲလွဲအ​ချော​ချော​တွေအများကြီးတွဲ​ပေးခဲ့ဖူး​ပေမဲ့ ဒီဖ​အေနဲ့ ဒီသမီးကို​တော့ တည်​့​အောင်​တွဲ​ပေးသွားတာပဲ ။ ဟိုဇာတ်​ကားထဲကမင်​းသားလို “အသင်​​လောကကြီး​ရေ……..” လို့ ကိုကြီးမိုက်​ မ​အော်​ရ​သေးဘူးမဟုတ်​လား ။ ​အော်​​ပြောလိုက်​စမ်​းပါဗျာ ​လောကကြီးကြား​အောင်​ ………

    • kyeemite

      June 12, 2014 at 2:35 pm

      “အသင်​​လောကကြီး​ရေ……..” (အကျယ်ကြီးအော်ဖတ်ပါ…) :s:
      Thanks a lot Ko Nay

  • alinsett (gazette)

    June 12, 2014 at 1:33 pm

    အဲ့သတင်းကြားပြီးတော့
    ကြားရတဲ့ ကိုယ်တွေတောင် အပျော်တွေ ကူးခဲ့တာ
    မိဘနှစ်ပါးရဲ့ လမ်းပြကောင်းမှုကြောင့်ရယ်
    သူကိုယ်တိုင်ရဲ့ အရည်အချင်းရယ် ပေါင်းဆုံပြီး
    ရခဲတဲ့ အောင်မြင်မှုကို ရသွားတာ
    တကယ့် ဂုဏ်ယူဝမ်းမြောက်စရာ
    အားကျ အတုယူစရာပါ

    😆

  • black chaw

    June 12, 2014 at 5:56 pm

    ပြန်လာမယ် ဗျို ့။

  • ကေဇီ

    June 12, 2014 at 6:13 pm

    ဟုတ်ပါ့။
    မိုက်မိုက် စတေးတပ်မြင်မြင်ချင်းကို အံ့ဩ ဝမ်းသာသွားတာ။
    အဖေတစ်ယောက် အနေနဲ့လည်း ဘယ်လောက် ပျော်လိုက်မလဲ တွေးကြည့်မိပါရဲ့။

    သမီး ကြီးတော့ ထီး ဆိုသလို မိဘကို အရိပ်အောက်မှာ သက်သက်သာသာ ထားနိုင်တဲ့ သမီးကောင်းလေးဖြစ်ပါစေ,,,,,
    :chit:

  • snow smile

    June 12, 2014 at 7:23 pm

    ကျွန် မ က တော့
    အ ရီး ခင် လို မ ရေး တတ် တော့
    အ ရီး ခင် ပိုစ့် ထဲ မှာ ဘဲ ကပ် ပြီး ရေး လိုက် ပါ ရ စေ။
    မ ဒမ် မိုက် ကို အ ရင် ချီး ကျုး ချင် ပါ တယ်။
    ပြီး တော့ မိ ဘ ကို သိ နား လည် လွန်း တဲ့ ရည် ရွယ် ချက် ရှိ ရှိ နဲ့ ကြိုး စား ခဲ့ တဲ့သ မီး လေး ကို လည်း လေး စား မိ ပါ တယ်။
    ဦး မိုက် ကို တော့ လူ ချင်း တွေ့ မှဘဲ မျက် နှာ ကြီး ဘယ် လို ဖြစ် နေ လဲ ဆို တာ အ သေ အ ချာ ကြည့် တော့ မယ်။

  • snow smile

    June 12, 2014 at 7:35 pm

    ( ခ လေး အ ကြောင်း ကို စိတ် ဝင် စား နေ တာ )

  • အရီးခင်

    June 13, 2014 at 1:54 am

    ဒီရွာသားကြီး တစ်ယောက်ဖြစ်တဲ့ “ကိုအညာတမာ” ရဲ့ သမီး လေးလဲ ဂုဏ်ထူး တစ်ခု ကို အမှတ်ကောင်းကောင်း နဲ့ အောင်တဲ့ သတင်းပါ ဆက်ကြားရတာမို့ ရွာထဲ မှာ ပိုပြီး ဝင့်ကြွားစရာပေါ့။
    ကိုအညာတမာ ကိုရော၊ မဒမ်တမာ ကိုရော၊ သမီးလေး တမာ ကိုပါ Many Congratulations ပါနော်။
    ဒီသမီးလေးလဲ ဘဝ မှာ ပိုပြီး လှတဲ့ မှတ်တိုင်လေးတွေ ဆက်စိုက်နိုင်ပါစေ/ ပိုပြီး အောင်မြင်ပါစေ လို့ ဆုတောင်းပေးပါတယ်။

