ရန်ကုန်မှာရေတွေကြီးတယ် ကြားတော့ မန်းလေးမှာရေကြီးဖူးခဲ့တဲ့ နှစ်တစ်နှစ်ကို ပြန်သတိရတယ် ။

လွန်ခဲ့သော ၇ နှစ် ကိုယ်က UFL ဒုတိယနှစ်ကျောင်းသူ ဘ၀ပေါ့ ။ အဲ့နေ့ က နေ့လည်ပိုင်းလောက်ကစပြီး မိုးတွေတောက်လျှောက်ရွာတော့ ညနေကျောင်းဆင်းချိန်လည်းကျရော ရေတွေကြီးတာ ဒူးခေါင်းလောက်ရောက်ရော ။ ကျောင်းဝင်းထဲမှာလည်း ရေတွေအပြည့်ပေါ့ ။ ကိုယ်ကလည်း ဆိုင်ကယ်စစီးတတ်တာမကြာသေးဘူး ဒီရေကြီးနေတဲ့အထဲမှာ ဘယ်လိုမှ ကိုယ့်ဖာကိုယ် ဆိုင်ကယ်မောင်းပြီး မပြန်ရဲဘူး ( ပြန်ရင်လည်း ဆိုင်ကယ်စက်ရပ်နိုင်ချေ က 90 ရာနှုန်းလောက်ရှိတာကိုးး ) ။ အိမ်ကို ဖုန်းဆက်တော့ ဖေဖေ က သူ ကား နဲ့လာကြိုမယ်ပေါ့ ကျောင်းမှာပဲစောင့်နေဆိုပြီးပြောတယ်။ ဖြစ်ချင်တော့ ကိုယ့်ကို ပိုးနေတဲ့ ဆေးကျောင်းက ကောင်လေးတစ်ယောက်က ကျောင်းကိုလိုက်လာပြီး သူအိမ်ပြန်ပို့ပေးမယ် ဘာညာပေါ့ (ဟိဟိ ) ကိုယ်ကလည်း မလိုက်ပါဘူး ။ အိမ် က လာကြိုမှာလို့ခပ်တည်တည်နဲ့ ပြန်ပြောတာပေါ့လေ ။ သူကလည်း ဇွဲကောင်းတယ် မပြန်ဘဲ ပေကပ်စောင့်နေတာ။

ကျောင်းထိပ်က တမာပင်တန်းကြီးအောက် က အုတ်ခုံလေးမှာ ကိုယ်ကဖေဖေ့ကို စောင့် ၊ သူက ဆိုင်ကယ်ဒေါက်ထောက်ပြီး ကိုယ်ကိုစောင့် …. မိုးသက်လေ လေးကတိုက်တော့ တမာပွင့်လေးတွေ က တဖြုတ်ဖြုတ်ကြွေ … အို ကဗျာတွေ ဆန်ချင်တိုင်း ဆန်နေတော့တာပေါ့လေ ။ အဲ့……အချိန်မှာပဲ တဖုန်းဖုန်း တဒိုင်းဒိုင်းနဲ့စက်သံဆူဆူညံညံနဲ့ ထော်လာဂျီ တစ်စီးက ကိုယ်တို့ ကျောင်းဝင်းထဲဝင်လာပါရောလား။။ ဟင် ဘယ်ကထော်လာဂျီလည်းပေါ့ ကျောင်းထဲဝင်လာတာ …. ရှေ့ခန်းကို ကြည့်လိုက်တော့ ….လားးးလားးး ဖေဖေရယ်လေ ထော်လာဂျီမောင်းတဲ့သူဘေးမှာ ပြုံးပြုံးကြီးထိုင်လိုက်လာတာ … ဖေဖေ့ ကား ၇၃ လမ်းမှာ ရေ၀င်ပြီးပျက်သွားလို့တဲ့ ထော်လာဂျီငှားလာတာတဲ့ … ကျောင်းထဲကို ထော်လာဂျီဝင်လာတော့ သူငယ်ချင်းတွေကလည်း ၀ိုင်းကြည့် ၊ ကိုယ့်လာရှိတ်တဲ့ တစ်ယောက်ကလည်း ပြုံးစိစိ နဲ့ကြည့် … ကိုယ်ကတော့ ဒါတွေအားလုံးကို မသိခြင်ထောင်ထောင်ပြီး ရုပ်တည်ကြီးနဲ့ စီးတော်ယာဉ် ထော်လာဂျီပေါါ်ကိုတက်ပေါ့ ။ ကျောင်းဝင်းအပြင်ရောက်လို့ အရှက်ပြေ ခေါင်းမော့ကြည့်ရုံရှိသေး ၇၃လမ်းတလျှောက် အဆောင်သူ သူငယ်ချင်းတွေက အဆောင်ရှေ့ထွက်ထိုင်ပြီး မန်းလေးမြို့ရေလျှံတဲ့မြင်ကွင်းကို ရှုစားနေရင်း … သူတို့ မြင်ကွင်းထဲကို ကိုယ်နဲ့ထော်လာဂျီ ကြီးဝင်လာတိုင်း …… (((((ဟယ်……….ဟိုမှာ နှင်းရွှေရည်ဝင်း နှင်းရွှေရည်ဝင်းတော့ )))) ဆိုပြီး ၀ိုင်းဝိုင်းအော် လက်တွေပြပြီး နှုတ်ဆက်ကြနဲ့ အိမ်ကိုဘယ်မျက်နှာနဲ့ပြန်ရောက်လာမှန်းကို မသိတော့ဘူး   :-D

နောက်ရက်တော့ ကျောင်းမှာလည်း နာမည်ကြီး ၊ ဟိုဆေးကျောင်းက ဘဲလေးလည်း ပေါ်မလာတော့ဘူးပေါ့ကွယ် … ဒါပါပဲ ကိုယ့်ဘွရဲ့ မိုးနဲ့ပတ်သက်တဲ့ အမှတ်တရလေးကတော့ တော်တော့်ကို ခါးသီးခဲ့ပါတယ်ကွယ် :-P

About ရွှေမိုးတိမ်

shwe yee has written 18 post in this Website..

Dear all , nice to see you :) I am from Mandalay and I love to read , write and share my feeling with friends.