    ဒီ Post မှာ သမီးလေးတွေ အတွက် ဝင်ပြီး မှတ်ချက်ပေးသွားသူ များအားလုံး ကျေးဇူးကြီးပါရှင်။ :-)))

  • black chaw

    June 13, 2014 at 8:04 am

    ကိုမိုက်သမီးအတွက်ရော
    ကိုအညာတမာသမီးအတွက်ရော
    မိသားစုနဲ့ ထပ်တူထပ်မျှ…၊
    အထူးသဖြင့်..
    ဖအေတွေနဲ့ ထပ်တူထပ်မျှ
    ဂုဏ်ယူဝမ်းမြောက်ရပါကြောင်းပေါ့…။
    မနေ့က ရန်ကုန်ရေဘေးရဲ့လမ်းပိတ်ဆို့မှုကြားကရုန်းမထွက်နိုင်လို့
    ဒီနေ့မှ ကဗျာကယာ ဝင်ရေးသွားရတာပါဗျာ…။

  • ဦးကျောက်ခဲ

    June 13, 2014 at 9:11 am

    ကျောက်စ်ကတော့… အကိုမိုက်သမီး ကိုယ့်တူမမို့…
    အွန်လိုင်းပေါ်တက်လာတဲ့ သူငယ်ချင်းတွေကို လွှတ်ကြွားမိတော့တာပဲ…
    အဲ… ကြွားတာမဟုတ် ၊ အကိုမိုက်တို့ မိသားစုကိုယ်စား ဂုဏ်ယူတာခင်ဗျ …
    အပျော်တွေ ရင်ထဲကို ကူးတယ် အကိုမိုက်ရေ…
    ဆင့်ပွါး ဂုဏ်ပြုပေးတဲ့ အရီးကိုလည်း ကျေးကျေးပါခင်ဗျ…
    😀

  • kyeemite

    June 13, 2014 at 9:15 am

    ဟုတ်ပ ရဲဘော်ဘလက်ရေ..ရေကြီးလမ်းတွေပိတ်လို့
    ကျုပ်လည်း မနေ့က တော်တော်နောက်ကျမှအိမ်ပြန်ရောက်တယ်..
    အခုတော့ သမီးအတွက် ရင်ခုန်စရာ တစ်ခုပဲကျန်တော့တယ်…
    ရဲဘော်ဘလက် သတင်းအချက်အလက်တွေကူညီပေးတာကျေးဇူးပါဗျာ..

  • အညာတမာ

    June 13, 2014 at 10:17 am

    အရီးလတ်ရေ…..မတွေ့တာတောင်အတော်ကြာနေပါပြီ ဘာဖြစ်လို့လဲဆိုတော့ ကျတော်က ရွာထဲကနေပျောက်နေလို့ပါ…. ကျတော့်သမီးက ကိုကြီးမိုက် သမီးလို all D မပါတာတောင် အသိမိတ်ဆွေတွေက ခဗျာင်္း/မင်း/အစ်ကို့ သမီးလေးအတွက် congrats ပါလို့ပြောလာတိုင်း ကျေးဇူးတင်ပါတယ်လို့ ပြန်မပြောနိုင်ခင် မျက်ရည်ကဝဲဝဲလာတယ်…. ပီတီမျက်ရည် အရီးရေ မျက်ရည်မဝဲအောင်ထိန်းနေလဲ ဒီနေ့ထိ လာပြောတိုင်း မျက်ရည်ဝဲနေဆဲပါ…ဒါကြောင့် ကိုကြီးမိုက် အပျော်တွေက university truth ပါ….

  • ရွှေတိုက်စိုး

    June 13, 2014 at 11:56 am

    ကျနော်ကတော့ အောင်စာရင်းထွက်ပြီး သိပ်မကြာခင် ဦးမိုက်ကြီးနဲ.မနက်စာ စားဖြစ်တယ်…. သူသမီးအကြောင်းပြောနေတုန်း ပျော်နေရင်း ဝဲလာတဲ့မျက်ရည်တွေကို ကျနော်တွေ.လိုက်တယ်…. ရင်ထဲမှာ အတိုင်းမသိကို ခံစားလိုက်ရပါတယ်ဗျာ…..
    ကျနော်လဲ အဖေဖြစ်နေပြီကိုးဗျ…. ကျနော် ဦးမိုက်ကိုကြည့်ပြီး ဆုံးသွားတဲ့အဖေကို အရမ်းကို တမ်းတမိတယ်ဗျာ… ဒီလိုအဖေမျိုးနဲ. ဒီလို ကြိုးစားမှုမျိုးကို ကျနော်အတုယူပါတယ်ဗျာ….
    ဦးမိုက် ဆိုတာ… ကျနော်တို. အတုယူသင့်တဲ့ အဖေတစ်ယောက်ပါဗျာ……
    အဲလို အဖေမျိုးရဲ. သားသမီးဖြစ်နေမှတော့ လောကကိုရဲရဲရင်ဆိုင်ကြိုးစားနိုင်တဲ့ သားသမီးဖြစ်တာ မဆန်းတော့ပါဘူးဗျာနော့… အရီးမုတ်ဆိတ်ရေ…

    • kyeemite

      June 13, 2014 at 2:18 pm

      ရွှေတိုက်ရေ..သိုင်းကျူးပါနော..ကိုယ်လည်း ကိုယ့်အဖေကို သတိရတယ်ကွာ…တစ်နှစ်ကျော်စောထွက်သွားလို့ပေါ့….
      ———————————————————
      Crystalline ရေ..သမီးအတွက် အိပ်ပျက်ခံကူပျော်ပေးလို့ ကျေးဇူးပါနော :))

  • Crystalline

    June 13, 2014 at 12:51 pm

    ဦးမိုက်သမီးအတွက်.. အောင်စာရင်းထွက်တဲ့ညထဲက မအိပ်ဘဲ ကူပျော်ပေးခဲ့တယ်အရီး.. :))

  • Foreign Resident

    June 13, 2014 at 3:18 pm

    ကို ကြီးမိုက် တော့ ကံကောင်းပြီ ။
    သမီးကြီးက စံနမူနာကောင်း လမ်းမှန်ကို ပြသွားတဲ့အတွက် ၊
    အနောက် က လိုက်မယ့် သားငယ် လဲ ကြိုးစား လိမ့်မယ် ။

    အင်းးးးး ၊ ကျနော် က ညီအစ်ကို တွေထဲမှာ အကြီးဆုံးဗျ ။
    ဒါပေမယ့် ၊ ကျနော် က ညီအစ်ကို တွေထဲမှာ အဆိုးဆုံး အမိုက်ဆုံး ဗျ ။
    ငယ်စဉ် အခါကသာ ကျနော် လိမ္မာ ခဲ့ရင် ၊
    ( ကျနော့် ညီတွေ အတွက် စံ နမူနာ ကောင်းသာ ဖြစ်ခဲ့ရင် )
    ကျနော့် ညီတွေလည်း ခုထက် ပိုတော် ပိုအောင်မြင်မယ် ထင်မိတယ် ။

    • အရီးခင်

      June 13, 2014 at 11:22 pm

      I completely don’t agree with you.
      I mean is the last sentence.
      How do you define success and how do you measure? :-)))

  • ကျနော် ထက် တော် တဲ့ ကလေး တွေ ကို ခုံ ပေါ် တက် မတ်တပ်ရပ်ပြီး လက် ခုပ်တီး ပေးလိုက်တဲ့ အကြောင်း

    ကျနော် ကိုယ်စား ကလေးတွေ ကို ပြော ပေး စေ လိုပါ တယ် ခင်ဗျာ

  • padonmar

    June 13, 2014 at 10:20 pm

    မလတ်ပေးတဲ့ ဂုဏ်ပြုလက်ဆောင်လေး လှလိုက်တာ။
    (အဲလို လက်ဆောင်မျိုးရတဲ့ ဦးမိုက်ကြီး ပါးစပ်နားရွက်ချိတ်နေတာ မြင်ယောင်ပါသဗျို့)
    ကျမ ၈တန်းအောင်တော့ ဂုဏ်ထူး၆ခုပါတယ်လည်းဆိုရော အဖေက ငိုတယ်။အမေက အဖေ့ကို ဆူတယ်။ကလေး ဝမ်းနည်းအောင် ငိုရလား ဆိုပြီး။
    ကျမ အဲဒီတုံးက အဖေဘာလို့ ငိုလဲ နားမလည်ခဲ့ဘူး။
    အခု ဦးမိုက် မျက်ရည်လည်ရတယ်ဆိုမှ သဘောပေါက်တယ်။
    ဝမ်းသာရင်လည်း လူတွေဟာ ငိုတတ်တာပဲနော်။
    တော်တဲ့အပြင် လိမ္မာတဲ့ သမီးလေးရတာ ဦးမိုက်ရော မဒမ်မိုက်ပါ ပြုစုပျိုးထောင်မှု မှန်လို့ပါ။
    (ကိုယ်တောင် ဘာမှ မဆိုင်တဲ့သူတွေကို ငါတို့ ဂဇက်က ဦးမိုက်သမီးဆို all Dထွက် တာဆိုပြီး အချောင်ကြွားလိုက်သေး။
    နောက်မှ ..ဟင်..သူတို့က ဦးမိုက်ကိုမှ မသိသေးပဲ လို့ သတိရမိတယ်။)
    ဦးမိုက်အောင်ပွဲ ရွာ့အောင်ပွဲပါဗျို့။

  • padonmar

    June 13, 2014 at 10:22 pm

    ကိုအညာတမာကိုလည်း ဖွဘုတ်မှာကတည်းက ကွန်ဂရက်ကျူးလိပ် လုပ်ခဲ့ပါတယ်။အခု ထပ်ပြီး ပြောပါတယ်။

  • TNA

    June 14, 2014 at 3:42 pm

    မိဘတွေရဲ့ဖိအားမပါ သူ့အသိစိတ်နဲ့ လိမ်မာတဲ့သမီးလေးမို့ မိဘဂုဏ်တက်အောင်လုပ်ပေးသွားတဲ့ သမီးလိမ်မာလေးကိုလဲချီးကျူးသလို သမီးလေးကိုလဲ လိမ်မာတဲ့ ကြိုးစားတဲ့သမီးလေးဖြစ်အောင်သွန်သင်နိုင်ခဲ့တဲ့ ဖေဖေလူမိုက်ကြီးကိုလဲ လေးစားအားကျမိပါတယ် အရီးရေ

  • ဝင့်ပြုံးမြင့်

    June 15, 2014 at 12:45 am

    ဦးကြီးမိုက် သမီးကို ဘယ်လိုများ ထိန်းကျောင်းပဲ့ပြင်ခဲ့သလဲ သိချင်လိုက်တာ။

  • hmee

    June 16, 2014 at 2:45 am

    ကျွန်​မ အစ်​ကိုကြီး ဆယ်​တန်​း​အောင်​​တော့ ဂုဏ်​ထူး ၃ခုပဲပါတာကို အ​ဖေက ​ပြောတယ်​ ဝမ်​းသာတာများ အိမ်​​ပေါ်ါ်က​နေ ဂျွမ်​းထိုးချချင်​​နေတာတဲ့​လေ။ ဒါ​တောင်​၃ခုမို့တဲ့ အကုန်​သာပါကြည်​့ သားကို ဂုတ်​​ပေါ်တင်​ပြီး တရွာလုံးပတ်​ကြွားမယ်​ဆိုပဲ။ ဦးကြီးမိုက်​ရှင်​့ ဝမ်​းသာလို့ အိမ်​ကလူ​တွေကို ပြန်​ကြွားမိ​သေးတယ်​။ ဦးကြီးမိုက်​သမီး​လေး အ​ကြောင်​းကို​လေ။ တကယ်​့ကို ဂဏ်​ယူတာပါဗျာ။

  • kyeemite

    June 16, 2014 at 1:45 pm

    ကွန်မန့်လေးတွေနဲ့ အားပေးချီးကျူ းကြသူအားလုံးကိုကျေးဇူးပါဗျာ….

    ဝင့်ပြုံးမြင့် says:
    ဦးကြီးမိုက် သမီးကို ဘယ်လိုများ ထိန်းကျောင်းပဲ့ပြင်ခဲ့သလဲ သိချင်လိုက်တာ။

    အင်း…တစ်နေ့ စာစီဖြစ်အုံးမယ်ထင်ပါရဲ့ မပြုံးရေ….

Leave a Reply